(၁)
ပြန်ပေးဆွဲခံရသလိုလို သတင်းထွက်ခဲ့တဲ့ မင်းသမီးလေးအကြောင်းကလည်း ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလိုပါပဲ။ ပြန်ပေးဆွဲခံရတယ်ဆိုပြီး တိုင်ချက်ဖွင့်တယ်၊ နောက်တော့ ချစ်သူနောက် လိုက်ပြေးတာပါတဲ့။ ဖတ်ရ၊ ကြားရတဲ့လူတွေက သို့လော၊ သို့လောပေါ့လေ…။ ဟော… အခု နောက်ဆုံးအဲဒီမယ်တော်လေး ပြောတဲ့စကားကကြည့်ဦး။ ချစ်သူနောက်လိုက်ပြေးတာ မဟုတ်ပါဘူးတဲ့။ အမေနဲ့ စိတ်ကောက်ပြီး အဒေါ်အိမ်မှာ သွားပုန်းနေတာတဲ့။ တတ်လည်းတတ်နိုင်ပါပေ့ကွယ်။ အဒေါ်လုပ်သူကိုလည်း သူ့အမေ ဖုန်းဆက်ရင် မရှိဘူးလို့ ပြောပေးပါလို့ ပြောထားသေးဆိုပဲ။ အဒေါ်ကလည်း တူမစကားကို မြေ၀ယ်မကျ နားထောင်ရှာသားခင်ဗျ။ ဒီလောက် အုတ်အော်သောင်းနင်း၊ ဟိုးလေးတကြော်ကြော် ဖြစ်နေတာကိုတောင် မင်းသမီးလေးရဲ့အမေကို အကြောင်းမကြားဘဲ နေခဲ့သတဲ့လား။ အံ့…. အံ့ပါရဲ့ကွယ်။ အဲဒီသတင်းကို ဖတ်မိပြီး စိတ်တိုသလိုလို၊ ရယ်ချင်သလိုလို ဖြစ်နေပါတယ်ဆိုမှ ဂျာနယ်မှာ ဆက်ရေးထားတာလေးကို ဖတ်မိပြန်တော့ ပြုံးမိရပြန်ပါရော။ အဲဒီ မင်းသမီးလေးဘေးမှာ သက်တော်စောင့် အမျိုးသမီးတစ်ဦး ရှိနေတယ်တဲ့။ ဟားဟားဟား…. နောက်ဆိုရင် ဒါဟာ ဇာတ်လမ်းတစ်ပုဒ်တောင် ဖြစ်သွားနိုင်သေးသဗျ။ "အမျိုးသမီးသက်တော်စောင့်" ဆိုပြီး ရုပ်ရှင်တစ်ကား ရိုက်လိုက်ရရင် ဟောလီဝုဒ်ကလူတွေ ငိုပွဲဆင်သွားကြမယ်ထင်ပါ့။ အင်း… မိုးမမြင် လေမမြင် မလုပ်ပါဘူးဆိုတဲ့ မင်းသမီးလေးရေ….။ တကယ့်ကို မိုးမမြင် လေမမြင်ပါပဲဗျာ။
(၂)
၂၀၁၁ နှစ်ဆန်းပိုင်းမှာ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ နာမည်ကြီးမင်းသားနဲ့ မင်းသမီးစုံတွဲကလည်း သတင်းမေးသူတွေကို တစ်ယောက်တစ်မျိုး မရိုးရအောင် ဖြေနေတယ်ထင်ပ။ ထားပါလေ… အဲဒါက သူတို့အပိုင်း။ မင်းသမီးက အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်တဲ့။ ကောင်းတာပေါ့လေ။ အဲ… ဒါပေမယ့် ၁၈ နှစ် ၁၉ နှစ် မင်းသမီးငယ်လေးတွေနဲ့အပြိုင် သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်နေတာကတော့ နည်းနည်းများ လွဲနေသလားလို့ပါ။ ဘယ်အချိန်မှာ အမေခန်းတွေကို ကူးသွားလိမ့်မလဲရယ်လို့ စိတ်ဝင်စားမိပြန်ပါရောလား။ အနုပညာအလုပ်တွေကို အတူတူလုပ်ရင်း မင်းသားလေးကို ချစ်မိသွားတာပါတဲ့။ မင်းသားလေးက ဖြေတာကတော့ ပြင်ဦးလွင်မှာ သီချင်းတစ်ပုဒ်အတွက် ဗီစီဒီရိုက်ရင်း မင်းသမီးလေးကို ချစ်မိသွားတယ်ဆိုပဲ။ အဲ… ချစ်စကားပြောတာ၊ အဖြေတောင်းတာကိုတော့ တယ်လီဖုန်းနဲ့ ပြောတာပါတဲ့။ ကဲ… ဘယ်လောက်များ ခေတ်မီလိုက်ကြသလဲ။ မင်းသားလေးရေ… ဂရေဟမ်ဘဲလ်ကို ထိုင်ပြီးတော့ ဦးချလိုက်သင့်တယ်နော်။
(၃)
မြေအောက်မှာ ပိတ်မိနေရာက ပြန်လည်လွတ်မြောက်လာတဲ့ ငရဲပြန် ချီလီမိုင်းတွင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး လောင်းကြေးတွေ ဖွင့်ထားတဲ့ သတင်းကလည်း တစ်မျိုးစိတ်ဝင်စားစရာခင်ဗျ။ ရယ်စရာလည်းကောင်းတယ်လို့ ကျွန်တော်ကိုဉာဏ် ဆိုချင်တာပါပဲ။ ဇာတ်ကားနာမည်ကို "၃၃" နဲ့ စမယ်ဆိုပြီး ဖွင့်တဲ့ကြေး၊ "အရှင်လတ်လတ် မြှုပ်နှံခံရ" ဆိုတဲ့ စာသားတွေ ပါ-မပါဆိုပြီး ဖွင့်တဲ့ကြေး၊ မိုင်းလုပ်သားခေါင်းဆောင်အဖြစ် ဘယ်သူက သရုပ်ဆောင်မလဲဆိုပြီး ဖွင့်တဲ့ကြေး စသည်ဖြင့် စုံလို့ပါပဲ။ ကျွန်တော်သဘောကျတာက နောက်ဆုံးပိတ်ရေးထားတဲ့ စာသားလေးတွေပါ။ ဘာတဲ့….။ "အဲဒီအလုပ်သမား ၃၃ ယောက်ဟာ တွင်းထဲကို ရွှေရှာဖို့ ဆင်းသွားခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ ပြန်တက်လာကြတဲ့အခါမှာတော့ ရွှေထက်ပိုပြီး အဖိုးထိုက်တန်တဲ့အရာကို သယ်ဆောင်ခဲ့ကြပါတယ်။ အဲဒါကတော့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကိုခံရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ" တဲ့။ ကဲ… ဘယ်လောက်များ တွေးတတ်၊ ရေးတတ်လိုက်သလဲဗျာ။
(၄)
ချီလီမိုင်းလုပ်သား ၃၃ ယောက်ကို ကယ်တင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းမှ သန်း ၂၀ ကြား ကုန်ကျခဲ့တယ်တဲ့။ အင်း… တွေးစရာတွေ တစ်ပုံကြီးပေါ့ဗျာ။ ဒီဖြစ်ရပ်ရယ်၊ ဒီအလုပ်သမားတွေရယ်၊ ဒီပိုက်ဆံတွေရယ် စတာတွေကို ဆက်စပ်ကြည့်မိပြီး ကျွန်တော်ကိုဉာဏ်ဖြင့် တွေးလို့ကို မဆုံးနိုင်ပါဘူးဗျာ။ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ လေသံကို ခဏငှားပြီး သုံးရမယ်ဆိုရင်ဖြင့် "တွေးစရာတွေ တစ်ပုံကြီးကျန်သေးတယ်" ပေါ့ခင်ဗျာ။
(၅)
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီးဖြစ်သူကို ဦးခေါင်းရိုက်ပြီး ပိုက်ဆံတောင်းသွားတဲ့ တရားခံကို ဖမ်းမိပြီဆိုတဲ့ သတင်းအတွက် ၀မ်းသာရပါတယ်။ ဦးခေါင်းကို အုတ်နီခဲနဲ့ ထုရိုက်ပြီး ရှိတဲ့ငွေတွေ ယူသွားတယ်ဆိုတာကို တွေးကြည့်နေမိတယ်။ သူယူသွားတဲ့ပိုက်ဆံက ၅၀၀၀၀ (ငါးသောင်း) ကျော်ကျော်လေးပါ။ အဲဒီပိုက်ဆံဟာ သူ့အတွက် တစ်လစာ ထမင်းဖိုးတောင် ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီငွေအတွက် လူတစ်ယောက်လုံးရဲ့ ဦးခေါင်းကို အုတ်ခဲနဲ့ထုခဲ့တဲ့ သူ့လုပ်ရပ်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါ။ အခန့်မသင့်လို့ သေသွားခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ လူတစ်ယောက်ရဲ့အသက်ဟာ ငွေ ၅၀၀၀၀ လောက်တောင် မတန်တော့ဘူးလား။ သူများနိုင်ငံမှာ ဒေါ်လာသန်း ၂၀ နီးပါး အကုန်အကျခံပြီး လူ့အသက်တွေကို ကယ်တင်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက လူတစ်ယောက်က ငွေငါးသောင်းလောက်အတွက် ခေါင်းကို အုတ်ခဲနဲ့ထုတာကတော့ နည်းနည်းများ လွဲချော်မနေဘူးလားဗျာ။ ငယ်ငယ်လေးကတည်းက နားထဲမှာ နားရည်ဝနေတဲ့ လာရှိုးသိန်းအောင်ရဲ့ သီချင်းသံအချို့ကို အလိုလို ပြန်ကြားလာနေမိတယ်။ "ဟေ့ကောင်မလေး၊ ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ၊ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ" တဲ့။
(၆)
ကန်တော်ကြီးပဲလေ့စ်ကို ၀ယ်မယ်၊ မ၀ယ်ဘူး၊ ၀ယ်ပြီးပြီ၊ မ၀ယ်ရသေးဘူး စသည်ဖြင့် အမျိုးမျိုးဖြစ်နေတဲ့အကြောင်း ဂျာနယ်တစ်စောင်မှာ ရေးထားတဲ့ သတင်းကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော် စိတ်ဝင်စားတယ်ဆိုတာ အဲဒီဟိုတယ်ကို ရောင်းတာ၊ ၀ယ်တာ၊ အဲဒီဟိုတယ်မှာရှိတဲ့ ဆိုင်ခန်းတွေက ပိုက်ဆံပြန်အမ်းတာယူပြီး စွန့်ခွာကြတာ စတဲ့အချက်တွေ မဟုတ်ပါဘူး။ သူတို့ဟာသူတို့ ပိုက်ဆံရှိလို့ လိုချင်တဲ့ဟာ လျှောက်ဝယ်နေတာကို စိတ်ဝင်စားမှု မရှိပါ။ ဘာကိုစိတ်ဝင်စားသလဲ ဆိုရင်တော့ အဲဒီဂျာနယ်မှာ ရေးထားတဲ့ အရေးအသားပုံစံကိုပါ။ စာနယ်ဇင်းဆိုတာ အလယ်ကလူကွ၊ စတုတ္ထမဏ္ဍိုင်ကွလို့ တစ်ယောက်ပြီးတစ်ယောက် ပြောတတ်ကြပါတယ်။ သတင်းရေးတဲ့လူရဲ့ ဒေါသသံတွေကို အဲဒီကုမ္ပဏီက တာဝန်ရှိသူတွေက သိလား၊ မသိလားဆိုတာ မသဲကွဲပါ။ ကျွန်တော်တို့ စာဖတ်ပရိသတ်ကတော့ ဒေါသသံတွေကို တနင့်တပိုး ခံစားလိုက်ရကြောင်းပါ။ သတင်းရေးသူခမျာ အမျိုးမျိုးပြောတတ်တဲ့ အဲဒီကုမ္ပဏီကို အတော်လေးကို ဒေါသထွက် စိတ်နာနေပုံ ရပါတတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၃၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment