ရှေးခေတ်ဂရိနိုင်ငံတွင် ဆော့ခရတ္တိဆိုသူသည် အသိပညာကို အလွန်တန်ဖိုးထား ထိန်းသိမ်းရာ၌ နာမည်ကျော်ကြားသူ ဖြစ်သည်။ တစ်နေ့တွင် အသိတစ်ယောက်က ထိုတွေးခေါ်ရှင်ကြီးနှင့်တွေ့ရာ သူက "သင့်ရဲ့ မိတ်ဆွေအကြောင်း ကျွန်တော် ကြားခဲ့ရတာကို သင် သိပြီးပြီလား" ဟု မေးသည်။
"ခဏနေပါဦး" ဟု ဆော့ခရတ္တိက ပြန်ပြော၏။ "သင် ကျွန်ုပ်ကို ဘာမှမပြောခင် သင့်ကို ကျွန်ုပ်အနည်းငယ် စမ်းသင်ချင်ပါသေးတယ်။ ဒီ စမ်းသပ်ချက်ကို "အချက်သုံးချက် စစ်ဆေးချက်" လို့ ခေါ်ပါတယ်။"
"အချက်သုံးချက် စစ်ဆေးချက်၊ ဟုတ်လား"
"မှန်ပါတယ်" ဟု ဆော့ခရတ္တိက ဆက်ပြော၏။ "ကျွန်ုပ်မိတ်ဆွေအကြောင်း သင်က ကျွန်ုပ်ကို မပြောခင် ခဏစောင့်ပြီး သင်ပြောမှာကို စစ်ဆေးလို့ သုံးချက်စစ်ဆေးချက်လို့ ခေါ်တာဖြစ်တယ်။ ပထမဦးဆုံး စစ်ထုတ်မှာက အမှန်အတရားပါ။ သင် ကျွန်ုပ်ကို ပြောပြမယ့်အကြောင်းဟာ မှန်ပါတယ်လို့ သင့်အနေနဲ့ လုံးဝ သေချာအောင်ုလပ်ထားပြီးပြီလား"
"မလုပ်ရသေးပါ" ဟု ထိုလူက ပြော၏။ "တကယ်တော့ ဒါကို ကျွန်တော်က ကြားရုံပဲ ကြားခဲ့တာ..."
"ကောင်းပြီ" ဟု ဆော့ခရတ္တိက ပြောသည်။ "ဒါဆို အဲဒါ မှန်သလား မှားသလား သင်တကယ် မသိဘူးပေါ့။ အခု ဒုတိယစစ်ဆေးမှုကို စမ်းကြည့်ကြရအောင်။ အဲဒါက ကောင်းမြတ်မှုကို စစ်ဆေးခြင်းပါ။ ကျွန်ုပ်မိတ်ဆွေရဲ့အကြောင်း သင်ပြောပြမယ့်အရာဟာ တစ်စုံတရာ ကောင်းမွန်မှု ရှိပါသလား"
"မရှိပါ။ ဆန့်ကျင်ဘက်တောင် ဖြစ်နေသေး..."
ဒါဆို သူ့အကြောင်း မကောင်းတာကို သင်က ကျွန်ုပ်ကို ပြောပြချင်တယ်ပေါ့။ ဒါပေမယ့် ဒါက မှန်တယ်ဆိုတာ မသေချာဘူးလေ။ စစ်ဆေးမှုတစ်ခု ကျန်သေးတာမို့ စမ်းသပ်ချက်ကို သင် အောင်မြင်နိုင်ပါသေးတယ်။ အဲဒီ စစ်ဆေးမှုက အသုံးဝင်အကျိုးရှိမှုကို စစ်ဆေးခြင်းပါ။ ကျွန်ုပ်မိတ်ဆွေအကြောင်း သင်ပြောပြချင်တာဟာ ကျွန်ုပ်အတွက် အသု့းဝင် အကျိုးရှိပါ့မလား" ဟု ဆော့ခရတ္တိ ဆက်ပြော၏။
"မရှိပါ။ တကယ့်ကို မရှိ..."
"ကောင်းပြီ၊ သင် ကျွန်ုပ်ကို ပြောပြမယ့်အကြောင်းက မှန်လည်းမမှန်၊ ကောင်းလည်းမကောင်းတဲ့အပြင် အကျိုးတောင်မရှိသေးရင် ဒီအကြောင်း ကျွန်ုပ်ကို ဘာကြောင့် ပြောပြနေမှာလဲ" ဟု ဆော့ခရတ္တိက အဆုံးသတ် ပြောဆိုလိုက်လေတော့သတည်း။
No (43), May, 2010
စာမျက်နှာ - ၄၄
No comments:
Post a Comment