ပြီးခဲ့တဲ့တလောက အမေရိကန်လူငယ်တွေအကြားမှာ အထူးရေပန်းစားခဲ့တဲ့ ပစ္စည်းတစ်ခုကို Apple Computer ကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်။ စာအုပ်ကလေးတစ်အုပ် အရွယ်အစားသာရှိတဲ့ iPad လို့ခေါ်တဲ့ ကွန်ပျူတာငယ်လေးတစ်ခုပေါ့။ အဲဒီကွန်ပျူတာလေးဟာ ကမ္ဘာပေါ်က လက်ကိုင်ကွန်ပျူတာ သုံးစွဲသူတွေအကြားမှာ ကြီးမားတဲ့ ဂယက်တစ်ခု ဖြစ်ပေါ်စေတော့မယ့် ပစ္စည်းဆိုရင်လည်း မမှားပါဘူး။ စာအုပ်ကလေးတစ်အုပ် အရွယ်သာရှိတဲ့ အဲဒီ iPad ဟာ ကမ္ဘာပေါ်က လက်ကိုင်ကွန်ပျူတာ ထုတ်လုပ်သုံးစွဲသူတွေကို လမ်းကြောင်းအသစ် တစ်ခုပေါ်ကို တင်ပေးလိုက်တာ ဖြစ်တဲ့အတွက် Laptop/Notebook ကွန်ပျူတာများရဲ့ အနာဂတ်ကို မေးခွန်းထုတ်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီ iPad ကွန်ပျူတာတွေကို အမေရိကန်ပြည်ထောင်စုမှာ စရောင်းတော့မယ် ဆိုတဲ့နေ့မတိုင်ခင်မှာ အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ Apple Store တွေမှာ ညအိပ်စောင့်ပြီး အဲဒီ iPad ကို ၀ယ်ယူဖို့ ကြိုးစားတဲ့အထိ ရူးသွပ်သူများစွာကို တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ စာရေးသူရဲ့ သူငယ်ချင်းလည်း ပါဝင်ပါတယ်။
စာရေးသူရဲ့ သူငယ်ချင်းဟာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်သူဖြစ်လို့ အဲဒီမြို့စွန်မှာရှိတဲ့ Apple Store တစ်ခုရှေ့မှာ ညအိပ်ပြီး iPad ကွန်ပျူတာကို ၀ယ်ယူဖို့ စောင့်ဆိုင်းဝယ်ယူခဲ့ရပါတယ်။ သူ့လိုပဲ အဲဒီလို တန်းစီနေသူ လူငယ်များစွာနဲ့အတူ တစ်ညလုံး အချိန်ဖြုန်းပြီး နောက်တစ်နေ့နံနက် ၉ နာရီမှာတော့ သူ့လက်ထဲကို အဲဒီ iPad အသစ်စက်စက်တစ်လုံး ရောက်လာပါတယ်။
သူငယ်ချင်းဖြစ်သူဟာ အဲဒီ iPad ကို ရလျှင်ရချင်း အိမ်ကိုပြန်ပြီး အဲဒီပစ္စည်းကို တစ်စစီဖြုတ်ကာ အဲဒီထဲမှာ ပါဝင်တဲ့ Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီအမည်များကို မှတ်သားကာ အဲဒီကုမ္ပဏီများရဲ့ စတော့ရှယ်ယာများကို တစ်နေကုန်ထိုင်ပြီး ဖြန့်ခွဲဝယ်ယူပါတော့တယ်။ (Apple ကွန်ပျူတာကုမ္ပဏီဟာ Chipset အားလုံးကို သူကိုယ်တိုင် မထုတ်လုပ်ပါဘူး။) အခုဆိုရင် စာရေးသူရဲ့ သူငယ်ချင်း iPad တန်းစီဝယ်ယူရခြင်းရဲ့ အကြောင်းရင်းကို စာဖတ်သူ ရိပ်စားမိနိုင်ပါပြီ။ တဲ့တိုးနည်းလမ်းဖြစ်တဲ့ Apple Computer များရဲ့ စတော့ရှယ်ယာကို ၀ယ်မယ်ဆိုရင် လူတိုင်းစဉ်းစားနိုင်တဲ့ နည်းလမ်းဖြစ်လို့ အမြတ်ရနိုင်ခြေလည်း ပါးပါးလေးပဲ ရှိပါတော့မယ်။
ဆွန်ဇူရဲ့ မဟာဗျူဟာနဲ့ပြောရရင် စာရေးသူရဲ့ သူငယ်ချင်းဟာ တောင်ကုန်းကို သိမ်းသူမဟုတ်ဘဲ တောင်ကုန်းပတ်လည်ကို သိမ်းသူဖြစ်ပါတယ်။ မဟာဗျူဟာမြောက် မစဉ်းစားနိုင်သူများအတွက် သူငယ်ချင်းဖြစ်သူဟာ ဒေါ်လာ ၅၀၀ လောက် တန်တဲ့ပစ္စည်းကို တစ်စစီဖြုတ်ပြီး ဖျက်ဆီးသူ ဖြစ်ပါတယ်။ သူနဲ့အတူတကွ တန်းစီသူ အများစုအနေနဲ့ကတော့ သူငယ်ချင်းဖြစ်သူဟာ iPad ကွန်ပျူတာကို တစ်ရက် သူများထက် စော,သုံးရဖို့ တစ်ညတာ ဒုက္ခခံရူးသွပ်သူ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ လူအများစုဟာ အဲဒီ iPad ကွန်ပျူတာကို တစစီဖြုတ်ပြီး စတော့ရှယ်ယာဝယ်ယူဖို့ သုံးသပ်ရာမှာ သုံးစွဲတယ်ဆိုတာ မသိကြဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။
No comments:
Post a Comment