မရေးချင်တဲ့နိဒါန်း
အမှန်မှာတော့ ဒီလောက် ပြည်တွင်းစစ်နဲ့ အရေးအခင်း၊ အဖြစ်၊ အပျက်တရားတွေကို ဖြတ်သန်းပြီးတဲ့လူ (လူတွေဟာ) ဘာဖြစ်သင့်သလဲ၊ ဘာဖြစ်နိုင်သလဲ၊ ဘာလုပ်နိုင်ရင် ငြိမ်းချမ်းမလဲ သိသင့်ပါပြီ။
ခက်နေသည်က သိတဲ့လူက နှုတ်ဆိတ်နေပြီး မသိသူ(သိလျက် ဇွတ်တိုးမိုက်ချင်သူ) ပိုပြီးဆိုးတာက ကြီးမိုက်ကြီး လုပ်ချင်သူတွေက သင်္ကြန်အမြောက် ပစ်ဖောက်နေကြခြင်းပင်။
ကြည့်ပါဦး။ ဂျာနယ်ကြီးတစ်စောင်မှာ သတင်းစာဆရာကြီး (အမည်ခံ) တစ်ယောက်က ဓမ္မနဲ့အဓမ္မကြားမှာ Win-Win အဖြေမရှိနိုင်လို့ ရေးလွှတ်လိုက်ပြန်၏။ "ကြား" မရှိဘူးဆိုတဲ့ ၁၉၃၉ ဟိုးက ရုရှားခေါင်းဆောင်ကြီး လီနင်ရဲ့ ဗော်ရှီဗစ်သမိုင်းစာအုပ်ထဲက ကူးထည့်ထားတဲ့ လက်ဝဲတရားသေစကားပါ။ ဟုတ်သလိုလိုနဲ့ တကယ့် ဒိဋ္ဌိမိစ္ဆာအယူလွဲနေတဲ့ ဒဿနပါ။ တစ်ဖက်လူကို ဟစ်တလာနေရာမှာထားပြီး "ရန်/ငါ" က မှန်တယ်ကွလို့ လူမိုက်လူကြီးလေသံနဲ့ ရေးလိုက်တဲ့ မျက်ကန်းဆောင်းပါးပဲ။
အဲဒီလို သဘောထားတွေ ရှိနေသမျှ ဗုဒ္ဓကတော့ ရန်မငြိမ်းဘူးလို့ ဟောထားသဗျ။ ဓမ္မပဒမှာ ဖတ်ပါ။ စာမဖတ်သူကြီးရေ။
နိုင်ငံရေးမှာ တစ်ဖက်မှာ မိတ်ဆွေလို သဘောထားနိုင်ပါမှ တစ်ဖက်လည်း Win၊ ကိုယ်လည်း Win သဘောထား စိုက်ထူထားနိုင်မှ ယနေ့ မြန်မာပြည်ငြိမ်းချမ်းမယ်ဗျ။ ဖယ်ရှားပစ်ရေး/ ၀ိုင်းပယ်ရေး/ ဖြုတ်ထုတ်ရေးတို့ကတော့ ရှေးဟောင်းသူပုန်သကန် အတွေးအခေါ်လောက်ပါပဲ။ ဒါဟာ အမှိုက်သဘောတရားပဲ။ မြေမြှုပ်ပစ်ရမယ်။ စာမဖတ်ပေမဖတ် ယနေ့နိုင်ငံရေးအခြေအနေကို မလေ့လာ (သို့မဟုတ်) ဟီးရိုးအရဲကိုးစွန့်စား ပြည်သူတွေကို မီးနဲ့ကစားခိုင်းချင်ပြန်တဲ့ ပြည်တွင်းစစ်ပြန်ဖြစ်စေရေး မီးထိုးအဖျက်သမား အယူအဆပဲဗျ။
တစ်ချိန်တည်းမှာ ရဟန်းစာဆိုတစ်ပါးကတော့ "အရာရာ၌ ပြေလည်တာက အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ပြေလည်စေချင်စိတ် ရှိရမည်။ ပြေလည်ရာ ပြေလည်ကြောင်း နည်းလမ်းကို ရှာရမည်။ ပြေလည်မည့် စကားလုံးကို ရွေးချယ်၍ ပြေလည်အောင် ပြောရမည်၊ ပြေလည်နိုင်သည့်အလုပ်ကို ရွေးချယ်၍ ပြေလည်အောင်လုပ်ရမည်…" လို့ ရေးလိုက်သည်။
စောစောက သတင်းစာဆရာကြီး(အမည်ခံ) ဆောင်းပါးနှင့် ယှဉ်တွဲဖော်ပြလို့။ ရေပွက်ပမာခဏဘ၀လေးမှာ ပြေလည်အောင် နေထိုင်သွားကြဖို့၊ နားလည်မှုရှိကြဖို့ နှိုးဆော်ပါသည်။ နားလည်မှုအလွန် အရေးကြီးကြောင်း (လုံးဝရာနှုန်းပြည့် အရေးကြီးကြောင်း) ဆရာတော်က ရေးပါသည်။ နားလည်မှုသည် အကောင်းဆုံး အေးဂျင့်၊ အောင်သွယ်၊ စေ့စပ်ပေးသူဟု ဆရာတော်က ရေးပါသည်။ နားလည်မှု တည်ဆောက်နိုင်လျှင် အလုပ်ဖြစ်မည်၊ အမှန်တော့ အလုပ်ဖြစ်ဖို့ အဓိကမဟုတ်ပါလားဟု… နားလည်မှုတည်ဆောင်နိုင်ကြပါစေဟု ဆရာတော်က ရေးသားလိုက်ပါသည်။ ကျေးဇူးတင်စွာဖြင့်… ဆရာတော်ကို ကန်တော့လိုက်ပါ၏။ ဆောင်းပါးနာမည်က "ပြေလည်မှုနှင့် နားလည်မှု"။
ရေးချင်တဲ့ နိဒါန်း
တစ်ခါ ဆေးတက္ကသိုလ် ဒဿန ပါမောက္ခတစ်ဦးရဲ့ "နိုင်ငံရေးကျင့်ဝတ်" ဆိုတဲ့စာအုပ်ကို ဖတ်မိတော့ ထူးထူးခြားခြား သွားတွေ့တာက "နိုင်ငံတွေ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေ… နိုင်ငံရေးသမားတွေဟာ အဲဒီနိုင်ငံတွေက အစိုးရတွေ ဘာမလုပ်နိုင်ဘူးလဲ… ဘာမကောင်းဘူးလဲ ဆိုတာလောက်သာ ထောက်ပြပြောဆို ရေးသားနေကြပြီး ဘာလုပ်ပေးခဲ့သလဲ၊ ဘာလုပ်နိုင်သလဲ၊ ဘာကောင်းခဲ့သလဲ လုံးဝမရှုမြင် မပြောဆို မရေးသားဘဲနေတာဟာ နိုင်ငံရေးကျင့်ဝတ်မှား" ပဲလို့ ရေးထားတာ ဖတ်ရသဗျ။
ဟုတ်ကဲ့။ ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ ချိန်ထိုးစဉ်းစားကြဖို့ လိုပါမည်။
ကျွန်တော် ၆၂ နှစ်။ ၈၂ နှစ်သမားတွေကို ဆရာမလုပ်လိုပါ။ မလုပ်ကောင်းပါ။ သို့သော် လမ်းချော်နေတာတွေ့လို့ ဟေ့ဟေ့… လို့ သတိပေး ရေးသားလိုက်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။
စာကိုယ်ရေးပါတော့မည်
အတွဲ ၅၊ အမှတ် ၄၈၊ ရန်ကုန်တိုင်းမ် နိုင်ငံရေးအချပ်ပိုမှာ ဆရာမောင်စူးစမ်းက "ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက်" ဆိုတဲ့ ဆောင်းပါးကို ရေးသည်။ ယင်း၏ အာဘော်မှာ တော်လှန်ရေးလား၊ ပြုပြင်ရေးလား ဆိုတဲ့မေးခွန်း ပြန်ပေါ်နေပြန်သည်။ တစ်ခေတ်ကလည်း ဆိုရှယ်လစ်စနစ်ကို တော်လှန်ရေးနှင့် သွားရမည်။ ပြုပြင်ရေးနှင့် သွားရမည် ငြင်းခုံခဲ့ကြသည်။ ယခုလည်း ဒီမိုကရေစီကို အကြမ်းဖက် တော်လှန်ရေးနှင့် သွားလို့မရနိုင် (ပိုဆိုးသွားမည်)။ ရွေးကောက်ပွဲနှင့် လွှတ်တော်နှင့်သာ သွားရမည်။
ယနေ့မြန်မာနိုင်ငံရေးသည်လည်း ရွေးကောက်ပွဲနိုင်ငံရေးနှင့် လွှတ်တော်နိုင်ငံရေးဖြင့်သာ ဒီမိုကရေစီရနိုင်သည်။ ယင်းဖိုရမ်သာ အမှန်ဆုံး အမှန်တရား။ အခြားနည်းလမ်းတို့ဖြင့် ဒီမိုကရေစီ မရနိုင်ဟု မောင်စူးစမ်းက ယုံကြည်။
မောင်စူးစမ်းကိုယ်တိုင် ကွန်မြူနစ်ဖြစ်ခဲ့စဉ်က ရွေးကောက်ပွဲနှင့် လွှတ်တော်ကို ဘူဇွာမှိုင်းဟု သတ်မှတ်ခဲ့ဖူးသည်။ ပါတီကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည်၊ ဗမာပြည်ကွန်မြူနစ်ပါတီ။ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လူထုကို ဆန့်ကျင်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ဒီမိုကရေစီနှင့် လက်နက်ကို လဲခဲ့သည်။ (မောင်စူးစမ်း)
အကျိုးစီးပွားအားလုံး ညှိနှိုင်းပေးအယူလုပ်ရာ ဖိုရမ်သည် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့သာ ဖြစ်ရမည်။ ဤသည်မှာ အခြေခံယုတ္တိဖြင့် ကြည့်ခြင်းဖြစ်သည်။ စိတ္တဇတန်ဖိုးဖြတ်နည်း မဟုတ်။ No Subjective Valuation ဟု ပြောရမည်။
နိုင်ငံရေးနှင့် ပတ်သက်သူတို့ ရွေးကောက်ပွဲကို ဆန့်ကျင်လျှင် အခြားအစားထိုးစရာ ရွေးချယ်စရာ နည်းလမ်းကို လောက်လောက်လားလား ပြသနိုင်ရမည်။ Viable Alternative ချပြနိုင်ရမည်။ အစားထိုးရွေးချယ်စရာ မပြနိုင်ဘဲ ရွေးကောက်ပွဲကို မျက်စိမှိတ်ဆန့်ကျင် ဟောပြောရေးသားလျှင် ယင်းသည် လူထုအား ထွက်ပေါက်ပိတ်လမ်းထဲ မောင်းသွင်းသလို ဖြစ်မည်။ နိုင်ငံရေးမှာ အသေပိတ်မကစားရ။
လက်ရှိအခြေအနေသည် ဒြပ်မဲ့ယေဘုယျတရား ဟောကြားနေဖို့ အခါမဟုတ်။ လက်တွေ့ပကတိတရားအလယ် ဆုပ်ကိုင်နိုင်သောအရာကို သေချာပြောရမည့်အချိန်။ Issue Oriented Debate ဟု ခေါ်ရမည်။
အလှတန်ဆာဆင် ဟန်ရေးပြင် လုပ်နေဖို့မဟုတ်။ လုပ်ရပ်မှန်ဖို့ လိုရင်း။ ယေဘုယျ ဒြပ်မဲ့စကားများဖြင့် (လူပြိန်းကြိုက်ဖြင့်) သွေးတိုးစမ်းခြင်း၊ တီးခေါက်ကြည့်ခြင်း၊ မေးစမ်းဖြေစမ်း၊ ကြည့်ခြင်းတို့ လုပ်နေရမည့်အချိန် မဟုတ်တော့။ ပုစ္ဆာက ရှင်းနေ၏။
၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ ၂၀၁၀ ရွေးကောက်ပွဲသည် တစ်ခုတည်းသော ဖြစ်စဉ်ပကတိတရား၊ နောက်ဆုတ်သွားလို့ မရတော့။ ဤဖြစ်စဉ်သည် ယနေ့မြန်မာ့နိုင်ငံရေး ပကတိတရားဖြစ်သည်။ (စိတ္တဇ ကြည့်မြင်နည်းကို ပယ်ကြစို့…)
အနှစ်ချုပ်
ရွေးကောက်ပွဲ ဆန့်ကျင်ရေးသည် လူထုဆန့်ကျင်ရေးဖြစ်သည်။
ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးက အကြမ်းဖက်လမ်းစဉ်ကို လက်မခံ။
ရွေးကောက်ပွဲနှင့် လွှတ်တော်သည်သာ ငြိမ်းချမ်းသော အကောင်းဆုံးဖိုရမ်..
ဟူ၍ ဖြစ်ပါသည်။
အလုံးစုံနားလည်အောင် ဒါတွေကို ပြန်ဖတ်ပါ…
၁။ ဓမ္မနဲ့အဓမ္မကြားမှာ ၀င်း-၀င်း အဖြေရှိနိုင်သလား - လူထုစိန်ဝင်း
၂။ ပြေလည်မှုနှင့် နားလည်မှု - အရှင်ဓမ္မပိယဆရာတော်
၃။ ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက် - မောင်စူးစမ်း
No comments:
Post a Comment