Tuesday, October 05, 2010

သမိုင်းကို ဘယ်သူဖန်တီးတာလဲ - လူထုစိန်ဝင်း


useinwin.jpg

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သား လူအများလား။ ဒီမေးခွန်းကို အငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ မနည်းတော့ဘူး။ ယေဘုယျခြုံပြီး ပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမပုဂ္ဂိုလ်ကြီးတွေက သမိုင်းကို ဖန်တီးပုံဖော်တာလို့ ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ ယုံကြတယ်။

အဖြေမထွက်တဲ့ ငြင်းခုန်မှု
နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစု ကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံး ဆယ်စုနှစ်များအတွင်းရောက်တော့ နည်းပညာ တိုးတက်မှုများဟာ မကြုံစဖူး အံ့သြစရာ ကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကွန်ပျူတာအင်တာနက် ဆက်သွယ်ရေးပညာရပ် တိုးတက်မှုကြောင့် အချိန်နဲ့ အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီး တစ်ခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့ အနောက်စွန်းမှာ နေသူနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်က ဘောလုံးကွင်းမှာ ကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တစ်ချိန်တည်း ၀ါးဘလောက်သောက် ရွာသားတွေလည်း ကြည့်နိုင်တယ်။

သူဌေးသမီးရှာဖို့မလို
အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေက အချိန်နဲ့ အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့်ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျ အများကြီး ခံစရာ မလိုတော့သလို သူဌေးသမီး အပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူးသင်္ဘောကြီးကို တစ်လလောက် ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော်ကြီးအရောက် သွားနေဖို့လည်း မလိုတော့ဘူး။ အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းက သင်လို့ရနေပြီ။ အောက်စဖို့ တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှ အမေရိကန်ဆိုလည်း ဟားဗတ်က ယူမလား၊ ယေးလ်နဲ့ စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ရတယ်။ ကွန်ပျူတာတစ်လုံး ရှိဖို့ပဲလိုတယ်။ တခြားဘာမှ မလိုဘူး။ ပိုက်ဆံလည်း များများစားစား မကုန်ဘူး။

ဣစာသယဓာတ်လုံး
လူတွေက ဒီခေတ်ကို နည်းပညာခေတ်လို့ ခေါ်ကြတယ်။ တချို့ကတော့ ပညာခေတ်လို့ ခေါ်တယ်။ လက်ကိုင်တယ်လီဖုန်းလေး တစ်လုံးရှိရင် လုပ်ချင်တာကို ဘယ်သူမဆို စိတ်ရှိတိုင်း လုပ်နိုင်တယ်။ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသွားဖို့ မလိုဘူး။ သီချင်းနားထောင်ဖို့ ကက်ဆက်တွေ၊ ဓာတ်စက်တွေ ရှိဖို့မလိုဘူး။ အင်တာနက်သုံးဖို့ ကွန်ပျူတာရှာစရာ မလိုဘူး။ စာဖတ်ချင်လို့ စာကြည့်တိုက် သွားစရာ မလိုဘူး။ ဈေးဝယ်ဖို့ ကုန်တိုက်ကြီးမှာ ခြေညောင်းခံ လျှောက်စရာ မလိုဘူး။ လက်ကိုင်ဖုန်းလေး တစ်လုံးရှိရုံနဲ့ ဘာမဆို လုပ်လို့ရတယ်။ လက်ကိုင်ဖုန်းဆိုတာ ဒီခေတ်ရဲ့ ဣစ္ဆာသယဓာတ်လုံး ဖြစ်တယ်။

ဥုံဖွဆို အကုန်ဖြစ်
ဖုန်းတစ်လုံးနဲ့ ဘာမဆိုလုပ်လို့ရတဲ့အတွက် လူတိုင်းဟာ တန်ခိုးရှင် ဖြစ်လာတယ်။ ဥုံဖွဆိုပြီး ဘာမဆို ကိုယ့်ရှေ့ရောက်အောင် လုပ်နိုင်တယ်။ ဒါကြောင့် သူရဲကောင်းတွေနဲ့ လူစွမ်းကောင်းတွေရဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဒီခေတ်က ပြည်သူ့အာဏာ (People Power) ခေတ် ဖြစ်သွားပြီလို့ ကြွေးကြော်သူတွေက ကြွေးကြော်ကြတယ်။ ကြွေးကြော်လောက်အောင်လည်း နည်းပညာတွေက တစ်နေ့တခြား တိုးတက်လာတယ်။ တိုကျိုမြို့က နှလုံးခွဲစိတ် ကုသဖို့လိုတဲ့ လူနာကို နယူးယောက်ဆေးရုံက နှလုံးခွဲစိတ်ကု ဆရာဝန်ကြီးက ကွန်ပျူတာကတစ်ဆင့် တိုကျိုဆေးရုံ ခွဲစိတ်ခန်းထဲက စက်ရုပ်ကို ညွှန်ကြားစေခိုင်းပြီး ခွဲစိတ်ကုသတဲ့ အဝေးထိန်းခွဲစိတ်မှု (Virtual Surgery)တောင် လုပ်လို့ရနေပြီဖြစ်တယ်။

အပိုင်စီးထားလို့ မရတော့
ကိုယ်နဲ့ဆိုင်တဲ့ သတင်းမီဒီယာ နယ်ပယ်မှာတောင် အခုဆို "လူထု သတင်းသမား"(Citizen Journalist) ဆိုတာတွေ တစ်ပုံကြီး။ သတင်းစာဂျာနယ် လက်ကိုင်ရှိတယ်ဆိုပြီး ခေါင်းတမော့မော့၊ ရင်တကော့ကော့ လုပ်နေလို့ မရတော့ဘူး။ "ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ် စုံအညီနဲ့" ဆိုတဲ့ လံကြုပ်သတင်းမျိုးတွေလည်း လွှင့်ချင်တိုင်း လွှင့်လို့မရတော့ဘူး။ တိမ်ကြားမင်းခေါင် ပေါ်ပေါက်လာတယ် ဆိုတာမျိုးနဲ့လည်း လုပ်စားလို့ မရတော့ဘူး။ လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ရသမျှ လူငယ်တိုင်းဟာ "ဘလော့ဂါ" လေးတွေ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘက်စ်ကားပေါ်မှာ ကိုယ့်နား ကပ်ထိုင်သွားတဲ့ ကောင်မလေးကလည်း  Facebook ကတစ်ဆင့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ မှန်မှန်ရေးနေတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှေးကလို "ခွင်" တစ်ခွင်ကို အပိုင်စီးထားလို့ မရတော့ဘူး။ လူတိုင်းရဲ့ခေတ်၊ ပြည်သူ့ခေတ် ဖြစ်နေပြီ။

ကြက်တူရွေးလို
ဒါကိုရည်စူးပြီး သူရဲကောင်းတို့ခေတ်၊ လူစွမ်းကောင်းတို့ခေတ် ကုန်ဆုံးသွားပြီ။ နိဂုံးချုပ်သွားပြီလို့ ကြွေးကြော်သူများက ကြွေးကြော်နေကြတာ ဖြစ်တယ်။ ဒါပေမဲ့ ခက်တာက အဲဒီ ကြွေးကြော်သူ အများစုဟာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ ဒဿနရယ်လို့ မယ်မယ်ရရ မရှိတာဘဲ ဖြစ်တယ်။ သူတို့က သူများရေးတဲ့ စာအုပ်တွေဖတ်ပြီး၊ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေကြတာ ဖြစ်တယ်။ ဟိုက နိဂုံးဆိုရင် ဒီမှာလည်း အားလုံးနိဂုံးဆို လိုက်အော်ကြတာပဲ။ အော်တဲ့သူ သုံး-လေးယောက် ဆုံမိပြီဆိုရင်တော့ အားလုံးနိဂုံး၊ နိဂုံးနဲ့ ယိမ်းကနေသလို ဖြစ်နေတော့တယ်၊ လူရယ်စရာကြီးပေါ့။

နောက်လိုက်ကောင်း ဖြစ်အောင်လုပ်
လူစွမ်းကောင်းခေတ် နိဂုံးချုပ်သွားပြီလို့ အော်နေတဲ့ ရပ်ကွက်ကပဲ သမိုင်းကို ပြည်သူတွေက ရေးတယ်ဆိုတဲ့ အယူအဆကို ပြက်ရယ်ပြု ပြောဆိုသံတွေ ထွက်လာတာ တလောလေးက ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ လူထုဆိုတာ အများစုက ခေါင်းဆောင်တွေ ဖောက်တဲ့လမ်းပေါ် တက်လျှောက်ကြတာပဲ ဖြစ်တယ်။ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကောင်းတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်နိုင်ခဲ့တာ ဖြစ်တယ်၊ ပညာတတ်ပြီး အမြော်အမြင် ရှိသူတွေကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ရမယ်။ လူထုဆိုတာယေဘုယျအားဖြင့် ပညာရည်အဆင့် နိမ့်ကျတယ်။ ခေါင်းမဆောင်နိုင်ဘူး။ ခေါင်းမဆောင်သင့်ဘူးလို့ ဆိုကြပြီး လူထုအနေနဲ့က နောက်လိုက်ကောင်း ဖြစ်အောင်သာ ကြိုးစားသင့်တယ်လို့ ဆုံးမသြ၀ါဒ ပေးကြတယ်။

ခေါမ၊ ရောမခေတ် အယူအဆ
ပညာခေတ် ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ရေပေါ်ဆီလူတန်းစား အခွင့်ထူးခံတစ်စုက သူတို့ရဲ့ရေပေါ်ဆီနေရာကို ကာကွယ်နေကြတာပါ။ သူတို့အယူအဆက ဘာနဲ့တူနေသလဲဆိုတော့ ပညာရှင်တွေကသာ တိုင်းပြည်ကိုအုပ်ချုပ်သင့်တယ်ဆိုတဲ့ ခေါမခေတ်၊ ရောမခေတ်က အယူအဆတွေနဲ့ ထပ်တူထပ်မျှပါပဲ။ နှစ်ဆယ့်တစ်ရာစုခေတ် လူထုဟာ ခေါမ၊ ရောမခေတ်က ကျွန်တွေ မဟုတ်ကြတော့ဘူးဆိုတာ သူတို့မသိကြဘူး။ ရေပေါ်ဆီ (အီလစ်) တွေလိုပဲ အင်တာနက်ခေတ်၊ ပညာခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြတယ် ဆိုတာကိုလည်း နားမလည်ကြဘူး။ လူငယ်ဘလော့ဂါလေးတွေက ဂျာနယ်တိုက်ထဲက အယ်ဒီတာကြီးတွေထက်တောင် နည်းပညာလှိုင်းတွေထဲမှာ ကူးခတ်လှုပ်ရှား နိုင်ကြတယ်။ လှိုင်းလုံးကြီးတွေ ဘယ်လောက်ကြီးကြီး၊ ကောင်းကောင်း စီးနင်းလိုက်ပါ နိုင်ကြတယ်ဆိုတာလည်း မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တတွေက ငါမှတစ်ပါး တခြားမရှိဆိုတဲ့ တိမ်သလာတွေဖုံးပြီး အောက်ခြေလွတ်နေကြတာကိုး။

အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ အသိဥာဏ်ဗဟုသုတ နည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။ ငါမကယ် သေဖွယ်သာ ရှိတော့တယ်လို့ အထင်ရောက်လာတယ်။

နားကလောလွန်း
လူတွေကို အထင်သေးတဲ့စိတ်နဲ့ အတူတူ တစ်ပြိုင်တည်း ပေါ်ထွက်လာတာက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့စိတ် ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။ ငါသာတတ်တယ်။ ငါသာ လုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။ တစ်တိုင်းတစ်ပြည်လုံးက လူတွေကို တပည့်လို့ ယူဆပြီး နေရာတိုင်း ဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်မိသားစုတစ်စု လွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာ နေကြတဲ့ မြန်မာတချို့က ပိုဆိုးသေးတယ်။ သူတို့မှ ပညာရှင်၊ သူတို့မှ ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှ လက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊ ဒီမိုကရေစီ သမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင် လုပ်နေကြတာ နားကလောလွန်းလှတယ်။

ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်အကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာ နေပါ။ ဘာမှ ပြောစရာမရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။ ကိုယ့်စီးပွား ကိုယ်ရှာပြီး အေးအေးနေကြပါ။ အထဲက လူတွေကို အတုံးအအတွေလို့ သဘောထားပြီး ဒီမိုကရေစီ ဂုရုကြီးတွေ မလုပ်ကြပါနဲ့။ အထဲကလူတွေ ကြောက်နေကြတယ် ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံး သိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့ ပါးစပ်က အမြှုပ်ထွက်အောင် အော်နေကြပေမယ့် အင်တာနက်ရဲ့ အစွမ်းကိုတော့ ဘာမှသေချာရေရာ သိကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဂုရုကြီး လုပ်နေကြတာ။

ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်း အသုံးချတတ်ပါတယ်။ အင်္ဂလန်က၊ အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ အင်တာနက်ကို အသုံးချပြီး ကိုယ်လိုချင်တဲ့ ပညာရပ်မျိုးစုံကို လေ့လာနေကြပါတယ်။ လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ မတုံး မအ ကြတော့ဘူး။ ဖြီးတာကို ဖြီးမှန်းသိတယ်။ လိမ်တာကို လိမ်မှန်းသိတယ်။ ဘယ်သူတွေဟာ ခြံစည်းရိုးပေါ် ခွထိုင်ပြီး နှစ်ဖက်စလုံးက ပေးစာကမ်းစာကို စားသောက်နေကြတာလဲ ဆိုတာလည်း သိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန် လုပ်နေတာလဲ ဆိုတာလည်းသိတယ်။ ဒီခေတ်က (Citizen Journalist) လူထုသတင်းသမားခေတ်လေ။ လူတွေကြားမှာ သတင်းတွေဟာ မရပ်မနား အစုန်အဆန် စီးဆင်းနေကြပါတယ်။

ကွန်ယက်ထဲမှာ သိန်းချီရှိ
သတင်းကို စီအင်န်အင်န် တစ်ခုတည်းက ဖန်တီးတဲ့ခေတ် ကုန်ဆုံးသွားပြီ။ အယ်လ်ဂျာဇီးရား (aljazeera) လည်း ပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့ ဘလော့ဂ်တွေလည်း ကွန်ရက်ထဲမှာ သိန်းနဲ့ချီ ရှိနေကြပြီ။ အမေရိကမှာနေမှ နယူးယောက်တိုင်း ဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း) ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊ ကြိုက်တဲ့သတင်းစာ ရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို ခေတ်ပျက် ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။

ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကို နားမလည်ဘဲနဲ့ သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကြီးတွေက ဖန်တီးတာ။ လူထုဆိုတာ နောက်လိုက်တွေ သက်သက်ပဲလို့ ပြောနေကြတာ ဖြစ်တယ်။ ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ ရှိတယ်။ ရေနံမြေသပိတ်ကြီးကို သခင်ဖိုးလှကြီးက ဖန်တီးသယောင် ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက သခင်ဖိုးလှကြီးဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာ ဖြစ်တယ်။ တို့ဗမာ အစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာ မဟုတ်ဘူး။ တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို မျိုးချစ်နိုင်ငံရေးသမား တစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆ ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာ ဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ် ကျောင်းသားလေး မောင်အောင်ကျော်ကိုလည်း အာဇာနည် ဗိုလ်အောင်ကျော်ဖြစ်အောင် ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာ ဖြစ်တယ်။ မောင်အောင်ဆန်း၊ မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။

သခင်အဖွဲ့ စတင်တည်ထောင်သူ
တို့ဗမာ အစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး "သခင်" ဆိုတဲ့ အမည်ကို စပြီးသုံးခဲ့သူက စာရေးဆရာကြီး သခင်ဘသောင်းဆိုတဲ့ လူတော်ကြီး တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့ဟာ တို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး လွတ်လပ်ရေး တိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့ အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။ ၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့ ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ သူဟာ နတ်မောက်မဲဆန္ဒနယ် တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးမဲ အရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့ အာမခံကြေးတောင် ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။

အထင်အရှား သိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန် ထူးချွန်ထက်မြက်တဲ့ စာရေးဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးသမိုင်းကို မဖန်တီးနိုင်ရုံသာမက သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင် သူ့စိတ်ကြိုက် မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ ခေါင်းဆောင်တွေက သမိုင်းကို ဖန်တီးတာလား၊ သမိုင်းက ခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာလား ဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့ ဆရာသခင်ဘသောင်းရဲ့ ဖြစ်ကြောင်းကုန်စင်ကို လေ့လာလိုက်ရုံနဲ့ အထင်အရှား သိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန် အီလစ်တွေက မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။

အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာ သုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာ သိနိုင်တယ်။ သဘာဝကျစွာ ဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည် ရေပေါ်ဆီ အီလစ်တွေဆိုတာက ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။ ဘယ်လွတ်လပ်ရေး တိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်း မရှိပါဘူး။ အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေ ဖြစ်တာကြောင့် အောက်ခြေလူထု လူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းပမာ အလှမ်းကွာဝေးပါတယ်။ လူထုကို အထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင် မကြိုးစားပါဘူး။ အောက်ခြေအစား အပေါ်လွှာကိုပဲ နီးစပ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ရေပေါ်ဆီ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ရယ်စရာ ဖြစ်မနေဘူးလား
အဲဒီလို ရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကို ပြည်သူလူထုအများက ဖန်တီးတာဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေကသာ တိုင်းပြည်ကို အုပ်ချုပ်ပြီး လူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြဖို့ လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင် အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့ ခေတ်မှာတောင် လူစွမ်းကောင်း ခေါင်းဆောင်ကောင်းတွေက သမိုင်းကို ဖန်တီးတယ်လို့ ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။

No comments:

Post a Comment

 
Web Statistics