အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံတစ်ခု၏ အုပ်ချုပ်ရေးအာဏာကို ရယူကျင့်သုံးသော နိုင်ငံရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုသို့ အစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်မှာလည်း နိုင်ငံရေးပါတီများက ရွေးကောက်ပွဲများ၌ ယှဉ်ပြိုင်၍ အနိုင်ရပါတီက အစိုးရဖွဲ့ရန် အခွင့်အရေး ရရှိကြသည်။
အမတ်ဆိုတာ
"အမတ်"၊ "ပါလီမန်အမတ်" ဟု အသုံးများသော ရွေးကောက်ခံကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးသော အစိုးရအဖွဲ့ဝင်များ မဟုတ်ကြချေ။ လွှတ်တော်ကိုယ်စားလှယ်၊ (ဥပဒေပြုလွှတ်တော်) ပါလီမန်၏ အဖွဲ့ဝင်များသာ ဖြစ်သည်။ ဤအမတ်များ၏ အဓိကအလုပ်မှာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးသော အစိုးရအဖွဲ့ကို (ဥပဒေပြုခြင်းဖြင့်) ထိန်းကျောင်းရန် (Check & Balance) ဖြစ်သည်။ နောက်တာဝန်တစ်ခုမှာ တရားစီရင်ရေး မျှတမှု ရှိ မရှိကို စောင့်ကြည့်ရန်ဖြစ်သည်။
အမတ်မင်းများ၏ နောက်တာဝန်တစ်ခုမှာ Interest Group ခေါ် အကျိုးပြုအဖွဲ့များ၊ တစ်နည်းဆိုရလျှင် Civil Society ဟူသော မြို့ပြလူမှု အဖွဲ့အစည်းများနှင့် အမြဲထိတွေ့၍ ၎င်းတို့ထံမှ လက်တွေ့ဖြစ်ပျက်နေမှု၊ အကြံဉာဏ်များရယူကာ အစိုးရအဖွဲ့ကို အကြံဉာဏ်ပေးခြင်း၊ ကြားနာစစ်ဆေးခြင်း (Hearing) တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။
လွှတ်တော်ဘယ်နှရပ်
အဓိကထင်ရှားသော စနစ်နှစ်မျိုးရှိသည်။
(၁) လွှတ်တော်တစ်ရပ်တည်းရှိသော ဥပဒေပြုအဖွဲ့ (Unicameral System)
(၂) လွှတ်တော်နှစ်ရပ်ရှိသော ဥပဒေပြုအဖွဲ့ (Bicameral System) တို့ ဖြစ်သည်။
လွှတ်တော်နှစ်ရပ်အပြင် လွှတ်တော် သုံးရပ်၊ ငါးရပ် (Three chambers / Five Chambers) စနစ် ကျင့်သုံးဖူးသော နိုင်ငံများ ရှိခဲ့သော်လည်း မအောင်မြင်ခဲ့။ လွှတ်တော်ဟုဆိုသော ပါလီမန်သည် ဥပဒေပြုအာဏာ ကိုင်စွဲထားသော ပြည်သူ့ကိုယ်စားပြုနေရာဖြစ်သည်။
အစိုးရအဖွဲ့
အစိုးရအဖွဲ့ဆိုသည်မှာ နိုင်ငံရေးပါတီများမှတစ်ဆင့် ယှဉ်ပြိုင်၍ အနိုင်ရပါတီမှ အုပ်ချုပ်မှုအာဏာ အသုံးပြုနိုင်ခြင်းငှာ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပါလီမန်စနစ်တွင် အနိုင်ရပါတီ၏ ခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်မှ တာဝန်ပေးအပ်သူက အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည်။ အစိုးရအဖွဲ့ အကြီးအကဲကို ၀န်ကြီးချုပ်/အဓိပတိတို့က ဦးဆောင်သည်။ အမေရိကန် သမ္မတစနစ်တွင်မူ သမ္မတကို သီးခြားပြည်သူတို့က ရွေးချယ်တင်မြှောက်သည်။ သမ္မတ၊ ၀န်ကြီးချုပ်တို့က အစိုးရအဖွဲ့ဝင်များကို (၎င်းတို့၏ ပါတီနှင့် ညှိနှိုင်း၍) သီးခြားလွတ်လပ်စွာ ခန့်အပ်နိုင်သည်။ များသောအားဖြင့် ပြင်ပ ပြည်သူများထဲမှာ ၀န်ကြီး၊ အကြံပေးများကို ခန့်အပ်လေ့ရှိပြီး အမတ်များထဲမှလည်း ၀န်ကြီး ၀န်လေးများ ဖြစ်နိုင်သည်။
အစိုးရစနစ်
(၁) သမ္မတစနစ် (Presidential System)
အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်သည်။ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာပိုင်၏ အကြီးအကဲလည်း ဖြစ်သည်။ အမေရိကန်သမ္မတစနစ်တွင် သမ္မတကို သီခြားပြည်သူများက တိုက်ရိုက်တင်မြှောက်သဖြင့် ဥပဒေပြုအဖွဲ့အတွက် သမ္မတက တာဝန်ခံခြင်း မရှိ၊ လွှတ်တော်များမှ သမ္မတကို ဖယ်ရှားခွင့်မရှိ။
အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို သမ္မတက ခန့်ထားနိုင်သည်။ လွှတ်တော်သို့ သမ္မတက အဆိုပြုရ၏။ များသောအားဖြင့် လုပ်ငန်းနည်းစဉ်အရသာ လွှတ်တော်က ကြားနာပြီး သမ္မတခန့်ထားလိုသူကို အတည်ပြုပေးသည်။
အားသာချက်မှာ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ထားသည်ဖြစ်ရာ တော်ရုံကိစ္စများဖြင့် သမ္မတကို ရာထူးမှ မဖယ်ရှားနိုင်။ Nixon ၏ Watergate အရေးအခင်းသည် အရပ်ရပ်သော ဖိအားများကြောင့် နုတ်ထွက်ပေးခဲ့ရခြင်း ဖြစ်သည်။
အားနည်းချက်မှာ လွှတ်တော်တွင် သမ္မတနှင့် ဆန့်ကျင်ဘက်ပါတီက အမတ်ဦးရေ များပြားနေပါလျှင် တော်ရုံအတည်ပြုချက် မရနိုင်၊ များစွာညှိနှိုင်း ဆောင်ရွက်ရသည်။ လေ့လာသူနှင့် ပညာရှင်များ အဆိုအရ သမ္မတစနစ်တွင် သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်သည် ပါလီမန်စနစ်၏ ၀န်ကြီးချုပ်တစ်ဦးထက် ပိုသည်ဟု ဆိုသည်။ သို့သော် အင်္ဂလန်တွင် မာဂရက်သက်ချာ ၀န်ကြီးချုပ် ဖြစ်စဉ်က အမတ်အများစုကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်မို့ သူမလက်ထက် ၀န်ကြီးချုပ်၏ သြဇာကို အမေရိကန်သမ္မတများကပင် ပြန်၍ အားကျခဲ့ရသည်ဟု ဆိုစမှတ်ရှိခဲ့သည်။
သမ္မတ၏လက်ထောက် ဒု-သမ္မတတစ်ဦး ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် သမ္မတ သေဆုံး၊ နုတ်ထွက်လျှင် ထိုသက်တမ်း ကျန်ရှိသောအချိန်ထိ ဒု-သမ္မတက အစားဝင် ဆောင်ရွက်သည်။
မြန်မာနိုင်ငံ၏ အနာဂတ်အစိုးရစနစ်တွင် သမ္မတတစ်ဦး၊ ဒုတိယသမ္မတနှစ်ဦး ထားရှိသည့်စနစ် ဖြစ်သည်။ သမ္မတကို ပ်ြညသူက တိုက်ရိုက်ရွေးချယ်ခြင်း၊ လွှတ်တော်တွင်းမှ ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးကို ပြန်လည်ရွေးချယ်၍ သမ္မတခန့်အပ်သည့် စနစ်ဖြစ်သည်။
သမ္မတစနစ်ကို အနောက်ဥရောပ၊ လက်တင်အမေရိက နိုင်ငံများက ကျင့်သုံးပြီး ယခင် ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများမှ အရင်းရှင်စနစ်သို့ ပြောင်းလဲလာသော နိုင်ငံများတွင်လည်း သမ္မတစနစ်ကို ကျင့်သုံးကြသည်။ နောက်ပိုင်း သမ္မတစနစ် ကျင့်သုံးမှုအပေါ် နိုင်ငံများက အာရုံရှိစွာ ပိုမိုစိတ်ဝင်စားလာကြသည်။
(၂) ပါလီမန်စနစ်
Parliamentary System ဖြစ်သည်။ ပါလီမန်စနစ်တွင် အစိုးရအဖွဲ့၏ အကြီးအကဲသည် ၀န်ကြီးချုပ်ဖြစ်သည်။ ၀န်ကြီးချုပ်ကို အမေရိကန်သမ္မတကဲ့သို့ ပြည်သူမှ တိုက်ရိုက် မတင်မြှောက်၊ ပါတီများ ရွေးကောက်ပွဲကို ဖြတ်သန်းယှဉ်ပြိုင်ကြပြီး လွှတ်တော်တွင် အမတ်အများဆုံးရသော ပါတီ၊ တစ်နည်း အနိုင်ရပါတီ၏ အကြီးအကဲက အလိုအလျောက် ၀န်ကြီးချုပ်ဖြစ်လာသည်။ ပါတီအကြီးအကဲ၏ တာဝန်ပေးချက်အရ အခြားသူမှလည်း ၀န်ကြီးချုပ် ဖြစ်ခွင့်ရှိသည်။ ပါတီ၏ ဒုတိယအကြီးအကဲမှာ နိုင်ငံခြားရေး ၀န်ကြီးရာထူးကို ရယူလေ့ရှိသည်။
ဤစနစ်၏ အားသာချက်မှာ လွှတ်တော်နှစ်ရပ်တွင် အမတ်အများစုကို ရရှိထားသဖြင့် လွှတ်တော်ကို အလိုလို ချုပ်ကိုင်ပြီးသား ဖြစ်သွားသည်။ ၀န်ကြီးချုပ်နှင့် လွှတ်တော်အမတ်အများစုသည် တစ်ပါတီတည်းမှဖြစ်၍ ၀န်ကြီးချုပ်၏ အဆိုပြုချက်တို့ကို လွှတ်တော်များမှ ပယ်ချလေ့မရှိ။
အားနည်းချက်မှာမူ ၀န်ကြီးချုပ်ကို ပြည်သူက တိုက်ရိုက် တင်မြှောက်သည် မဟုတ်ဘဲ အမတ်အများစုရသော ပါတီမှ ခေါင်းဆောင်မှာ ၀န်ကြီးချုပ်ဖြစ်ရ၍ ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချနိုင်သည်။ သို့သော်လည်း ဖြစ်ခဲလှသည်။ ဗြိတိန်၏ ပါလီမန်သက်တမ်းတစ်လျှောက် ၀န်ကြီးချုပ် ချိန်ဘာလိန်လက်ထက်က တစ်ကြိမ်တည်းသာ ဖြုတ်ချခြင်း ခံခဲ့ရဖူးသည်။
ဝန်ကြီးချုပ်သည် အနိုင်ရပါတီမှ ဖြစ်ရသည်ဖြစ်၍ ဥပဒေပြုအဖွဲ့၊ ပါလီမန်ကို တိုက်ရိုက်တာဝန်ခံရသည်။ အင်္ဂလန်တွင် ၀န်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအကဲ (Head Government) ဖြစ်ပြီး ဘုရင်မကြီး အဲလစ်ဇဘတ်သည် နိုင်ငံ၏ အကြီးအကဲ (Head of State)ဖြစ်သည်။
နှစ်ပါတီစနစ်၊ နှစ်ပါတီခွဲစနစ် (Two and one half party system) တို့တွင် ပြဿနာမရှိလှချေ။ တစ်ပါတီက အစိုးရဖွဲ့ပြီး ကျန်ပါတီက အတိုက်အခံဖြင့် လွှတ်တော်မှ ထိန်းညှိနိုင်သည်။ နှစ်ပါတီခွဲဆိုသည်မှာ ကျန် အင်အားအသင့်အတင့်ရှိ ပါတီကို ဆိုလိုသည်။ ပါတီများတွင် အင်အားမတိမ်းမယိမ်းရှိလျှင် လွှတ်တော်ထဲမှ ညွန့်ပေါင်းဖွဲ့ရလျှင် အစိုးရအဖွဲ့သည် အင်အားတစ်စုံတစ်ရာ လျော့နည်းတတ်သည်။ အစိုးရ၏ အုပ်ချုပ်ရေးအာဏာ မထက်မြက်တတ် (Big govt.) ဟူသော တောင့်တင်းသော အစိုးရမျိုး ဘယ်တော့မှမဖြစ်နိုင်။
လေ့လာသူများ၏ တွေ့ရှိချက်အရ ပါလီမန်စနစ်တချို့သည် သမ္မတစနစ်ပြုရေး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။ Parliamentary Systems to "Presidentialization" ဟု ဆိုသည်။ သမ္မတစနစ်ကို ပိုမိုနှစ်သက် သဘောကျလာသည့် သဘောဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြခံမှအစအဆုံး မပြင်နိုင်၍ စနစ်တွင်း လုပ်ပုံကိုင်ပုံကို သမ္မတစနစ်အား မှီးခြင်းမျိုး ဖြစ်သည်။
ပါလီမန်သည် ပြင်သစ်မှ ဆင်းသက်လာသည်။ မူလစာလုံးမှာ Parlement ဖြစ်သည်။ Parler (to speak) နှင့် Parlement သည် (to discussion) ဖြစ်သည်။ လွှတ်တော်သုံးရပ်ရှိလျှင် Tricameral ဟု ခေါ်သည်။
ပါလီမန်တွင် အယုံအကြည်မရှိအဆို "Vote of no Confidence" ကို တင်သွင်းသည်။ ဂျာမန်တို့၏ စနစ်တွင် အဓိပတိဟူသော Chancellor သည် ဗြိတိသျှစနစ် ၀န်ကြီးချုပ်ထက် ပို၍ သြဇာကြီးမားသည်။ အယုံအကြည်မရှိ အဆိုကို "Constructive No Confidence" ဟု ဆိုသည်။ ပို၍ တည်ငြိမ်မှုရသော စနစ်ဟု သုံးသပ်ကြသည်။
(၃) ရောစပ်စနစ်
Hybrid System သည် သမ္မတစနစ်နှင့် ပါလီမန်စနစ်နှစ်ခုကို ကောင်းရာများယူ၍ ရောစပ်ထားသော စနစ်ဖြစ်သည်။ သမ္မတ။ ၀န်ကြီးချုပ်တို့ကို ထားရှိသည်။ တရုတ်၊ ရုရှားတို့ ကျင့်သုံးသည်။ ပြင်သစ်၊ အစ္စရေးကျင့်သုံးသည်။ အစ္စရေး ကျင့်သုံးမှုတွင် မအောင်မြင်သဖြင့် စနစ်ပြောင်းခဲ့သည်။ လေ့လာသူများ အဆိုအရ ဤရောစပ်စနစ်တွင် ပြုပြင်မှုများစွာ ပြုရဦးမည်ဟုဆိုသည်။ သမ္မတစနစ်လောက် အားမကောင်းသေးဟု ဆိုသည်။
နှိုင်းယှဉ်ချက်
အမေရိကန်တို့၏ သမ္မတစနစ်တွင် သမ္မတ၌ ပါဝါအများအပြား ရှိသော်လည်း သမ္မတကို လွှတ်တော်က ကောင်းစွာထိန်းညှိထားနိုင်သည်။ ပါလီမန်စနစ်၌မူ အနိုင်ရပါတီ၏ ခေါင်းဆောင်က ၀န်ကြီးချုပ်ဖြစ်၍ အလိုအလျောက် လွှတ်တော်ကို ထိန်းချုပ်ပြီးဖြစ်သည်။ အမေရိကန်သမ္မတစနစ်၌ သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်က ဈေးဆစ်၊ ကန့်ကွက်နိုင်သော်လည်း ပါလီမန်၌ လုပ်ငန်းသဘောအရသာ ဆွေးနွေးပြီး အတည်ပြုပေးတတ်သည်။ အမေရိကန်ကွန်ဂရက်သည် ဥပဒေပြုမှုအာဏာပေါ် အဓိကထားသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့မှာ မူအရ ပါဝါအညီအမျှ ရှိကြသည်ဟု ယူဆပြီး (Three coequal) ဟု ဆိုသည်။
ကွန်ဂရက်အဖွဲ့ဝင်များကို ပါတီများမှ ရွေးချယ်ကြပြီး အကြောင်းအရာကိစ္စ တစ်ခုခုအတွက် မဲပေးဆုံးဖြတ်သည့်အခါ ပါတီစွဲမထားဘဲ လွတ်လပ်သော စိတ်ဆန္ဒတို့ဖြင့် မဲပေးဆုံးဖြတ်ကြလေ့ ရှိသည်။ တရုတ်နိုင်ငံတွင် လွှတ်တော်တစ်ရပ်သာ ထားရှိသည့် Unicameral (One Chamber) ဖြစ်သည်။
ဆွီဒင် (Riksdas)၊ အစ္စရေး (Knesset) တို့ ဖြစ်သည်။ ယူဂိုဆလားဗီးယားတွင် လွှတ်တော်ငါးရပ် (Five Chambered Parliament) ဖြစ်ပြီး တောင်အာဖရိကတွင် လွှတ်တော်သုံးရပ် ထားရှိခဲ့ကြဖူးသည်။ မအောင်မြင်ခဲ့ကြချေ။
အမေရိကန်သမ္မတစနစ်နှင့် အင်္ဂလိပ်တို့၏ ပါလီမန်စနစ်တွင် လွှတ်တော်နှစ်ရပ် (Bicameral System) စနစ်ဖြစ်သည်။ ပါလီမန်တွင် အထက်လွှတ်တော်ကို House of Lords၊ ဂျာမနီတွင် Bundesrat၊ အမေရိကန်တွင် Senate ဟု ခေါ်သည်။ အောက်လွှတ်တော်ကို အင်္ဂလန်တွင် House of Commons၊ ဂျာမနီတွင် Bundestag၊ အမေရိကန်တွင် House of Representative ဟု ခေါ်သည်။ လွှတ်တော်နှစ်ရပ်ပေါင်းကို အမေရိကန်တို့က Congress ဟု ဆိုပြီး ဗြိတိသျှက Parliament ဟု ဆိုသည်။ ယေဘုယျအားဖြင့် အောက်လွှတ်တော်က အထက်လွှတ်တော်ထက် ပို၍ သြဇာကြီးမားသည်။
လွှတ်တော်နှစ်ရပ်၏ ရည်ရွယ်ချက်မှာ Federal System တွင် အထက်လွှတ်တော်သည် ဖက်ဒရယ်၏ အစိတ်အပိုင်း ဖြစ်လာပြီး အောက်လွှတ်တော်မှာ လူဦးရေကို အခြေပြုသည်။ ဒေသဆိုင်ရာ အုပ်ချုပ်မှုနယ်မြေ (Districts) များကို ကိုယ်စားပြုသည်။ အမေရိကန်ရှိ ဆီးနိတ်ဟုခေါ်သော အထက်လွှတ်တော်က ပြည်နယ်များ (States) ကို ကိုယ်စားပြုပြီး၊ House ဟု ခေါ်သော အောက်လွှတ်တော်က ပြည်သူ (People) ကို ကိုယ်စားပြုသည်။
အရေးကြီးသည်မှာ လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် အမတ်မင်းများသည် ဥပဒေပြုအာဏာကို ကောင်းစွာ ကျင့်သုံးနိုင်ကြရန်ဖြစ်ပြီး Interest Group ဟု ခေါ်သော အကျိုးပြုအဖွဲ့များနှင့် ဆက်စပ်ကာ အုပ်ချုပ်ရေးအဖွဲ့ကို ကောင်းစွာ ထောက်ပံ့နိုင်ရန်၊ ထိန်းညှိနိုင်ကြရန် ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်သည် ရွေးကောက်ပွဲများမှတစ်ဆင့် ဖြစ်လာကြမည့် အမတ်မင်း (Congressman) တို့၏ ကိုယ်ပိုင်အရည်အသွေးများ၊ မြော်မြင်နိုင်မှုများနှင့် ဥပဒေပြုအာဏာပေါ် ကောင်းစွာကျင့်သုံးနိုင်မှုတွင် များစွာ မူတည်နေပါသည်။
No comments:
Post a Comment