Monday, July 12, 2010

Concept နှင့် Process - အောင်ထွဋ်


လွန်ခဲ့သော ရက်အနည်းငယ်က စာရေးသူကို အပတ်စဉ်ထုတ် ကမ္ဘာကျော်မဂ္ဂဇင်းမှ သတင်းစာဆရာတစ်ဦးက မေးခွန်းတစ်ခု မေးသည်။ "လူတွေ ဝေဖန်နေတဲ့ အခြေခံဥပဒေကို လက်ခံတဲ့သူအဖြစ်နဲ့ အတိုက်အခံတွေက မင်းကို ဝေဖန်ကြတယ်နော်။ ပြီးတော့ အဲဒီအခြေခံဥပဒေကို မင်းက သင်တန်းပို့ချတယ်လို့ ပြောကြတယ်။ ဘာကြောင့် အဲဒီအခြေခံဥပဒေကို လက်ခံရသလဲ" ဟု မေးခြင်းဖြစ်သည်။

"(၁) ပေးထားချက်ဖြစ်လို့၊ (၂) ကျွန်တော်ဟာ အခြေခံဥပဒေများရဲ့ သဘောသဘာဝကို ဘွဲ့လွန်ပညာအဖြစ် ဆည်းပူးခဲ့ဖူးပြီး ဒီအခြေခံဥပဒေသစ်ရဲ့ သဘောသဘာဝကိုလည်း ကျေညက်စွာ သဘောပေါက်တဲ့အတွက် ဖြစ်ပါတယ်" ဟု စာရေးသူ ဖြေခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်ကို လေ့လာသုံးသပ်သူ အများစုသည် အဆိုပါအခြေခံဥပဒ၏ Concept ခေါ် သဘောသဘာဝနှင့် Process ခေါ် ဖြစ်ပေါ်လာပုံ နှစ်ခုအနက် Process ခေါ် ဖြစ်ပေါ်လာပုံကို အမြင်သန်ကြသည်ကို တွေ့ရသည်။ Process ခေါ် ဖြစ်ပေါ်ပုံမှာ မြင်သာထင်သာရှိပြီး လူတိုင်းလည်း မြင်နိုင်သောကြောင့် Process ကို မြင်နိုင်ရန်မှာ မခဲယဉ်းပါ။ Concept ခေါ် သဘောသဘာဝကို နားလည်နိုင်ရန်ကိစ္စမှာ သီအိုရီအခြေခံလိုအပ်ချက် ရှိသောကြောင့် နားလည်ရန်ခက်ခဲသော သဘောရှိသည်။ အထူးသဖြင့် တစ်ခုလုံးသဘောကို သုံးသပ်နိုင်ရန်အတွက် အခြေခံဥပဒေများ၏ အလုပ်တာဝန်မျိုးစုံကို ကျေညက်ရန်လိုအပ်ပါသည်။ ပုဒ်မတစ်ခုကို သဘောပေါက်သော်လည်း ထိုပုဒ်မကိုပြန်၍ Check and Balance လုပ်ထားသော အခြားပုဒ်မတစ်ခုကို မမြင်နိုင်လျှင် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသည့်သဘော သက်ရောက်သွားတတ်သောကြောင့် ဖြစ်သည်။

အခြေခံဥပဒေတို့၏ Concept ကို နားမလည်နိုင်သည့်အခါ ထိုအခြေခံဥပဒေပေါ်ပေါက်ပုံ Process ကိုသာ မြင်တွေ့ကြတော့မည်ဖြစ်ပြီး အခု အများကြားနေရသည့် မှတ်ချက်မျိုးကို ရရှိသည်မှာ မဆန်းပါ။ ဤအခြေခံဥပဒေကို နားလည်သဘောပေါက်သူ တစ်ဦးအနေဖြင့် စိုးရိမ်မိသည်မှာ ဤအခြေခံဥပဒေကို စာအုပ်ထဲတွင် ရေးသားပြဋ္ဌာန်းထားသည့်အတိုင်း လက်တွေ့လိုက်ပါ အကောင်အထည်ဖော်နိုင်ရေး ကိစ္စသာလျှင် ဖြစ်ပါသည်။

စာရေးသူအား မေးခွန်းမေးခဲ့သည့် သတင်းထောက်ကို "မင်းရော ဒီအခြေခံဥပဒေကို ဘယ်လိုထင်သလဲ" ဟု မေးသောအခါ ၎င်းက ပခုံးတွန့်ပြသည်။ စာရေးသူက "ဒီလိုဆိုရင် မင်းကို ငါ မေးခွန်းတစ်ခုမေးမယ်။ မင်း အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သဘောပေါက်သလား" ဟု မေးလိုက်သည်။ ၎င်းက "ပေါက်ပါတယ်" ဟု ဖြေသည်။ ထိုအခါ စာရေးသူက

"ကောင်းပြီ။ ဒီလိုဆိုရင် ဆိုပါတော့ကွာ၊ သမ္မတဘားရက်ခ်အိုဘားမားရဲ့ လုပ်ပိုင်ခွင့်တွေထဲက ဗီတိုအာဏာကိုဖယ်ပြီး အဲဒါအစား အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ သူ့စိတ်ကြိုက် လူ ၂၅ ရာခိုင်နှုန်း ခန့်အပ်ခွင့်ပြန်ပေးမယ်ဆိုရင် မင်း ဘယ်လိုသဘောရသလဲ" ဟု မေးလိုက်သည်။

"ငါသာ အိုဘားမားဆိုရင်တော့ လက်ခံမှာပဲ" ဟု ၎င်းက ပြန်ဖြေသည်။ "အဲဒီသဘောတရားကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ သုံးတယ်ဆိုရင် မင်းဘယ်လိုမြင်လဲ" ဟု စာရေးသူက မေးလိုက်သည်။

"အတိုင်းအတာ တစ်ခုအထိ လက်ခံလို့ရပါတယ်" ဟု ၎င်းက ပြန်ဖြေသောအခါ စာရေးသူက "မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေသစ်ကို အတိုချုံးပြီးပြောရရင် အဲဒီသဘောတရား အတိအကျပါပဲ" ဟု ပြောလိုက်ရာတွင် အဆိုပါသတင်းထောက်မှာ "Really?" (တကယ်လား) ဟု မေးပြီး အကြာကြီး ငြိမ်ကျသွားသည်။ စာရေးသူက "မြန်မာနိုင်ငံရဲ့ နိုင်ငံရေး Polarization မှာ ရှိနေတဲ့ ဘက်နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုရေးဖို့ ဘယ်လောက်ခက်တယ်ဆိုတာ စဉ်းစားကြည့်ပါ" ဟု ပြောသောအခါ "နှစ်ဖက်စလုံးက အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်တဲ့ အခြေခံဥပဒေတစ်ခုရေးဖို့ သိပ်ခက်တယ်ဆိုတာ ငါနားလည်ပါတယ်" ဟု ထိုပုဂ္ဂိုလ်က ဖြေပါသည်။

အနောက်နိုင်ငံသားများသည် အလွယ်တကူ တံဆိပ်ကပ် ပေးစားတတ်သူများ မဟုတ်ရာ ၎င်းတို့ကိုပြောရသည်မှာ စာရေးသူ၏ မြန်မာမိတ်ဆွေများကို ရှင်းပြရသကဲ့သို့ လက်ဝင်ခြင်းမရှိပေ။

အခြေခံဥပဒေစာအုပ်ထဲတွင် ရေးသားပြဋ္ဌာန်းထားသော ဖြစ်နိုင်ခြေများ လက်တွေ့အကောင်အထည်ဖော်ရေးအတွက် လွှတ်တော်နှစ်ရပ်တွင် ပြည်သူလူထုအကျိုးကို အမှန်တကယ်လိုလားသူ ၃၃၃ ယောက် လိုအပ်ပါသည်။ ပြည်သူလူထု၏တာဝန်မှာ ၆၉၈ ယောက် ရွေးကောက်တင်မြှောက်မည့် လွှတ်တော်နှစ်ရပ်တွင် အဆိုပါ ၃၃၃ ယောက် ပေါ်ထွန်းအောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးကြရေး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဥပဒေသစ်တစ်ခု ပြဋ္ဌာန်းရန် ရွေးချယ်တင်မြှောက်ခံအမတ် ၄၉၈၊ တပ်မတော်ခန့်အမတ် ၁၆၆၊ ပေါင်း ၆၆၄ ၏ တစ်ဝက်ဖြစ်သော ၃၃၃ မဲ လိုအပ်ပြီး သမ္မတဖြစ်သူတွင် ဗီတိုအာဏာမရှိပါ။ သို့သော် အခြားရှုထောင့်တစ်ခုကကြည့်လျှင် သမ္မတဖြစ်သူ လက်မခံနိုင်သော ဥပဒေတစ်ရပ်ကို လွှတ်တော်နှစ်ရပ်က ပြဋ္ဌာန်းမည်ဆိုလျှင် တပ်မတော်ခန့်အမတ် ၁၆၆ မဲ ထောက်ခံမှုမရရှိနိုင်၍ ရွေးချယ်ခံလွှတ်တော်အမတ် ၄၉၈ ဦး၏ မဲများအနက် ၃၃၃ မဲ လိုအပ်သည့်သဘော ဖြစ်သည်။ ၄၉၈ ဦးအနက် ၃၃၃ မဲဆိုသည်မှာ သုံးပုံနှစ်ပုံ လိုအပ်ချက် ရှိသည်ဆိုသော သဘောဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် (Default Veto ရှိနေသည်ဆိုသော သဘောဖြစ်ပါသည်။) အမေရိကန်ပြည်ထောင်စုတွင်လည်း သမ္မတက ဗီတိုအာဏာနှင့် ပယ်ချထားသော ဥပဒေတစ်ရပ်ကို အတည်ပြုရန် လွှတ်တော်နှစ်ရပ်ပေါင်း၏ သုံးပုံနှစ်ပုံ လိုအပ်ချက်ရှိပါသည်။

ဤအခြေခံဥပဒေကိစ္စကို စဉ်းစားသည့်အခါတိုင်း စာရေးသူ၏စိတ်တွင် ဤအခြေခံဥပဒေ၏ ကျောရိုးကို စဉ်းစားသွားခဲ့သူ၏ မရေးထားခဲ့သော အမှာစကားတစ်ခု ကြားရသလိုလို အမြဲခံစားရသည်။ ပြည်သူများနဲ့ နိုင်ငံရေးပါတီများ သာမန်ထက်ပိုပြီး ညီညွတ်နိုင်ကြမယ်ဆိုရင် အပြန်အလှန်ထိန်းကျောင်းမှုရှိတဲ့ နိုင်ငံရေးစနစ်တစ်ခုကို အသေအချာ ခံစားရရှိကြပါလိမ့်မယ် ဆိုသောစကားဖြစ်သည်။

ဤဆောင်းပါးကို ရေးခဲ့ခြင်းအတွက် စာရေးသူကို အများက မည်သို့ ဝေဖန်ကြတော့မည်ကို စာရေးသူသိပါသည်။ နောင်တွင် ဤအခြေခံဥပဒေကို ပညာရှင်အမျိုးမျိုးတို့က ပညာရပ်ရှုထောင့် အသီးသီး သုံးသပ်ကြသည့်အခါတွင် ဤကိစ္စကို စာရေးသူ အရင်ဦးဆုံး မှတ်တမ်းတင်ခဲ့ကြောင်း မှတ်တိုင်စိုက်လိုသောကြောင့် ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း ၀န်ခံလိုပါသည်။

No comments:

Post a Comment

 
Web Statistics