Friday, August 06, 2010

အသုံးများသော မြန်မာဗန်းစကားများ (ပ)


myanmarwords.png

ပခြုပ်သည်
ပြည့်တန်ဆာမ
ဤစကားမှာ ဖာသည်-ဟူသော စကားကို ဖာနှင့် အစဉ်တူသော ပခြုပ်နှင့်လဲလှယ်၍ စကားလှည့်သုံးစွဲ ခေါ်တွင်ခြင်း ဖြစ်သည်။ ဖာ-ဆိုသည်မှာ ပစ္စည်း ၀တ္ထု အမျိုးမျိုးကို သွင်းချည်နုတ်ချည် အလွယ်တကူထည့်သိုရာ ထန်းခေါက်ဖြင့် ယက်ထားသော အခေါင်းကိုယ်ထည် ပစ္စည်းတစ်မျိုးဖြစ်၍ ဖာသည်မှာ ထိုဖာကို ရောင်းသူပိုင်သူဟူသော အဓိပ္ပါယ်ရှိသဖြင့် ယင်းသဘောကို တင်စား၍ ယောက်ျားတကာ ဆက်ဆံရာဖြစ်သော ပြည့်တန်ဆာမကို ခေါ်ဆိုသော ဝေါဟာရဖြစ်သည်။

ပလူပျံသည်
အပြန့်အနှံ့ ပေါများသည်။
နွေဦးပေါက်ကာလတွင် နေ၀င်ဖြိုးဖျအချိန်များ၌ ပရွက်နှင့် ပလူတို့ အတောင်ပေါက်စ မြေတွင်းမှ ထွက်ပျံလေ့ရှိကြလေသည်။ ထိုအခါတွင် ပလူကောင်များသည် အလွန်များပြား၍ အအုပ်လိုက် အစုလိုက် ပျံထွက်ကာ မီးရောင်ရှိရာသို့ တိုးဝှေ့စုအုံလေ့ရှိကြရာ ထိုသို့ ၀ဲအုံပျံသန်းနေသည်ကို ပမာပြု၍ စာရွက်စာတမ်းကြဲဝေစေရာ၌ အပျံ့အနှံ့ ပျံဝဲရောက်ရှိခြင်းကို တင်စားသုံးနှုန်းသည်။ ထိုမှတဆင့် ပေါများခြင်း အနက်ဖြင့်လည်း တင်စားကြသေး၏။

ပါစားပေးသည်
အခွင့်သာပေးသည်။
ပုဆစ်ကြွေကစားရာတွင် ကြွေနှစ်ပွင့်ကို "ပါ" ဟု ခေါ်ရာ တစ်ဖက်က တစ်ဖက်အား လက်ရည်အသာပေး၍ ကစားလိုသဖြင့် ပါစားပေးသည်ကို အစွဲပြု၍ အခွင့်အရေးပေးခြင်း၊ အလိုလိုက်ခြင်း၊ မျက်နှာသာပေးခြင်းတို့ကို ဆိုသည်။ ကာသားပေးသည်ဟုလည်း ဆိုသည်။

ပန်းပေးသည်
အရှုံးပေးသည်၊ မစွမ်းကြောင်းကို ၀န်ခံသည်။
ရှေးအခါက စကားဝှက်ခြင်း၊ ပညာစမ်းခြင်း၊ ပုစ္ဆာမေးခြင်း စသည်တို့၌ တစ်ဖက်နှင့်တစ်ဖက် အလောင်းအစားမှာ ပန်းသာလျှင်ဖြစ်၍ ပန်းသည် အောင်ဆု အထိမ်းအမှတ် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ရှုံးသူက နိုင်သူကို ပန်းပေးရလေသည်။ ထို့ကြောင့် ပန်းပေးခြင်းသည် ရှုံးညံ့ရာကို ၀န်ခံရာရောက်သဖြင့် တင်စားသောအားဖြင့် အရှုံးပေးသည်ကို ပန်းပေးသည်ဟု ဆိုကြသည်။ လက်နက်ချသည်၊ ဒူးထောက်သည်၊ အလံဖြူတင်သည် စသည်ဖြင့်လည်း တင်စားကြသေးသည်။
(ပန်းကိုစွဲ၍ ပန်းတိုင်၊ ပန်းဝင်၊ ပန်းကုံးစွပ် စသော ဝေါဟာရများလည်း ပေါ်လာသည်။)

ပန်ကာကျသည်
ဖျတ်လတ်လည်ပတ်သည်။
ပန်ကာ ဟူသောစကားမှာ လည်ပတ်သော လေသွင်းရဟတ် ဟူ၍ အဓိပ္ပါယ်ရှိသော ဟိန္ဒီစကားဖြစ်သည်။ ထိုပန်ကာကို အစွဲပြု၍ လည်ပတ်ပါးနပ်သူ၊ လည်ပတ်ပါးနပ်ခြင်းကို တင်စားကာ ပန်ကာကျသည်ဟု ဆိုသည်။ ပန်ကာကဲ့သို့ လည်ပတ်သည်ဟု ဆိုလိုသည်။

ပေါက်လွှတ်ပဲစား
အထိန်းအချုပ်မရှိ လွှတ်ထားသည်။
လှေကလေးများသည် လှေကြီးကဲ့သို့ ပဲ့ပေးသော ပဲ့တက်မပါဘဲ လှော်တက်ဖြင့်သာ ပဲ့၍ပေးရသဖြင့် ထိုလှေမျိုးကို ပေါက်လွှတ်လှေဟု ခေါ်သည်။ လူများတွင် ပေါက်လွှတ်လှေကဲ့သို့ ပဲ့ကိုင်ထိန်းချုပ်ခြင်း မရှိဘဲ လွှတ်ထားသည်ကို ပေါက်လွှတ်ပဲစား ထားသည်ဟု ဆိုကြသည်။

ပတ်စာခွာ ဖျာသိမ်းသည်
နောက်ဆုံး အပြီးသတ်အောင် ဆောင်ရွက်သည်။
ပွဲကရာတွင် ပွဲပြီး၍ ဇာတ်လမ်းဇာတ်ကွက် သိမ်းပြီးနောက် နောက်ဆုံးသောအလုပ်သည် ဗုံများမှ ပတ်စာတို့ ခွာပစ်ခြင်း၊ ခင်းထားသော ဇျာများ သိမ်းဆည်းခြင်းတို့ပင် ဖြစ်လေသည်။ ထိုသဘောကိုတင်စား၍ နောက်ဆုံးဖြစ်သော အဆင့်ကို ဆောင်ရွက်သည့်အခါ သုံးနှုန်းသည်။

ပတ်တုတ်သည်
အလျဉ်ကို ဖြတ်ရန် ဟန့်တားထားသည်။
ပွဲများတွင် လူပြက်တို့၏ ရယ်မောစရာ ဖျော်ဖြေမှုကို သဘောကျ၍ ပရိသတ်က ရယ်မောရာတွင် တော်ရုံနှင့်မရပ်တန့်ဘဲ ဆက်လက်၍ ရယ်မောနေသောအခါ နောက်ထပ်ဖျော်ဖြေမှုများအတွက် အလျင်ပြတ်ကာ ဆိုင်းငံ့ပြတ်လပ် မနေစေရန်အတွက် အရယ်မောတဖန်ရပ်ကြစေရန် ပတ်မကြီးကို တီးပြု၍ အချက်ပြုလေ့ရှိကြသည်။ ထို့ကြောင့် အချို့ပြက်လုံးများကို ပတ်တုတ်မရအောင် ရယ်ရသည်ဟု ဆိုကြသည်။ ထိုသဘောမှ တစ်စုံတစ်ရာကို အလျဉ်ပြတ်သွားအောင် ကြားဖြတ်ဟန့်တား ရပ်တန့်လိုက်သောအခါ ပတ်တုန်သည်ဟု တင်စား၍ ဆိုကြသည်။ မိန်းမများ ကိုယ်အင်္ဂါဖြင့် တိုင်းတာဆဲရေး ရေရွတ်သည်ကိုလည်း ပတ်တုတ်သည်ဟု သရော်၍ ပြောဆိုကြသေးသည်။

ပုတ်သင်ဥပေါ်သည်
အပြစ်အနာအဆာ လျှို့ဝှက်ချက်ပေါ်သည်။
ထိုစကားသည် "ညောင်မြစ်တူးလျှင် ပုတ်သင်ဥပေါ်သည်" ဆိုသောစကားမှ ဖြတ်တောက် သုံးစွဲခြင်းဖြစ်သည်။ အသေးစိတ်ကို လိုက်စစ်သောအခါ မဖော်သင့်သော အရာများ ပေါ်လာသည်ကိုရည်၍ သုံးနှုန်းသော ဥပမာဖြစ်သည်။ ထိုစကားကို မဖော်လိုဘဲ ပေါ်လာသော ကိစ္စတွင် တင်စား၍ သုံးသည်။
(ပုတ်သင်တို့သည် ညောင်ပင်မြစ် အခေါင်းတွင် ဥလေ့ရှိကြသည်။)

ပိဋကတ်အိုးကွဲ
ပညာတတ်ယောင်ဆောင်သူကို သရော်၍ ခေါ်သောအမည်
(ပညာနည်းပါးသူကိုလည်း သရော်၍သုံးသည်)
စာပေပရိယတ္တိ ကျွမ်းကျင်သူများကို ပိဋကတ်အိုး ဟူ၍ တင်စားချီးကျူး ခေါ်ဝေါ်ကြသည်။ သို့ရာတွင် စာပေပရိယတ္တိ မပြည့်စုံသူ၊ မနှံ့မစပ်သူမျိုးကိုမူ သရော်သောအားဖြင့် ပိဋကတ်အိုးကွဲဟူ၍ ခေါ်ဆိုကြသည်။ လူတစ်ယောက်အား ပညာနှင့်ပတ်သက်၍ ချီးမွမ်းဟန်ဖြင့် ရှုတ်ချပြောဆိုလိုသောအခါ ထိုစကားဖြင့် သုံးနှုန်းခေါ်ဆိုတတ်သည်။

ပျားရည်နှင့် ၀မ်းချသည်
စကာအချို့နှင့် အလိုပါစေသည်။ အနုနည်းနှင့် ကျေနပ်စေသည်။
လူတို့သည် ၀မ်းလျှောစေလိုသောအခါ ခါးသက်ဝမ်းရစ်သော ပွေးကိုင်း၊ ဆားခါးတို့ဖြင့် ၀မ်းနုတ်မည့်အစား ၀မ်းလည်းသက်စေ၊ အရသာလည်း မပူမခါးဘဲ အ၀င်မဆိုးစေအောင် ၀မ်းနုတ်ဆေးပေးကြောင်းကိုပင် မသိစေဘဲ ၀မ်းသက်စေရန် ပျားရည်ပါသော ၀မ်းနုတ်ဆေးကို ပေးနိုင်ပေသေးသည်။ ထို့ကြောင့် လူတစ်ဖက်သားအား အလိုဆန့်ကျင်ခြင်း၊ ငြင်းဆန်ခြင်း မရှိစေဘဲ မသိမသာနှင့် မိမိအလိုသို့ လိုက်ပါကျေနပ်စေရန် အနုနည်း၊ အလိမ္မာနည်းအားဖြင့် သွေးဆောင်သည်ကို ပျားရည်နှင့် ၀မ်းချသည်ဟု သုံးနှုန်းကြသည်။

ပြည်ဖုံးချသည်
အပြီးသတ် ဖုံးအုပ်ပိတ်ကာသည်။
လွန်ခဲ့သောအခါက ဇာတ်သဘင်များတွင် ယခုကဲ့သို့ ကတ္တီပါရင်ခွင်ကားကြီးများ မပါရှိသေးဘဲ မြို့ရိုးပုံနှင့် ကားလိပ်ကို ရှေ့ဆုံးကားလိပ်အဖြစ် အသုံးပြုခဲ့ကြလေသည်။ ထိုကားလိပ်သည်လည်း နန်းတွင်းညီလာခံ သို့မဟုတ် နှစ်ပြည်ထောင် ဇာတ်လမ်းကပြသောအခါများ၌ တိုင်းပြည်တစ်ပြည်၏ အဖြစ်အပျက်များကို ပြသပြီးနောက် ထိုအခန်းကို ပယ်ဖျောက်၍ နောက်အခန်းအတွက် ပရိသတ်အား ထိုရှုခင်းမှတစ်ဖန် အာရုံဆွဲဆောင်ထုတ်ယူရန် မြို့ရိုးပုံပါသော မြို့ပြင်ရှုခင်း ကားလိပ်ဖြင့် ဖုံးအုပ်ပြသပြီးမှ အခြားတစ်ပြည်ရှုခင်းကို တစ်ကွက်ဖွင့်ဖော် ပြသကြပြန်လေသည်။ ဤသဘောကိုစွဲ၍ ထိုရှေ့ဆုံး ကားလိပ်ကိုလည်း ပြည်ဖုံးကားဟုပင် ခေါ်ဆိုကြလေသည်။ ထို့ကြောင့် ပြည်ဖုံးကား ချလိုက်သောအခါ ရှေးဦးအခန်းမှာ ပြီးစီးသွား၍ နောက်ခန်းသာလျှင် ပေါ်ထွက်လာတော့မည် ဖြစ်သည်ကို အစွဲပြုလျက် ကိစ္စအဖြစ်အပျက် တစ်စုံတစ်ရာကို တစ်ခန်းတစ်ကဏ္ဍ ဖုံးအုပ်အစသတ်လိုက်သောအခါ နောင်တွင် ထပ်မံပေါ်ပေါက်စရာအကြောင်း မရှိတော့သည်ကို တင်စား၍ ပြည်ဖုံးကားချသည်ဟု ဆိုလေသည်။

နောင်အခါတွင် မြို့ရိုးပုံကားလိပ်၏ အပြင်ဆုံးမှ ကတ္တီပါရင်ခွင်ကားကြီးများ ပေါ်လာရာ၊ ထိုကားကြီးများကိုလည်း မြို့ရိုးပုံမပါရှိစေကာမူ ပြည်ဖုံးကားဟုပင် ခေါ်ကြပြန်လေသည်။ ဤတွင် ထိုကားကြီးကို ပွဲမစမီ ဖုံးချထားပြီး ပွဲကပြချိန်တစ်လျှောက်လုံး ဖွင့်လှစ်ထားကာ ပွဲပြီးသော် ပြန်၍ဖုံးချမြဲ ဖုံးချပြန်သဖြင့် တစ်ခန်းတစ်ကဏ္ဍ မဟုတ်ဘဲ ဇာတ်လမ်းအဆုံး နိဂုံးချုပ်သည်ကိုပင် ပြည်ဖုံးကားချသည်ဟုလည်း တင်စားကြပြန်လေသည်။ ထိုအခါတွင် ဇာတ်လမ်းတစ်ခု၊ လုံးဝပြီးစီးသွားကြောင်း အဓိပ္ပါယ် ပေါ်လေသည်။ ဤနည်းဖြင့် ပြည်ဖုံးကားချသည်ဟု ဆိုခြင်းသည် နောင်တွင်ပြန်၍ တစ်စွန်းတစ ဖော်ထုတ်လိုသော ဆန္ဒမရှိဘဲ လုံးဝမေ့ပျောက် ဖယ်ချန်ဖုံးအုပ်လိုက်သည့် သဘောပင် ပေါ်လွင်လေတော့သည်။

ပြန်ပေါင်းထုပ်သည်
ပြန်လည်ပေါင်းဖက်သည်။
ကောက်ညင်းစသည်ကို အငွေ့ဖြင့် ပေါင်းပြီးနောက် အုန်းသီးစသည်ဖြင့် ရောစွက်လျက် တဖန်ပြန်၍ ပေါင်းနှပ်သည်ကို ပြန်ပေါင်း၊ ပြန်ပေါင်းထုတ်သည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ လင်မယားစသည်တို့ အခိုက်အတန့် ကွဲကွာပြီးနောက် ပြန်လည်၍ ပေါင်းသင်းနေထိုင်သည်ကို ပြန်ပေါင်းထုတ်သည်ဟု ဆိုသည်။

ပဲခူးဆား
အရာရာတွင် ပါတတ်သူ၊ အရာနှံ့သူ။
ပဲခူးနယ်မှ ချက်လုပ်သောဆားသည် ခတ်လေရာတိုင်း၌ ငန်လွန်းလှသည်ဟု ပြောစမှတ် ပြုလေသည်။ ထို့ကြောင့် နေရာတကာတွင် စွက်ပါဝင်တတ်သူ၊ အရာရာတိုင်း၌ နှံ့စပ်ရောဝင်တတ်သူကို တင်စားသောအားဖြင့် ခတ်တိုင်းငန် ဟူ၍လည်းကောင်း၊ ပဲခူးဆား ဟူ၍လည်းကောင်း တင်စားခေါ်ကြသည်။ ဆားသည် အစားအစာဟူသမျှတွင် အရာဝင် အသုံးတွင်သည်ကို စွဲ၍လည်း နေရာများတွင် အထောက်အကူ ဖြစ်စေနိုင်သမျှကို တင်စား၍ ခေါ်သေးသည်။

ပုဏ္ဏားတိုင်
အလယ်လူ၊ ကြားလူ၊ ခုံသမာဓိကဲ့သို့ နှစ်ဖက်၏ အတိုင်ပင်ခံရသူ။
အဆောက်အဦးတွင် အခန်းနှစ်ခု၏ အလယ်ရှိတိုင်ကို ပုဏ္ဏားတိုင်ဟု ခေါ်၍ ထိုတိုင်အား ဖုံးကွယ်ထားသော ပျဉ်ထောင်ကို ပုဏ္ဏားကွယ်ဟု ခေါ်လေသည်။ ထိုတိုင်ကို အစွဲပြု၍ နှစ်ဖက်တို့၏ အတိုင်အတောပြုရာ သက်သေထူရာအဖြစ် ကြား၌ ရပ်တည်နေရသူမျိုးကို တင်စား၍ ခေါ်သည်။

ပြုတ်မနူး
မြုံစေ့စေ့နေသူ၊ မပွင့်လင်းသူ၊ သွန်သင်ပြုပြင်၍မရသူ။
ပဲစေ့များကိ ပြုတ်သောအခါ အချို့ပဲစေ့များသည် ကျစ်၍နေသဖြင့် မနူးမကျက်ဘဲ ကျန်နေတတ်ရာ ထိုပဲစေ့မျိုးကို ပြုတ်မနူးဟု ခေါ်လေသည်။ ထိုသို့အားဖြင့် လုံးဝ အစိမ်းလည်းမဟုတ်၊ အကျက်လည်းမဟုတ်ဘဲ မြုံစေ့စေ့နေပုံကို တင်စား၍ ပွင့်ပွင့်လင်းလင်း မရှိဘဲ မတုန်မလှုပ် မြုံစေ့စေ့နေတတ်သူ၊ သွန်သင်ဆွဲဆောင်၍ မရသူမျိုးကို ခေါ်ဝေါ်သည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)

No comments:

Post a Comment

 
Web Statistics