Saturday, September 25, 2010

ပန်းတိုင်းပွင့်ပါစေ - လူထုစိန်ဝင်း


useinwin.jpg

ညီညွတ်ရေးဆိုတဲ့ စကားကို မြန်မာလူမျိုးက သိပ်အလေးထားကြတယ်။ လူကြီးသူမများနဲ့ စကားပြောတဲ့အခါတိုင်း ညီညီညွတ်ညွတ် နေထိုင်ကြဖို့ပဲ ဆုံးမလေ့ရှိတယ်။ စာတွေဖတ်တဲ့အခါတိုင်းလည်း ညီညွတ်ရေးကိုပဲ ဦးစားပေး ရေးကြသားကြတာ တွေ့ရတယ်။

ကရုဏာဒေါသောနဲ့
တစ်ခါတလေ မချင့်မရဲနဲ့ အားမလိုအားမရဖြစ်ပြီး ပြစ်တင်ကဲ့ရဲ့ ပြောဆိုလေ့ရှိတယ်။ မြန်မာတွေ မညီညွတ်လို့ သူတစ်ပါးလက်အောက် ရောက်ခဲ့ရတာလည်း သင်ခန်းစာ မယူကြဘူး။ ခုထိ မညီညွတ်ကြဘူးဆိုပြီး စိတ်ပျက်လက်ပျက် ပြောတာတွေလည်း မကြာခဏ ကြားရတယ်။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အတွက် မချင့်မရဲပြောတာ၊ တိုင်းပြည်တိုးတက်စေချင်လွန်းလို့ ကရုဏာဒေါသော ပြောလိုက်တာမှန်း သိသာပါတယ်။ စေတနာကလည်း လေးစားစရာ ကောင်းပါတယ်။ ဒါပေမယ့် နောင်လာနောက်သား လူငယ်တွေ တစ်လွဲအဓိပ္ပါယ်ကောက်ပြီး လုပ်ရပ်တွေ လွဲမှားကုန်မှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဝါဒဖြန့်ချက်တွေ
ပထမအချက် အဓိပ္ပါယ်ကောက် လွဲမှားနိုင်တာက "မြန်မာတွေ မညီညွတ်လို့ သူတစ်ပါးလက်အောက် ရောက်ရတယ်" ဆိုတဲ့စကား ဖြစ်ပါတယ်။ ဒီစကားက အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးစ အချိန်ကစပြီး အင်္ဂလိပ်နယ်ချဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်ချိရေးသမားတွေ၊ သူလျှိုတွေနဲ့ အင်္ဂလိပ်လက်ပါးစေ မြန်မာမျိုးဖျက်တွေ တွင်တွင်ထုတ်လွှင့်ခဲ့တဲ့ စကားတွေဖြစ်တယ်။ သူတို့ရဲ့ မတရားနယ်ချဲ့ ကျူးကျော်မှုကို ဖုံးကွယ်ဖို့အတွက် ဆင်သေကို ဆိတ်ရေနဲ့ ဖုံးတာဖြစ်တယ်။ မန္တလေးရွှေမြို့တော်ကို သိမ်းပိုက်တော့လည်း မင်းညီမင်းသားတွေကို သတ်ဖြတ်တဲ့ မင်းဆိုးမင်းညစ်လက်က မြန်မာတွေကို ကယ်တင်ရသလိုလို ၀ါဒဖြန့်ခဲ့ကြတယ်။ ကင်းဝန်နဲ့ အပေါင်းပါတွေက ၀ိုင်းဝန်း ကူညီခဲ့ကြတယ်။

ရွှေစလွယ်ရမင်းတဲ့
တကယ်တော့ မင်းညီမင်းသားတွေ သတ်တဲ့ကိစ္စ၊ အင်္ဂလိပ်တွေ သစ်ခိုးတာ ဖမ်းတဲ့ကိစ္စ စတဲ့အကြောင်းပြချက်တွေက ဆင်ခြေဆင်လက်တွေသာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် နယ်ချဲ့စနစ်ရဲ့ သဘာဝအရ အနှေးနဲ့အမြန် တစ်နိုင်ငံလုံးကို သိမ်းဖြစ်အောင် သိမ်းပိုက်မှာ ဖြစ်ပါတယ်။ မတရားကျူးကျော် သိမ်းပိုက်တာကို ဖုံးကွယ်ဖို့အတွက် နယ်ချဲ့သမားရဲ့ ၀ါဒဖြန့်မှိုင်းလုံးတွေကို မသိနားမလည်တဲ့ သူတချို့က အဲဒီခေတ် အဲဒီအခါကတည်းက အင်္ဂလိပ်ကို ကယ်တင်ရှင်များအဖြစ် ယုံမှတ်ပြီး အင်္ဂလိပ်ခြေထောက်ကို ဖက်ခဲ့ကြတယ်။ စစ်ကဲတော်ကြီးတို့၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM) တို့၊ အမှုထမ်းကောင်းမင်း (ATM) တို့ ဆိုတဲ့ ရာထူးရာခံကြီးတွေကို ဂုဏ်ယူဝင့်ကြွားခဲ့ကြတယ်။

အင်္ဂလိပ်ကို ကျေးဇူးတင်ရမယ်တဲ့
သခင်ကိုယ်တော်မှိုင်း၊ သခင်နု၊ သခင်ဗဟိန်း၊ သခင်စိုး၊ သခင်သန်းထွန်း တို့တစ်တွေရဲ့ တို့ဗမာအစည်းအရုံးကြီးက နယ်ချဲ့ဆန့်ကျင်ရေးနဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် နည်းမျိုးစုံသုံးပြီး ဆောင်ရွက်နေကြချိန်မှာတောင် မြန်မာနိုင်ငံကို ပဒေသရာဇ်စနစ်အောက်က လွတ်မြောက်အောင် လုပ်ပေးပြီး လွတ်လပ်တဲ့ အရင်းရှင် စီးပွားရေးစနစ်နဲ့ မိတ်ဆက်ပေးတဲ့အတွက် အင်္ဂလိပ်တွေကို ကျေးဇူးတင်ရမယ်လို့ ပြောဟောသူတွေက ပြောဟောနေကြသေးတယ်။ နောက်ဆုံး လွပ်လပ်ရေးရတဲ့အချိန်မှာတောင် ဓနသဟာယ အဖွဲ့ကြီးထဲ နေပြီး အင်္ဂလိပ်ဘုရင်ကို နိုင်ငံအကြီးအကဲအဖြစ် ဦးထိပ်တင်မထားဘဲ လုံးဝလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ လုပ်ရမလားဆိုပြီး အပြစ်တင်ဝေဖန်သူတွေ အတော်များများ ရှိသေးတယ်။ ညီညွတ်ဖို့ပြောတာ ကောင်းပါတယ်။ ဒါပေမယ့် "မြန်မာတွေ မညီညွတ်လို့ ကျွန်ဖြစ်ရတာ" ဆိုတဲ့ ကောက်ချက်မှားကိုတော့ မပြောဖြစ်အောင် သတိထားသင့်ပါတယ်။ တရားခံကို ဖျောက်ပစ်လိုက်သလို ဖြစ်နေလို့ ပြောရတာပါ။

ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်
ဒုတိယအချက် ပြောချင်တာက ညီညွတ်ရေးဆိုတဲ့ စကားဟာ စကားလှပြီး နားဝင်ချိုပေမယ့် လက်တွေ့မှာတော့ လူတွေကို ၀န်ထုပ်ဝန်ပိုလို ဖြစ်စေတတ်ပါတယ်။ ညီညွတ်ရေး ထိခိုက်မှာစိုးလို့ဆိုပြီး ပြောသင့်ပြောထိုက်တာတွေကို မပြောရဲ မဆိုရဲ ဖြစ်သွားတတ်ပါတယ်။ အဲဒီကတစ်ဆင့် လူတောမတိုးရဲတဲ့ လူကြောက်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒီခေတ် လူအဖွဲ့အစည်း တစ်ရပ်လုံးက ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်နေကြတယ်။ လူတိုင်း လူတိုင်း မိမိတို့ရဲ့ ကိုယ်ပိုင်အယူအဆကို လွတ်လပ်စွာ ကိုင်စွဲပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေထဲက တစ်ခုဖြစ်တယ်။

ပန်းတိုင်းပွင့်ရမယ်
ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ရှိနိုင်တာဖြစ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်း လူတစ်ကိုယ် စိတ်တစ်မျိုးရှိကြတာ သဘာဝတရားမို့ အမြင်အယူအဆ သဘောထား မတူကွဲပြား ခြားနားကြတာ အဆန်းမဟုတ်ဘူး။ အမှားမဟုတ်ဘူး။ အပြစ်လည်း မဟုတ်ဘူး။ လူတစ်ဦးချင်းဆီက မတူကွဲပြားခြားနားတဲ့ အတွေးအမြင်တွေ ပေါ်ထွက်လာတာ ကောင်းတယ်။ ၀မ်းသာအားရ ကြိုဆိုရမယ်။ ပန်းတိုင်း ပွင့်စေရမယ်။ မတူကွဲပြားတဲ့ အတွေးအမြင် အယူအဆတွေ ပေါင်းစပ်ပြီး အားလုံးနှစ်သက် လက်ခံနိုင်တဲ့ တူညီမှုတစ်ခုကို စုပေါင်းရှာဖွေခြင်းဟာ ဒီမိုကရေစီကျင့်စဉ် ဖြစ်တယ်။

ယိမ်းသမားတွေ ဖြစ်ကုန်မယ်
ကိုယ်နဲ့မတူတိုင်း ရန်သူလို့ သတ်မှတ်ရင် ဘယ်သူမှ ပြောရဲဆိုရဲ ရှိမှာမဟုတ်တော့ဘူး။ လူတွေအားလုံးဟာ ရောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ ယိမ်းသမားတွေ ဖြစ်ကုန်ကြလိမ့်မယ်။ တစ်သွေး တစ်သံ တစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် ပေါ်ထွန်းလာမှာ သေချာတယ်။ အတွေးအမြင် အယူအဆတွေ မတူကွဲပြားကြတာနဲ့ အဖွဲ့အစည်း တစ်ရပ်၊ ပါတီတစ်ခု၊ နိုင်ငံတစ်နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတာ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်စဉ်ကို သဘောမပေါက်လို့သာ ကွဲကြပြဲကြ တိုက်ကြ ခိုက်ကြတာပါ။ ဂျပန်ပြည်က လစ်ဘရယ် ပါတီကြီးဆိုတာ အယူအဆ မတူတဲ့ ဂိုဏ်းဂဏတွေ တစ်ဒါဇင်လောက် တရားဝင်ရှိနေတဲ့ ပါတီကြီး ဖြစ်ပါတယ်။ ပါတီထဲမှာ အမြဲတမ်း ငြင်းခုန်နေကြတယ်။ ဒါပေမယ့် အယ်လ်ဒီပီ ပါတီဆိုတဲ့ အလံကိုတော့ အားလုံး ဦးညွတ်အလေးပြုကြတယ်။ စစ်ပြီးခေတ်က ဒီနေ့ထိ ဂျပန်မှာ အကြီးဆုံးပါတီကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်တယ်။

ပြိုင်ဘက်ဟာ ရန်သူမဟုတ်
အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ဟာ သမ္မတရွေးပွဲကာလက တစ်ဦးနဲ့တစ်ဦး သူနိုင်ကိုယ်နိုင် မီးကုန်ယမ်းကုန် ပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်တွဲလုပ်ကိုင်နေကြတာပဲ မဟုတ်လား။ ဒီမိုကရက်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ဆိုရင် ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ်ခန့်ခဲ့တဲ့ ရီပတ်ဘလစ်ကန် တစ်ယောက်ဖြစ်တယ်။ ပြိုင်ဘက်ပါတီကလူမို့ ရန်သူလို့ သဘောမထားပါဘူး။ ဒါ ဒီမိုကရေစီကျင့်စဉ်ပါပဲ။ လူတိုင်းဆီက မတူကွဲပြားခြားနားတဲ့ အတွေးအမြင် အယူအဆမျိုးစုံ ပေါ်ထွက်လာတာ ကောင်းတဲ့ကိစ္စ၊ ကြိုဆိုရမယ့်ကိစ္စပါ။ ညီညွတ်ရေးဆိုတဲ့ အစွဲကြီးနဲ့ တုပ်နှောင်မထားစေချင်ဘူး။ ဒါမှ ပန်းတိုင်းပွင့်နိုင်မှာ ဖြစ်ကြောင်းပါ။

No comments:

Post a Comment

 
Web Statistics