ကျန်းမာရေးကြောင့် အင်္ဂလိပ်စကားပြော သင်တန်းလေး ပိတ်လိုက်ရတဲ့ အချိန်ကစပြီး အထက်တန်း ကျောင်းသားအရွယ်တွေနဲ့ အဆက်ပြတ်သလောက် နီးပါး ဖြစ်သွားတယ်။ အဲဒါကြောင့် ၁၀ တန်းစာမေးပွဲ အောင်စာရင်း ထွက်တာတွေကို အာရုံသိပ်မစိုက်ဖြစ်တော့ဘူး။
အောင်ပြီး မပျော်နိုင်ကြသူတွေ
သင်တန်းလေးရှိစဉ်ကတော့ အောင်စာရင်းထွက်ပြီး သုံးလေးရက်နေတာနဲ့ အောင်တဲ့သူတွေ တစ်ပြုံတစ်မကြီး သင်တန်းတက်ဖို့ ရောက်လာလေ့ရှိတယ်။ တက္ကသိုလ်တက်ဖို့ အချိန်အတော်ကြာ စောင့်နေရခိုက်မှာ အချိန်ကို အလဟဿ မဖြစ်စေဖို့ သင်တန်းကို ရောက်လာကြတာ ဖြစ်တယ်။ ၁၀ တန်း အောင်လို့ ရောက်လာကြတာဆိုပေမယ့် အားလုံးဟာ ပျော်ရွှင်မြူးထူးနေကြတာတော့ မဟုတ်ဘူး။ မျှော်မှန်းထားသလို "ဒီ" တွေ များများ ပါမလာတဲ့အတွက် မျက်နှာ သိပ်မကောင်းသူတွေလည်း ရှိတယ်။ တချို့က ဆေးဝင်ခွင့် မရတော့တဲ့အတွက် ဘ၀ပျက်သလောက်နီးပါး စိတ်ဓာတ်ကျနေတတ်ကြတယ်။ သူတို့လေးတွေကို နှစ်သိမ့်အားပေးပြီး ရှေ့ဆက်ရမယ့် ပညာရေးခရီးအတွက် အကြံပေးလမ်းညွှန် လုပ်ရတယ်။
ဟန်ဆောင်မလိမ်ညာတတ်သေးဘူး
သင်တန်းပိတ်လိုက်တော့ ကလေးချော့တဲ့အလုပ် မလုပ်ရတော့ဘူး။ တစ်ခါတလေတော့ ကလေးတွေကို လွမ်းမိတယ်။ အထက်တန်းကျောင်းသား ကျောင်းသူအရွယ်လေးတွေနဲ့ နေရတာ ပျော်စရာကောင်းတယ်။ သူတို့အရွယ်လေးတွေ အများစုက ဖြူစင်ကြတယ်။ ဟန်ဆောင်တာ လိမ်ညာတာတွေ သိပ်မလုပ်တတ်သေးဘူး။ ၀မ်းနည်းရင် ငိုချလိုက်မယ်၊ ၀မ်းသာရင် ခုန်ပေါက်မြူးထူးနေမယ်ပဲ။ နည်းနည်းကြီးလာရင် ဟန်ဆောင်တယ်၊ လိမ်တတ်ညာတတ်လာတယ်။ ပေါင်းလို့သင်းလို့ သိပ်မကောင်းတော့ဘူး။
အဆက်မပြတ်တဲ့ရေစက်
တစ်နေ့ကတော့ ကျောင်းသားဟောင်း တပည့်ရင်းချာတစ်ယောက် ကလေးတစ်ယောက်နဲ့ အတူရောက်လာတယ်။ သူ့သားတဲ့။ ၁၀ တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်ဖို့ မှန်းထားပေမယ့် ဂုဏ်ထူးနှစ်ဘာသာပဲ ရလို့ စိတ်ဓာတ်အကြီးအကျယ် ကျနေတာကြောင့် အကြံတောင်းဖို့ ခေါ်လာတာပါတဲ့။ ရေစက်ကတော့ ဆုံးတယ်မရှိနိုင်ပါလား။ အဖေလုပ်သူကို သွန်သင်ဆုံးမခဲ့၊ အားပေးလမ်းညွှန်ခဲ့ လုပ်လာတာ ဘာမှ မကြာလိုက်သေးဘူး ထင်ရပေမယ့် အခုတော့ သူ့သားတောင် ၁၀ တန်းအောင်တဲ့အရွယ် ရောက်လာပါလား။ အချိန်များ အကုန်မြန်လိုက်တာ။ ဒါကြောင့် အင်္ဂလိပ်တွေက Time Flies လို့ ပြောကြတာနေမှာ။
ကျောင်းနေချင်စိတ် မရှိတော့ဘူးတဲ့
ကလေးကို ဘာဆက်ယူမယ် စိတ်ကူးထားသလဲလို့ မေးလိုက်တော့ ဘာမှ ဆက်မသင်ချင်ဘူး၊ ကျောင်းနေချင်စိတ်တောင် မရှိတော့ဘူးလို့ ဖြေတယ်။ ဘာဆက်လုပ်ချင်သလဲဆိုတော့ မသိဘူးတဲ့။ ဘာသာစုံဂုဏ်ထူးရပြီး ဆေးကျောင်းတက်ချင်တာက ဆရာဝန် မလုပ်မနေရ နိုင်လောက်အောင်ကို စွဲလမ်းနေလို့လားလို့ မေးတော့လည်း သွက်သွက်လက်လက် ဟုတ်ကဲ့ မဖြေဘူး။ သိလိုက်ပါပြီ။ ဒီခေတ်ကလေးများရဲ့ ထုံးစံအတိုင်း၊ ဘာဖြစ်ချင်တယ်၊ ဘာဝါသနာပါတယ်ဆိုတာ ရေရေရာရာ ရှိပုံမရပါဘူး။ သူများက ဆေးဆိုလို့ ရောယောင်ပြီး ဆေးဆိုမှဆေး ဖြစ်နေတဲ့သဘောပါပဲ။
လာပါ၊ လာပါနဲ့ ကြိုကြမှာ
သူက တကယ်ကို ဆရာဝန် မဖြစ်ရ မနေနိုင် ဖြစ်နေတာဆိုရင်လည်း အကြံပေးလို့ ရသေးတယ်။ မိဘက တတ်နိုင်နေတာပဲ၊ ဂျီစီအီးတွေ ဘာတွေ ၀င်ဖြေပြီး နိုင်ငံခြားသွားပြီး သင်နိုင်တာပေါ့။ ဂျီစီအီး ဘာသာစုံ A အဆင့်နဲ့ အောင်လို့ကတော့ ဘယ်နိုင်ငံက ဘယ်ကျောင်းမျိုးလျှောက်လျှောက် "လာပါ၊ လာပါ" နဲ့ ၀မ်းသာအားရ ကြိုဆိုကြမှာ သေချာတယ်။ အဲဒီလို ဘာသာစုံ A နဲ့ အောင်တဲ့သူတွေကို စကောလားရှစ် ပေးချင်တဲ့ ကျောင်းတွေနဲ့ အဖွဲ့အစည်းတွေလည်း အများကြီး ရှိပါတယ်။
ထင်ပေါ်ဝင့်ကြွားချင်လို့
ခက်တာက ဒီခေတ်ကလေးအများစုက ၀ါသနာတို့၊ ဖြစ်ချင်တာတို့ ရေရေရာရာ စွဲစွဲလမ်းလမ်း ရှိမနေကြတာ ဖြစ်တယ်။ ဆေးတက်မှ ဂုဏ်ရှိတယ်လို့ ယူဆတဲ့ခေတ်ထဲမှာ မွေးဖွား ကြီးပြင်းလာတဲ့အတွက် ဆေးတက်ချင်ကြတာပဲ။ တကယ်တမ်း ဆရာဝန်ဖြစ်ချင်စိတ် ထက်ထက်သန်သန် ရှိကြတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရင်တော့ ထင်ပေါ်ချင်လို့၊ ၀င့်ကြွားချင်လို့ တက်ကြတာတွေ များပါတယ်။ ဒါကြောင့် ဆရာဝန်ဖြစ်ပြီးမှ ဆရာဝန်မလုပ်ဘဲ တခြားအလုပ်တွေ ၀င်လုပ်ကြတာ ဖြစ်တယ်။ ၀ါသနာပါလွန်းလို့ဆိုရင် တခြားအလုပ် ဘယ်လုပ်ပါ့မလဲ။
မိဘက ဖိအားမပေးနဲ့
ကလေးကိုယ်တိုင်က ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ မိဘတွေက သိပ်ပြီး ဖိအားမပေးဖို့ အဖေဖြစ်သူကို ပြောရတယ်။ ကလေးကို သူ ဘာဝါသနာပါပြီး ဘာလုပ်ချင်တယ်ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ ရွေးချယ်ဖို့ အချိန်ပေးပါလို့လည်း မှာရတယ်။ ကိုယ်တကယ် ၀ါသနာပါတာကို လုပ်ရမှ စိတ်ပါလက်ပါ လုပ်ပြီး ထူးချွန်ထက်မြက်လာနိုင်မှာပါ။ ဆေးတက်မှ ဂုဏ်ရှိတယ် ဆိုတဲ့ခေတ် ကုန်ဆုံးခါနီး ဖြစ်နေပါပြီ။ အခုတောင် ဆေးက ကျောင်းသားများရဲ့ ဦးစားပေးအဆင့် ၁ နေရာမှာ မရှိတော့ပါဘူး။ အဆင့် ၃၊ ၄ နေရာလောက် ဖြစ်နေပါပြီ။
ထူးချွန်မှ နေရာရမယ်
အရေးကြီးတာက ဘယ်ဘာသာ ယူတယ်ဆိုတာ မဟုတ်ဘူး။ ယူတဲ့ ဘာသာရပ်ကို ထူးထူးချွန်ချွန် တတ်ကျွမ်းနားလည်ဖို့ ဖြစ်တယ်။ ဒီခေတ်က သူလိုငါလို ရွက်ကြမ်းရေကျို အဆင့်လောက်နဲ့ လူရာဝင်ဖို့ မလွယ်ကူတော့ဘူး။ ဘယ်နယ်ပယ်မှာမဆို ထူးချွန်မှ နေရာရနိုင်တယ်။ ထူးချွန်ဖို့ဆိုတာက စိတ်ပါလက်ပါ ကြိုးစားပမ်းစား လုပ်ဖို့လိုတယ်။ ဘယ်သူမဆို ကိုယ်ဝါသနာမပါတဲ့ အလုပ်မျိုးဆိုရင် စိတ်ပါလက်ပါ လုပ်ချင်စိတ် မရှိပါဘူး။
ဇွဲသတ္တိမရှိသူကို ကံက မျက်နှာသာမပေး
သူများယောင်လို့ လိုက်ယောင်တဲ့ သူမျိုးနဲ့ ကံပေးသမျှ ယူမယ်ဆိုတဲ့ သူမျိုးဟာ ဘယ်တော့မှ လူတစ်လုံးသူတစ်လုံး မဖြစ်နိုင်ပါဘူး။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် အခိုင်အမာ ရှိသူများသာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ ပိုင်းဖြတ်ချက် ခိုင်မာရင် နည်းလမ်းရှာမတွေ့ဘဲ မနေပါဘူး။ လူငယ်တွေအနေနဲ့ ရည်မှန်းချက်ပန်းတိုင် ပြတ်သားခိုင်မာရင် လိုရာခရီးကို မရောက်ဘဲ မနေဘူးဆိုတာ စိတ်ချယုံကြည်သင့်တယ်။ ကံပေးသမျှ ယူမယ်ဆိုရင်တော့ ဘာမှ မရမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဇွဲသတ္တိမရှိသူကို ကံက ဘယ်တော့မှ မျက်နှာသာ ပေးလေ့မရှိလို့ ဖြစ်ပါတယ်။
No comments:
Post a Comment