လူမှာ ထူးခြားသော အချက်တစ်ခုက မိမိအမျိုးအနွယ်နှင့် မိမိယဉ်ကျေးမှု ထုံးဓလေ့များကို မြတ်နိုး တန်ဖိုးထားခြင်း ဖြစ်သည်။
အဲဒါသည် မိမိအမျိုးအနွယ် တည်တံ့ရေးအတွက် လိုအပ်ချက် ဖြစ်သော်လည်း သည်စိတ်ဓာတ်၏ ဘေးထွက်သက်ရောက်မှုအဖြစ် မိမိနှင့် မတူကွဲပြားသော တခြားမျိုးနွယ်များအပေါ် ခွဲခြားစိတ် ဖြစ်ပေါ်တတ်သည်။
မွန်ဂိုလီယံနွယ်ဖွားတွေက မိမိ အသားအရောင်ကို အနေတော်ဟု မှတ်ယူသည်။ ဥရောပ လူဖြူ၏ အသားအရောင်မျိုးကို ဖြူရော်ရော်ဟု သူ သဘောမကျ။ အာဖရိကသားကျတော့ မည်းလိုက်တာဟု မြင်သည်။
သို့သော် အာဖရိကသားတွေ သွားမေးလျှင် အသားဆိုတာ မည်းမှဟု ဆိုလိမ့်မည်။ အာဖရိကသို့ ပထမဆုံး ရောက်သွားသည့် လူဖြူသည် နီဂရိုးများအမြင်၌ အသားအရေ ပြည့်ပြည့်စုံစုံ ပါမလာသူ တစ်ဦးပမာ အံ့သြစရာ ဖြစ်လိမ့်မည်။
သို့သော် "အလှအပဟူသည် အရေပြား တစ်လွှာစာမျှသာ" ဟူသော စကားလို လူလူချင်း ကွဲပြားမှုကလည်း အပေါ်ယံ သွင်ပြင်လောက်မှာသာ ရှိသည်။ အဲဒါကလွဲလျှင် လူဟူသည် တစ်မျိုးတည်းသာပဲ ဖြစ်သည်။ သတ္တဗေဒအရ ပြောလျှင် သတ္တ၀ါမျိုးစိတ် (species) တစ်ခုတည်း။ ဘယ်သူကမှ ဘယ်သူ့ထက်မသာ။
လူဖြူ-လူဝါ-လူမည်း ကလေးသုံးယောက်ကို မွေးစကတည်းက တစ်နေရာမှာ အတူနေ၊ အတူစား၊ အတူသင်ကြားပေးလျှင် ဘယ်သူ့ထက် ဘယ်သူမှ ညံ့စရာ မရှိ။
သို့သော် လူတွေဆိုတာက နေရင်းဒေသ၊ ပတ်ဝန်းကျင် သဘာဝ၊ ပြောဆိုသည့် ဘာသာစကား၊ မှတ်သားခဲ့သည့် အစဉ်အလာ စတာတွေ အကြောင်းပြုကာ ကိုယ့်မျိုးနွယ်စုနှင့် ပတ်သက်လျှင် အစွဲအလမ်း သံယောဇဉ်တွေ အကောင်းမြင်စိတ်တွေ များတတ်ကြသည်။ မိမိလူမျိုး အမြင့်ဆုံးရောက်ဖူးသည့် အနေအထားကို မှတ်သားကာ တို့က ရာဇ၀င်ဂုဏ်ရောင် ဘယ်လို ပြောင်ခဲ့တာဟု ၀င့်ကြွားချင်တတ်သည်။ သူ့လူမျိုးမှာလည်း သူ့ရာဇ၀င် အစဉ်အလာနှင့် သူ ရှိတာကို မသိ၊ သူများ၏ ညံ့ကွက်ကိုသာ သတိထားမိနေတတ်သည်။
ထို့ကြောင့်လည်း လူမျိုးတိုင်းလိုလိုမှာ သူတစ်ပါးလူမျိုးနှင့် စပ်လျဉ်း၍ လှောင်ပြောင်ပြောဆိုစရာ ဟာသပုံပြင်များ ရှိကြခြင်း ဖြစ်သည်။ ဘယ်လူမျိုးက သိပ်နုံတာ၊ ဘယ်လူမျိုးက ဘယ်လောက် ကပ်စေးနှဲတာ စသဖြင့်။
သည်ပုံပြင်တွေသည် ကိုယ်က အလှောင်ခံရနေရာက မဟုတ်လျှင် ရယ်ရသည်။ သို့သော် ပုံပြင်ထဲပါတာကို တစ်ဖက်လူမျိုး၏ စရိုက်သဘာဝ အမှန်ဟု မှတ်ယူလျှင် လွဲသွားဖို့ များသည်။
ဥပမာတစ်ခု နားထောင်ကြည့်ပါ။
လမ်းထောင့် တစ်နေရာမှာ လူလေးယောက် ရပ်နေသည်။ လူလေးယောက်၊ လူမျိုးလေးမျိုး။ အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အစ္စရေး။
သတင်ထောက်တစ်ယောက် သူတို့အနား ရောက်လာပြီး မေးသည်။
"ခွင့်ပြုပါခင်ဗျာ... အသားပြတ်လပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သဘောထားအမြင်တွေ သိပါရစေ"
အမေရိကန်က ပြန်မေးသည်။ "ပြတ်လပ်တယ်ဆိုတာ ဘာလဲဗျ"
ရုရှားက မေးသည်။ "အသားဆိုတာ ဘာလဲဗျ"
တရုတ်က "သဘောထားအမြင်ဆိုတာ ဘာလဲဗျ"
အစ္စရေးကတော့ "ခွင့်ပြုပါခင်ဗျာ ဆိုတာ ဘာတုန်းဗျ" တဲ့။
ပုံပြင်က ဒါပဲဖြစ်သည်။
သူ ဘာပြောသလဲ ထပ်ဖွင့်ရသော်၊
အမေရိကန်တွေသည် "ပြတ်လပ်မှု" ဆိုတာ ဘာမှန်းမသိလောက်အောင် အလျှံပယ်ကြွယ်ဝသူတွေ ဖြစ်သည်။ ရုရှားတွေကတော့ မစားရတာ ကြာသဖြင့် "အသား" ဆိုတာ မကြားဖူးသလို ဖြစ်နေသည်။ တရုတ်ကတော့ ကိုယ့်သဘော ကိုယ့်အယူအဆကို တစ်ခါမှ ပြောခွင့်မရသဖြင့် ဘာမှန်း မသိကြ။ အစ္စရေးကတော့ ယဉ်ကျေးမှုမရှိ၊ "ခွင့်ပြုပါခင်ဗျာ" ဆိုသော အသုံးအနှုန်းကို နားမလည်... ဟူ၍ ဖြစ်သည်။
သို့သော် အဲဒါတွေက ဘယ်လောက်မှန်သလဲ။
အလျှံပယ်ကြွယ်ဝသည် ထင်ရသော အမေရိကန်တွေ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေး ကျဆင်းသည့်ဒဏ်ကို အလူးအလဲ ခံနေရသည်။ ကွန်မြူနစ်စနစ် ခွဲတမ်းခေတ်က အသားငတ်ခဲ့သော ရုရှားပြည်မှာ ယနေ့ အသားမပြတ်တော့။ တစ်ချိန်က ဗဟိုဦးစီးစနစ် တင်းကျပ်လှသည့် တရုတ်ပြည်မှာလည်း ယခင်နှင့်စာတော့ အများကြီး ပြောခွင့်ဆိုခွင့်ရပြီ။
အဲ၊ အစ္စရေးတွေကော။ ရိုင်းတုန်းပဲလား။
သည်ပုံပြင်ကို ဖတ်ရသည်က အစ္စရေး၏ စီးပွားရေး တိုးတက်မှုအကြောင်း ဖော်ပြသည့် Start-Up Nation ဆိုသော စာအုပ်မှာဖြစ်သည်။ အစ္စရေးကောင်းကြောင်း ရေးသည့်စာအုပ်မှာ အစ္စရေးမကောင်းကြောင်း ပြောသည့် ပုံပြင်ကို ဘာကြောင့် ဖော်ပြသလဲ။
ကောင်းသောဘက်က အဓိပ္ပါယ်ယူပြီး ပြောချင်သောကြောင့် ဖြစ်သည်။
သူက၊ အစ္စရေးတွေသည် ရိုင်းတာမဟုတ်၊ သူတို့မှာ ပဋိသန္ဓာရစကား ပြောနေဖို့ အချိန်မရှိခြင်းသာ ဖြစ်သည်၊ အစ္စရေးသည် တိုင်းပြည်သေးသည်၊ လူနည်းသည်၊ ထို့ကြောင့် တိုင်းပြည်ကို ကာကွယ်ဖို့၊ တိုင်းပြည် အင်အားရှိဖို့၊ တစ်ဦးချင်း တိုးတက်ဖို့၊ တစ်ဦးချင်း ကြီးပွားချမ်းသာဖို့ မပြတ်လှုပ်ရှားနေရသည်၊ နိုင်ငံတကာ စီးပွားရေးနယ်ပယ်မှာ ယှဉ်ပြိုင်နိုင်ဖို့ မပြတ် တီထွင် ကြံဆနေရသည်။ ကြံဆ၍ ရသမျှကို ချက်ချင်းထ အကောင်အထည် ဖော်ရသည်၊ ထို့ကြောင့်လည်း ရန်သူတွေ ၀ိုင်းဝိုင်းလည်ကာ စစ်ပွဲတွေ မကြာခဏ ဆင်နွှဲနေရသော အစ္စရေးသည် စီးပွားရေးတွင် ကမ္ဘာ့ထိပ်တန်း၌ ရှိနေခြင်း ဖြစ်သည်၊ စသဖြင့် ရေးသည်။
အဲသည်တော့ "ခွင့်ပြုပါခင်ဗျာ" သည် ခင်ဗျားတို့ ကျုပ်တို့မှာ အရေးကြီးသော ယဉ်ကျေးမှု ဖြစ်သော်လည်း အစ္စရေးအဖို့တော့ ယဉ်ကျေးမှု စာရင်းထဲတွင် မပါဟု ဆိုလိုသော သဘောဖြစ်သည်။
သည်လိုပဲ၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုတွေ မတူကြ။ ဒါကို အကြောင်းပြုပြီး သူ့လူမျိုးက ရိုင်းသည်၊ တို့လူမျိုးက ယဉ်ကျေးသည်၊ တို့အမျိုးက မြင့်မြတ်၍၊ သူ့အမျိုးက နိမ့်ကျသည် စသဖြင့် ခွဲခြား၍ မရ။
အဲဒါတွေသည် အမှန်ဟု မူသေယူ၍ မရ။
သို့သော်၊ ခေတ်အဆက်ဆက်ပင် လူတွေ၏ အတ္တစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေကို အသုံးကျကာ အစွဲကြီးသော ပုဂ္ဂိုလ်တို့က ခွဲခြားမှု၊ နှိပ်ကွပ်မှုတွေ ပြုလုပ်ခဲ့ကြသည်။
ဟစ်တလာခေတ် ဂျာမနီမှာ ဂျူးလူမျိုးများကို သန်းချီ သတ်ဖြတ်သည်အထိ ခွဲခြားနှိပ်ကွပ်မှု လွန်ကဲခဲ့သည်။ တောင်အာဖရိကမှာ အပတ်တိုက်ခေါ် အသားအရောင် ခွဲခြားမှုစနစ်ကို ကာလရှည်ကြာ ကျင့်သုံးခဲ့သည်။ အမေရိကန်ပြည်တွင် လူမည်းများကို ကျေးကျွန်အဖြစ် ခိုင်းစေခဲ့သည်။
လွဲမှားသော အစွဲအလမ်းများပေါ်တွင် အခြေခံသည့် အဲသည် မတရားသော လုပ်ရပ်များ အားလုံးပင် နောက်ဆုံး၌ အရှုံးနှင့် အဆုံးသတ်ခဲ့သည်။
ကမ္ဘာ၌ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မတူညီခြင်း၊ ကွဲပြားခြင်းသည် အရှိအမှန် အနေအထားဖြစ်သည်။ သို့သော် ခွဲခြားခြင်းကား မတရားမှု ဖြစ်ပါသည်။
၁၅၊ ၉၊ ၂၀၁၀
That's right ..
ReplyDelete