Sunday, September 05, 2010

အမည်သညာဆိုသည်က - ဇော်ငြိမ်း


nameismyanmarthway.png

အရှေ့အလယ်ပိုင်းပြဿနာ ဟူသောစကားကို ငယ်စဉ်ကတည်းက ကျွန်တော်တို့ ကြားရသည်။ သတင်းစာလေးဘာလေး ဖတ်တတ်တော့ အရှေ့အလယ်ပိုင်းပြဿနာဆိုသည်မှာ အာရပ်-အစ္စရေး ပဋိပက္ခ သို့မဟုတ် အစ္စရေး-ပါလက်စတိုင်း အရေးကိစ္စ ဆိုတာပဲလို့ သဘောပေါက်သည်။

သို့သော် ဘာကြောင့် အရှေ့အလယ်ပိုင်းလဲ။

ကမ္ဘာ့မြေပုံကြည့်တော့ အစ္စရေးဆိုတာ အာရှတိုက်၏ အနောက်ဖျားပဲ၊ ပါလက်စတိုင်းက သူနှင့်တစ်တွဲတည်း။ အာရပ်တွေဆိုတာလည်း သူ့အနီးအနားက။ အဓိကအားဖြင့် အာရှအနောက် သို့မဟုတ် အနောက်တောင်ဖျားမှာ ရှိကြတာတွေ။ အာရပ်ထဲမှာ အီဂျစ်ပြည်တစ်ခုသာ အာဖရိက အရှေ့မြောက်ဖျားမှာ ရှိနေသည်။ သို့သော် ကျွန်တော်တို့နေရာက ကြည့်လျှင်တော့ အနောက်ပိုင်းတွေချည်းပဲ။ သူတို့နောက်မှာ အာဖရိကနှင့် ဥရောပရှိသေးတော့ ခေါ်ခြင်းခေါ်လျှင် အနောက်အလယ်ပိုင်းလို့ပင် ခေါ်ရလိမ့်မည်။

သို့သော် ကမ္ဘာက အရှေ့အလယ်ပိုင်းဆိုတော့ ကျွန်တော်တို့လည်း အနောက်ဘက်လှည့်ကြည့်ရင်းက ရောယောင်ကာ အရှေ့အလယ်ပိုင်းတဲ့။

ကမ္ဘာမှာ တွင်နေပြီဆိုတော့ ဘာတတ်နိုင်မည်လဲ၊ ကိုယ်လည်း သူတို့အတိုင်း လိုက်ခေါ်ပေါ့။


သည်နေရာကို ဘယ်သူက အရှေ့အလယ်ပိုင်း စခေါ်သလဲ လိုက်ကြည့်တော့ ဥရောပသားတွေ။

သူတို့ကျတော့ အရှေ့ဘက်ကို လှမ်းကြည့်လိုက်လျှင် ဟိုအဝေးမှာ ဂျပန်၊ တရုတ်၊ အိန္ဒိယ။ သည်ဘက်နီးလာတော့ ပါကစ္စတန်၊ အာဖဂန်၊ အီရန်၊ အီရတ်၊ ဆီးရီးယား၊ အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ အာရေဗျ။

သည်တော့ သူတို့က ဟိုအဝေးက တရုတ်၊ ဂျပန်၊ ကိုရီးယားကို ဝေးသောအရှေ့ (Far East) (အရှေ့ဖျား)၊ သည်ဘက်ဖျားက ဟာတွေကျတော့ နီးသောအရှေ့ (Near East) (အရှေ့အနီးပိုင်း) အဲသလို ခေါ်သည်။

နောက်ကျတော့ စစ်ရေး၊ နိုင်ငံရေး၊ကုန်သွယ်ရေး၊ ပထ၀ီရေးဆိုင်ရာ စဉ်းစားပုံ စဉ်းစားနည်း အမျိုးမျိုးကို အကြောင်းပြုကာ အရှေ့အနီးပိုင်းလို့ ခေါ်နေကြသည့် အပိုင်းများကိုပဲ အရှေ့အလယ်ပိုင်းဟု ပြောင်းလဲခေါ်ဝေါ် လာခဲ့ကြသည်။ ၂၀ ရာစု အစပိုင်းလောက်က စတင်ကာ ပါရှင်ပင်လယ်ကွေ့ကို ဗဟိုပြုလျက် ၎င်း၏ အနီးဝန်းကျင် တစ်ဝိုက်ကိုပဲ အရှေ့အလယ်ပိုင်းဟု အဓိက ခေါ်ဝေါ်လာကြပြီး၊ နောက်တော့ အဲသည်နားမှာပင်ရှိပြီး တောက်လျှောက် ပဋိပက္ခဖြစ်နေသည့် အာရပ်-အစ္စရေး ဒေသက သည်နာမည်ကို အပိုင်ရသွားခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အရှေ့အလယ်ပိုင်းဟု ပြောလျှင် ဘယ်မှ လှမ်းကြည့်မနေနနှင့်၊ အဲဒါ အာရပ်-အစ္စရေး ဒေသပဲဟု တစ်ကမ္ဘာလုံး နားလည်သွားကြပြီ။


သည်လိုပဲ။
တစ်ခါတလေ ကိုယ့်နာမည်ကို သူများက ပေးသွားပြီး၊ တွင်သွားသဖြင့် ကိုယ်တိုင်လိုက်သုံးနေရတာတွေလည်း ရှိသည်။

ဥပမာ - အာရှ၊ ဥရောပ ဆိုပါစို့။

ယခုအခါ အာရှဖြစ်နေသည့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အာရေဗျ၊ အဲ မြန်မာလည်း ပါသည်ပေါ့။ အဲသည် ကျွန်တော်တို့တွေက ကျုပ်တို့ဒေသကို အာရှလို့ခေါ်ပါ။ ကျုပ်တို့အားလုံးကို စုပေါင်းပြီးတော့လည်း အာရှသားတွေလို့ ခေါ်ပါဆိုတာမျိုး ပြောခဲ့သည်မဟုတ်။

ဥရောပသားတွေလည်း ထိုနည်း၎င်းပင်။

အဲသည် အာရှဥရောပတွေကို အမည်ပေးသွားတာက ယခု အရှေ့အလယ်ပိုင်းဆိုပြီး အခေါ်ခံနေရသည့် အရပ်ကပဲ ဖြစ်သည့် အဆီးရီးယား (Assyria) ဒေသသားတွေ ဖြစ်သည်။ မက်ဆိုပိုတေးမီးယားဒေသ တိုက်ဂရစ်မြစ်မြောက်ပိုင်း ယနေ့အီရတ်နယ်မြေထဲမှာ ရှေးတုန်းက အဆီးရီးယားဆိုသော အင်ပိုင်ယာနိုင်ငံတစ်ခု ရှိခဲ့သည်။

အဲသည် အဆီးရီးယားသားတွေက သူတို့နေရာက အရှေ့ဘက်လှမ်းကြည့်ပြီး အဲသည်အရပ်ကို နေထွက်ရာအရပ်ဟု သတ်မှတ်ခေါ်ဝေါ်လိုက်သည်။ သူတို့အခေါ် အသုံးအနှုန်းကို အင်္ဂလိပ်စကားနှင့် ဖလှယ်တော့ Asia ဟူ၍ ဖြစ်လာသည်။ အဲသည်ဘက်က လာသူတွေကို အာရှသားတွေ၊ အဲသည်တိုင်းပြည်တွေကို အာရှတိုင်းပြည်တွေ။ သည်လို သူတို့ သတ်မှတ်ကြသည်။

သည်လိုပဲ သူတို့နေရာက အနောက်ဘက်ကို လှမ်းကြည့်ပြီး အဲသည်အရပ်ကတော့ နေ၀င်တဲ့အရပ်ဟု အမည်ပေးကြပြန်သည်။ သူတို့အသုံးအနှုန်းကို အင်္ဂလိပ်လို ဖလှယ်တော့ Europe ဆိုပြီး ဖြစ်လာသည်။

အကြောင်းအားလျော်စွာ အဆီးရီးယန်းတို့ အင်ပိုင်ယာတွေက အတော်ကြာအောင် ခေတ်ကောင်းခဲ့ပြီး သူတို့စကား၊ သူတို့ဓလေ့တွေလည်း အဲသည်တစ်ခွင်မှာ ပြန့်ပွားခဲ့တော့ သူတို့အသုံးအနှုန်းတွေ ရေရှည်တည်နေကာ အာရှသား၊ ဥရောပသားတွေလည်း သူတို့ပေးခဲ့သည့် နာမည်တွေကိုပဲ ကိုယ့်နာမည်လုပ်၍ ဆက်သုံးကြရခြင်း ဖြစ်သည်။


လူတွေဆိုတာက ကိုယ့်ကိုယ်ကိုယ် ဗဟိုပြု စဉ်းစားတတ်သူများဖြစ်ရာ အရပ်ဒေသတွေနှင့် ပတ်သက်လျှင်လည်း ကိုယ့်ဒေသကို အလယ်ဗဟိုထား စဉ်းစားလေ့ရှိကြသည်။

ဟိုအရပ်တွေက ကိုယ့်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ဒေသများ။

ပြီးတော့ နေထွက်တဲ့အရပ်၊ နေ၀င်တဲ့ အရပ်။

သို့သော် ဂျပန်တို့လို သမုဒ္ဒရာကမ်းစပ်မှာ နေကြသူတွေကျတော့ အရှေ့ဘက်မှာ သမုဒ္ဒရာပြင်ကျယ်သာ ရှိသည်၊ ဘာကုန်းမြေမှ မရှိ၊ ဘယ်တိုင်းပြည်မှမရှိ၊ အဲသည်တော့ နေထွက်သည့်အခါ သူတို့က ရှေ့ဆုံး။ နေက သူတို့ဆီက အရင်ထွက်တာ။ နေရောင်ခြည်ဆိုတာ သူတို့ဆီ အရင်ဖြာကျပြီးမှ နောက်ဘက်က တိုင်းပြည်တွေဆီ ရောက်တာ။ အဲသည်လို မြင်ကြသည်။ ဒါကြောင့်လည်း ဂျပန်တွေက သူတို့ကိုယ်သူတို့ နေထွက်နိုင်ငံ၊ နေထွက်ရာအရပ် (Land of the Rising Sun)ဟု ဂုဏ်ယူပြောဆိုကြခြင်း ဖြစ်သည်။

တကယ်ဆိုတော့ မိမိဝင်ရိုးပေါ်မှာ မိမိလည်နေပြီး အဲသည်လို လည်ရင်းကပဲ နေကို လှည့်ပတ်နေပါသည်ဆိုသည့် လုံးချာပတ်ချာလည်နေသော ကမ္ဘာကြီးမှာ ဘယ်သူက အရင်နေထွက်၍ ဘယ်သူက နောက်မှ နေထွက်သည်ဟု ပြောနေကြတာ အတော်ဂွကျသော ကိစ္စဖြစ်သည်။

သို့သော် ပထ၀ီသမားကတော့ ခင်ဗျားနားမလည်ဘဲ လျှောက်ပြောမနေနှင့်ဟု ငေါက်လိမ့်မည်ထင်သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သတ်မှတ်ချက်တွေ မရှိဘဲ ကမ္ဘာမှာ အလုပ်လုပ်လို့ မရဘူး။ အဲဒီတော့ နေထွက်ရာအရပ်သည် အရှေ့ဆိုတာလည်း လက်ခံရလိမ့်မယ်။ သည်တစ်နေ့တာအဖို့ ဘယ်သူ့ဆီက စပြီး နေထွက်လာတာ ပြောလျှင်လည်း အဲဒါ ပထ၀ီကိစ္စ၊ မငြင်းနှင့်ဟု ဆိုလိမ့်မည်။

သူတို့က အပြည်ပြည်ဆိုင်ရာ နေ့စွဲမျဉ်း (international date line) ဆိုတာကို သတ်မှတ်ပြီး၊ အဲသည် နေရာကနေ၍ တစ်နေ့တာ အစပြုသည်ဟု မှတ်ယူထားရာ၊ အဲသည်မျဉ်းကြောင်းနောက်နား ကပ်လျက်ရှိသည့် အရပ်သည် နေစထွက်သည့်အရပ်ဟု ဆက်ပြီး လက်ခံရမည့်သဘော ဖြစ်သည်။

အဲသည် နေ့စွဲမျဉ်းကြောင်းက လောင်ဂျီတွတ် ၁၈၀ မျဉ်းကြောင်းကို အခြေခံယူထားခြင်း ဖြစ်သည်။ (သို့သော် ပထ၀ီသမား သဘောတူလျှင် နည်းနည်းတော့ လိုတိုးပိုလျှော့ လုပ်၍ရသည်။)

သည်မျဉ်းကြောင်းသည် ပစိဖိတ်သမုဒ္ဒရာ အလယ်လောက်က ဖြတ်သွားခြင်းဖြစ်ရာ ဂျပန်တို့နှင့် အတော်ဝေးသေးသည်။ သူနှင့်စာလျှင် နယူးဇီလန်က အများကြီး ရှေ့ရောက်သည်။ နေ့စွဲမျဉ်းနှင့် အတော်ကြီး နီးနေပြီ။

သို့သော် နယူးဇီလန်ရှေ့မှာပင် ပစိတ်ဖိတ်ကျွန်းတချို့ ရှိနေသေးသည်။

ဥပမာ ကီရီဘာတီ (Kiribati) ကျွန်းစုနိုင်ငံ။

သူက နေ့စွဲမျဉ်းကို ခွထားသည့် ကျွန်းစု။ အဲသည်တော့ ပထ၀ီလို တိတိကျကျတွက်လျှင် မျဉ်းအရှေ့ဘက်ခြမ်း ကျွန်းတွေက အနောက်ဘက်ခြမ်း ကျွန်းတွေထက် အလကားနေရင်း တစ်ရက်စောနေသည်။ သည်ဘက်ခြမ်းမှာ ခုမှ ဒီကနေ့ ရောက်သည်။ ဟိုမှာ မနေ့က ဖြစ်နေပြီ။ အဲသည်လို။ အဲဒါကြောင့် တစ်တိုင်းပြည်တည်း နေ့စွဲနှစ်မျိုး ဖြစ်နေသဖြင့် နေ့စွဲမျဉ်းကို သူတို့ကျွန်းစု၏ အရှေ့ဖျားအစပ်သို့ ရွှေ့ပေးဖို့တောင်းဆိုရာ အများက အသိအမှတ် ပြုပေးလိုက်သည်။

ယခုတော့ သူတို့ကျွန်းစုတစ်ခုလုံးသည် နေ့စွဲမျဉ်းနှင့် ထိပ်တိုက်ဖြစ်ကာ တစ်နေ့တာကို ကြိုဆိုသည့် အစောဆုံးနေရာ ဖြစ်နေပြီး၊ ဒါကို အကြောင်းပြုကာ သူတို့နိုင်ငံသည် နေထွက်နိုင်ငံဟု ဆိုနေကြပြီ။

သို့သော် သူတို့က တစ်ရက်မှာတစ်ကြိမ် နေထွက်သည့်အခါ အရင်ဆုံး အဦးဆုံး ဖြစ်သည်ပဲ ထားပါတော့။ တစ်နှစ်မှာ ၆ လ နေမ၀င်ဘဲ တောက်လျှောက်နေထွက်နေသည့် အန္တာတိကကျတော့ ဘယ်လိုပြောမည်လဲ။ ကီရီဘာတီက "ဟေ့ နေထွက်ပြီကွ၊ တို့ဆီက အရင်ဆုံး" လို့ အော်သည့်အခါ အန္တာတိကမှာနေသူက "ဟေ့ကောင်ရ၊ နေထွက်တာ လနဲ့ချီနေပြီ၊ မင်းက အခုမှ အိပ်ရာကနိုးလာပြီး ကယောင်ကတမ်း လျှောက်ပြောမနေနဲ့" ဟူ၍ ဆိုလိမ့်မည်။

သို့သော် ကီရီဘာတီသားကလည်း ပြန်ငြင်းနိုင်သည်။ "ကျုပ်ပြိုင်တဲ့အထဲမှာ ခင်ဗျားမပါဘူး။ တစ်ရက်တစ်ကြိမ် နေထွက်တဲ့ တိုင်းပြည်ချင်း ပြိုင်နေတာ။ ခင်ဗျားက ဘယ်အချိန် နေ၀င်လို့ ဘယ်အချိန် နေထွက်မှန်း သိတဲ့အရပ်မှ မဟုတ်တာ" ဟူ၍ ဆိုလိမ့်မည်။

တစ်ခုတော့ ပြောရဦးမည်။

ကီရီဘာတီဆိုတာ ပစိဖိတ်သမုဒ္ဒရာသားတွေက သူတို့နေသည့် ကျွန်းစုနိုင်ငံကို ခေါ်သောအမည် ဖြစ်သည်။

သို့သော် သူတို့ပေးထားသော အမည်မဟုတ်။ ဂစ်လဘတ် (Thomas Gilbert) ဆိုသော အင်္ဂလိပ် သင်္ဘောကပ္ပတိန်တစ်ယောက်ကို အစွဲပြုပြီး ဂစ်လဘတ်ကျွန်းစု (Gilbert Islands) ဟု စတင်ခေါ်ဝေါ်ခဲ့တာ ဖြစ်သည်။ အဲသည် ဂစ်လဘတ်ကိုမှ ကျွန်းသားအဆက်ဆက်က သူတို့အသံနှင့် ခေါ်ဝေါ်ကြရင်း တဖြည်းဖြည်း ပြောင်းလဲကာ ယခုကျတော့မှ ကီရီဘာတီ ဖြစ်လာသည် ဟူ၏။

No comments:

Post a Comment

 
Web Statistics