Friday, October 08, 2010

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်က မယားဖြစ်သူအား လင်ငယ်နေသည်ဟု အစဉ်သဖြင့် မဟုတ်မမှန် ပြောဆိုနေခြင်းသည် ဥပဒေအရ ရက်စက်မှု ဖြစ်သလား။
အဖြေ။
ရက်စက်မှုဆိုရာ၌ ကိုယ်၏ဆင်းရဲခြင်းသာမက စိတ်၏ဆင်းရဲခြင်းသည်လည်း ပါဝင်သည်။ ရက်စက်မှုဆိုသည်မှာ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် စိတ်၏ ဆင်းရဲခြင်းဖြစ်အောင် ရက်စက်မှုပြုကျင့်လျှင်လည်း ကွာရှင်းခွင့် ရှိပေသည်။ လင်သည် မယားဖြစ်သူအား နာကျင်အောင် လင်ငယ်နေသည်ဟု အစဉ်သဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသည် တရားဥပဒေအရ ရက်စက်မှု မည်ပေသည်။

[၁၉၇၈၊ မြန်မာနိုင်ငံ စီရင်ထုံး၊ စာ ၁၁၀]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မွေးစားသည့် သားသမီးသည် မွေးစားမိဘထံမှ စားစရိတ် တောင်းဆိုနိုင်သလား။
အဖြေ။
မွေးစားသည့် သားသမီးသည် မွေးစားမိဘထံမှ စားစရိတ် မတောင်းနိုင်ပေ။
[၁၉၃၇၊ အေအိုင်အာရ်၊ ရန်ကုန်၊ စာ ၃၇၀]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
အရွယ်မရောက်သေးသော မိန်းကလေးသည် ၎င်း၏ချစ်သူ တရားခံနှင့် ချိန်းဆိုပြီး ၎င်းသဘောအရ ချစ်သူထံသို့ ထွက်သွားခြင်းသည် အုပ်ထိန်းသူ၏ အုပ်ထိန်းခြင်းအောက်မှ ထွက်သွားစေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသလား။
အဖြေ။
အုပ်ထိန်းသူ၏ အုပ်ထိန်းခြင်းအောက်မှ ထွက်သွားစေခြင်း ဖြစ်သည်ဟု ယူဆရမည်ဖြစ်၍ ပြစ်မှုမြောက်သည်။
[မောင်ကျော် နှင့် အစိုးရ၊ ၁၉၄၇၊ ရန်ကုန်စီရင်ထုံး၊ စာ ၅၇]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မြန်မာဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်သည် မယားကြီးရှိလျက်နှင့် ပထမအိမ်ထောင်ရှိကြောင်း ထိန်ဝှက်ပြောဆိုပြီး အမျိုးသမီးတစ်ယောက်ကို လက်ထပ်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုမြောက်ပါသလား။
အဖြေ။
ရာဇသတ်ကြီး ပုဒ်မ ၄၉၅ အရ ယောက်ျားတစ်ဦးသည် မယားအသက်ရှင်လျက် ရှိခြင်းကြောင့် နောက်ထပ်အိမ်ထောင်ပြုခြင်းသည် အတည်မဖြစ်သော ကိစ္စမျိုး၌ နောက်ထပ်ထိမ်းမြားသူအား အထက်က ထိမ်းမြားခြင်းအကြောင်းကို ထိန်ချန်လျှင် ၎င်းသည် ယင်းပုဒ်မ၏ ပြဋ္ဌာန်းချက်အရ ပြစ်မှု ကျူးလွန်ရာရောက်သည်။
မြန်မာဗုဒ္ဓဘာသာဖြစ်သည့်အလျောက် မယားကြီး ရှိစေကာမူ နောက်ထပ် တရားဝင် အိမ်ထောင်ပြုနိုင်သည်။ သို့ဖြစ်၍ လျှောက်ထားသူသည် ရာဇသတ်ကြီး ပုဒ်မ ၄၉၅ ပါ ပြဋ္ဌာန်းချက်ပါ ပြစ်မှုမျိုး ကျူးလွန်နိုင်မည် မဟုတ်။
[ကိုစိုးသိန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၇၃၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁၀]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
သေလျှင် ပိုင်ဆိုင်ကြောင်း မှာကြားရေးသားထားသည့် စာသည် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ တရားဝင်သလား။
အဖြေ။
မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် သေတမ်းစာသဘော သက်ရောက်သည့် စာချုပ်စာတမ်းများ တရားမ၀င်ပေ။ စာချုပ်စာတမ်းတစ်ခုသည် သေတမ်းစာသဘော သက်ရောက်လျှင် တရားရုံးက အတည်မပြုပေ။
[မောင်သုခ နှင့် ဦးသုနန္ဒ၊ ၅၊ ရန်ကုန်၊ ၃၇၁]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အမေး။
မြန်မာဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်သည် ထိမ်းမြားလက်ထပ်ရန် အသက်ကန့်သတ်မှု ရှိသလား။ မိဘအုပ်ထိန်းသူ သဘောတူညီချက် ရယူရန်လိုသလား။
အဖြေ။
မြန်မာ ဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်သည် ကျန်းမာရေးနှင့် ပြည့်စုံလျှင် မည်သည့်အရွယ်၌မဆို ထိမ်းမြားလက်ထပ်နိုင်သည်။ အသက်အရွယ် ကန့်သတ်မှု မရှိပေ။ မိဘ သို့မဟုတ် အုပ်ထိန်းသူတို့၏ သဘောတူညီချက် ရယူရန်လည်း မလိုပေ။
[မောင်သိန်းမောင် နှင့် မစော၊ ၆၊ ရန်ကုန်၊ ၃၄၀]

No comments:

Post a Comment

 
Web Statistics