နိုင်ငံရေးစနစ်တစ်ခုကို ပုံဖော်ရန် အခြေအနေသုံးမျိုးပေါ် အခြေခံချဉ်းကပ်စဉ်းစားလေ့ရှိသည်။
- အစဉ်အလာအခြေခံချဉ်းကပ်မှု (Traditional Approach)
- နိုင်ငံရေးအပြုအမူပေါ်အခြေခံချဉ်းကပ်မှု (Behavioral Approach)
- နိုင်ငံရေးအပြုအမူအလွန်အခြေခံချဉ်းကပ်မှု (Post Behavioral Approach)
အကောင်းဆုံးချဉ်းကပ်မှုကို ဆုံးဖြတ်ရန် ခဲယဉ်း၏။ သုံးမျိုးလုံး၏ လက္ခဏာများသည် အမေရိကန်နိုင်ငံရေး၌ မျက်မှောက်ခေတ်အထိ ရှိနေဆဲ။ တက်လာသောသမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အကြံပေးတို့၏ ပညာ၊ လက်တွေ့ကျသော သုံးသပ်မှုတို့ပေါ်တွင် များစွာမူတည်သည်။
နိုင်ငံရေးပညာရှင်ကြီးများဖြစ်ကြသော Aristotle, Hobbes, Locke, Rousseau တို့က နိုင်ငံရေးကို သိပ္ပံနည်းကျကျ သုတေသနပြုခဲ့ကြသူများ ဖြစ်သည်။ မက်ရှေးလ်ဗဲလ် (Machiavelli)က ပါဝါကို အလေးထားချဉ်းကပ်ခဲ့သူဖြစ်သည်။ Hans J. Morgenthau က…
"နိုင်ငံရေးနဲ့ ဆက်စပ်မှုဟာ သြဇာအာဏာအတွက် ရုန်းကန်နေကြတာပါ"ဟု ခပ်ပြတ်ပြတ်ဆိုခဲ့သည်။
အမေရိကန်အတွေးအခေါ်ပညာရှင်များကမူ အဖွဲ့အစည်းများနှင့် ဥပဒေဆိုင်ရာပေါ် စူးစိုက်ခဲ့ကြသည်။ အထူးသဖြင့် အစိုးရ၏ ဖွဲ့စည်းတည်ဆောက်ပုံ (Government Structure) အရေးပါမှုအပေါ် ပို၍ အာရုံစိုက်ကြ၏။ ဥပဒေများ၏ နိုင်ငံရေးသိပ္ပံအပေါ် လွှမ်းမိုးသြဇာသက်ရောက်နိုင်ပုံကို ထောက်ပြသည်။
အမေရိကန်သမ္မတတစ်ဦးဖြစ်ခဲ့သူ Woodrow Wilson က ဥပဒေကို မည်မျှလေးစားလိုက်နာခဲ့ပုံ၊ အစိုးရအဖွဲ့တွင်း တည်ဆောက်ထားမှုအပေါ် မည်မျှအာရုံထားခဲ့ပုံများကို တစ်ဖက်က ဖော်ထုတ်ခဲ့သော်လည်း စာရွက်ပေါ်နှင့် လက်တွေ့လုပ်ဆောင်နိုင်မှုတို့ အကွာအဟ ဖြစ်နိုင်ပုံကိုလည်း အခြားတစ်ဖက်က ထောက်ပြခဲ့သည်။
အင်စတီကျူးရှင်းပေါ် ယုံကြည်မှုလျော့နည်း
၂၀ ရာစုအလယ် မတိုင်မီကာလ ဆိုဗီယက်၊ အီတလီ၊ ဂျာမနီတို့တွင် အာဏာရှင်များ တန်ခိုးထွားလာသောအခါ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် အင်စတီကျူးရှင်းတို့အပေါ် ယုံကြည်မှုအားနည်းလာခဲ့ကြတော့၏။ ဂျာမနီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထူးကျွမ်းကျင်သူတို့က ရေးဆွဲခဲ့သော်လည်း ဟစ်တလာက ချေဖျက်ခဲ့သည်။ အလားတူပင် ၁၉၃၆ စတာလင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်ပြည့်စုံသော ဒီမိုကရေစီကို ရေးသားထားသော်လည်း လက်တွေ့တွင် အလုပ်မဖြစ်ခဲ့။ ဤတွင် ဥပဒေ၊ အခြေခံဖွဲ့စည်းပုံဥပဒေတို့သည် စာရွက်ပေါ်မှာထက် လက်တွေ့အလုပ်ဖြစ်စေရန် နိုင်ငံရေးသမားများနှင့် ပညာရှင်များ ခေါင်းခဲကြရတော့သည်။
တချို့က အစဉ်အလာအခြေခံ ချဉ်းကပ်မှု၏ Positivism ဘက်မှ ချဉ်းကပ်၏။ ဖြစ်ရပ်မှန်နှင့် လက်တွေ့ကျသော အခြင်းအရာကိုသာ အသိအမှတ်ပြုသော ၀ါဒဖြစ်သည်။ သဘာဝသိပ္ပံနှင့် လူမှုမြို့ပြအဖွဲ့အစည်းများပေါ် အခြေခံသည်။ Traditional Approach ဖြစ်သည်။
Behavioral Approach ဟူသော နိုင်ငံရေးအပြုအမူပေါ် အခြေခံသော ချဉ်းကပ်မှုမှာ လူမှုအခြေခံများ (Social Bases)၊ ယေဘုယျနိုင်ငံသားတို့၏ စိတ်ထားနှင့် တန်ဖိုး (the attitudes and values of average citizens)ပေါ် အခြေခံစဉ်းစားသည်။
Postbehavioral အယူအဆဖြင့် ချဉ်းကပ်မှုမှာ 1960s ကာလများမှ စတင်သည်။ ဤချဉ်းကပ်မှုတွင် "သိပ္ပံနည်းကျ" နှင့် "တန်ဖိုး" ကို ထည့်သွင်းမစဉ်းစား၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတစ်ရပ်အပေါ်သာ ရှုမြင်သုံးသပ်သည်။ နိုင်ငံရေးအပြုအမူဘက်မှ ချဉ်းကပ်သူများသည် အပြောင်းအလဲတစ်ရပ်အတွက် ဖြစ်နိုင်သည်တို့ကို ထည့်သွင်းတွက်ချက် မျှော်မှန်းမှုမရှိ၊ မဖော်ပြသော်လည်း ဤ၀ါဒီများက "ပိုနေမြဲ ကျားနေမြဲ" ကို နှစ်သက်သူများ ဖြစ်သည်။ နိုင်ငံရေးဟန်ချက် "Political Equilibrim" သည် တော်ရုံနှင့် မပျက်ယွင်းနိုင်ဟု ယူဆကြသည်။
၁၉၆၉ တွင် David Easton က "Postbehavioral Revolution" ကို ဖော်ထုတ်ခဲ့သည်။ ယခင်ချဉ်းကပ်မှုနှစ်မျိုးမှ သင်ခန်းစာဖော်ထုတ်ပြီး အချက်အလက်နှင့် တန်ဖိုးများသည် တစ်ခုနှင့်တစ်ခု စွဲမြဲစွာ ချိတ်ဆက်ထားသည်ဟုဆို၏။ အရေအတွက်ဆိုင်ရာ အချက်အလက်ထက် အရည်အချင်းဆိုင်ရာ အချက်အလက်တို့အပေါ် အမှီပြုသည်။ သမိုင်းကိုမေ့မထား၊ အင်စတီကျူးရှင်းများနှင့် မျက်မှောက်လူထု၏ အကြံပေး၊ ယူဆချက်များကို အလေးထားသည်။
ဤအယူအဆအရ Social Base ဟူသော လူမှုအခြေခံတွင် သဘောထား (Attitudes)၊ ယဉ်ကျေးမှုနှင့် အကျိုးစီးပွား (Interest)တို့ အဓိကပါဝင်သည်။ ဤအပေါ်အခြေခံ၍ နိုင်ငံရေးပုံသဏ္ဍာန်ကို ဖော်ကျူးရပြီး ၎င်းမှတစ်ဆင့် အစိုးရတစ်ရပ်၏ ရုပ်လုံးကို ထုဆစ်ရသည်ဟုဆိုသည်။ ဤအယူအဆမှာ ယနေ့ဒီမိုကရေစီ၏ ဖခင်ကြီးဟူသော အမေရိကန်တို့ ကျင့်သုံးနေသည့် ချဉ်းကပ်မှုပုံစံဖြစ်သည်။
လူမှုအခြေခံ၊ အများ၏ဆန္ဒပေါ် အဓိကစဉ်းစားသည်ဖြစ်ရာ သမ္မတ Bill Clinton လက်ထက်တွင် စီးပွားရေးတိုးတက်မှုနှုန်း အလျင်ကို တွန်းတင်ခဲ့သည်။ အလုပ်အကိုင်အတွက် နေရာသစ်များ ဖန်တီး၍ အခွန်အတုတ်များ တိုးမြှင့်ကောက်ခံခဲ့သည်။ ပြည်သူများ၏ တုံ့ပြန်မှုက အားမကောင်းခဲ့။ အခွန်အတုတ်ကောက်ခံမှုကို ပြန်လည်လျှော့ချပေးခြင်း အပါအ၀င် ပြုပြင်မှုများကို ဆောင်ရွက်ခဲ့ရာ ပြည်သူများ၏ တုံ့ပြန်မှုက ကျေနပ်ဖွယ်ရာဖြစ်ခဲ့သည်။ ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ်ဖြစ်သဖြင့် ပြည်သူများ၏ အကျိုးနှင့် ပြည်သူကျေနပ်မှု နှစ်ပါးကြား သင့်တင့်အောင် ဆောင်ရွက်နိုင်ခြင်းသည် အစိုးရ၏ ပညာကြီးခြင်းနှင့် ပြည်သူများနှင့် ကိုက်ညီသော အစိုးရ၏ ပုံသဏ္ဍာန်မှန်ခြင်းလည်း ဖြစ်သည်။
ပြင်သစ်သမ္မတ ဖရန်ဆွာမီထရောင်း (Francois Mitterrand) သည် လုပ်ကိုင်ပုံလွဲမှားသဖြင့် ငွေကြေးဖောင်းပွဲမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်ခဲ့ရာတွင် ပြည်သူများ၏ စောဒက အတော်ပင် ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ရသည်။ ပထမကျင့်သုံးသော ဆိုရှယ်လစ်စနစ်ပုံစံကို မီထရောင်းက စွန့်လွှတ်လိုက်ပြီး အရင်းရှင်ပုံစံသို့ ပြောင်းလဲလိုက်သောအခါ ပြင်သစ်၏စီးပွားရေး တစ်စုံတစ်ရာအားကောင်းလာပြီး ပြည်သူများလည်း ကျေနပ်ကာ (၁၉၈၈) ဒုတိယသမ္မသက်တမ်းကို ထပ်မံအောင်နိုင်သွားခဲ့ပါသည်။
မွမ်းမံထားသော ဒုတိယနိုင်ငံရေးစနစ်ပုံစံသည် တစ်ပတ်လည်စက်ဝန်းသဏ္ဍာန်ရှိ၍ ဆက်စပ်မှုအား ပိုကောင်းသည်။
လက်တွေ့ကျဖို့ပဲ လိုသည်
နိုင်ငံအသီးသီးသည် နိုင်ငံရေးစနစ်များစွာတို့ကို ကျင့်သုံးခဲ့ပြီးဖြစ်၏။ တချို့နိုင်ငံများက စနစ်တစ်ခု မအောင်မြင်လျှင် ပြောင်းလဲကျင့်သုံးနိုင်ကြသော်လည်း အချို့နိုင်ငံများတွင် လိုက်ပါမဆောင်ရွက်နိုင်ကြ၊ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူအပေါ် အလေးထား၍ ပြည်သူ့အကျိုး ရှေးရှုသဖြင့် အစိုးရအဖွဲ့၏ ယန္တရားလည်ပတ်မှုပုံစံကိုပင် မအောင်မြင်လျှင် ချက်ချင်းပြောင်းလဲပစ်ကြသည်။ ဗဟိုချုပ်ကိုင်စနစ်၊ အာဏာရှင်စနစ်တို့သည် ပြည်သူကို ကိုယ်စားမပြုကြသဖြင့် အစိုးရ၏ ယန္တရားကို ပြုပြင်ပြောင်းလဲမှု မပြုနိုင်ကြချေ။
ဆိုဗီယက်ယူနီယမ်ကြီး မပြိုလဲမီ (1980s) ကာလနှောင်းပိုင်း ဂိုဘာချော့ပ် (Gorbachev) လက်ထက်၌ အစိုးရကျင့်သုံးသောစနစ်ကို ပြည်သူများက မည်မျှယုံကြည်ကြသည်ကို…
"They pretend to pay us and we pretend to work."
ပြည်သူတစ်ဦး၏ ရင်ထဲမှစကားဖြစ်သည်။
နိုင်ငံရေးသမားနှင့် နိုင်ငံရေး
နိုင်ငံရေးသည် နိုင်ငံ၏အရေးအရာဖြစ်သည်။ ပြည်သူများ၏ အရေးပင်ဖြစ်သည်။ နိုင်ငံရေးသမားဆိုသည်မှာ နိုင်ငံ၏အရေးအရာကို ဆောင်ရွက်သူ၊ ပြည်သူ့အရေးအရာကို စိတ်ထားကောင်းဖြင့် ဆောင်ရွက်သူလည်းဖြစ်သည်။ အမြင့်ရောက်နိုင်ငံရေးသမားများ၊ နိုင်ငံကိုယ်စားပြု ထိပ်ပိုင်းရောက် အဆုံးအဖြတ်ပေးနိုင်သူများသည် ပြည်သူအတွက် အမှန်ကိုယ်စားပြုနိုင်ရန်လိုသည်။ မြော်မြင်မှုကြီးမားရန်လိုသည်။ ပညာမြင့်ရန်လိုသည်။ နိုင်ငံတကာဝင်ဆံ့ရန်လည်းလိုအပ်သည်။ ပြည်သူကို ကိုယ်စားပြုသော်လည်း ဆန္ဒမှန်တို့ရှိသော်လည်း ပညာမကြီး၊ မြော်မြင်မှုအားနည်းလျှင် မအောင်မြင်နိုင်။ မျက်မှောက်ခေတ်ကာလသည် ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်တို့ကိုပြောရန်၊ စဉ်းစားရန် အချိန်မဟုတ်တော့။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုရာတွင်ပ်င အစိုးရအဖွဲ့ယန္တရားတစ်ခု၏ လည်ပတ်ပုံစနစ်က ပုံသဏ္ဍာန်မှန်ရန် လိုအပ်ပါသေးသည်။ ပြည်သူတို့၏ သဘောထား၊ အကျိုးစီးပွားကို ကောင်းစွာထင်ဟပ် ကိုယ်စားပြုနိုင်သောပုံစံ ရှိရပါမည်။
နိုင်ငံတိုင်း ယဉ်ကျေးမှု၊ ပထ၀ီဆိုင်ရာ၊ လူထုသဘောထား စသည်တို့ မတူနိုင်။ မတူနိုင်သောအခြေအနေကြောင့် ကိုယ့်အရပ်၊ ကိုယ့်ဇာတ်ဖြစ်နိုင်သော်လည်း အများအတွက် အမှန်ကိုယ်စားပြုရလဒ်ကောင်း ထွက်နိုင်ဖို့သာ လိုသည်။
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၈ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment