ခေါင်းစဉ်ကိုဖတ်ပြီးတဲ့အချိန်မှာ စာဖတ်သူအနေနဲ့ တစ်မျိုးတော့ ဖြစ်သွားမလားမသိပါဘူး။ ဟုတ်ကဲ့... အဲဒီခေါင်းစဉ်ကိုပေးမိတဲ့ ကျွန်တော်တောင် ချီတုံချတုံနဲ့ ဒီခေါင်းစဉ်အတိုင်းပဲ ထားရမလား၊ ဒါမှမဟုတ် အခြားခေါင်းစဉ်တစ်ခုကို ပြောင်းရမလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ပြောချင်နေတဲ့အကြောင်းအရာက နောက်ဆုံးမှာ ဒီခေါင်းစဉ်ကိုပဲ လာနွယ်နေတာမို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်နော်။ ဆုံးအောင်ဖတ်ပြီးသွားရင်တော့ ဒီခေါင်းစဉ်ကို နားလည်သွားမယ်လို့ မျှော်လင့်ရတာပါပဲလေ။
ဒီပို့စ်ရဲ့ ကုန်ကြမ်းက ဒီလို၊ ဒီလို
တစ်ရက်က လ္ဘက်ရည်ဆိုင်ထိုင်ရင်း ဆိုင်ရှင်အစ်ကိုကြီးက လက်အိတ်အသစ်ကြီး ၀တ်ထားတဲ့အတွက် စကြ၊ နောက်ကြတာပေါ့။ အဲဒီမှာ အစ်ကိုကြီးက သူ့လက်အိတ်နဲ့ပတ်သက်ပြီး ဘာပြန်ပြောလဲဆိုတော့ "ဒီမှာတွေ့လား၊ ကျားရုပ်ဗျ၊ ကျားနှစ်ရောက်သွားပြီလေ" ဆိုပြီး လက်အိတ်ပေါ်က ကျားရုပ်ကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ပြပါတယ်။ တကယ့်ကို စိတ်တူကိုယ်တူ အပေါင်းအသင်းတွေဆိုရင်တော့ အချေအတင် ဆွေးနွေးငြင်းခုန်ဖြစ်မှာ အသေအချာပါပဲ။ ဒါပေမယ့် အသက်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ပါ ကိုယ့်ထက်အများကြီး ပိုကြီးရင့်တဲ့ လူတစ်ယောက်ကို အတိုက်အခံလုပ်ပြီး ပြန်မပြောဖြစ်ခဲ့ပါဘူး။ စိတ်ထဲမှာတော့ ပြောချင်စိတ်တွေ တဖွားဖွား ဖြစ်မိတာပေါ့ဗျာ။ အဲဒီတဖွားဖွားစိတ်ကလေးတွေကို အခုလို ပို့စ်တစ်ခုရေးပြီး ဖွင့်အံထုတ်လိုက်ခြင်း ဖြစ်ကြောင်းပါခင်ဗျား။
တစ်ခုတော့ ကြိုတင်ပြောကြားပါရစေ။ ကျွန်တော့်အယူအဆ၊ ကျွန်တော့်ခံယူချက်သက်သက်သာ ဖြစ်တဲ့အတွက် အများစုနဲ့ လုံးဝကို အယူအဆတူနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သိတယ်ဆိုတာပါ။ အချို့အတွက်ဆိုရင် သူတို့ကို စော်ကားသလိုတောင် ဖြစ်နေမယ်ဆိုတာ တွေးမိပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ စော်ကားပုတ်ခတ်လိုခြင်းမရှိဘဲ ကျွန်တော်ယုံကြည်ရာ အတွေးသက်သက်ကိုသာ ရေးသားခြင်းဖြစ်ပါတယ်။
အရုပ်များ နှင့်လူသား
အားလုံးသိပြီးသား အကြောင်းအရာတစ်ခုပါ။ ကိုယ့်ဝန်းကျင်မှာလည်း မကြာခဏဆိုသလို မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး နေမှာပါ။ အချို့ဆိုရင် ကိုယ်တိုင်တောင် အဲဒီအဖြစ်အပျက်တွေထဲမှာ ပါဝင်နေမှာ အသေအချာပါ။ အခြားတော့ မဟုတ်ပါဘူး။ အရုပ်တွေကိစ္စပါ။ ဘာအရုပ်တွေလည်းလို့မေးရင် အစုံလို့ပဲ ဖြေရမှာပါပဲ။ လက်တစ်ဆစ်ခန့် ဘုရားဆင်းတုတော်တွေကစပြီး အကောင်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံ၊ စုံမှစုံပါပဲ။ အားလုံးရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ယုံကြည်မှုတစ်ခုအရ ဆောင်ထားခြင်း ဖြစ်ပါတယ်။ အချို့က ကျန်းမာရေးအတွက်၊ အချို့က အောင်မြင်မှုအတွက်၊ အချို့က စီးပွားလာဘ်လာဘအတွက်၊ အချို့က ပီယအတွက်၊ အချို့က ကံကောင်းမှုအတွက် စသည်စသည်ဖြင့်ပေါ့ဗျာ။ ယုံကြည်မှုအမျိုးမျိုးနဲ့ပေါ့။ သူတို့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ်ယုံကြည်ရာကို ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရှိတာပဲ မဟုတ်လား။ ဒါပေမယ့်လည်း ဘာမှအသက်မရှိတဲ့ ကျားရုပ်ကလေးတွေ၊ နဂါးအရုပ်ကလေးတွေ၊ ဂဠုန်အရုပ်ကလေးတွေ၊ ခြင်္သေ့ရုပ်ကလေးတွေ၊ စတဲ့အရုပ်ကလေးတွေက ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ကြတာဟာ နည်းနည်းများ စဉ်းစားဉာဏ်မဲ့ရာ ရောက်နေမလားလို့ပါ။
ကိန်းဂဏန်း နှင့် လူသား
နောက်တစ်မျိုးကတော့ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ပါ။ လူတွေကလည်း လူတွေပါပဲဗျာ။ ဘာတွေမှန်းလည်း မသိပါဘူး။ အတော်လည်း ရယ်စရာကောင်းတယ်။ နံပါတ် ၇ ကိုကျတော့ Lucky Seven တဲ့။ နံပါတ် ၁၃ ကျပြန်တော့ Unlucky Number ဆိုပြီး ဂဏန်းတန်းစားခွဲခြားမှု လုပ်ကြပြန်ပါရောလား။ တစ်ချို့ကျတော့လည်း စုံဂဏန်းမှတို့၊ မဂဏန်းမှတို့ ဆိုတဲ့လူတွေလည်း ရှိသေးတယ်။ သုညဆိုတာ ဘာမှမရှိတဲ့အရာမို့ သုညပါတာတွေကို ရှောင်တဲ့လူတွေလည်း မနည်းဘူး။ ဘယ်လောက်အထိလဲဆိုရင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥဟာ သုညနဲ့တူလို့ စာမေးပွဲဖြေဖို့သွားခါနီး၊ အင်တာဗျူးဖြေဖို့သွားခါနီးတွေမှာ အဲဒီဥတွေကို မစားရဘူးဆိုတဲ့ လူတွေက ရှိသေးသဗျ။ ဘယ်နှယ့်ဗျာ ကမ္ဘာဦးကတည်းက ကြက်တွေ၊ ဘဲတွေ၊ ငုံးတွေက အဲဒီလိုပဲ ဥလာကြတာပဲ။ လူသားတွေအတွက် လေးထောင့်တွေ၊ ချွန်ချွန်တွေပဲ ဥပေးရဦးမလိုလိုပဲ။ အခုလည်း ကြည့်ပါဦး… နောက်ဆုံးပေါ် ရူးသွပ်မှုတစ်ခုက ဘာလဲဆိုတော့ [၁၀-၁၀-၁၀] တဲ့။ ကဲ… ဘယ်လောက်တောင်များ တွေးတတ်လိုက်ကြသလဲနော်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့ကို ရေးတဲ့အခါ ၁၀-၁၀-၁၀ (10-10-10) လို့ ရေးကြမှာပဲလေဗျာ။ ဘာများထူးဆန်းလို့လဲ။ ဒါပေမယ့် အမှတ်တရတို့၊ ကြုံတောင့်ကြုံခဲတို့၊ တစ်သက်မှာ တစ်ခါပဲ ကြုံရတာတို့ ဆိုတဲ့စကားတွေက လာသေးတယ်။ ဘယ်ရက်ကများ ကျွန်တော်တို့ဘ၀မှာ နှစ်ခါပြန်ထပ်ဖူးတာ ရှိလို့လည်းဗျာ။ ဥပမာ- ခင်ဗျားမွေးနေ့ဟာ [00-00-0000] ဆိုပါတော့။ အဲဒီနေ့ဟာ သေသွားတဲ့အထိ ဘယ်နှစ်ခါများ ပြန်ထပ်ဖူးလို့လဲ။ ကြုံတောင့်ကြုံခဲမှ တကယ့်ကို ကြုံတောင့်ကြုံခဲပါဗျာ။ ကုန်လွန်သွားတဲ့အချိန်ဆိုတာ ဘယ်တုန်းကမှ ပြန်ရရိုးထုံးစံမရှိပါဘူးဗျ။ တစ်ခုမေးချင်တာက အခု ကျွန်တော်တို့လူသားတွေ အရေးတယူလုပ်နေတဲ့ ကိန်းဂဏန်းတွေဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။
အရောင်များ နှင့် လူသား
လာပြန်ပြီ နောက်တစ်မျိုး၊ အရောင်တွေပါတဲ့ခင်ဗျား။ အာလုံးသိကြတဲ့အတိုင်းပါပဲ… ဘယ်အရောင်က ဘာဖြစ်စေတယ်၊ ဘယ်အရောင်က နိမိတ်မကောင်းဘူး၊ ဘယ်အရောင်က လူနဲ့မတည့်ဘူး စသည်ဖြင့် လူတွေကဲကြ၊ သဲကြတာကို ကြုံဖူးကြမှာ မလွဲမသွေပါပဲ။ စိတ်ပညာသဘောအရ အရောင်တွေဟာ လူတွေအပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကျွန်တော်လုံးဝကို လက်ခံပါတယ်။ အစိမ်းရောင်ဟာ လူတွေရဲ့ အမြင်အာရုံကို ငြိမ်းချမ်းစေတယ်တို့၊ အဖြူရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင်စေတယ်တို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အရောင်တွေကို အဆောင်တစ်ခုလို၊ ယုံကြည်ကိုးကွယ်မှုတစ်ခုလို သတ်မှတ်ကြတာမျိုးကိုတော့ ကျွန်တော် လက်မခံချင်ပါဘူး။ အလှူပွဲအခမ်းအနားတစ်ခုခုကို အနက်ရောင်ဝတ်သွားမိတဲ့အခါ ၀ိုင်းကြည့်ကြတဲ့ လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်မုန်းတယ်။ သူတို့က လူကိုဖိတ်တာလား၊ အ၀တ်အစားအရောင်ကို ဖိတ်တာလား။ အနက်ရောင်ဝတ်လာတဲ့အတွက် သူတို့အလှူပွဲက ပျက်သွားမှာမို့လား။ နာရေးအခမ်းအနားတစ်ခုခုကို အရောင်လွင်လွင်လေးတွေ၊ အထူးသဖြင့် အဖြူရောင်ဝတ်သွားမိတဲ့အခါ ရှုံ့ချတဲ့အကြည့်နဲ့ ကြည့်ကြတဲ့ လူတွေရဲကအကြည့်တွေကို ကျွန်တော်မုန်းတယ်။ အဖြူရောင်ဝတ်ထားတဲ့အတွက် သေနေတဲ့လူအပေါ် ဘာတွေများ ထိခိုက်စရာ ရှိလို့လဲ။ သေတယ်ဆိုတာထက် ဆိုးတဲ့အဖြစ် ရှိသေးလို့လား။ အများစု လက်ခံနေကြသလို အမည်းရောင်ဝတ်သွားရင်ရော သေတဲ့လူက ပြန်ရှင်လာမှာမို့လား။ နောက်တစ်ခုက အမည်းရောင်ကို ဘာကိစ္စနဲ့ အမင်္ဂလာအရောင်အဖြစ် သတ်မှတ်ကြသလဲဆိုတာကို နားမလည်နိုင်ဘူး။ ကျွန်တော်ကတော့ အမည်းရောင်၊ အနက်ရောင်ကို လုံးဝကိုကြိုက်တယ်။ လူတွေသတ်မှတ်ထားကြတဲ့ အရောင်တွေက ကျွန်တော်တို့တွေရဲ့ အဆိုးအကောင်းကို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာ မယုံကြည်တဲ့အတွက် ကျွန်တော့်ကို အပြစ်တင်ကြမယ်ဆိုရင်လည်း ရှိစေတော့ပေါ့ဗျာ။
ပိုက်ဆံ နှင့် လူသား
ဒီအကြောင်းအရာကို ပြောဖို့ကတော့ နည်းနည်းလက်တွန့်မိတယ်။ လူပြောများသလို အငြင်းအခုန်လည်း များနိုင်တဲ့ကိစ္စမို့ပါ။ ပိုက်ဆံဆိုတာ ဘာညာဆိုတာတွေ မပြောတော့ပါဘူး။ ပြောချင်တာကိုပဲ ရောက်အောင်ပြောတော့မယ်။ ပိုက်ဆံဆိုတာ လူသားတွေ ဖန်တီးထားတဲ့ အရာတစ်ခုပါ။ ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းပေးထားတာမဟုတ်ပါဘူး။ လူသားတွေရဲ့ သတ်မှတ်ချက်သက်သက်ပါ။ အဲဒီပိုက်ဆံကပဲ လူသားတွေရဲ့ ဘ၀ကို ဖျက်ဆီးနိုင်တာ၊ မြှင့်တင်နိုင်တာတွေ လုပ်နိုင်တယ်လို့ လူတွေက ဆိုလာကြတဲ့အခါ ကျွန်တော်မကျေမနပ် ဖြစ်မိတယ်။ Money makes everything! လို့ ဆိုတဲ့လူတွေတောင် ရှိသေးသည်။ မှန်သလား၊ မှားသလား ကျွန်တော်မပြောချင်။ ပြောချင်သည်က ပိုက်ဆံက လူသားတွေကို ဘာမှမလုပ်နိုင်ပါ။ အဲဒီပိုက်ဆံကို ဖန်တီးထားသော လူသားတွေကသာ၊ တစ်နည်း ပိုက်ဆံနောက်က လူသားတွေကသာ လူသားအချင်းချင်း၏ ကံကြမ္မာတွေကို ဖန်တီးနေခြင်း ဖြစ်သည်။ ပိုက်ဆံနောက်ကလူတွေဆိုတော့ သူတို့ချည်းပဲ မဟုတ်ပါ။ ပိုက်ဆံရှေ့ကလူတွေလည်း ထိုအဖြစ်အပျက်မှာ ပါဝင်ကပြ အသုံးတော်ခံနေကြပါသည်။ ပိုက်ဆံဆိုတာ သတ်မှတ်ထားတဲ့ စာရွက်တစ်ရွက်ပါကွာလို့ ကျွန်တော်မပြောချင်ပါ၊ အခြားသူများကိုလည်း ထိုသို့ပြောရန် မတိုက်တွန်းပါ။ သို့သော် ပိုက်ဆံကို ပိုက်ဆံလိုသာ မြင်ကြစေလိုပါသည်။ ပိုက်ဆံသည် ကိုးကွယ်ရာမဟုတ်ပါ။ အသုံးချစရာပစ္စည်းတစ်ခုမျှသာ ဖြစ်ပါသည်။
လူသား နှင့် လူသား
ကျွန်တော်အဓိက ပြောချင်သည်က တဖြည်းဖြည်းနှင့် ပုံပေါ်လာပါပြီ။ ပြောခဲ့သလို လူသားတွေသည် အရုပ်တွေအပေါ်မှာ၊ အရောင်တွေအပေါ်မှာ၊ ကိန်းဂဏန်းတွေအပေါ်မှာ၊ ပိုက်ဆံတွေအပေါ်မှာ၊ အခြားသော အရာတွေအပေါ်မှာ ယုံကြည်နေကြသည်၊ ကိုးကွယ်နေကြသည်။ အပြစ်မတင်ပါ၊ တကယ်ကို အပြစ်မတင်ပါ။ လူသားသည် လူသားပီသမည်သာ ဖြစ်ပါသည်။ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် မြက်တစ်ပင်ပဲဖြစ်စေ အားကိုးအားထားရှာကြမည်၊ လက်ဆုပ်လက်ကိုင်ပြုကြမည်သာ ဖြစ်ပါသည်။ နားလည်ပါသည်၊ တကယ့်ကို နားလည်ပါသည်။ သို့သော် နားမလည်နိုင်သည်များလည်း များစွာရှိနေပါသည်။ စာဖတ်သူများကလည်း ၀ိုင်းဝန်းအဖြေရှာပေးကြစေလိုပါသည်။ ကိုယ့်ဘာသာကိုယ် ဖြေကြည့်ကြစေလိုပါသည်။
အဘယ့်ကြောင့် လူအချင်းချင်း တွေ့ဆုံကြသည့်အခါ ခွန်းချိုသံသာစကားများဖြင့် ပြုံးပြနှုတ်ဆက်ဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း တစ်ဦးအပေါ်တစ်ဦး လက်ကမ်းကြိုဆိုဖို့၊ ဖေးဖကူညီဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း သံသယမျက်စိဖြင့်မကြည့်ဘဲ ယုံကြည်ရင်းနှီးဖို့ ၀န်လေးနေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း အငြိုးအတေးကြီးစွာ ပစ်ခတ်သတ်ဖြတ်နေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း မေတ္တာမထားနိုင်၊ မုဒိတာမပွားနိုင် ဖြစ်နေကြပါသနည်း။
အဘယ့်ကြောင့် လူအချင်းချင်း …………?
အဘယ့်ကြောင့် လူအချင်းချင်း …………?
အဘယ့်ကြောင့် …………………………..?
အဘယ့်ကြောင့် …………………………..?
ခေါင်းစဉ်လေးကို ပြန်ပြောပါရစေ။ အို…လူသား ဘာလဲ၊ ဘယ်လဲ?
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment