ပထမဆုံးအကြိမ် စမ်းသပ်
Clash of Civilizations (လူ့ယဉ်ကျေးမှုချင်း ပဋိပက္ခ) ကျမ်းရေးသူ ဟားဗတ်တက္ကသိုလ် ပါမောက္ခ Samuel P. Huntington က နောက်ထပ် ကျမ်းတစ်စောင် ရေးသားထုတ်ဝေလိုက်သည်။ ဤကျမ်းမှာ The Soldier And The State (စစ်သားနှင့် နိုင်ငံရေး) ဟူ၍ ဖြစ်သည်။ "အရပ်ဘက်နှင့် စစ်ဘက် ဆက်ဆံရေးဆိုင်ရာ သီအိုရီနှင့် နိုင်ငံရေး" The Theory And Politics of Civil Military Relations အကြောင်း ဖြစ်သည်။
နိုင်ငံတိုင်းတွင် အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးကိစ္စသည် ပုံစံအမျိုးမျိုးဖြင့် ရှိခဲ့သည်။ သမိုင်းလမ်းကြောင်း အမျိုးမျိုးဖြင့် နိုင်ငံတိုင်းသည် ဤအကြောင်းအရာကို တွေ့ကြုံရလေရာ ယခုပါမောက္ခ ဟန်တင်တန်က ဤအကြောင်းကို သီအိုရီထုတ်လိုက်သည်။ စစ်ဘက်နှင့် အရပ်ဘက်ဆက်ဆံရေး၏ နိုင်ငံရေးကို သရုပ်ဖော်ကြည့်သည်။ မြန်မာနိုင်ငံသည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး အတွေ့အကြုံကို လောလောလတ်လတ်တွင် ခံစားနေရသည်။ လာမည့် ၂၀၁၀ ပြည့်နှစ် လွှတ်တော်များ ရွေးကောက်ပွဲသည် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပုံစံသစ်တစ်မျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပထမဆုံးအကြိမ် စမ်းသပ်ကြည့်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ပုံသဏ္ဌာန် သုံးမျိုး
ကျမ်းရှင် ပါမောက္ခက အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၏ အခြေခံအပိုင်းဖြစ်သည့် စစ်ဘက်ပိုင်းတွင် "အရာရှိအဖွဲ့၊ Officer Corps" ပေါ်ပေါက်ပုံ၊ ဤအဖွဲ့၌ ကျွမ်းကျင်ပိုင်နိုင်မှု ပေါ်ပေါက်ကြွယ်ဝလာပုံတို့ကို ပူးတွဲစိစစ်သုံးသပ်ပြသည်။ မြန်မာ့တပ်မတော်သမိုင်းဖြင့် စပ်ဟပ်ကြည့်လျှင် "အရာရှိအဖွဲ့"၏ မူလအစသည် ရဲဘော်သုံးကျိပ်နှင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂန္ဒီစာချုပ်တို့ ဖြစ်သည်။ အရာရှိအဖွဲ့၏ နျူကလီးယားဟု ဆိုနိုင်သည်။
အရာရှိအဖွဲ့သည် ကြီးထွားလာသည်နှင့်အတူ ပညာပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုတို့လည်း ပွားလာသည်။ ဤနှစ်မျိုးစလုံးကို စစ်ဘက်အင်စတီကျူးရှင်းများ ဖွဲ့စည်း၍ ဆောင်ရွက်ကြသည်။ ပညာရပ်အပိုင်း ကျွမ်းကျင်ပိုင်နိုင်မှုတိုင်း၏ အမှုသည် သို့မဟုတ် ဖောက်သယ်သည် လူ့အဖွဲ့အစည်းဖြစ်လေရာ စစ်ဘက်သည် ပင်ကိုသဘာဝအရ လူမှုတာဝန် ထမ်းဆောင်ရသည်။
အရာရှိအဖွဲ့နှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ ပေါင်းစည်း၍ အရပ်ဘက်နှင့် ဆက်ဆံရာတွင် ဂျာမနီနှင့် ဂျပန်တို့တွင် ပုံသဏ္ဌာန်နှစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ဂျာမနီတွင် "ပရော်ဖက်ရှင်နယ် စစ်ဝါဒ" ပေါ်ပေါက်ခဲ့၍ ဂျပန်တွင်မူ နိုင်ငံရေးစစ်ဝါဒ ပေါ်ပေါက်ခဲ့သည်။ အမေရိကားတွင်မူ အရပ်ဘက်ကွပ်ကဲမှုဆိုသော အယူအဆ ပေါ်ခဲ့သည်။ ကျမ်းရှင်က အရပ်ဘက်ကွပ်ကဲမှု၌ ချိန်ခွင်လျှာမျှမှုကို ခက်ခက်ခဲခဲ ထိန်းရပုံကို ထောက်ပြသည်။
ချိန်ခွင်မစောင်းအောင်
အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပြဋ္ဌာန်းရာ၌ ကိန်းသေနှစ်ပါးရှိပုံကို ကျမ်းရှင်က ထောက်ပြသည်။ ပထမကိန်းသေသည် အိုင်ဒီအိုလော်ဂျီ (သဘောတရား) ကိန်းသေဖြစ်သည်။ ဥပမာပြရလျှင် လူ့အဖွဲ့အစည်းသည် လစ်ဘရယ်ဝါဒ လွှမ်းမိုးသည်။ ထို့ကြောင့် လစ်ဘရယ်ဝါဒနှင့် ပရော်ဖက်ရှင်နယ်ဝါဒတို့အကြား ထိပ်တိုက်ရင်ဆိုင်ရသည်။ လစ်ဘရယ်လူ့အဖွဲ့အစည်းတွင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးသည် ပုံစံတစ်မျိုး ဖြစ်မည်။ လစ်ဘရယ်လူ့အဖွဲ့အစည်းတွင် စစ်ဘက်ဟီးရိုးတို့သည်ပင်လျှင် ပုံစံတစ်မျိုး ဖြစ်မည်။
ဒုတိယကိန်းသေသည် ဖွဲ့စည်းမှု အဆောက်အအုံဆိုင်ရာ ကိန်းသေဖြစ်သည်။ ဖွဲ့စည်းမှုအဆောက်အအုံ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကရည်ညွှန်းသည်။ တစ်နည်းပြောရလျှင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် အပြီးပြဋ္ဌာန်းထားခြင်းကို ရည်ညွှန်းသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာခွဲခြားသတ်မှတ်မှုနှင့် စစ်သေနာပတိချုပ်တို့၏ အခန်းကဏ္ဍကို ပြဋ္ဌာန်းထားမှုကြောင့် ကွန်ဆာဗေးတစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အရပ်ဘက် ကွပ်ကဲမှုတို့ကြား လွန်ဆွဲမှု ဖြစ်သည်။
အရပ်ဘက် စစ်ဘက်ဆက်ဆံရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ ချိန်ခွင်လျှာမှန်အောင် စီစဉ်ရမည်။ တစ်ဖက်စောင်းနင်း မဖြစ်အောင် ထိန်းရသည်။
အထက်ပါတို့မှာ ပါမောက္ခ ဟန်တင်တန်၏ကျမ်း လိုရင်းအာဘော်ကို ဖော်ပြခြင်းဖြစ်၍ မြန်မာပြည်၏ နိုင်ငံရေးဖြစ်ထွန်းမှုနှင့် လာရောက်တိုက်ဆိုင်နေသည်။ သို့သော် ဟန်တင်တန်၏ အယူအဆတို့သည် မြန်မာ့အခြေအနေနှင့် မည်မျှကိုက်ညီနိုင်သနည်းဆိုသော ပုစ္ဆာနှင့် ပတ်သက်၍မူ ကြီးစွာသတိထားအပ်သည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုသော အကြောင်းအရာသည် လက်ငင်းမြန်မာ့နိုင်ငံရေး အကြောင်းအရာ ဖြစ်ခဲ့သည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး အကြောင်းအရာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပြီး ဖြစ်သည်။ အခြားနိုင်ငံတို့နှင့် မတူညီသောအချက်တစ်ချက်မှာ ရွေးကောက်ပွဲကို စစ်ဘက်မှ စပွန်ဆာလုပ်၍ ကျင်းပပေးခြင်း ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတို့ကို လက်တွေ့စမ်းသပ် အကောင်အထည် ဖော်ကြည့်ခြင်းဖြစ်၍ သက်ရောက်မှုကို လက်တွေ့စောင့်ကြည့်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လာမည့်ရွေးကောက်ပွဲကြောင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးသည် ပုံစံသစ်သို့ ကူးပြောင်းရတော့မည်။
အညွှန်း - The Soldier And The State by S.P Huntington
အတွဲ (၅) အမှတ် (၂၅)
မောင်စူးစမ်း
ရွေးကောက်ပွဲနိုင်ငံရေး
စာမျက်နှာ - ၈၅ မှ ၉၂
No comments:
Post a Comment