ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့)သည် ကျွန်တော်တို့တွေ ဖွားမြင်ကြီးပြင်းနေထိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။
လွန်ခဲ့သော (၆၃)နှစ်က နေ့တစ်နေ့ကို ဂုဏ်ပြုသတ်မှတ်ထားသည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ကြောင်းကို အထူးအထွေ ရှင်းပြပြောဆိုရန် လိုအပ်မည်မဟုတ်ဟု ယုံကြည်ပါသည်။ မြန်မာလူမျိုးတို့အတွက် ပြည်ထောင်စုနေ့ဟူသည် တစ်နည်း ပြည်ထောင်စုနေ့သမိုင်းဟူသည်မှာ တစိမ်းပြင်ပြင် မဟုတ်ပေ။ ထဲထဲဝင်ဝင် ခရေစေ့တွင်းကျ လုံးစေ့ပတ်စေ့ မသိလျှင်သော်မှ အဘယ့်ကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ထားသည်၊ ထိုပြည်ထောင်စုနေ့ကြီး ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်လာသည်ဆိုတာကိုတော့ အကြမ်းဖျင်းသိရှိထားကြပြီး ဖြစ်ပါသည်။
သို့သော်… အကျဉ်းမျှတော့ ပြောလိုပါသေးသည်။ သိပြီးသူများအတွက် မရည်ရွယ်သော်လည်း မသိသေးသူများနှင့် အသိလွဲနေသူများအတွက် ဆိုပါစို့။ ပြည်ထောင်စုနေ့ဟူသည့် စာလုံးများတွင် အဓိပ္ပါယ်အပြည့် ပါပြီးသားဖြစ်ပါသည်။ ပြည်ထောင်တစ်ဝန်းလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြစ်သည့်နေ့ ယခင်ကသုံးနှုန်းခဲ့သည့် အခြားစကားလုံးများနှင့် ဆိုရပါလျှင်မူ တောင်တန်းမြေပြန့် တစ်နည်း ပြည်နယ်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးပန်းကို မြန်မာပြည်အတွင်းရှိ ညီအစ်ကို မောင်နှမအားလုံး အတူတကွ ဆင်မြန်းလိုကြောင်းကို ပေါ်ပေါ်ထင်ထင် ပြသခဲ့သည့်နေ့၊ မြန်မာပြည်အတွင်း မှီတင်းနေထိုင်သည့် ကချင်မှစ၊ မြန်မာအလယ်၊ ရှမ်းအဆုံး တစ်ရာကျော်သော တိုင်းရင်းသားလူမျိုးအားလုံးသည် ညီရင်းအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် ညီညီညွတ်ညွတ် နေထိုင်လျက်ရှိကြောင်း ကမ္ဘာသိအောင် ပြသနိုင်ခဲ့သောနေ့၊ ရှမ်းပြည်နယ် ပင်လုံမြို့တွင် တိုင်းရင်းသားများကို ကိုယ်စားပြုသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုဝေးပြီး နိုင်ငံလွတ်လပ်ရေးကို ရည်မျှော်၍ စုပေါင်းလက်မှတ်ရေးထိုးခဲ့သည့်နေ့၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သောနေ့ကို ပြည်ထောင်စုနေ့အဖြစ် အနှစ်သာရရှိရှိဖြင့် သတ်မှတ်ထားသော နေ့တစ်နေ့ပင် ဖြစ်ပါသည်။
လူအနည်းငယ်မျှသာရှိသည့် အိမ်ထောင်စုတစ်ခုတွင်ပင် ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် မိမိကျရာတာဝန်ကို မိမိကျေပွန်စွာ ထမ်းဆောင်ရင်း ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် နေထိုင်ကြပါလျှင် ထိုမိသားစုသည် တိုးတက်ကြီးပွား၍ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့် အိမ်တစ်အိမ်၊ မိသားစုတစ်ခု ဖြစ်လာနိုင်ပါသည်။ ဖခင်က ဖခင်တာဝန်၊ မိခင်က မိခင်တာဝန်၊ သားသမီးများကလည်း သားသမီးတာဝန်များကို ကိုယ်စီကိုယ်ငှ ကိုယ့်တာကိုယ်လုံအောင် ကြိုးပမ်းဆောင်ရွက်ကြရင်း ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့် စိတ်ဓာတ်အပြည့်ဖြင့် မည်မျှပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းသည်ဆိုသည်ကို စာဖတ်သူကိုယ်တိုင် ကိုယ့်မိသားစုနှင့်ယှဉ်၍ သိရှိနိုင်ပါသည်။ သို့ဆိုပါလျှင် နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင်ဖြင့် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို သယ်ပိုးထမ်းရွက်ကြမည်ဆိုပါလျှင် အဆိုပါနိုင်ငံ၊ အဆိုပါတိုင်းပြည်သည် အဘယ်မှာလျှင် မတိုးတက်ဘဲ ရှိအံ့နည်း၊ အဘယ်မှာလျှင် မချမ်းသာဘဲ ရှိအံ့နည်း၊ အဘယ်မှာလျှင် မဖွံ့ဖြိုးဘဲ ရှိပါအံ့နည်း။
စုစည်းမှုသည် အင်အား၊ စည်းလုံးမှုသည် စွမ်းအား၊ ညီညွတ်မှုသည် တန်ခိုးစွမ်းအင် ဖြစ်ကြောင်းကို သာဓကအမျိုးမျိုး၊ ဥပမာအဖုံဖုံ၊ သင်ခန်းစာအစုံစုံဖြင့် ကျွန်တော်တို့တွေ သိနားလည်ခဲ့ပြီး ဖြစ်ကြပါသည်။ အမှန်တကယ် စည်းလုံးညီညွတ်မှု၏ တန်ဖိုးကို ပြောပြဖွင့်ဆိုစရာ ကိန်းဂဏန်းရှိအံ့မထင်ပါ။ အဘယ်ကြောင့်နည်း။ ညီညွတ်မှုဖြင့် အရာအားလုံးကို ဖန်ဆင်းနိုင်သောကြောင့် ဖြစ်သည်ဟု ကျွန်တော်က ဆိုလိုက်ချင်ပါသည်။
အနှစ်သာရပြည့်ဝလှသော ကျွန်တော်တို့ မြန်မာနိုင်ငံ၏ (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ကျန်းမာရွှင်လန်းကြပါစေဟု ဆုမွန်ကောင်းတောင်းရင်းဖြင့် အားလုံးသော ညီရင်းအစ်ကိုမောင်နှမများအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်၊ တိုင်တိုင်ပင်ပင်၊ ဖေးဖေးကူကူ၊ ညီညီညာညာဖြင့် ကျရာတာဝန်၊ သင့်ရာကဏ္ဍကို ကျေပွန်အောင်ထမ်းကာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ထုဆစ်ပုံဖော်၍ လျှောက်လှမ်းကြပါစို့ဟု မြန်မာ့သွေးမှ ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ သောကြာနေ့။
(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့။
နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment