Monday, February 15, 2010

ပါရာဒိုင်းအသစ် နှင့် နိုင်ငံရေးယဉ်ကျေးမှု - မောင်စူးစမ်း


အတိတ်အညွှန်းမဖြစ်
နိုင်ငံရေးယဉ်ကျေးမှု (Political Culture)သည် အခမ်းအနားအသစ် အဆောင်အယောင်သစ်၌ မည်သို့ ပုံပန်းသဏ္ဌာန်ဆောင်မည်ကို မသိနိုင်သေးပေ။ ခန့်မှန်းကြည့်ရုံသာ ရှိမည်။ သို့သော် သေချာတာ တစ်ခုရှိသည်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်သည် "ရွေးကောက်ပွဲနိုင်ငံရေး"ကို ဗဟိုပြုလျက် ပေါ်ထွန်းလာဖွယ် ရှိသည်ဆိုသော အချက်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုအသစ် မည်သို့မည်ပုံပေါ်မည်ကို မသိသေးခင်၌ ယခင် နိုင်ငံရေးခေတ်ဟောင်းတို့မှ ပါတီနိုင်ငံရေးတို့ကို ညွှန်းပြီး၊ တင်ပြရေးသားခြင်းသည် ဆီလျော်၏၊ မဆီလျော်၏ မေးစရာပေါ်သည်။ စာရေးသူအမြင်၌ အတိတ်မှ နိုင်ငံရေးပါတီတို့ကို ညွှန်း၍ ယခုပေါ်မည့် ရွေးကောက်ပွဲနိုင်ငံရေးကို ရှုမြင်သုံးသပ်ခြင်းသည် မဆီလျော်ဟု ထင်သည်။

ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြစရာအကြောင်း သုံးချက်ရှိသည်။ ပထမတစ်ချက်သည် လာမည့်ရွေးကောက်ပွဲနှင့် ဤရွေးကောက်ပွဲအပြီး ကာလတို့သည် ပါရာဒိုင်းအသစ် (New Paradigm) ဖြစ်မည်ဟု ဆိုသောအချက် ဖြစ်သည်။ ပါရာဒိုင်းအသစ်တွင် အတိတ်မှ ဖြစ်ရပ်တို့သည် လမ်းညွှန်မဖြစ်နိုင်ပေ။ အတိတ်သည် လမ်းညွှန်အဖြစ် တန်ဖိုးပြယ်သွားပြီ။ အကူးအပြောင်းသည် အတိတ်ကို ပြန်သွားသော အကူးအပြောင်း မဟုတ်သည်ကို သတိချပ်အပ်သည်။

ဂါဒီယန်တာဝန်နှစ်ပါး
ဒုတိယအချက်သည် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် အုပ်ထိန်းသူနှစ်မျိုး တစ်ပြိုင်နက်တည်း တာဝန်ယူထားသော အချက်ကို သတိမူရန်ဖြစ်သည်။ ပထမ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် အုပ်ထိန်းသူ (Guardian of the State) အဖြစ် တာဝန်ယူထားသည်။ ဒုတိယ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက် အုပ်ထိန်းသူ (Guardian of the Democracy) အဖြစ် တာဝန်ယူထားသည်။ ဂါဒီယန်တာဝန်နှစ်မျိုး တစ်ပြိုင်နက်တည်း ယူထားသည်။

ထို့ကြောင့် နိုင်ငံရေးယဉ်ကျေးမှုတွင် (၁) တပ်မတော်၏ အုပ်ထိန်းမှုအခြေအနေ နှင့် (၂) နိုင်ငံရေးပါတီတို့၏ သက်ဝင်လှုပ်ရှားမှု အခြေအနေတို့ဖြင့် ပါဝင်ဖွဲ့စည်းထားမည့် ရင့်ကျက်သော နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အုပ်ထိန်းသူ၏ အရည်အသွေးနှင့် အမြော်အမြင်တို့အပြင် နိုင်ငံရေးပါတီတို့၏ အရည်အသွေးနှင့် အမြော်အမြင်တို့လည်း ဆတူပါဝင်နေပါလိမ့်မည်။ ဤအချက်ကို ထောက်ရှုပြီး ယခင်နိုင်ငံရေးပါတီတို့၏ သမိုင်း၊ နိုင်ငံရေးသမားဟောင်းတို့၏ သမိုင်းကို ပြန်နှူး၍ အနာဂတ်နိုင်ငံရေးကို ပုံဖော်ကြည့်သည်မှာ ခုတ်ရာတခြား ရှရာတခြားဟု ဆိုရမည်။

ယခု ပါရာဒိုင်းအသစ်အရ နိုင်ငံရေးပလေယာ အသစ်တွေ မပေါ်ကြသေးပေ။ ပလေယာအသစ်တွေ မည်သည့်ပုံစံတို့ဖြင့် ပေါ်ထွန်းမည်ကိုပင် မသိရှိနိုင်သေး။ ထိုအခြေအနေတွင် ပလေယာအဟောင်းတို့ကို ပြန်ညွှန်းပြီး ရွေးကောက်ပွဲနိုင်ငံရေးအကြောင်းကို နားလည်ရန် ကြိုးပမ်းခြင်းသည် စိတ္တဇဆန်သည်ဟု ဆိုရမည်။ ပါရာဒိုင်းအသစ်တွင် အတိတ်ကို အတိတ်မှာ ထားခဲ့ကြခြင်းက အကောင်းဆုံးဖြစ်သည်။

ဆတူ
မည်သို့ပင်ဖြစ်စေ၊ တတိယအချက်အရ တာဝန်နှစ်ပါးဖြင့် ရပ်တည်ရမည့် အုပ်ထိန်းသူ၏ အရိပ်သည် နိုင်ငံရေးပါတီတို့ထက် ပို၍ ကြီးမားရှည်လျားဖွယ်ရာ ရှိလေရာ မတည်မငြိမ်ဖြစ်မှု သို့မဟုတ် အစွန်းရောက်မှုတို့သည် တကယ်ဖြစ်ခဲ့သော၊ စီမံထိန်းသိမ်းနိုင်သောအဆင့်၌ ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ဆိုလိုသည်မှာ ပါရာဒိုင်းအသစ်တွင် နိုင်ငံရေးပါတီတို့၏ အမြော်အမြင်နှင့် အုပ်ထိန်းသူတို့၏ အမြော်အမြင်တို့သည် အလားတူအရေးပါအရာရောက်ခြင်း ဖြစ်သည်။

နိုင်ငံရေးသမားဟောင်းတို့လည်း ပါရာဒိုင်းအသစ်ကို မြင်တွေ့သွားကြမည် မဟုတ်ပေ။ သူတို့ သိပ်အိုပြီ။ ထို့ကြောင့် ပါရာဒိုင်းအသစ်တွင် ပလေယာအသစ်တို့သာ များဖွယ်ရှိသည်။ သို့သော် သော့ချက်ပလေယာတို့သည် အုပ်ထိန်းသူနှင့် နိုင်ငံရေးပါတီတို့သာ ဖြစ်မည်။ သူတို့ကလည်း မျိုးဆက်သစ်တွေ ဖြစ်ဖွယ်ရှိသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၁၇)

No comments:

Post a Comment

 
Web Statistics