အခြေအနေအရပ်ရပ်ကို လက်တွေ့ကျကျ ကြည့်ရှုသုံးသပ်ပြီး လက်တွေ့ဖြစ်နိုင်တာကိုပဲ လုပ်ရမယ်။ စိတ်ကူးယဉ်ပြီး ဖြစ်ချင်တာတွေကို လျှောက်လုပ်နေလို့ မဖြစ်ဘူးဆိုတဲ့ စကားများ အခုတလော ထပ်ခါတလဲလဲ ကြားနေ၊ ဖတ်နေရတယ်။ ပြောသူတွေက ဘိုလိုပြောကြ၊ ရေးကြတာပေါ့။ "ပရတ်မားတစ်" (Pragmatic) ဖြစ်ရမယ်ပေါ့လေ။
တောကလူ လယ်သမားပဲ လုပ်ရမှာလား
သူတို့ပြောတဲ့အတိုင်းဆိုရင် ကျေးရွာဇနပုဒ်က တောင်သူလယ်သမား သားသမီးတစ်ယောက်က ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်ဆိုတာ လက်တွေ့မကျဘူး။ စိတ်ကူးယဉ်ပြီး လေထဲ တိုက်အိမ်ဆောက်နေတာသာ ဖြစ်တယ်။ ဘုန်းကြီးကျောင်းမှာ ဆယ်စောင်တွဲ ကုန်ရုံလောက်သာ မျှော်မှန်းပြီး လက်တွေ့ကျကျနဲ့ လယ်သမားပဲ လုပ်ရမယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ ရှေးခေတ်လူသားတွေသာ စိတ်ကူးမယဉ်ခဲ့ကြဘူးဆိုရင် မီးရထားတို့၊ လေယာဉ်ပျံတို့ဆိုတာတွေ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။ လပေါ်ကို လူတွေ ခြေချနိုင်ခဲ့ကြတာလည်း စိတ်ကူးယဉ်တတ်ကြလို့ပဲ မဟုတ်ဘူးလား။ လပေါ်ကို လူလွှတ်ဖို့ ကြိုးစားနေကြဆဲအချိန်ကာလမှာ ပုပ်ရဟန်းမင်းကြီးတစ်ပါးက မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်နေကြတာဟာ မိုက်မဲမှုသက်သက် ဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့တယ်။ နောက် တကယ်လူရောက်သွားတော့မှပဲ ရှုတ်ချသံ ရပ်စဲသွားတော့တယ်။
ဘီအေအောင်သူ ၁၀၀ မရှိလို့
အင်္ဂလိပ်လက်အောက်မှာ နေကြစဉ်ကာလတွေတုန်းကလည်း မြန်မာပြည်မှာ ဘီအေအောင်တဲ့သူ ၁၀၀ ပြည့်အောင် မရှိသေးလို့ လွတ်လပ်ရေးနဲ့ မထိုက်တန်သေးဘူး။ ၉၁ ဌာန အုပ်ချုပ်ရေးလို၊ ကက်စဘီအုပ်ချုပ်ရေလို၊ ဟုမ္မရူးလို အဆင့်လောက်သာ တောင်းသင့်တယ်။ ဒါမှ လက်တွေ့ဖြစ်နိုင်ချေရှိတယ်လို့ အင်္ဂလိပ်ရဲ့လက်ဝေခံ အလိုတော်ရိတွေက ပြောခဲ့ကြတာပဲ။ နောက်ဆုံး ဘယ်လိုမှ တားမရတဲ့အခြေအနေမျိုး ရောက်တာတောင် အဲဒီ အလိုတော်ရိတွေက လွတ်လပ်ရေးယူပြီးရင် ဓနသဟာသအဖွဲ့ဝင်အဖြစ် ဆက်နေသွားဖို့ တိုက်တွန်းမှုတွေ မရပ်မနား လုပ်ခဲ့ကြပါသေးတယ်။
လူမိုက်ကလေးတွေရဲ့ ကျေးဇူး
ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးအတုကြီးနဲ့ပဲ စိတ်ရှည်သည်းခံနေဖို့ ဂျပန်အလိုတော်ရိတွေက နှိုးဆော်ခဲ့ကြပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင် လူမိုက်ကလေးတွေက ရတာကိုယူပြီး ကျေနပ်မနေဘဲ လိုချင်တာကို မရ,ရအောင် မိုက်မိုက်မဲမဲ လုပ်ခဲ့ကြလို့သာ ဒီနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာဖြစ်တယ်။ ဗိုလ်ချုပ်တို့ တစ်တွေသာ လူလိမ္မာတွေဖြစ်ပြီး "လူနပ်ချမ်းသာ" လုပ်ခဲ့ကြရင် လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ခုချိန်ထိ ဘာမှန်းသိဦးမှာ မဟုတ်ပါဘူး။ ဟိုတစ်ချိန်က အင်္ဂလိပ်အလိုတော်ရိတွေ၊ ဂျပန်အလိုတော်ရိတွေက ဗိုလ်ချုပ်တို့တစ်တွေို "ပရတ်မားတစ်" မဖြစ်တဲ့ တစ်ဖက်စွန်းရောက် တဇောက်ကန်းသမားတွေလို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။
အညွန့်ချိုးပစ်လိုက်တာ
ဖြစ်နိုင်ချေရှိတာပဲလုပ် ဆိုတာက ရသမျှနဲ့ ရောင့်ရဲကျေနပ်၊ ဆက်ကြိုးစားမနေနဲ့ ဆိုတဲ့သဘော။ ဒါမှမဟုတ်လည်း တန်ရာတန်ရာ ရတာပဲ ဘာမှ စောဒကတက်မနေနဲ့ ဆိုတဲ့သဘော ဖြစ်တယ်။ အညွန့်တလူလူတက်နေတဲ့ အပင်ကလေးကို အညွန့်ချိုးပြီး လက်စတုံးလုပ်လိုက်တာပဲဖြစ်တယ်။ လက်ခံထားရင် ဘယ်တော့မှ လူမွှေးလူတောင် ပြောင်လာမှာမဟုတ်တော့ပါဘူး။ တောရွာဇနပုဒ်က ကျေးတောသားလေး တစ်ယောက်လည်း ဇွဲလုံ့လ ၀ီရိယနဲ့ မနေမနား ကြိုးစားအားထုတ်မှုပြုခဲ့ရင် သူဖြစ်ချင်တဲ့အတိုင်း ဆရာဝန်ကြီးတစ်ယောက်၊ အင်ဂျင်နီယာကြီးတစ်ယောက် ဖြစ်မလာနိုင်စရာအကြောင်း မရှိပါဘူး။ ပန်းတနော်က ကျောင်းဆရာလေး ဦးသန့်ဟာ ဘီအေမအောင်ခဲ့ပေမယ့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်အဆင့်ကို ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တောသားတစ်ယောက်ဖြစ်သလို ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးနုလည်း တောသားတစ်ယောက်ပါပဲ။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းလည်း တောသားဖြစ်ပါတယ်။
တိုးတက်ချင်ရင် အိပ်မက်မက်
ရှေးလူကြီးတွေ စိတ်ကူးယဉ်ခဲ့ကြလို့ တိုင်းပြည်လွတ်လပ်ရေး ရခဲ့တာဖြစ်တယ်။ လူဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အဆက်မပြတ် ကြိုးစားအားထုတ်နေတဲ့ သတ္တ၀ါမျိုးဖြစ်တယ်။ ဖြစ်နိုင်တာကိုပဲလုပ်ပြီး ကျေနပ်နေတယ်ဆိုရင် ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့လူ ဘယ်ဖြစ်လာတော့မှာလဲ။ တိုးတက်ချင်ရင် အိပ်မက်,မက်တတ်ရမယ်။ အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင်လည်း အဆက်မပြတ် ကြိုးစားအားထုတ်နေရမယ်။ စိတ်ကူးမယဉ်နဲ့ ဖြစ်နိုင်တာပဲလုပ်ဆိုတဲ့ လူတွေဟာလည်း အများအားဖြင့် စိတ်ကူးအကြံဉာဏ်တွေ ခန်းခြောက်သွားပြီဖြစ်တဲ့ "အိုက်ဒီယောလော်ဂျီ" ချွတ်ခြုံကျနေသူတွေ။ ကြိုးစားအားထုတ်ရင် အားထုတ်သလောက် ခရီးရောက်တာ သေချာတယ်။ ကံပေးသမျှ ယူမယ်ဆိုတဲ့သူဟာ ဘာမှရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေသူကို ကံက ဘာမှမပေးဘူး။ အဲဒါ အမှန်တရားပဲ။ စိတ်ကူးယဉ်ပါ၊ အိပ်မက်တွေမက်ပါ။ "အိုက်ဒီယောလော်ဂျီ" ချွတ်ခြုံကျသူတွေကတော့ ဘယ်တော့မှ အိပ်မက် မမက်တတ်ကြဘူး။ သူတို့မှာ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ခန်းခြောက်သွားကြပြီ။
Tuesday, February 16, 2010
အိုက်ဒီယောလော်ဂျီခန်းခြောက်ရင် အိပ်မက်မမက်တတ်ဘူး - လူထုစိန်ဝင်း
(News Watch Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၂၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 11:40 AM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment