မိန်းမတို့၏ လုပ်စာကို စားသောက်နေရသော လင်တို့၏ အပြုအမူသည် မိန်းမကို မှီခိုနေရသည့် သဘောသို့ ရောက်၍ မိန်းမ၏ ထဘီအနားကို ခို၍နေသည်ဟု ရှုတ်ချကာ တင်စား၍ ဆိုကြသည်။
ထိုစကားမှာ "မောင်မောင်ဆိုလေ ထီးရိုးရှည်" ဟူသောစကားမှ စတင်သည်။ အသည်သားတစ်ဦးအား မင်းမှုတော်ထမ်း ထီးတော်မိုးအဖြစ် မြှောက်စား၍ လူအများက မင်းညီမင်းသားအနွယ်ကဲ့သို့ မောင်မောင်ဟု အမည်ဦးတပ်ကာ ခေါ်လေရာ၊ မောင်မောင်ဟု အခေါ်ခံရတိုင်း စိတ်နေမြင့်၍ သူကိုင်ဆောင်သော ထီးကို ထီးရိုးတစ်လက်မစီမြှင့်၍ ကိုင်လေသဖြင့် ထီးရိုးရှည်၍ ရှည်၍သာ တက်လာသည်ကို စွဲလျက် "မောင်မောင်ဆိုလေ ထီးရိုးရှည်" ဟု ဆိုကြသည်။ ထိုသဘောကို စွဲမှီ၍ မလိုလားလေ ပိုပြီး ကဲလွန်းလေ... စသည်အားဖြင့် ဆန့်ကျင်တော်လှန်၍ ကဲလွန်ပြုမူသည်ကို အဓိပ္ပါယ်ယူကာ တင်စားသုံးနှုန်းနေကြသည်။ "ကြောက်တယ်ဆိုလေ၊ ကြောင်ကလေးနှင့် တို့လေ" "ဆိုလေကဲလေ မန်းလေပြဲလေ" ဟူသော စကားပုံနည်းတူ အဓိပ္ပါယ်ပြောင်းလာသည်။
ရာဇ၀တ်မှုကို ကျူးလွန်လျှင် အပြစ်ရပြီး ထောင်ထဲသို့ ရောက်တတ်သည်ဖြစ်ရာ၊ ရာဇ၀တ်မှုတစ်ခုခု၊ သို့မဟုတ် ထောင်ကျလောက်ဖွယ်ရှိသော ပြစ်မှုတစ်ခုခုကို ကျူးလွန်မိအံ့ဆဲဆဲ ရှိခြင်းကိုသော်လည်းကောင်း၊ ထောင်မကျသေးသော်လည်း ထောင်ကျရမည့်အပြစ်ကို တိတ်တဆိတ် ကျူးလွန်ခဲ့မိခြင်းကို သော်လည်းကောင်း၊ ရာဇ၀တ်သင့်စေနိုင်သည့် အလုပ်တစ်ခုခုကို ရည်ရွယ်ဟန် ပြင်ထားလျှင်သော်လည်းကောင်း တင်စား၍ ဆိုကြသည်။
ရှေးအခါက လက်အောက်ခံ၊ ကျေးကျွန်၊ အစေအပါး စသည်တို့သည် အရှင်သခင်အား ရိုသေလေးမြတ်သော အမူအယာကို ပြသောအားဖြင့် ဒူးထောက်တုံ့ဝပ်၍ ခစားခိုဝင်ကြရသည်ဖြစ်ရာ လူတစ်ဦးတစ်ယောက်အား အလျှော့ပေးအညံ့ခံ၍ သခင်အဖြစ် သို့မဟုတ် မိမိထက် သာလွန်သူအဖြစ် အမှန်ပြုရသည့်အခါတွင် တင်စား၍ သုံးသည်။
သူတစ်ပါး၏ ကြွေးကို ချေးငှားပြီးနောက် မဆပ်မပေးနိုင်သောအခါ ဥပဒေအကာအကွယ်ယူလျက် လူသိနတ်ကြားအားဖြင့် လူမွဲဖြစ်ကြောင်း ၀န်ခံကြေညာလေသည်။ ထိုသို့ ကြေညာချက်အရ လူမွဲကဲ့သို့ နေထိုင်ရပြီး တန်ဖိုးကြီးသော ပစ္စည်းများမှအစ အိမ်ယာမြေတို့ကို ပိုင်ဆိုင်ခြင်း မရှိတော့ချေ။ ပိုင်ဆိုင်ခဲ့လျှင် ကြွေးရှင်က သိမ်းယူခွင့် ရှိလေသည်။ ထိုသို့ လူမွဲစာခံယူသူသည် ကြွေးပေးဆပ်နိုင်ခြင်း မရှိ၍ ကြွေးဆပ်ခွင့် ကင်းသော်လည်း သာမန်ပြည်သူတို့ ရသင့်ရထိုက်သော အာမခံပေးခွင့်၊ အရွေးခံခွင့် စသည့် အခွင့်အရေးများမှ ငြင်းပယ်ခြင်း ခံရလေသည်။ ထိုသို့ လူမွဲစာခံခြင်းကို ဟိန္ဒီဘာသာအားဖြင့် ဒေ၀ါလီခံသည် ဆိုသည်။
မြင်းပွဲတွင် ပြိုင်မြင်းနှစ်ကောင်စလုံး တညီတည်း တပြိုင်တည်း အတူပန်းဝင်သည့်ပွဲကို အင်္ဂလိပ်ဘာသာဖြင့် (Dead Heat) အသံထွက်နီးစပ်ရာအားဖြင့် ဒက်ထိ ဟု ခေါ်သည်။ ထိုသို့ နှစ်ကောင်ကိုက်ညီခြင်းကို တင်စား၍ စာမေးပွဲမေးခွန်းနှင့် ကျက်ထားသော စာပိုဒ်တို့ အံကိုက်ကျခြင်း၊ မီးရထားနှစ်စင်း တစ်ချိန်တည်း အရောက်တူခြင်း စသည်တို့ကိုပါ ဒက်ထိတိုးသည်၊ ဒက်ထိရောက်သည် ဆိုကြသည်။ မြန်မာစကားဟုပင် အချို့မှတ်ထင်ကြသည်။
ပြေးပွဲများတွင် စ၍ တာထွက်ရာအစကို ဒုံဟု ခေါ်၍ ပန်းဝင်ရာ တာအဆုံးကို ပန်းတိုင်ဟု ခေါ်လေသည်။ ထို့ကြောင့် အရင်းအစသို့ ပြန်ရောက်ခြင်းကို ဒုံရင်းဆိုက်သည်။ ဒုံရင်းကျသည်ဟု တင်စား၍ ဆိုသည်။
ရုန်းကန်ထောင်ကြွခြင်းမရှိ၊ သေ၀ပ်ပိရိသော အခေါက်အချိုးသည် ဒေါင့်ကျိုးအောင် ဖိခေါက်ထားသော အရာများသာ ဖြစ်လေသည်။ ဒေါင့်မကျိုးလျှင် ရုန်းကန်ဆန့်ထွက်တတ်လေသည်။ ထိုသဘောကိုစွဲ၍ မဖီမဆန် သေ၀ပ် ကျိုးနွံပိရိသော အဓိပ္ပါယ်မှာ အသားသေသည်၊ စည်းကမ်းသေ၀ပ်သည်၊ စနစ်အခြေကျသည်ဟူ၍ပင် ဖြစ်၏။
ဥဒေါင်းငှက်များသည် ကြက်များ အစာကောက်သကဲ့သို့ ဆက်ကာ ဆက်ကာ လည်ငေါက်၍ ဟိုဟိုသည်သည် နှုတ်သီးတောက်လေ့ ရှိလေသည်။ ထိုနည်းပမာကို တင်စား၍ နေရာအနှံ့အပြား လှည့်ကာပြန်ကာ မနားမနေ ရှာဖွေခြင်းကို ဒေါင်းတောက်အောင်ရှာသည်၊ ရှာ၍ ဒေါင်းတောက်သည် ဟူ၍ သုံးစွဲကြလေသည်။
No comments:
Post a Comment