၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၆ ရက်၊ တနင်္လာနေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်ပါသည်။ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟုလည်း ခေါ်ဆိုပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် အလေးထားစရာ နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။
ဝါဆိုလအခါသမယ၊ ၀ါဆိုလပြည့်နေ့ အခါသမယတို့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို မှတ်သားမိသမျှ ပြန်လည်ဝေမျှလိုက်ပါသည်။
ဝါဆိုလသည် မြန်မာဆယ့်နှစ်လတွင် စတုတ္ထမြောက်လ ဖြစ်ပါသည်။ အချိန်အခါကား ၀သန္တမိုးဥတု ဖြစ်ပါသည်။ ရာသီမှာ ကရကဋ်၊ ရာသီရုပ်မှာ ပုစွန်လုံး၊ တာရာမှာ ဆင်တာရာ ဖြစ်ပါသည်။ ပြုဗ္ဓာသာဠ်နက္ခတ်သည် လမင်းနှင့် ယှဉ်ပြိုင်လင်းလက်ပါသည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲတော်မှာ ပဉ္စင်းခံပွဲတော် ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ရခြင်းမှာ သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရား၏ ဘ၀ဖြစ်တော်စဉ်၌ ထူးခြားမွန်မြတ်ပြီး မင်္ဂလာအထပ်ထပ်နှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။
မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံအချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေ၀ီသည် ၎င်း၏ ၀မ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ရာရစ်လှည့်ပြီး လက်ယာနံပါးမှ ၀င်ရောက်သည်ဟု အိပ်မက်မြင်မက်တော် မူပါသည်။ ဤသည်ကား အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေ ယူတော်မူခြင်း ဖြစ်ပါသည်။
မဟာသက္ကရာဇ် ၉၆ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့ရာ သူအိုတစ်ဦးကို မြင်တွေ့ခဲ့ရ၏။ တစ်နေ့တွင် မိမိလည်း ထိုသို့အိုရမည်ဟု ဆင်ခြင်တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်တွေ့မိပြန်သောအခါ မိမိလည်း ထိုသို့ နာရ၊ သေရဦးမည်ဟု စဉ်းစားဆင်ခြင်မိလေသည်။ နောက်ဆုံးတစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာမှ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘ၀မှ လွတ်မြောက်နိုင်ပုံတို့ကို ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုမည်ဟု ဓိဋ္ဌာန်တော်မူပါသည်။
မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ၀ါဆိုလပြည့် တနင်္လာနေ့ ညဥ့်သန်းခေါင်ယံအချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ဖြင့် တောထွက်တော်မူခဲ့ပါသည်။ အနော်မာမြစ်ကမ်းသို့ ရောက်သောအခါ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္ဒအမတ်အား လွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်တော်မူပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့် စနေနေ့ညချမ်း နေမင်းဝင်လုဆဲ၊ လမင်းထွက်ပြူဆဲတွင် "ဒွေမေ ဘိက္ခဝေ" အစချီလျက် တရားဦးဓမ္မစကြာကို မိဂဒါဝုန်တောအတွင်း ပဉ္စ၀ဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့ ညချမ်းအချိန်အခါတွင် သာဝတ္ထိပြည်၊ ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကို ဖန်ဆင်း၍ နှစ်ဆယ့်လေးယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့ပါသည်။
မိုးတွင်းကာလအတွင်း စိမ်းလန်းရှင်သန်လျက်ရှိသော လယ်မြေယာတောများအတွင်း ဖြတ်သန်းကာ ဒေသစာရီ လှည့်လည်သွားလာကြသော ရဟန်းသံဃာတို့ကြောင့် လယ်ယာများ၊ မြက်၊ သစ်ပင်၊ သီးနှံပင်များ ပျက်စီးကုန်ကြသည်ကို မြတ်စွာဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး "ရဟန်းတို့ ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏" ဟု မိန့်တော်မူသည်။
ထိုမှစ၍ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် သံဃာတော်များသည် မိမိတို့သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ် "ဣမသ္မိံ ၀ိဟာရေ ဣမံတေမာသိဝဿံ ဥပေမိ" ဤကျောင်းတွင် မိုးသုံးလပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ရဟန်းတော်တို့သည် မိမိတို့ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါဆိုဝါကပ်တော် မူကြရလေသည်။
ထိုကဲ့သို့ သံဃာတော်အရှင်သူမြတ်များ ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ် ကျင့်သုံးဆောက်တည်တော်မူကြသည့် အချိန်ကာလ၌ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ကလည်း ဥပုသ်သီတင်းနေ့တိုင်း ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားဆွေးနွေးခြင်းများ ပြုလုပ်ကြ၏။ ၀ါတွင်းကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာ ပြုခြင်းများကိုလည်း ရှောင်ကြဉ်ကြရလေသည်။
ဤကား ၀ါဆိုလ၊ ၀ါဆိုလပြည့်နေ့ အခါသမယတို့နှင့် ပတ်သက်သမျှ သိမှတ်ဖွယ်ရာများကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။
ဆိုရလျှင် ၀ါဆိုလသည်လည်းကောင်း၊ ၀ါဆိုလပြည့်နေ့သည်လည်းကောင်း ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်အပေါင်းတို့၏ လထူးလမြတ်၊ နေ့ထူးနေ့မြတ် အခါသမယများ ဖြစ်ကြပါသည်။ ၀ါဆိုလပြည့်နေ့ အခါသမယတွင် မြန်မာတစ်နိုင်ငံလုံးရှိ အမြို့မြို့ အနယ်နယ် ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးများများ၌ ဓမ္မစကြာတရားတော်မြတ် ရွတ်ဖတ်ပူဇော်သံများဖြင့် ပြည့်လျှမ်းနေသည်ကို စိတ်ကြည်နူးဝမ်းမြောက်ဖွယ် နာကြားကြရမည် ဖြစ်ပါသည်။
ထိုကဲ့သို့ ကျက်သရေအတိဖြင့် ကောင်းခြင်းမင်္ဂလာများ၊ ဘာသာရေးဆိုင်ရာ ထူးမြတ်မှုများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် ပြည့်ဝသည့် ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုနိုင်ကြပါစေ၊ ကောင်ကျိုးလိုရာဆန္ဒများလည်း ပြည့်ဝကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ည ၉ နာရီ ၁၆ မိနစ်။
No comments:
Post a Comment