Thursday, July 15, 2010

“လုံးဝ” လုံးဝမပါကြေး - မောင်သာချို


တစ်နေ့ ရန်ကုန်မြို့တွင်းသွား ဘတ်စ်ကားတစ်စီးပေါ်၌ ကျွန်တော်စီးနင်းလိုက်ပါလျက်ရှိနေစဉ် ထုံးစံအတိုင်း တောင်ငေးမြောက်ငေး ငေးရာက ကားဒရိုင်ဘာ၏ အပေါ်ဘက် တစ်နေရာ၌ ကပ်ထားသည့် သတိပေးစာတန်း တစ်ခုကိုမြင်ကာ ပြုံးစေ့စေ့ ဖြစ်သွားမိပါသည်။ ကွန်ပျူတာစာလုံး အရွယ်အစား တော်တော်ကြီးကြီးကို စာလုံးမည်းဖြင့် ရိုက်နှိပ်၊ ပလတ်စတစ်ကတ် အထူလောင်းကာ ချိတ်ကပ်ထားသည့် A4 အရွယ် သတိပေးစာတန်းကလေးပဲ ဖြစ်ပါသည်။ ယာဉ်စည်းကမ်းသတိပေး စာတန်းကလေးတစ်ခု။

ယာဉ်ကြောနှစ်ထပ် လုံးဝ (လုံးဝ) မရပ်ရတဲ့။

ဒါကိုဖတ်ကာ ကျွန်တော်က ပြုံးလိုက်မိခြင်းဖြစ်သည်။

လုံးဝနောက်မှာ နောက်ထပ်လုံးဝတစ်ခုကို ကွင်းခတ်၍ သတိပေးခဲ့ရပုံများ။

"ရနံ့သစ်" မဂ္ဂဇင်းကို ကိုချစ်ဝင်းမောင် လုပ်နေစဉ်တုန်းက "ဖေလင်းသစ်" ၏ "ဟောဒီလောကီ" ဆိုသော ဟာသကဏ္ဍလေးတစ်ခု ပါဝင်ပါသည်။ မြန်မာပြည် အရပ်ရပ်က စုဆောင်းရရှိသမျှ ဟာသပုံပြင်ကလေးများကို တစ်ဆင့်ဖောက်သည်ချသည့် ကဏ္ဍလေးပဲ ဖြစ်ပါသည်။

သူကြီးက ရပ်ရွာသန့်ရှင်းရေးအလို့ငှာ သတိပေးဆိုင်းဘုတ် စိုက်ထူပါလေသတဲ့။ ဤနေရာတွင် အမှိုက်မပုံရ၊ ပုံလျှင် သေဒဏ် ဆိုလား။ ထိုအခါ သူကြီးနှင့် ရင်းနှီးသူတို့က ပြင်းထန်လွန်းသော အမိန့်ဖြစ်ကြောင်း သတိပေးပါသည်။

ဤတွင် သူကြီးက ဟုတ်သားပဲဖြစ်သွားကာ သေဒဏ်ဟုဆိုသော်လည်း ညှာမည် ဟု စာကြောင်းတစ်ကြောင်း ထပ်တိုးပါသည်။ ထိုအခါ အချို့က "ညှာမည် ဆိုမှဖြင့် ဘယ်သူက စည်းကမ်း လိုက်နာပါတော့မလဲ" ဟု အကြံပြုရာ သူကြီးက ဟုတ်သားပဲ ဖြစ်သွားပြန်ပြီးနောက် ညှာမည်ဆိုသော်လည်း တကယ်လုပ်မည် ဟု စာတစ်ကြောင်း ထပ်တိုးပြန်ပါသည်။ သို့ဖြင့်....

ဤနေရာတွင် အမှိုက်မပုံရ၊ ပုံလျှင်သေဒဏ်၊ သေဒဏ်ဟုဆိုသော်လည်း ညှာမည်၊ ညှာမည်ဟု ဆိုသော်လည်း တကယ်လုပ်မည်၊ တကယ်လုပ်မည်ဟု ဆိုသော်လည်း စဉ်းစားမည်၊ စဉ်းစားမည်ဟု ဆိုသော်လည်း စသည် စသည် စသည်။

စည်းကမ်း၏ နောက်ကွယ်က လိုက်နာမှု မလိုက်နာမှု၊ ပြစ်ဒဏ်ပေးရန် ပြတ်သားမှု မပြတ်သားမှု၊ ထပ်ဆင့်၍ ဖောက်ဖျက်မှု မဖောက်ဖျက်မှု စသည်စသည်ဖြင့် လုံးချာလိုက်နေတတ်သော လူတို့၏ သဘာဝကို ရယ်သွမ်းသွေးထားသည့် ပုံပြင်ကလေးပဲ ဖြစ်ပါသည်။

အခု ဘတ်စ်ကားပေါ်က သတိပေးစာတန်းက သည်လို လူ့သဘာဝ လူ့မနောတို့၏ အရိပ်အယောင်တွေပဲ ဖြစ်ပါသည်။ ဘတ်စ်ကားမှတ်တိုင်များ၌ ယာဉ်ကြောနှစ်ထပ် ရပ်သဖြင့် လမ်းပိတ်ဆို့သည်။ ခရီးသည်တို့ အတက်အဆင်း ခက်ခဲရှုပ်ထွေးသည်။ ထို့ကြောင့် ပထမတော့ ယာဉ်ကြောနှစ်ထပ် မရပ်ရဟု သတိပေးခဲ့ကြပုံ ရပါသည်။ သို့သော် ကားမောင်းသူက မလိုက်နာ၊ အရေးယူမှုကလည်း သက်ညှာမှု ရှိတတ်လေတော့ လုံးဝထပ်တိုးကာ ယာဉ်ကြောနှစ်ထပ် လုံးဝမရပ်ရ ဖြစ်သွားခဲ့ရပြီး ဆက်လက်၍ မလိုက်နာကြပြန်သဖြင့် လုံးဝတစ်ခုကို ကွင်းခတ်၍ ထပ်တိုးကာ ယာဉ်ကြောနှစ်ထပ်လုံးဝ (လုံးဝ) မရပ်ရအထိ ရောက်လာခဲ့ပုံ ရပါသည်။

သည်လို မူလ လုံးဝအပြင် နောက်ထပ်၍ ကွင်းခတ်ကာ ဖော်ပြရသော လုံးဝတွေကို မကြာခဏ ကျွန်တော်တွေ့ဖူးပါသည်။ ဤနေရာတွင် အမှိုက်လုံးဝ(လုံးဝ) မပစ်ရ။ ကားလမ်းပေါ် သံဘီးတပ်ယာဉ် လုံးဝ(လုံးဝ) မမောင်းရ။ ငါး လုံးဝ(လုံးဝ) မမျှားရ။ ပန်း လုံးဝ(လုံးဝ) မခူးရ။ ကွမ်း လုံးဝ(လုံးဝ) မစားပါနှင့်။ တိရစ္ဆာန်များကို ပြင်ပမှအစာများ လုံးဝ(လုံးဝ) မကျွေးရ။ စာကြည့်တိုက်အတွင်း၌ အစာစားခြင်း လုံးဝ(လုံးဝ) ခွင့်မပြုပါ။ သြော်၊ ကွင်းခတ်ထားရသည့် လုံးဝများ။

စင်ကာပူနိုင်ငံသည် တော်တော့်ကို စည်းကမ်းကြီးသည့် နိုင်ငံအဖြစ် ထင်ရှားပါသည်။ လမ်းပေါ်မှာ အမှိုက်တစ်စ မရှိပါတဲ့။ ရေအိမ်တွေမှာ အညစ်အကြေးကို သည်အတိုင်းထားခဲ့သူ မရှိပါတဲ့။ အ၀တ်အထည်တွေကို တိုက်မျက်နှာစာမှာ တွဲလဲတန်းလန်း ထုတ်လှမ်းထားသူ မရှိပါတဲ့။ စည်းကမ်းမဲ့ ယာဉ်မောင်းသမား မရှိပါတဲ့။ ဒါတွေကို ထိန်းကျောင်းထားသည်က နာမည်ကျော် Fine ပဲ ဖြစ်ပါသည်။ ထိရောက်သည့် ဒဏ်ငွေတပ်ခြင်းပဲပေါ့။ Fine Country လို့ သူတို့ခေါင်းဆောင် လီကွမ်ယုကိုယ်တိုင်က ပြောခဲ့သည်ပဲ မဟုတ်လား။ သည့်အပြင် လီကွမ်ယုက Fine ၏ အခြားအဓိပ္ပါယ်ဖြစ်သော ကောင်းသည်ဟူသော အနက်နှင့်တွဲကာ Fine Country ဖြစ်လျှင် ပို၍ ကောင်းမှာပဲဟုပင် ဆိုခဲ့ပါသေးသည်။ ထား။ ပထမအနက် ဒဏ်ငွေအဓိပ္ပါယ်ဖြစ်သည့် Fine နှင့်ပင် သူတို့စည်းကမ်းသေ၀ပ် သွားခဲ့ကြပါသည်။

ကျွန်တော်တို့ကတဲ့ရော ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို လုံခြုံ၍ ဘေးကင်းပြီး လှပသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ဘာဖြစ်လို့ မလုပ်ဆောင်နိုင် ကြရမှာတဲ့လဲ။ သည်အတွက် ကျွန်တော်တို့တစ်တွေ စည်းကမ်းတကယ်ရှိဖို့ လိုအပ်ပါသည်။

ယာဉ်ကြောနှစ်ထပ် မရပ်ရဟုဆိုလျှင် တကယ်မရပ်ဖို့ လိုပါသည်။ နည်းနည်းကလေး ခေါင်းမာတတ်သည် ဆိုလျှင်တောင်မှ လုံးဝတစ်ခုထည့်ကာ ယာဉ်ကြောနှစ်ထပ် လုံးဝမရပ်ရဟုဆိုလျှင် နာခံသင့်လှပါပြီ။ ခုတော့ နောက်ထပ် လုံးဝတစ်ခုကို ကွင်းဖြင့်ခတ်ကာ ယာဉ်ကြောနှစ်ထပ် လုံးဝ(လုံးဝ) မရပ်ရဟု တားမြစ်နေရသည့် အနေအထားများ။

အကောင်းဆုံးကတော့ "လုံးဝ" မပါသည့် သတိပေးစာတန်းများပဲ ဖြစ်ပါသည်။ အလွန်ဆုံးပါလှ တစ်လုံးတလေပေါ့။ သို့မဟုတ်ဘဲ.....

ယာဉ်ကြောနှစ်ထပ် လုံးဝ(လုံးဝ) (တကယ့်ကိုလုံးဝ) မရပ်ရ ဆိုတာမျိုးတွေ ဖြစ်လာလျှင် ဘယ်လောက်များ ကြေကွဲစရာ ကောင်းလိုက်လေမလဲ။ "လုံးဝ" လုံးဝမပါသည့် စည်းကမ်းတားမြစ်ချက်တွေကို ကျွန်တော်တို့ လိုက်နာနိုင်ကြမည့် နေ့ရက်များကို ရောက်ချင်စမ်းပါဘိ။

No comments:

Post a Comment

 
Web Statistics