လူတွေပဲဖြစ်စေ၊ တိုင်းပြည်တွေပဲဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးသည့် အချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် သိဖို့ ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် သိဖို့ဆိုရာ၌ ကိုယ် တော်တာ၊ တတ်တာတွေချည်း သိနေ၍ မပြီး၊ ကိုယ်ဘာညံ့သည်၊ ဘယ်နေရာတွေ လိုသည်၊ ဘာတွေ ပြုပြင် ဖြည့်ဆည်းရမည် စတာတွေလည်း သိဖို့လိုသည်။
တချို့က ကိုယ့်ကိုယ်ကိုယ် သိပ်တော်သည်၊ တတ်သည် ထင်ကြသည်။ အလုပ်ကျတော့ မလုပ်။ အဲသည်ခါ သူများလောက် ဘယ်တော့မှ မဖြစ်မြောက်။
ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်များမှာ အလုပ်လုပ်သော စိတ်သည် အမျိုးအရိုး၏ အသွေးအသားထဲမှာပင် ပါနေသလား ထင်ရသည်။ အလုပ်ကို ၀န်ထုပ်ဝန်ပိုးဟု သူတို့ သဘောမထားကြ။ အနုပညာရှင်၊ အတတ်ပညာရှင်များရော လုပ်ငန်းသမားများပါ ပညာအလုပ်၊ စီးပွားအလုပ်ကို ထက်သန်မှု အပြည့်နှင့် ကျားကုတ်ကျားခဲ လုပ်ကြသည်။
တချို့လူမျိုးကတော့ အလုပ်လုပ်ရသည်ကို ဒုက္ခတစ်ခု ခံစားနေရသည်ပမာ သဘောထားကြသည်။ အလုပ်လုပ်မှ ရမည်ဆိုလျှင် နေပါစေ၊ မရလျှင်လည်း ကိစ္စမရှိဟု ဆိုချင်ကြသည်။ အဲသည်တော့ တကယ်လည်း မရကြ။
တစ်ခါက ကော်စကာရီကာနိုင်ငံတွင် တရုတ်တိုင်ပေမှ စိုက်ပျိုးရေး ပညာရှင်အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး စံပြစပါးခင်းတစ်ခု စိုက်ပျိုးသည်။ သူတို့ စိုက်ခင်းက စပါးနှံတွေ ခိုင်ဖြီး လှပပြီး အထွက်နှုန်းကလည်း ကော်စကာရီကာ ထုံးစံထက် အဆမတန် သာလွန်နေရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက လယ်သမားတွေ ဖိတ်ခေါ်၍ စိုက်ခင်းကို ပြကြသည်။ လာကြည့်သူများကလည်း စိုက်ခင်းက တရုတ်တိုင်ပေ လယ်လုပ်သားတွေ လုပ်ငန်းကျွမ်းကျင်တာရော၊ အထွက်နှုန်းကောင်းတာကိုပါ သဘောကျကာ ချီးမွမ်းစကား ဆိုကြသည်။
သို့သော် ကော်စကာရီကာသား စစ်စစ်ဟု ဆိုရမည့် ပုဂ္ဂိုလ်တစ်ယောက်ကတော့ တရုတ်တိုင်ပေ လယ်သမားတစ်ယောက်ကို မေးသည်။ "ခင်ဗျား တစ်ရက်မှာ ဘယ်နှနာရီ အလုပ်လုပ်ရသလဲ"
"၁၂ နာရီ" ဟု တရုတ်တိုင်ပေသားက ဖြေသည့်အခါ ကော်စကာရီကန်က ပြုံး၍ မှတ်ချက်ချသည်။ "အဲသလောက် လုပ်မှတော့ ဘယ်သူမဆို ဖြစ်တာပေါ့ဗျာ" ဟူ၍။
အလုပ်မလုပ်ဘဲ အောင်မြင်သည့် နည်းလမ်းဆိုလျှင်တော့ သူစိတ်ဝင်စားမည်၊ သို့မဟုတ်လျှင်တော့ ဘာလုပ်မည်လဲ ဟူသောသဘော။
တချို့လူမျိုးကတော့ မလုပ်တာ မဟုတ်။ သို့သော် ၀တ္တရားကျေလုပ်သည်။ မအောင်မြင်သည့်အခါကျတော့ ဟိုလူ့အပြစ်ပုံချ၊ သည်လူ့အပြစ်ပုံချ။
ကိုယ့်အပြစ်ကို သူများ ပုံချရာ၌ ဗိုလ်စွဲသွားသည့် ကိုလံဘီယာပြည်က ဇာတ်လမ်းတစ်ပုဒ် ရှိသည်။
ကိုလံဘီယာမှာ နွားပေါသည်။ ထို့ကြောင့် သားရေထွက်သည်။ သို့သော် သူတို့ သားရေပစ္စည်းလုပ်ငန်းက ပြည်ပသို့ တိုးမပေါက်။
ကိုလံဘီယာသည် တောင်အမေရိက မြောက်ဖျားမှာရှိသည်။ သူ့အထက်ဘက် သိပ်မဝေးသော နေရာမှာ ဧရာမ သားရေပစ္စည်း ဈေးကွက်ကြီး ရှိသည်။ အမေရိကန်ပြည်။
သည်ဈေးကွက်ကြီးထဲ ၀င်တိုးနိုင်လျှင် ချမ်းသာပြီ။
ထို့ကြောင့် အစိုးရနှင့် သားရေလုပ်ငန်းသမားများက သူတို့ပစ္စည်း ဘာကြောင့် တိုးမပေါက် ဖြစ်နေရသလဲ စူးစမ်းလေ့လာပြီး တိုးပေါက်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေတင်ပြပေးရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခိုင်းစေသည်။
ကုမ္ပဏီသည် နယူးယောက်မြို့မှာရှိသည့် နိုင်ငံတကာမှ သားရေပစ္စည်း အ၀ယ်တော်များနှင့် အမေရိကန်ပြည် အနှံ့အပြားရှိ သားရေအိတ် အရောင်းဆိုင်များမှ ပုဂ္ဂိုလ်ပေါင်း ထောင်ချီ၍ တွေ့ဆုံမေးမြန်းသည်။
ထိုမေးမြန်းချက်များမှ ရရှိသည့် အချက်အလက်အားလုံးကို အနှစ်ချုပ် ကြည့်လိုက်သည့်အခါ အဖြေတစ်ခု ရှင်းရှင်းလင်းလင်း ထွက်လာသည်။ ယင်းက ကိုလံဘီယာနိုင်ငံလုပ် သားရေအိတ်များသည် အရည်အသွေး ညံ့ဖျင်းပြီး ဈေးအလွန်ကြီးနေသည်ဟု ဟူ၍ ဖြစ်သည်။
သို့နှင့် ကုမ္ပဏီက သည်ချို့ယွင်းချက်ကို ကုစားနိုင်မည့် နည်းလမ်းရှာဖွေရန် ကိုလံဘီယာပြည်ဘက်သို့ ပြည်လှည့်ပြီး စုံစမ်းရေး လုပ်ရသည်။
သားရေအိတ်လုပ်ငန်းရှင်များအား "ခင်ဗျားတို့ ပစ္စည်းက ကွာလတီမမီဘူးဗျာ။ ဈေးကျတော့ များနေတယ်။ အဲဒါ ဘာကြောင့်လဲ" မေးသည့်အခါ။
"အဲဒါ ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ" ဟု ဖြေကြသည်။ အဲဒါ သားရေလုပ်ငန်းရှင်တွေကြောင့် ဖြစ်တာဗျ။ သူတို့ သားရေတွေက ညံ့တယ်။ အာဂျင်တီးနားသရေဆိုရင် သိပ်ကောင်းတာ။ ဒါပေမယ့် အစိုးရက ပြည်တွင်း သားရေလုပ်ငန်းကို အကာအကွယ် ပေးတဲ့အနေနဲ့ ပြည်ပသားရေကို သွင်းကုန်ခွန် အများကြီးကောက်တော့ ကျွန်တော်တို့ မ၀ယ်နိုင်ဘူး။ ပြည်တွင်းဖြစ် သားရေအညံ့ကိုပဲ မတန်တဲ့ဈေးပေးပြီး သုံးနေရတယ် စသဖြင့် သူတို့က ထောက်ပြကြသည်။
သို့နှင့် သားရေလုပ်ငန်းရှင်များထံ သွားကြပြန်သည်။ သူတို့ကိုမေးတော့ သူတို့ကလည်း မဆိုင်းမတွပင်။ "ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ" ဟု ဆိုပြန်သည်။ ဘယ်သူ့အပြစ်လဲမေးတော့ သားသတ်ရုံများနှင့် ဆိုင်သည်တဲ့။ သားသတ်လုပ်ငန်းရှင်တွေက အသားကရသော အမြတ်ကို အဓိကထားပြီး လုပ်ကိုင်ကြသူများဖြစ်ရာ သားရေခွာသည့်အခါ ဂရုမစိုက်ကြ။ အဲသည်တော့ အနာအဆာ အပွန်းအပဲ့ များသည်။ သားရေနယ်သမားက ရသည့် သားရေနှင့်ပဲ အလုပ်လုပ်ရတာ ဖြစ်သည်ဟု ရှင်းပြသည်။
ကိုင်း၊ ဒါဖြင့် သားသတ်ရုံတွေဆီ သွားကြစို့ဆိုပြီး သားသတ်သမားများကို မေးတော့ သားရေခွာတဲ့ အလုပ်တော့ ကျုပ်တို့လည်း ကောင်းကောင်း လုပ်တတ်တာပေါ့ဗျာ။ အခု ကိစ္စက ကျုပ်တို့ အပြစ်မဟုတ်၊ ခြံပိုင်ရှင်တွေကြောင့် ဖြစ်တာဟု ဆိုကြပြန်သည်။ ခြံပိုင်ရှင်တွေက နွားသူခိုးကို ကြောက်တော့ သူတို့နွားတွေမှာ ခြံတံဆိပ် နှိပ်ကြသည်။ သံနဲ့လုပ်တဲ့ ခြံတံဆိပ်တုံးကို မီးရဲရဲဖုတ်ပြီး နွားအရေပြားမှာ ကပ်တာပေါ့ဗျာ။ နွားသူခိုးတွေက နွားမှာပါတဲ့ အသားတံဆိပ်ကို ဆင်တူယိုးမှား နောက်တံဆိပ်တစ်မျိုးနဲ့ ထပ်နှိပ်ပြီး ပုံဖျက်တတ်တယ်။ အဲဒီတော့ အလွယ်တကူ မလုပ်နိုင်အောင် ခြံရှင်က သူ့နွားတွေမှာ အသားတံဆိပ်ကို တစ်ခုထက်မက နှိပ်ကြတော့ အရေပြားတွေ ပျက်စီးတာပေါ့ဗျာဟု ရှင်းပြကြသည်။
သို့နှင့်၊ စုံစမ်းသူတွေ နွားခြံရှင်များထံ သွားကြပြန်သည်။ ပြဿနာက သူတို့ဆီမှာ လက်စသတ်လိမ့်မည်ဟု မှတ်ယူကြသည်။ သူတို့မှာတော့ နောက်ထပ်လွှဲချစရာ လူမကျန်တော့ဘူး မဟုတ်လား။
သို့သော်၊ ခြံပိုင်ရှင်များကလည်း ကျွန်တော်တို့အပြစ် မဟုတ်ပါဘူးဗျာဟု ဆိုပြန်သည်။
ဒါဖြင့် ဘယ်သူ့အပြစ်တုန်းဆိုတော့ "နွားတွေဗျာ" တဲ့။ နွားတွေက စဉ်းစားဉာဏ်မရှိ၊ ကိုယ့်အရေပြား ပျက်စီးမှာ၊ အဲဒီက ဆက်ပြီး ကိုလံဘီယာ သားရေအိတ်လုပ်ငန်းကြီး ထိခိုက်မှာတွေ သူတို့ မသိ။ အဲသည်တော့ မှတ်ကိုက်၍ ယားသည့်အခါတိုင်း နွားခြံ သံဆူးကြိုးကို နာနာတိုးကြသည်။ ဒါကို သူတို့လည်း ဘာမှမတတ်နိုင်ဟု ဆိုကြသည်။
သုတေသနလုပ်သည့် ကုမ္ပဏီကတော့ တိတိကျကျ ဖော်ပြစရာ အကြောင်းရင်းကို သိသွားပြီ။ ကိုလံဘီယာက သားရေပစ္စည်းလုပ်ငန်းကြီး မအောင်မြင်ရခြင်းသည် ကိုလံဘီယာက နွားတွေ ဉာဏ်နည်းသောကြောင့် ဖြစ်သည်။
သို့သော် နွားတွေ ဉာဏ်ရှိလာအောင် လုပ်ဆောင်ရန် နည်းလမ်းကိုကား ၎င်းတို့ ရှာမပေးနိုင်ခဲ့။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမျိုးတို့၏ ဓလေ့စရိုက်များကို ဆက်စပ်လေ့လာသော ပညာရှင်တို့ကမူ မိမိ အလုပ်ကို အကောင်းဆုံးလုပ်မည်ဟု သဘောမထား၊ အပြစ်တင်စရာ လူရှာမရလျှင် နွားကို ပုံချသော စိတ်ဓာတ်မျိုးနှင့်ကား ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးမှ တိုးတက်လာစရာ အကြောင်းမရှိဟု ကောက်ချက်ချကြပါသည်။
၂၂-၉-၂၀၁၀
No comments:
Post a Comment