Friday, September 03, 2010

ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ခြင်း သျှိုပညာ - မောင်ဝံသ


လက်ရှိဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဒေးဗစ် ကင်မရွန်အကြောင်း စိတ်ဝင်စားလို့ ရှာဖွေဖတ်ရှုရင်း သူဟာ လေဘာခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းလို စာမရေးပေမယ့် စာဖတ်သရဲတစ်ယောက် ဖြစ်တယ်ဆိုတာ သိလိုက်ရလို့ ၀မ်းသာသွားတယ်။

နိုင်ငံရေးခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင်တွေဟာ စာများများ ဖတ်ထားသူတွေဖြစ်ရင် အတွေးအခေါ် အမြော်အမြင် ရင့်ကျက်တယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ခေါင်းဆောင်မှာ နှစ်မျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ စိတ်ဓာတ်ရေးရာ (ယုံကြည်မှုဆိုင်ရာ) ခေါင်းဆောင် (moral leader) နဲ့ နိုင်ငံရေးခေါင်းဆောင် (political leader)။ ဥပမာ ပေးလေ့ရှိတာက အိန္ဒိယနိုင်ငံမှာ ဂန္ဒီကြီးဟာ စိတ်ဓာတ်ရေးရာခေါင်းဆောင်၊ နေရူးဟာ နိုင်ငံရေးခေါင်းဆောင် ဖြစ်ခဲ့ကြတယ်။

ချာချီကြီးလိုလူကျတော့ နှစ်မျိုးစပ်ခေါင်းဆောင်လို့ ခေါ်နိုင်တယ်။ ဗြိတိန်က နိုင်ငံရေးသမားတွေဟာ ချာချီကြီးနမူနာကို လိုက်ဖို့ ကြိုးစားတတ်ကြသတဲ့။ ဒေးဗစ်ကင်မရွန်တို့က အသက် ၄၀ ကျော် ၅၀ အောက် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်တယ်။ သူတို့တွေဟာ နိုင်ငံရေး ၀ါမရင့်ပေမယ့် စိတ်ဓာတ်ရေးရာ ဖြည့်ဆည်းမှုတွေ ရှိထားပြီးသူတွေလို့ ဆိုတယ်။ သူတို့ဖတ်တဲ့ စာအပ်တွေကနေ လက်တွေ့ဘ၀မှာ အသုံးချစရာတွေကို ထုတ်ယူခဲ့ကြတာကိုး။

သူတို့ဆီမှာကလည်း အီလက်ထရောနစ်မီဒီယာတွေ ဘယ်လောက် ထွန်းကား ထွန်းကား၊ စာအုပ်ကောင်းတွေကို လေးလေးစားစား ဖတ်နေကြတုန်းပဲ။ သူတို့တွေ ဖတ်လေ့ရှိတဲ့ စာအုပ်တွေအကြောင်း ရေးထားတဲ့ အွန်လိုင်းစာစောင်တစ်ခု ဖတ်ဖူးတယ်။ ဘီဘီစီ သတင်းမဂ္ဂဇင်းတဲ့။ "သင့်ဘော့စ် ဘာတွေဖတ်ခဲ့သလဲ" ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို စိတ်ဝင်စားလို့ ဆွဲချပြီး ဖတ်ခဲ့တယ်။ အခုအချိန်ဟာ သူတို့ဆီမှာ ဘော့စ်(boss)လို့ခေါ်တဲ့ အလုပ်ရှင်သူဌေးတွေ၊ အထက်လူကြီးတွေဟာ ပင်လယ်ကမ်းခြေ အစရှိတဲ့ အပန်းဖြေစခန်းတွေကို သွားကြပြီး ခရီးက ပြန်လာကြချိန် ဖြစ်တယ်။ သူတို့တွေ ဘယ်စာအုပ်တွေ ဖတ်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးခြင်းဖြင့် သည်ပုဂ္ဂိုလ်တွေ ဘယ်လို စိတ်ကူးစိတ်သန်းတွေ ရလာကြမယ်၊ ဘာတွေ ဆက်လုပ်နိုင်တယ် ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါသတဲ့။ သူတို့ဆီက လူကြီးလူကောင်းတွေရဲ့  ယဉ်ကျေးမှုက အားလပ်ချိန်လေး နည်းနည်းပဲရပေစေ၊ စာဖတ်ကြတာပဲဗျ။ အပန်းဖြေခရီးထွက်ရင် စာပိုဖတ်ဖြစ်ကြတယ်။

မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေကို လာလည်တဲ့ နိုင်ငံခြားသား တိုးရစ်အတော်များများကို သတိထားကြည့်မိတယ်။ သူတို့ဟာ ရထားစီးပြီး သွားရင်းလည်း စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ဖတ်နေတာပဲ။ ပင်လယ်ကမ်းခြေသွား နေပူစာလှုံရင်းလည်း စာဖတ်နေကြတာပဲ။ သူတို့လက်ထဲ စာအုပ်တစ်အုပ် ကိုင်ထားတာ၊ ဖတ်လက်စ မှတ်ထားတာလေးတွေ အမြဲတွေ့ရတတ်တယ်။

readingleaders.png

ဒေးဗစ်ကင်မရွန် စာအုပ်စာရင်း
ကျွန်တော်တို့ဆီက လူကြီးလူကောင်းတွေလည်း ဟန်လုပ်တာ မဟုတ်ဘဲ တကယ် လေးလေးနက်နက် စာဖတ်ကြရင် သိပ်ကောင်းမယ်ဗျ။ ခုနစကားဆက်ရရင် အရင်နှစ်က အပန်းဖြေခရီးထွက်ကြမယ့် ဗြိတိသျှ ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေကို သူတို့ပါတီခေါင်းဆောင် ဒေးဗစ်ကင်မရွန်က အားလပ်ရက် ဖတ်သင့်တဲ့ စာအုပ် ၃၈ အုပ် စာရင်း လုပ်ပေးလိုက်သတဲ့။ ဒါမျိုးဟာ သူတို့ဆီမှာ ထုံးစံပဲ။ ကိုယ့်အဖွဲ့သားတွေ ဉာဏ်ရည်ဉာဏ်သွေးတိုးဖို့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေကို ညွှန်းလေ့ရှိတယ်။ ၀တ္ထုမဟုတ်တဲ့ non-fiction စာအုပ်တွေပေါ့ဗျာ။

ကျွန်တော်ဖတ်မိတဲ့ ဆောင်းပါးမှာတော့ ဒေးဗစ်ကင်မရွန် ညွှန်းတဲ့ စာအုပ်စာရင်း မပါဘူး။ ဒါပေမယ့် အဲဒီနှစ် အပန်းဖြေခရီးသွားတဲ့ ဘော့စ်တွေ အဖတ်များတယ်လို့ ဆိုနိုင်တဲ့ စာအုပ်တချို့အကြောင်း အကျဉ်းရေးထားတာတော့ ပါတယ်။ အဲဒါလေးတွေ ဖတ်ရင်လည်း သူတို့ဖတ်တဲ့ စာအုပ်တွေရဲ့ အနှစ်သာရကို ခြုံငုံ နားလည်နိုင်ပါတယ်။

စာအုပ်စာရင်း လိုက်ဖတ်ကြည့်တော့ သဘောကျမိတာ တစ်ခုတွေ့တယ်။ YES! 50 SECRETS FROM THE SCIENCE OF PERSUASION ဆိုတဲ့ စာအုပ်။

"လျှို့ဝှက်ချက်များ" ဆိုတာကတော့ ထုံးစံအတိုင်း သူတို့ဆီက တက်ကျမ်းစာအုပ်တွေမှာ သုံးနေကျပါ။ ခုလည်း "ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ခြင်း အတတ်ပညာရဲ့ လျှို့ဝှက်နည်းလမ်း ၅၀" တဲ့။ ဆွဲဆောင်တဲ့အခါမှာ ကိုယ့်ကို ကူညီခဲ့ဖူးတဲ့လူထက် ကိုယ်က ကူညီထားတဲ့လူကို ဆွဲဆောင်တာ ပိုအောင်မြင်တယ်။ အဲဒါကို ဖရန်ကလင် နည်းပရိယာယ် (Franklin's Strategy) လို့ ခေါ်တဲ့အကြောင်း ပါတယ်။ အမေရိကန်သမ္မတ ဘင်ဂျမင် ဖရန့်ကလင် သုံးခဲ့တဲ့နည်းလို့ ဆိုတယ်။

တောင်းပန်ခံချင်ကြတယ်
ပြီးတော့ လူတွေဟာ သူတို့ကို "ကျော" တယ်ထင်ရင်သာ မခံချင်တာ၊ တစ်ခုခု အကြောင်းပြပြီး တောင်းပန်ရင် လက်ခံတတ်ကြတယ် ဆိုတာမျိုးကို တန်းစီနေသူတွေနဲ့ ဥပမာပေးတယ်။ မိတ္တူကူးစက်မှာ တန်းစီနေကြတုန်း လူတစ်ယောက်က ကျွန်တော် ဘာကြောင့်ညာကြောင့် အရေးကြီးနေလို့ပါဆိုပြီး သူအရင် လုပ်ပါရစေဆိုရင် ခွင့်ပြုလိုက်ကြတာပဲတဲ့။ လူတွေဟာ တောင်းပန်သူရဲ့ အကြောင်းပြချက်ကို စိတ်မ၀င်စားဘူး။ သူတို့ကို အရေးတယူ တောင်းပန်တာကို ပို အလေးထားတယ်လို့ ဆိုတယ်ဗျ။ ဒါကြောင့် ကိုယ့်ဘက်ပါအောင် ဆွဲဆောင်တဲ့အခါ အကြောင်းပြချက်ကို ပြောဖို့လိုတယ်။ ဘာကြောင့် ဒီလို လုပ်ချင်ပါတယ်လို့ ရှင်းပြခြင်းဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပဲတဲ့။

သားငါး ပြတ်လပ်မှု ဥပမာ
နောက်တစ်ချက်က အမဲသား လက်ကားဝယ်သူတွေဟာ အမဲသား ရှားပါးပြတ်လပ်နေပြီလို့ သူတို့ ယူဆတဲ့အချိန်မှာ အရင်ပုံမှန် ၀ယ်တာထက် နှစ်ဆတိုး ၀ယ်တတ်တယ်။ အမဲသားပြတ်လပ်တာဟာ ဘာကြောင့်မှန်းမသိဘူး၊ ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူးလို့ ပြောလိုက်ရင် ခါတိုင်းထက် ခုနစ်ဆ တိုးဝယ်ကြရောတဲ့။ ဆွဲဆောင်လိုသူအနေနဲ့ လုပ်ရမှာက အမဲသား ဘယ်အချိန်မှာ ရှားပါးမယ်၊ ဘယ်အချိန်မှာ ပေါများမယ်ဆိုတာ သတင်းအမှန် ပြောနိုင်ဖို့ပဲတဲ့ဗျာ။

ငါသိ ငါတတ် ထင်နေသူတွေ
လူတွေကို ဆွဲဆောင်စည်းရုံးရတဲ့အလုပ်ဟာ အတော်သိမ်မွေ့တယ်။ အောင်မြင်စွာ ဆွဲဆောင်စည်းရုံးနည်းတွေကို ပညာရှင်တွေက ရှုထောင့်မျိုးစုံက တင်ပြကြတယ်။ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ အနုပညာသည်တွေ၊ စက်မှုကုန်ထုတ်သူတွေ စတဲ့ ပရိသတ်နဲ့ အလုပ်လုပ်ရသူတွေဟာ လူထုကို ဆွဲဆောင်နည်းတွေထဲက ကိုယ်နဲ့ အကိုက်ညီဆုံးနည်းကို ကျင့်သုံးကြရတာပဲ။ သူတို့ဆီက လူတွေတော်တာက စာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးကြတာ ဖြစ်တယ်။ ကျွန်တော်တို့ဆီက မိုးကျရွှေကိုယ် ဘော့စ်တချို့ကတော့ သူတို့ဟာ အရာရာကို တတ်ကျွမ်းပြီးသား၊ အားလုံးကို ဆရာမရှိ အလိုလိုသိပြီးသား၊ ဘာစာအုပ်မှ ဖတ်စရာမလိုဘူးလို့ ထင်နေကြတာဗျ။ တကယ်က သူတို့ဟာ ဘာတစ်ခုကိုမှ သေသေချာချာ မသိတဲ့လူတွေ။ ဒေးဗစ်ကင်မရွန်လုပ်သလို ဘာစာအုပ်တွေ ဖတ်သင့်တယ်လို့ ပြောရင်တောင် ဘာလုပ်ဖို့ ဖတ်ရမှာလဲလို့ ပြန်မေးမယ့် လူမျိုးတွေပါ။

မှားပြီးသားတွေ ထပ်မမှားအောင်
ကျွန်တော်တို့ကို ဘာလုပ်ဖို့ စာဖတ်ရမှာလဲ မေးရင်တော့ အခုရှိနေတဲ့ အရည်အချင်းထက် ပိုတိုးတက်ဖို့ ဖတ်ရမှာလို့ ပြောမှာပေါ့ဗျာ။ ကျွန်တော်တို့ မီဒီယာအလုပ်က ဆော်သြဖို့ပဲ မဟုတ်လားဗျာ။ သူတို့ဆီမှာ လူတွေ အရင်က အမှန်လို့ ထင်ထားတာတွေဟာ မဟုတ်ဘူးဆိုတာကို ခိုင်ခိုင်လုံလုံ ထောက်ပြလိုက်ရင် "အိုး ဝေါင်း" ("oh wow") လို့ အာမေဍိတ်ပြုပြီး ချီးမွမ်းလက်ခံကြတယ်တဲ့။ အဲသလို အိုးဝေါင်းတွေ များများတွေ့လေ၊ အမှားနည်းလေပေါ့ဗျာ။ သူများတွေ မှားပြီးသားလမ်းကြောင်းပေါ် ကိုယ်မလျှောက်မိအောင် အိုးဝေါင်းလို့ ပြောစရာတွေ များများရှာဖတ်ကြဖို့ တိုးတွန်းရမယ်ဗျ။
Ref: What's your boss reading? By Alan Connor, BBC News Magazine.

No comments:

Post a Comment

 
Web Statistics