Thursday, June 24, 2010

ကော်ဖီတစ်ခွက်နှင့် စကားပြောခြင်း


တစ်မနက်လုံး ညစ်ညူးနေခဲ့တဲ့စိတ်ဟာ အခုတော့ ကြည်ကြည်လင်လင်နဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့ရပါတယ်။ အဲဒီအတွက်လည်း ညီငယ်မောင်ရဲကို ကျေးဇူးတင်မိပါ၏။ နေ့လည်စာ စားပြီးတဲ့အချိန်မှာ မောင်ရဲက ကော်ဖီသွားသောက်ဖို့ အဖော်စပ်ပါတယ်။ ကျွန်တော်ရယ်၊ သူရယ်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက်ရယ်ပေါ့။ မြန်မာ့စိုက်ပျိုးရေးရဲ့ ကော်ဖီအရောင်းဆိုင်မှာ သွားထိုင်ကြတာပါ။ ဒါကလည်း မောင်ရဲရဲ့ တိုက်တွန်းမှုကြောင့်ပါ။ အမှန်အတိုင်းပြောရရင် အဲဒီဆိုင်မှာထိုင်ပြီး တစ်ခါမှ ကော်ဖီမသောက်ဖူးပါဘူး။ မြို့လယ်ခေါင်ကြီးမှာရှိတဲ့အပြင် လက်ဖက်ရည်ဆိုင်လိုမျိုး လွတ်လွတ်လပ်လပ် စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်တာကြောင့်ဆိုပါတော့။ မောင်ရဲကတော့ အမြဲတမ်း ပုံမှန်သွားသောက်လေ့ ရှိပါသတဲ့။ မကြာခဏလည်း အဲဒီကော်ဖီဆိုင်ကို ညွှန်းလေ့ရှိပါတယ်။ အဲဒီဆိုင်က ကော်ဖီကိုသောက်ပြီးရင် ဘယ်လိုလန်းဆန်းသွားကြောင်း၊ ကော်ဖီက ဘယ်လိုအနံ့အရသာကောင်းကြောင်း ဆိုပါတော့။ မသိတဲ့လူဆိုရင် အဲဒီဆိုင်ကို ကြော်ငြာပေးနေတယ်တောင် ထင်ကြဦးမယ်။ ထားပါလေ။

ကော်ဖီသောက်ရင်းနဲ့ စကားစမြည်တွေ ပြောကြဆိုကြပါတယ်။ အဓိကပြောတာကတော့ မောင်ရဲနဲ့ နောက်သူငယ်ချင်းတစ်ယောက်ပေါ့။ ကျွန်တော်ကတော့ နားထောင်သူသက်သက်ပါ။ စိတ်ထဲမှာ တွေးချင်ရာတွေးပြီး ကားလမ်းမပေါ်ကို လျှောက်ကြည့်နေမိတယ်။ သူတို့ပြောနေတာတွေကိုတော့ ကြားနေရတာပေါ့လေ။ စိတ်ကမကြည်လင်တော့ မျက်နှာကလည်း ညှင်းသိုးသိုး ဖြစ်နေပုံရပါတယ်။ စကားပြောနေရင်းနဲ့ မောင်ရဲက ဘာမပြောညာမပြောနဲ့ လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ခိုင်းပါတယ်။ ဘာမသိညာမသိနဲ့ လက်ဆန့်လိုက်ရတာပေါ့။ လက်တွေကသွယ်တယ်တို့၊ အနုပညာလက်တို့ စသည်ဖြင့် ပြောတာတွေကတော့ စုံနေတာပါပဲ။ ပြီးတော့ လက်နှစ်ဖက်ကို ပုံစံအမျိုးမျိုးပြောင်းပြီး လုပ်ခိုင်းပါတယ်။ လက်ချင်းချိန်လိုက်ပါဦးတို့၊ ပြီးရင် လက်မကို လှုပ်ကြည့်ပါဦး၊ လက်သန်းကို လှုပ်ကြည့်ပါဦး စသည်ဖြင့်ပေါ့လေ။ ပြီးတဲ့အချိန်မှာ လက်နှစ်ဖက်ကို ရှေ့ဆန်းခိုင်းပါတယ်။ သန်တဲ့လက်ကို အပေါ်မြှောက်လိုက်ပါဆိုတော့ ညာဘက်လက်ကို မြှောက်လိုက်ရတာပေါ့လေ။ အဲဒီတော့ မောင်ရဲက ကျန်တဲ့လက်ကို ဘေးကိုဆန့်လိုက်ပါတဲ့။ လက်သီးလည်း ဆုပ်ခိုင်းထားပါသေးတယ်။ သူပြောတဲ့အတိုင်း လိုက်လုပ်ရတာပေါ့လေ။ အဲဒီအချိန်မှာ သူက သောက်လက်စ ဆေးလိပ်ကို ပြာချွေပြီး သူ့ရဲ့ ဘယ်ဖက်လက်ဝါးထဲကို ထည့်နေတာ တွေ့ရပါတယ်။ ပြီးတဲ့အချိန်မှာ အဲဒီလက်ဝါးကိုဖြန့်ပြီး ဘေးကို ဆန့်ထားပါတယ်။ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။ ကျွန်တော်က ဘယ်ဖက်လက်ဝါးကို ကျွန်တော့်ရဲ့ ညာဖက်လက်ဝါးနဲ့ ရိုက်လိုက်တဲ့အချိန်မှာ အစ်ကိုရဲ့ ဘယ်ဖက်လက်သီးဆုပ်ကို ဖြေလိုက်ပါတဲ့။ အင်းပါပေါ့။ သူ့ရဲ့ ဘယ်ဖက်လက်ဝါးကို ညာလက်ဝါးနဲ့ ရိုက်လိုက်တဲ့အချိန်မှာ ကျွန်တော်လည်း ဘက်ဖက်လက်သီးဆုပ်ကို ဖြေလိုက်ပါတယ်။ မောင်ရဲက "အစ်ကို့ လက်ဝါးကို ကြည့်လိုက်ပါဦး" တဲ့။ ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဘယ်ဖက်လက်ဝါးမှာ ဆေးလိပ်ပြာတွေ မဲနေတာ တွေ့ရပါတယ်။ ကျွန်တော် အတော်လေးကို အံ့သြသွားတာ ၀န်ခံပါတယ်။ အံ့သြစိတ်နဲ့အတူ စက္ကန့်အနည်းငယ်လောက် ကျွန်တော်ရှော့ခ်ဖြစ်သွားမယ် ထင်ပါရဲ့။ ကျွန်တော့်လက်ဖ၀ါးကိုတစ်လှည့်၊ မောင်ရဲကိုတစ်လှည့် ငေးကြည့်ရင်း အဖြေရှာမရ ဖြစ်နေမိတယ်။ ဆေးလိပ်သောက်တဲ့လူလည်း မဟုတ်၊ စားပွဲပေါ်မှာလည်း ဆေးလိပ်ပြာတွေဘာတွေနဲ့ ပေကျံနေတာလည်း မရှိပါဘဲလျက် ဒီဆေးလိပ်ပြာတွေက ကျွန်တော့်လက်ဝါးထဲကို ဘယ်လိုများ ရောက်လာပါလိမ့်ဆိုပြီး တွေးမရတော့ပါဘူး။

မောင်ရဲကတော့ ခပ်ပြုံးပြုံးနဲ့ အခြားစကားတွေကို ဆက်ပြောနေပါတယ်။ ကျွန်တော့်မှာသာ သူ့စကားတွေကို နားထောင်နေရင်းနဲ့ တွေးလို့မဆုံးနိုင် ဖြစ်နေရတာပေါ့လေ။ မောင်ရဲပြောနေတဲ့ အကြောင်းအရာတွေဟာ အတော်လေးကို နယ်ပယ်စုံတာ တွေ့ရတယ်။ ပြီးတော့ အပေါ်ယံအသိနဲ့ မဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ ထဲထဲဝင်ဝင် သိနေတာကိုလည်း ခံစားလို့ရတယ်။ အခြားလူတွေက မောင်ရဲကို ဘာကြောင့် ပေါင်းရသင်းရခက်တယ်လို့ ပြောကြသလဲ၊ ဘာကြောင့် ကြောင်တောင်တောင်လို့ ပြောကြသလဲဆိုတာကို အခုမှပဲ ကျွန်တော်သေသေချာချာ သိတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူများတွေနဲ့ မတူတဲ့ မောင်ရဲကို အဲဒီလို ထင်ခဲ့ဖူးသူတွေထဲမှာ ပါတယ်ဆိုတာ ၀န်ခံပါတယ်။ ဒီနေ့တော့ အဲဒီအထင်တွေကို ရာနှုန်းပြည့် စွန့်လွှတ်လိုက်ရတယ်။ မောင်ရဲကို ဘာကြောင့် အခြားလူတွေ ပေါင်းသင်းလို့ မရသလဲဆိုတာကို ကျွန်တော်အဖြေရသွားတယ်။ ဘာလဲဆိုတော့ မောင်ရဲက သူများတွေထက် အများကြီးတော်နေတာကိုး။ အများကြီး သိနေတာကိုး။ အတွေးအခေါ်၊ အယူအဆတွေမှာ ကျွန်တော်တို့တွေနဲ့ မတူခြားနားနေတာကိုက သူ့ကို သီးသန့်ဖြစ်စေတာ ဖြစ်မယ်ထင်ပါတယ်။ စကားပြောတာ ကြာလာလေ၊ မောင်ရဲရဲ့ အတွင်းစိတ်ကို မြင်လာလေမို့ ကျွန်တော့်မှာ အံ့သြလို့ မဆုံးဘူး။ စကားကို လေသံအေးအေးလေးနဲ့ ဖြည်းဖြည်းမှန်မှန် ပြောနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်လာသလိုတောင် ခံစားလိုက်ရတယ်။ သူဟာ အများကြီးပြည့်နေတဲ့ လူပါလားဆိုတာကို သိပြီးရင်း သိလာရတယ်။

စကားတွေပြောနေရင်းနဲ့ ဘာမပြောညာမပြောနဲ့ သူက ကျွန်တော့်ကို စကားဆက်တယ်။ "စောစောက ပြာတွေအတွက် အစ်ကို လျှောက်တွေးနေတယ်မလား" တဲ့။ ကျွန်တော်လည်း ခေါင်းညိတ်ပြမိတာပေါ့။ "ဘာမှ မထူးဆန်းပါဘူးအစ်ကိုရာ၊ လူ့စိတ်ကို လှည့်စားလိုက်တာပါပဲ။ လူတွေဟာ အဖြစ်အပျက်တစ်ခုအပေါ် အာရုံစိုက်နေတဲ့အချိန် အခြားအဖြစ်အပျက်တစ်ခု ၀င်လာပြီဆိုရင် နောက်ထပ်ဝင်လာတဲ့ အဖြစ်အပျက်ကို အာရုံကပြောင်းလဲသွားရတယ်။ အဲဒီအချိန်မျိုးမှာ Brain Conflict ဖြစ်တတ်တယ်။ အဲဒါကို အသုံးချသွားတာပါပဲ" တဲ့။ ကျွန်တော်က သေသေချာချာ နားမလည်ပါဘူး။ အဲဒါကိုလည်း မောင်ရဲက သိပါတယ်။ ဆက်ပြောပါတယ်။ "အစ်ကိုမျက်စိရှေ့မှာတင် အစ်ကို့လက်ထဲကို ဆေးလိပ်ပြာတွေ ကျွန်တော်ထည့်လိုက်တာကို အစ်ကိုစိတ်က မသိကျိုးကျွံပြုခဲ့တယ်လေ" တဲ့။ သေသေချာချာမဟုတ်ပေမယ့် ရေးရေးတော့ သဘောပေါက်မိသလိုပါပဲ။ "အစ်ကိုက ကျွန်တော်လက်ဆန့်ခိုင်းတာ၊ ပြီးတော့ လက်မ,လေးတွေ လှုပ်ခိုင်းတာ၊ နောက် လက်သန်းလေးတွေ လှုပ်ခိုင်းတာ၊ ဘေးကိုဆန့်ပြီး လက်သီးဆုပ်ခိုင်းတာ စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့် အာရုံရောက်နေတဲ့အတွက် အစ်ကို့လက်ဝါးထဲကို အစ်ကို့ရှေ့မှာတင် ကျွန်တော်ကိုယ်တိုင် ဆေးလိပ်ပြာတွေ ထည့်ပေးလိုက်တာကို လုံးဝသတိမထားမိတာ" တဲ့။ ကျွန်တော် သဘောပေါက်သွားပါတယ်။ တစ်ဆက်တည်း ကျွန်တော့်ဘ၀မှာလည်း အဖြစ်အပျက်တွေနောက်ကို အာရုံစိုက်နေရင်း ကျွန်တော်မသိလိုက်ဘဲ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ဘယ်လောက်များခဲ့သလဲဆိုတာကို တွေးနေမိတယ်။

ကျွန်တော်တွေးနေတဲ့အချိန်မှာ မောင်ရဲနဲ့ နောက်သူငယ်ချင်းတစ်ယောက် ဆက်ပြီးပြောနေတဲ့ အကြောင်းအရာကလည်း အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ နှလုံးကို အကန့်လေးကန့် ကန့်ပြီး သွေးလည်ပတ်ပုံကို ဘာသာရေးရှုထောင့်နဲ့ ရှင်းပြနေတဲ့ မောင်ရဲကို ကျွန်တော်အံ့သြတကြီးနဲ့ကြည့်ပြီး နားထောင်နေရတယ်။ အဲဒီနှလုံးရဲ့ အောက်ဆုံးထောင့်မှာ စတင်သန္ဓေတည်တဲ့ စိတ်ဆိုတဲ့အကြောင်းကို ရှင်းပြနေတာကို နားထောင်ရတာဟာ ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းမလဲဆိုတာ စာဖတ်သူသာ စဉ်းစားကြည့်စေချင်တယ်။ အဲဒီနေရာမှာ ဒေါသဆိုတဲ့ စိတ်လေးဖြစ်လိုက်တာနဲ့ အဲဒီသွေးတွေဟာ ဒေါသတွေအဖြစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဘယ်လိုလည်ပတ် စီးဆင်းသွားတယ် ဆိုတဲ့အကြောင်း၊ ကြည်လင်အေးချမ်းနေတဲ့စိတ်ကြောင့် သွေးတွေဘယ်လို ပြောင်းလဲသွားတယ် ဆိုတဲ့အကြောင်း၊ သွေးလည်ပတ်ပုံ ပြောင်းလဲတာနဲ့အမျှ လူ့ခန္ဓာကိုယ်ဟာ ဘယ်လိုပြောင်းလဲသွားတယ် ဆိုတဲ့အကြောင်း စုံနေတာပါပဲ။ ဘာသာရေးနဲ့ သိပ္ပံသဘောတရားကို နှိုင်းယှဉ်ပြီး ပြောပြသွားတာ ကျွန်တော်တို့နှစ်ယောက် ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရတဲ့ အထိပါပဲ။

အနုပညာနဲ့ ပတ်သက်တာတွေ၊ ဘ၀မှာ လူသားတွေရဲ့ တန်ဖိုးထားပုံ မတူညီတာတွေနဲ့ ပတ်သက်တာတွေကို ပြောဆိုတာကလည်း စိတ်ဝင်စားစရာပါ။ တစ်နာရီခွဲလောက်ကြာအောင် ထိုင်စကားပြောဖြစ်တယ်ဆိုတာကို ပြန်ကြရအောင်ဆိုတော့မှ သတိထားမိပါတယ်။ အချိန်ဆိုတဲ့ ယန္တရားကို မေ့နေလောက်တဲ့အထိ ကျွန်တော်တို့စကားဝိုင်းဟာ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာကိုး။ တစ်နာရီခွဲလောက် ကြာတာတောင် ဘာမှမကြီးလှတဲ့ ကော်ဖီခွက်ထဲက ကော်ဖီတွေ မကုန်သေးတာကို အံ့သြမိသေးရဲ့။ ကမန်းကတန်းမော့သောက်ပြီး ပြန်ထွက်လာခဲ့ကြတယ်။ ရွာမလိုဟန်ပြင်နေတဲ့ ကိုရွှေမိုးကို မရွာသေးပါနဲ့ဦးကွယ်လို့ စိတ်ထဲကပြောရင်း အပြေးအလွှား ပြန်လာခဲ့ရတယ်။

ကျွန်တော့်ခေါင်းထဲမှာတော့ Brain Nargis ဖြစ်နေတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်စိတ်တွေ လန်းဆန်းတက်ကြွနေတာ အမှန်ပါပဲ။ ကော်ဖီကြောင့်လား၊ မောင်ရဲကြောင့်လား ဆိုတာကိုတော့ ဝေခွဲမရသေးပါဘူး။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၁၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics