၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ အကြီးအကျယ် အလုပ်ရှုပ်နေကြသည်။
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းလမ်းတွေ၊ အစီအစဉ်တွေချကြ၊ ညှိနှိုင်းလှုပ်ရှားကြ။ တစ်ဖက်က ရန်ပုံငွေရှာဖွေရေး၊ ဆန္ဒမဲပေးမည့်နေ့မှာ ကူညီမည့် အမာခံအင်အား ရရှိရေး၊ ထို့နောက် ကော်မရှင်နှင့် ဆက်စပ်ရသည့် ရုံးလုပ်ငန်းများ အဆင်ပြေ ချောမွေ့ရေး... အဲဒါတွေဖြင့် လက်မလည်နိုင်ကြ။
သို့ပေမယ့် နိုင်ငံရေးသမား၏ အလုပ်သည် ဒါပဲလား။
နိုင်ငံရေးသမားသည် မိမိပါတီ သို့မဟုတ် မိမိကိုယ်တိုင် လုပ်ပိုင်ခွင့်အာဏာ ရရှိရေးအတွက် တစ်စုံတစ်ရာ အထောက်အကူပြုမည် ထင်ရသည့် အလုပ်များကိုလည်း လုပ်ပါလိမ့်မည်။
အဲဒါသည် သူ့ ဖြစ်တည်မှုအတွက် အခြေခံအလုပ် ဖြစ်သည်။
သို့သော် ကြီးထွားရှင်သန်ရေး၊ အဓွန့်ရှည် တည်တံ့ရေးတို့အတွက် မမှိတ်မသုံ အာရုံပြုရမည့် အရာတစ်ခု ရှိသည်။
တိုင်းပြည်ကိစ္စ။
တိုင်းပြည် အကျိုးစီးပွားအတွက် ဘာတွေ လုပ်မည်လဲ။
လူထုအတွက်ကတော့ အဲဒါသည် အရေးကြီးသည်။
နိုင်ငံရေးသမားတွေ တိုင်းပြည်အရေး ဆွေးနွေးပြောဆိုလာလျှင် တစ်စုံတစ်ရာ လုပ်ကိုင်ကြတာတွေ မြင်လာလျှင် လုပ်လက်စ ကိုင်လက်စများနှင့် စပ်လျဉ်း၍ ဝေဖန်ကြ၊ ထောက်ပြကြ၊ ပြုပြင်ရန်နည်းလမ်း ရှာဖွေကြ လုပ်လာလျှင် နိုင်ငံရေးသမားကို လူထုက စိတ်ဝင်စားလိမ့်မည်။ ဒါ တို့အရေးကိစ္စကို လုပ်ကိုင်တာပဲ။
သည်လိုမဟုတ်ဘဲ သူ့ကိစ္စချည်းသာ လုံးပန်းနေမည် ဆိုလျှင်တော့ လူအများ၏ စိတ်ဝင်စားမှု ခံယူရလိမ့်မည် မဟုတ်။
လူထုက နိုင်ငံရေး စိတ်ဝင်စားသလား၊ မ၀င်စားဘူးလား ဟူသည် အဲသည်အပေါ်မှာ မူတည်သည်။
စောစောပိုင်း တစ်လျှောက်လုံး နိုင်ငံရေးပါတီ (သစ်) နှင့် နိုင်ငံရေးသမား (သစ်)တွေ ကိုယ့်အလုပ်ကိုယ်ပဲ အများဆုံး အချိန်ပေးခဲ့ကြတာ တွေ့ရသည်။ လူထုနှင့် ဆက်ဆံသည့်အပိုင်းမှာ တချို့ပုဂ္ဂိုလ်တွေ စာနယ်ဇင်းအင်တာဗျူး နည်းနည်းပါးပါး လုပ်နိုင်ကြတာလောက်ပဲ ရှိခဲ့သည်။
များမကြာမီက စတင်ကာ လူထုကြားထဲ တိုးနိုင်သမျှ တိုးဝင်လာကြတာတွေ တွေ့လာရပြီ။ အင်တာဗျူးတွေ ယခင်ကထက် များများစားစား ပြည့်ပြည့်စုံစုံ တွေ့လာရသည်။ စာစောင်တွေ၊ လက်ကမ်းစာရွက်တွေ ဖြန့်ကြသည်။ လူထုနှင့် တိုက်ရိုက်ထိတွေ့သည့် ပွဲများမှာ စကားပြောကြသည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားက ဟောပြောသူတွေလည်း ရှိလာကြသည်။
သို့သော် ရသမျှအချိန်မှာ ရသလောက် လုပ်ရသဖြင့် နိုင်ငံရေးသမားများနှင့် လူထုကြား ထိတွေ့မှုတွေက အလွန်နည်းပါးနေသေးသည်။ ပါတီတွေနှင့် အများပြည်သူအကြား ရင်းနှီးပွင့်လင်းသော ဆက်ဆံမှုတွေ ဖြစ်ပေါ်လာဖို့ အချိန်ပေးရပါလိမ့်ဦးမည်။
သို့သော် ရှိသည့်အချိန်မှာ နိုင်ငံရေးသမားတို့ အာရုံစူးစိုက်သင့်သည့် အရာတစ်ခု ရှိသည်။
အဲဒါက မိမိတို့ ပြောစရာရှိတာတွေ ပြောသလို လူထုအသံကိုလည်း နားစွင့်ဖို့ ဖြစ်သည်။
ပြည်သူတွေ ဘာကို အလိုရှိသလဲ။
ပြည်သူ့အလိုဆန္ဒဆိုတာထဲမှာ ကြီးကြီးကျယ်ကျယ် ဆန်းဆန်းပြားပြားတွေ ပါလေ့မရှိ။ မပြည့်စုံတာ၊ ချို့တဲ့အားနည်းတာ၊ မရှိမဖြစ် လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးစေချင်ကြတာပဲ ရှိသည်။
မငြိမ်းချမ်းသောအရပ်မှာ နေရသူတွေက ပစ်သံခတ်သံတွေ မကြားချင်။ အသက်အိုးအိမ် ဆုံးရှုံးရတာတွေ ပြီးဆုံးချင်ပြီ။ ပဋိပက္ခ၏ ရင်းမြစ်တွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာပေးစေချင်သည်။ ပြီး ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ပေးကြပါ။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ဖြစ်သည့် နစ်နာဆုံးရှုံးမှုတွေ အမြဲခံစားနေရသူတွေက ဆက်သွယ်ရေးကောင်းအောင် လုပ်မပေးနိုင်ဘူးလား၊ မေးမြန်းကြမည်။ သည်ဒုက္ခတွေက ကင်းဝေးချင်လှပြီ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမည့် အရွယ်မှာ အလုပ်လုပ်ချင်ပါလျက် တစ်ကိုယ်စာ ထမင်းဝသည့် အလုပ်တစ်ခုပင် မရနိုင်ကြသူတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်ကြသည်။ သူတစ်ပါးအရပ်မှာ ခက်ခဲပင်ပန်းသော အလုပ်တွေ သွားရောက်လုပ်ကိုင်နေသူတွေ၊ အဲသည် ခက်ခဲသော အလုပ်ကိုပင် သွားရောက်လုပ်ကိုင်ရန် မတတ်နိုင်သူတွေအတွက် ကိုယ့်အရပ်မှာ အလုပ်အကိုင် ရရှိဖို့ ခင်ဗျားတို့ ဘယ်လို ဆောင်ရွက်ပေးနိုင်ကြမည်လဲ၊ မေးကြလိမ့်မည်။
မိမိလယ်ယာကို ကိုယ်ရောစိတ်ပါ စိုက်ထုတ်လုပ်ကိုင်နေကြသည့်ကြားက ထူထူထောင်ထောင် မဖြစ်နိုင်ကြသည့် တောင်သူလယ်သမားတွေကလည်း သူတို့အတွက် အခက်အခဲ အတားအဆီးတွေ ဘယ်လိုဘယ်ပုံ ရှိနေတာ ပြောကြလိမ့်မည်။ အဲဒါတွေကို ဖြေရှင်းပေးနိုင်ကြမည်လား....။
ကာယ၊ ဉာဏ လုပ်အားများကို အရင်းတည်ကာ ဘ၀ရပ်တည်မှုနှင့် တိုးတက်မှုအတွက် ရုန်းကန်လှုပ်ရှားကြရသည့် အခြေအနေ အဆင့်အတန်း အမျိုးမျိုးမှ အလုပ်လုပ်သူတို့ကလည်း မိမိတို့ ရပိုင်ခွင့်တွေ ပြည့်ပြည့်၀၀ ရဖို့နှင့် အလားအလာ အခွင့်အလမ်းတွေ တိုးပွားလာစေဖို့ ဘယ်မူဝါဒ၊ ဘယ်ပေါ်လစီများ စဉ်းစားကြံဆထားတာ ရှိသလဲ၊ သိလိုကြလိမ့်မည်။
အလားတူ... တွေကလည်း။
သည်ဆန္ဒတွေသည် အုပ်စိုးခံ လူထု၏ တရားနည်းလမ်းကျသော ဆန္ဒတွေဖြစ်သည်။
သည်ဆန္ဒတွေကို စာနာတတ်၊ ထပ်တူခံစားတတ်ပြီး သည်ဆန္ဒများ ပြည့်မြောက်အောင် အားထုတ်ကြိုးပမ်းတတ်သူတို့သည် ပြည်သူ အသိအမှတ်ပြုသည့် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များ ဖြစ်လာလိမ့်မည်။
ရေရှည်၌ တိုင်းပြည်လူထုနှင့် တစ်သားတည်းကျသော ပါတီများ၊ နိုင်ငံရေးသမားများသာ အောင်မြင်မြဲ၊ အဓွန့်ရှည်တည်တံ့မြဲ ဖြစ်သည်။
၁-၁၀-၂၀၁၀
No comments:
Post a Comment