လူတိုင်းမျှော်ခဲ့ရတဲ့ မိုးရွာချေပြီ။ ၀န်းကျင်တစ်ခွင်လုံး ညို့ညို့မည်းမည်း၊ မှုန်မှုန်မှိုင်းမှိုင်းဖြင့် ပန်းချီကားတစ်ချပ်ဟု ဆိုရမည်ထင်သည်။ သို့သော် ထိုပန်းချီကားက အသက်မဲ့မဟုတ်။ လှုပ်ရှားနေသည့် အသက်ဝင်ပန်းချီကား။ ဟုတ်သည်၊ လက်ခနဲ လက်ခနဲ ဖြစ်သွားသော လျှပ်စစ်လက်ခြင်း၊ တဂျိမ်းဂျိမ်း တဂျုံးဂျုံးဖြင့် ပေါ်ထွက်လာတတ်သော မိုးခြိမ်းသံ၊ အလုအယက် ခုန်ပေါက်ပြေးဆင်းလာကြသော ပုလဲငွေရည်ဥ မိုးစက်ပေါက်လေးများ၊ အားကုန်တစ်မျိုး၊ သာသာတစ်ခါ တိုက်ခတ်လိုက်သော လေပြေတို့ကြောင့် ကနည်းမျိုးစုံဖြင့် ယိမ်းနွဲ့နေကြသော သစ်ပင်ပန်းမာလ်များ စသည်စသည်ဖြင့် သဘာဝပန်းချီကားကြီးသည် လှချင်တိုင်းလှ၊ ကြွချင်တိုင်းကြွနေတော့သည်။
သဘာဝပန်းချီကားချပ်က သက်ဝင်လှုပ်ရှားနေသလို ကျွန်တော့်ရင်ထဲမှာ၊ ခေါင်းထဲမှာလည်း အတွေးတွေနှင့် လှုပ်ရှားနေမိသည်။ မိုးစက်ကလေးတွေကိုကြည့်ရင်း အတွေးတွေက တမျှော်တခေါ် မဆုံးနိုင်အောင် ဆန့်တန်းသွားကြသည်။ သို့သော် ထိုအတွေးတွေကို မတားမိ၊ လွှတ်ပေးထားလိုက်သည်။ သူတို့တွေ စိတ်ရှိသလောက် သွားကြပါစေ။ စိတ်လွတ်လပ်ခွင့်ပေးလိုက်ခြင်းပင်။ ထိုအတွေးစိတ်လေးတွေနောက်သို့ အသိလေးတစ်ခု ထည့်ပေးလိုက်သည်။ သို့အတွက် ရောက်ချင်ရောက်မဖြစ်နိုင်တော့။ သွားသင့်သည့်နေရာအထိသွားပြီး ပြန်ထိန်းလိုက်ရသည်။ ထိုအတွေးခရီးကို ပြန်ပြောင်းဝေငှပါရစေ။
မိုးရွာသည့်အတွက် ကျွန်တော်ပျော်ပါသည်။ ထို့အတူ အားလုံးလည်း ပျော်ကြမည်ဟု ယုံကြည်ပါသည်။ တစ်ပြည်လုံးက မွတ်သိပ်စွာ တမ်းတခဲ့ရသည့် မိုးပေမို့ ရတနာမိုးဟုတောင် တင်စားလိုက်ချင်သေးသည်။ ၀န်းကျင်တစ်ခွင်လုံး စိုစိုပြည်ပြည် ဖြစ်သွားသည်။ ပူပြင်းအိုက်လှောင် မွမ်းကြပ်နေရာမှ စွတ်စိုအေးချမ်းသွားရသည်။ "မိုးxxx သူရွာမှxxx တစ်ပြည်လုံး ၀မ်းသာမှာxxx" ဟူသည့် သီချင်းစာသားတစ်ခုကို အလိုလိုရွတ်မိသည်။
တစ်ဆက်တည်းမှာပင် မိုးရွာလိုက်သည့်အတွက် လူသားတွေရဲ့ အတွေးတွေ၊ ဆုံးဖြတ်ချက်တွေေ၀၀ါးသွားမှာကိုလည်း စိုးရိမ်မိပြန်သေးသည်။ အခြားမဟုတ်ပါ။ မိုးမရွာမီအထိ စိတ်ပူခဲ့ရသော ဒေသအချို့တွင် သောက်သုံးရေရှားပါးသည့်ကိစ္စကို ပေါ့လျော့သွားမှာ စိုးရိမ်မိသည်။ မိုးရွာပြီပဲလေဟူသောစိတ်ဖြင့် အခုဆိုရင်တော့ သူတို့တွေ သောက်ရေခံလို့ရပြီ၊ သောက်ရေကန်တွေလည်း ပြန်ပြည့်နေပြီလေဟု တွေးမိ၊ မြင်မိလိုက်သည်နှင့် ရေရှားပါးသည့်ကိစ္စကြီး ပြေလည်သွားပြီဟု ထင်မှတ်သွားကြမှာ စိုးရိမ်နေမိသည်။
မိုးရွာခြင်းကြောင့်သာ သောက်သုံးရေရှားပါးမှုက လတ်တလောပြေလည်သွားခြင်း ဖြစ်ပါသည်။ သောက်စရာရေ မရှိစဉ်ကတော့ ဘာတွေလုပ်ရမယ်၊ ဘာတွေပြင်ဆင်သင့်တယ်ဟု ကာယကံရှင်တွေက တွေးခဲ့ကြ၊ စဉ်းစားခဲ့ကြ၊ ဆုံးဖြတ်ခဲ့ကြ၊ ညီညွတ်ခဲ့ကြသည်။ အလှူရှင်တွေ၊ ကူညီသူတွေကလည်း သူတို့အတွက် ဘာတွေလုပ်ပေးရမယ်၊ ဘယ်လိုပြင်ဆင်ပေးမယ့် စသည်ဖြင့် တွေးခဲ့၊ စီစဉ်ခဲ့၊ ဆုံးဖြတ်ခဲ့ကြသော်လည်း အခုလိုမိုးရွာပြီး ပြေလည်သွားသည်ကို မြင်ရတော့ အခြားအရေးကြီးတာတွေကို အလျင်လုပ်လိုက်ပါဦးမယ်။ ဒီရေကိစ္စကို နောက်မှ ပြန်လုပ်ကြတာပေါ့ဟု အစီအစဉ်တွေ နောက်ဆုတ်သွားမှာ၊ ဆိုင်းငံ့သွားမှာကို စိုးရိမ်နေမိပြန်သည်။
မျက်တောင်လေးတစ်ဆုံးကိုသာ မကြည့်ကြစေလိုပါ။ မျက်စိတစ်ဆုံး ကြည့်ကြစေချင်ပါသည်။ လတ်တလောတွင် မိုးကြောင့်သာ ပြဿနာတွေ ပြေလည်သွားခြင်း ဖြစ်ပါသည်။ ရာသီဥတုကို မှီခိုလွန်းခြင်းသည် မိုက်မဲလွန်းရာ ကျပါလိမ့်မည်။ ဘယ်ရက်ကနေ ဘယ်ရက်အထိ မိုးပုံမှန် ရွာပေးမယ်ဟု သဘာဝတရားနှင့် လူသားတွေ စာချုပ်,ချုပ်ဆိုထားကြသည် မဟုတ်ပါ။ အခုကျွန်တော်တို့ရနေသော သဘာဝအခွင့်အရေးကြီးကို မိမိရရ လက်ကိုင်ဖမ်းဆုပ်နိုင်ဖို့၊ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ကြိုးစားကြရပါမည်။ ရေရှားပါးမှုဒဏ် ခံခဲ့ကြရသည့် ကာယကံရှင်တွေက မစဉ်းစားကြလျှင်သော်မှ၊ အသိမရှိကြလျှင်သော်မှ အခြားသော ပညာရှိများ၊ ပညာရှင်များ၊ စေတနာရှင် သူတော်ကောင်းများက မေတ္တာရှေ့ထား၍ ဦးဆောင်ကြစေလိုပါသည်။ စီမံကြစေလိုပါသည်။
မိုးရွာ၍ သောက်သုံးရေ ပူစရာမလိုတော့။ ဆောင်းတွင်းမှာလည်း မိုးတွင်းက ကျန်နေသည့် ရေတွေဖြင့် အဆင်ပြေနေသည်။ နွေရာသီရောက်ခါမှ ရေတွေခန်း၊ သောက်စရာရေမရှိဖြစ်။ ထိုအခါမှ အရပ်ကူပါ၊ လူဝိုင်းပါဟု အကူအညီတောင်း။ သောက်သုံးရေရရှိဖို့အတွက် ဘာပဲလုပ်ရလုပ်ရဟူသော စိတ်တို့ဖြင့် တက်ကြွနေကြ။ မိုးကလေးကျလာတော့ အားလုံးအဆင်ပြေသွား။ စောစောကတွေးထားတာလေးတွေ၊ တက်ကြွနေတဲ့စိတ်ကလေးတွေ သဲထဲရေသွန်ပျောက်၊ ကြက်ပျောက်ငှက်ပျောက် ပျောက်။ ဒီလိုပဲ သံသရာလည်နေကြမှာလား ဆိုတာကိုတော့ တွေးကြစေလိုသည်၊ စဉ်းစားစီစဉ်ကြစေလိုသည်။
ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာဘုရင်ဖြစ်မည်ဟု ဆိုကြပါသည်။ မိမိကိုယ်သာ ကိုးကွယ်ရာဟုလည်း ဘုရားဟောရှိပါသည်။ ထိုကဲ့သို့ ကိုယ့်အားကိုယ်ကိုး အသိရှိကြစေရန်၊ ဆောင်ရွက်ကြစေရန် အခြားလူများကလည်း ၀ိုင်းဝန်းကူညီကြဖို့ လိုလိမ့်မည်၊ လမ်းပြကူညီဖို့ လိုလိမ့်မည်ဟု ကျွန်တော်ကတော့ ယုံကြည်ပါသည်။ လုပ်နိုင်သူများ လုပ်ကြစေလိုပါသည်။
နောက်တစ်ခုက အင်းလေးကန်ကြီးကိစ္စ။
အင်းလေးကန်ကြီး ရေတွေခန်းပြီး၊ အရိုးပြိုင်းပြိုင်းထနေသည့် သေခါနီး လူမမာတစ်ယောက်လို ဖြစ်ခဲ့ရသည်။ မြန်မာတွေအားလုံး မျက်လုံးပြူးသွားကြသည်။ စိတ်မကောင်းဖြစ်ကြရသည်။ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ ကမ္ဘာလှည့်ခရီးသွားတွေကပါ မမြင်ရက်၊ မကြည့်ရက် ဖြစ်ကုန်ကြရသည်။ ဘေးပတ်လည် တောင်တန်းတွေကြားမှာ ရေပတ်လည်ဝိုင်းနေသည့် အင်းလေးကန်ကြီးသည် အမြဲတမ်း အခုလိုပဲ လှပသာယာနေမည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် လူသားတွေကို ဘာမထီသည့် သဘာဝတရားကို မေ့လျော့နေခဲ့ကြသည်။
အင်းလေးကန်နယ်နိမိတ်ထဲမှာ ပက်ကြားအက်ပေါ်ခြင်းသည် ကောင်းသည့်ကိစ္စမဟုတ်။ ဂုဏ်ယူရမည့် အရေးမဟုတ်။ ပျော်စရာပြုံးစရာ မဟုတ်။ တစ်ခါတည်း နှလုံးရောဂါရပြီး သေသွားနိုင်သည့် ကိစ္စဖြစ်သည်။ ယခုလိုဖြစ်ခြင်းသည် တစ်နှစ်တာ၊ ငါးနှစ်တာ၊ ဆယ်နှစ်တာ စသည့် အချိန်ကာလလေးကြောင့် ဖြစ်ခဲ့ရသည်မဟုတ်။ နှစ်ပေါင်းများစွာ အမှုမဲ့အမှတ်မဲ့ နေခဲ့ကြ၊ စိတ်ထင်တိုင်း ပြုမူခဲ့ကြလို့ ခံစားကြရခြင်း ဖြစ်သည်။ တာဝန်အရှိဆုံးကတော့ အင်းလေးကန်ကို အမှီပြုနေထိုင်ကြသူများ။ အင်းလေးကန်ကို သွားရောက်လည်ပတ်ကြသူတွေမှာလည်း တာဝန်ရှိသည်။ အခြားလူတွေကရော တာဝန်မရှိဘူးလားဟု မေးစရာရှိသည်။ အို...... မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိတာပေါ့။ အင်းလေးကန်ဆိုတာ မြန်မာတွေရဲ့ အမှတ်သင်္ကေတ တစ်ခုပဲလေ။ ထိုင်းအတွက် ဖူးခက်က အရေးပါသလို မြန်မာအတွက် အင်းလေးကန်ကလည်း အရေးပါသည်ပဲလေ။ သဘာဝတရားကြီးက မြန်မာတွေကို ပေးထားတဲ့လက်ဆောင်ပေပဲ။ အင်းလေးကန်ကို မြန်မာတိုင်း ချစ်ရမည်၊ မြန်မာတိုင်း တန်ဖိုးထားရမည်၊ မြန်မာတိုင်း စိတ်ပူရမည်ပဲလေ။
ငယ်ငယ်တုန်းက "အင်းလေးမှာ ရွာတဲ့မိုး" သီချင်းကို မပီကလာပီကလာ၊ စာသားမရတရနှင့် မက်မက်မောမော ဆိုခဲ့ရဖူးသည်။ အင်းလေးကို မရောက်ဖူး။ သို့သော် ရုပ်ရှင်ထဲမှာ၊ ဓာတ်ပုံတွေထဲမှာ ခြေထောက်နှင့် လှေလှော်နေသည်ကိုကြည့်ပြီး အဲဒါအင်းလေးဟုတော့ သေချာသိသည်။ သီချင်းဆိုရင်း ရေတွေပြည့်လျှံနေပြီး သာယာလှပသည့် ကန်ကြီးတစ်ခုကို မြင်ယောင်ကြည့်မိသည်။ အထက်တန်းကျောင်းသားဘ၀မှာပဲ အင်းလေးကန်ကို ရောက်တဲ့အချိန်မှာတော့ တအားကို ချစ်သွားမိသည်။ လှေစီးရင်း လက်ကလေးတွေကို ရေထဲမှာချထားရတဲ့အရသာကို ဘယ်တော့မှ မမေ့တော့။ လူကြီးတွေက ဆူငေါက်သည်ကို အမှုမထားနိုင်။ ခေါင်းခေါက်လျှင်လည်း ခံလိုက်သည်ပင်။ အင်းလေးရေပြင်ထဲကို လက်ကလေးချပြီး ရေစက်ကလေးတွေ တဖွားဖွားလွင့်လာကာ လူကိုလာစင်သည့် အရသာကို မက်မောသွားမိသည်ကိုး။ ခြေထောက်လေးတွေနှင့် လှေလှော်ပြီး ငါးဖမ်းနေသူများကိုတွေ့တိုင်း ကလေးဘာဝ လက်ပြပြီး ဟေးခနဲအော်ရတာကို အခုထိ မမေ့သေး။ အသက်ကြီးတဲ့အထိလည်း အင်းလေးကန်ထဲရောက်လို့ ရေပြင်လယ်မှာ ငါးဖမ်းနေတဲ့ အင်းသားတွေကိုတွေ့ရင် လက်ပြတုန်း၊ အော်ဟစ်တုန်းပါပဲ။
ကျွန်တော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်လည်းမဟုတ်၊ အဲဒီပညာရပ်နဲ့ပတ်သက်လို့လည်း ပြောပလောက်သည့် အသိပညာ ဗဟုသုတ ရှိသည်လည်း မဟုတ်ပါ။ ထို့ကြောင့် သောက်သုံးရေကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမှာပဲ၊ ဘယ်လိုစီစဉ်ပေးသင့်တယ်၊ အင်းလေးကန်ကြီးကို ဘယ်လိုထိန်းသိမ်းသင့်တယ်၊ ဘယ်လိုပြုပြင်ရမယ် စသည့်အချက်များကို မပြောနိုင်၊ အကြံမပြုနိုင်၊ ကိုယ်တိုင်လည်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိပါ။ သို့သော် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့်စိတ်တော့ ကျွန်တော့်တွင် အပြည့်ရှိပါသည်။ အန်ကောဝပ်ကျောင်းကြီး ပျက်စီးမှာကို ကျွန်တော်ကြောက်ပါသည်။ အာဖရိကတိုက်ရှိ နိုင်ငံအချို့မှ ရွှံ့ရေသာသာအဆင့်ရှိသည့် သောက်ရေများကို သောက်နေသည့် နံရိုးပြိုင်းပြိုင်း ကလေးငယ်တွေကို မြင်ရတိုင်းလည်း စိတ်မချမ်းသာပါ။ မြင်လည်းမမြင်ဖူး၊ ရောက်လည်းမရောက်ဖူးသည့် ဘေဘီလုံကဥယျဉ်ကြီးများကိုလည်း ကျွန်တော်နှမြောလွမ်းဆွတ်မိပါသည်၊ နိုင်းမြစ်တစ်လျှောက်က သစ်တောကြီးတွေ ပြုန်းတီးလာနေသည်ကိုလည်း စိုးရိမ်မိပါသည်။
ထိုအရာအားလုံးထက်ပို၍ မြန်မာပြည်က မြန်မာတွေ သောက်သုံးရေရှားပါးနေတာကို အဆများစွာပို၍ စိတ်ပူပါသည်။ အင်းလေးကန်ကြီး ရေလျော့နည်းလာသည်ကို ပို၍ စိုးရိမ်ပါသည်။ မြန်မာပြည်က သစ်တောကြီးတွေ တစတစ နည်းပါးလာသည်ကို ပို၍ ရင်လေးမိပါသည်။ သို့သော် ကျွန်တော်ဘာမှ လုပ်မပေးနိုင်သလို ခံစားရပါသည်။ ကလေးဆန်တယ်ဟုပြောချင်လည်း ပြောကြစေလိုပါသည်။ ကျွန်တော်သာ တန်ခိုးရှင်တစ်ယောက် ဖြစ်ခဲ့လျှင် ထိုပြဿနာများအားလုံးကို ဖြေရှင်းပေးလိုက်ချင်ပါသည်။ သို့သော် လူသားသည် တန်ခိုးရှင်မဟုတ်ပါ။ အရာအားလုံးကို မဖန်တီးနိုင်ပါ။ ဖန်တီးလာနိုင်သည့် တန်ခိုးစွမ်းအင် (လုပ်နိုင်စွမ်း)တွေ ရရှိလာအောင်တော့ ကြိုးစားနိုင်ပါသည်။ ကြိုးစားကြစေချင်ပါသည်။
ဈေးဝယ်သောအခါ မလိုအပ်ဘူးထင်ပါက ပလတ်စတစ်အိတ်ထည့်ပေးလျှင် ကျွန်တော်ပြတ်ပြတ်သားသား ဂုဏ်ယူစွာဖြင့် ငြင်းဆိုတတ်နေပါပြီ။ မဆိုင်သည့် မီးလုံးများလင်းနေလျှင် ရှက်ရွံ့သလိုလို ခံစားရမိသဖြင့် ခလုတ်ထပိတ်သည့် အလေ့အကျင့်လည်း ကျွန်တော်ရနေပါပြီ။ အရင်က သောက်ရေကို အများကြီးခပ်ပြီးမှ သောက်တတ်သော်လည်း အခုတော့ နည်းနည်းသာထည့်သောက်သည့်အကျင့် အမြစ်တွယ်စပြုနေပါပြီ (မ၀လျှင် နောက်တစ်ခွက် ထပ်သောက်သည်ပေါ့)၊ အမှိုက်တစ်ခုကို ယခင်ကကဲ့သို့ တွေ့ရာလမ်းဘေးတွင် အလွယ်တကူ လွှင့်ပစ်ခြင်း မလုပ်တော့ဘဲ၊ အိတ်ကပ်ထဲ၊ လက်ထဲတွင် ကိုင်ထားတတ်ပြီး အမှိုက်ပစ်ရန်နေရာရောက်မှ ပစ်သည့်အကျင့်ကို မွေးမြူနေပါသည် (အတော်ခက်နေပါသေးသည်၊ တစ်ခါတစ်ရံ လက်ထဲတွင် ပလတ်စတစ်အိတ်တစ်ခုကိုသာ ကိုင်ထားရသည်၊ အမှိုက်ပစ်ရန်နေရာက ဘယ်လိုက်ရှာရမှန်းမသိ ဖြစ်နေပါသေးသည်)၊ ယခင်က အမွှေးနံ့များနှင့် တစ်ရှူးထုတ်လေးများကို ဆောင်တတ်သော်လည်း အခုတော့ ချွေးသုတ်ရန် လက်ကိုင်ပုဝါကိုသာ သုံးပါတော့သည်။ တစ်ရှူးထုတ်လေးများကို သုံးစွဲခြင်း မပြုသည်မှာ ကြာမြင့်ခဲ့ပါပြီ။ ယခင်က ကွန်ပျူတာပိတ်လျှင် အလွယ်ပဲ shut down ချလိုက်ပါသည်။ အခုတော့ မမေ့မလျော့ UPS ကိုပါ ပိတ်ပါသည် (ပလပ်များကို ဖြုတ်သည့်အထိတော့ ကျွန်တော်မလုပ်နိုင်သေးသည်ကို ၀န်ခံပါသည်)၊ စားသောက်ဆိုင်မှာ၊ လက်ဘက်ရည်ဆိုင်မှာ တစ်ရှူးအစား လက်သုတ်ပုဝါကို အသုံးပြုဖို့ကိုတော့ ကျွန်တော်အခုထိ လုပ်လို့မရသေးပါ။ အချို့သောဆိုင်များတွင် ချပေးထားသည့် လက်သုတ်ပုဝါများအကြောင်းကို စာဖတ်သူလည်း သိမည်ထင်ပါသည်။ နောင်ဆိုလျှင်တော့ ကိုယ့်လက်သုတ်ပုဝါ ကိုယ်ဆောင်ပြီး လက်ဘက်ရည်သောက်သင့်လျှင် သောက်ရမည်ဟုတော့ စိတ်ထဲမှာ တေးထားပါသည်။ အခုတော့ မဖြစ်နိုင်သေးပါ။
အို.. စာဖတ်သူ၊ ကျွန်တော်ကိုဉာဏ်၏ ကိုယ်ရေးသွေးစကားများက မထင်မှတ်စေလိုပါ။ လူတစ်ယောက်အနေဖြင့် ကျွန်တော်လုပ်နိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်ကလေးများကို တင်ပြလိုခြင်း သက်သက်သာ ဖြစ်ပါသည်။ ဤစာကို ဖတ်နေသူတွေထဲက မလိုအပ်ပါက ကျွန်တော်လိုမျိုး ပလတ်စတစ်အိတ် မသုံးသူ (၁၀)ဦး ရှိသည်ဆိုလျှင်ပင် ကျွန်တော်အပါအ၀င် လူ(၁၁)ဦးအတွက် ပလတ်စတစ်အိတ် (၁၁)လုံး သက်သာသွားပါလိမ့်မည်။ မြို့တစ်မြို့တွင် ပလတ်စတစ်အိတ် (၁၁)လုံး သက်သာသည်ဆိုလျှင်သော်မှ မြို့ပေါင်းများစွာ၊ ကျေးရွာပေါင်းများစွာဆိုလျှင် ပမာဏ မည်မျှ များပြားသွားနိုင်သည်ကို တွက်ဆကြည့်စေလိုပါသည်။ အချိန်ကာလအပေါ်မူတည်၍လည်း အဆိုပါတန်ဖိုးက တက်လာနိုင်ပါသေးသည်။ တစ်ရက်မှ တစ်ပတ်၊ တစ်ပတ်မှ တစ်လ၊ တစ်လမှ တစ်နှစ်၊ တစ်နှစ်မှ နှစ်ပေါင်းများစွာဆိုလျှင် မည်သို့ရှိမည်ကို စာဖတ်သူကသာ တွက်ဆကြည့်စေလိုပါသည်။
ဆင်လည်းဆင်အထွာ၊ ကြွက်လည်းကြွက်အထွာတော့ ရှိကြပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားကြိုးမာန်တက် ဆောင်ရွက်လုပ်ကိုင်နေကြသော လူတော်လူကောင်းများ များစွာရှိကြပါသည်။ သူတို့အတွက် ဂုဏ်ယူပါသည်၊ အားကျပါသည်။ သူတို့ကဲ့သို့ မလုပ်နိုင်သော်လည်း ကျွန်တော်တို့အတွက် ကျွန်တော်တို့အထွာဆိုသလို နိုင်သလောက်လေး လုပ်နိုင်ကြသည်ကို သိကြစေလိုပါသည်။ နှမ်းလေးတစ်စေ့ပင် ဖြစ်စေဦးတော့ ထိုတစ်စေ့စာတာဝန်ကျေအောင်၊ အဖျင်းမဖြစ်အောင်တော့ ကျွန်တော်တို့ စွမ်းနိုင်ကြပါသည်၊ လုပ်နိုင်ကြပါသည်။ အခြားသူများကိုလည်း တိုက်တွန်းအကြံပေးကြစေလိုပါသည်၊ စာဖတ်သူကိုယ်တိုင်လည်း ကြိုးစားကြည့်စေချင်ပါသည်။
အင်းလေးကန်ကြီး သာယာပါစေ။ လူသားများအားလုံး သန့်ရှင်းသော သောက်သုံးရေများ သောက်သုံးနိုင်ကြပါစေ။ ကမ္ဘာလောကကြီး စိမ်းလန်းသာယာပါစေဟု ဆန္ဒပြုရင်း.....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်၊ အင်္ဂါနေ့။
နံနက် ၉ နာရီ ၂၇ မိနစ်တွင်ပြီး၏။
အင်းလေးကန်ကြီး မတိမ်ကောစေချင်ဘူးဗျာ
ReplyDeleteတကယ့်ရင်ထဲကဆန္ဒပါ၊ မြန်မာ့ရဲ့famous tour site ပြယုဂ် တစ်ခုဖြစ်နေလို့ပါ။
အဆင့်မြင့်တဲ့ သောင်တူးကရိယာတွေနဲ့ တူးပြီးကန်ရဲ့တိမ်ကောမှုကိုကာကွယ်သင့်တယ်။