Saturday, February 19, 2011

ကလန်တတ်သူ၊ သို့သော် တွေးစရာတွေ ပေးတတ်သူ


စာရေးဆရာ နိုင်ငံရေးသမားကြီးတွေထဲမှ လူချင်းရင်းနှီးခင်မင်ခွင့် ရခဲ့သည်မှာ ဆရာကြီးမောင်စူးစမ်း ဖြစ်သည်။ ဆရာက သူ့ကိုယ်သူ "ကလန်တတ်သူ" ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖွင့်ဟဖူးသည်။ ဤ `ကလန်တတ်သူ´ ဘွဲ့ကို ပေးသူမှာ သူ့သူငယ်ချင်း အရှည်ကြီး ဗိုလ်မှူးချုပ်ဟောင်း တင်ဦး (မျက်မှန်တင်ဦး) ဟု ဆိုသည်။ လူမှုဆက်ဆံရေးတွင် ကလန်တတ်-မတတ်တော့ မသိ။ သူ့အတွေး၊ သူ့အရေးတွေကား အမှန်ပင် ကလန်တတ်သည်။ အထူးသဖြင့် မဟာဗျူဟာ ကိစ္စများတွင် အများစုနှင့်မတူ။ ယခုခေတ်အခေါ် ဖောက်ထွက်တွေးတတ်သူ (breakthrough thinker) ဟု ဆိုရမည်လားမသိ။

သူနှင့် သူပါဝင် ပတ်သက်ခဲ့သော နိုင်ငံရေးပါတီများ သဟဇာတ မဖြစ်ခဲ့သည်မှာ သူ၏ အဆိုပါ ကလန်အတွေးကြောင့် ဖြစ်နိုင်သည်။ "ချမ်းအေး" စစ်တမ်း ဆိုလျှင် ယခုချိန်အထိ လက်ဝဲသမားတွေက အငြိုးမပြေ။ သည်းကြီးမည်းကြီး ဆန့်ကျင်ကြဆဲ။ စာရေးသူ တောနှင့်တောင်တွင်ရှိစဉ် ပါတီလူကြီးတစ်ယောက်က သူနှင့်ပတ်သက်ပြီး မှတ်ချက်ပြုဖူးသည်။ ကိုချမ်းအေးက တောင်တက်လမ်းတွေ့တိုင်း ကွေ့ကွေ့သွားတတ်တဲ့ အကျင့်ရှိတယ်။ အခြေအနေအရ ပြန်မပြောသာ၊ ပြန်မပြောရဲသော်လည်း စိတ်ထဲကတော့ ကလန် ကြည့်မိသည်။ ``သက်တောင့်သက်သာနဲ့ ရောက်နိုင်မယ့်လမ်းရှိရင် ဘာလို့ အမောခံ တက်မှာလဲဗျာ...´´။

စာရေးသူအနေနှင့်မူ ဆရာ၏ ကလန်အတွေးကြောင့်ပင် သူ့စာတွေကို အလွတ်မခံ။ တခုတ်တရဖတ်နေရခြင်း ဖြစ်သည်။ ဆရာမှာ အသက်ရှစ်ဆယ်ကျော်အထိ အတွေးသစ် အမြင်သစ်တွေကို မမောမပန်း မိတ်ဆက်နေဆဲ။ ဆရာ့ဖတ်အား ရေးအားကို အားကျသည်။ ကလန်တတ်သည့် သူ့အရေးတွင် တွေးစရာတွေ တထောကြီးပါစမြဲ။ ပြောရလျှင် ဆရာ့ကျေးဇူးမှာ ဟိုးငယ်ငယ် စာဖတ်ကျင့်ရစဉ်ကတည်းက ဖြစ်သည်။ ကျွန်တော် ကိုးတန်းနှစ်က ကား(လ)မာက်္ခ၏ `အရင်းကျမ်း´ ကို ကြိုးစားဖတ်ကြည့်ရာ ဘာမှနားမလည်။ အကြိမ်ကြိမ် လန်ကျသည်။ ဆရာမောင်စူးစမ်း၏ `မတ်ဘောဂဗေဒ´ နှစ်တွဲကို ဖတ်ပြီးတော့မှ `အရင်းကျမ်း´ တောင်ကြီးကို တက်နိုင်တော့သည်။ ဟောင်ကောင်တက္ကသိုလ်မှ ဒေါက်တာကျော်ရင်လှိုင်က အဆိုပါ `မတ်ဘောဂဗေဒ´ နှစ်တွဲနှင့်ပင် ဆရာကြီး မောင်စူးစမ်းကို ပါရဂူဘွဲ့ပေးထိုက်ပြီဟု မှတ်ချက်ချသည်ကို သူ့တပည့်တွေဆီမှတစ်ဆင့် ကြားရသည်။

မှတ်မှတ်ရရ ဆရာနှင့်အတူ ခရီးနှစ်ခါထွက်ဖူးသည်။ ပထမအကြိမ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဟောပြောပွဲ။ ရေဆင်းဆည်ဘောင်ပေါ် လမ်းလျှောက်ရင်း ဟိုးအဝေး တောင်တန်းညို့ညို့ကို ကြည့်ကာ ဆရာက ရှားရှားပါးပါး အတိတ်ကို လွမ်းပြသည်။ `အဲဒီတောင်ကြောက ရွာကလေးမှာ ကျွန်တော်တို့ စစ်ပြေးခဲ့ရတာဗျ။ အဲဒီရွာကနေ ဘီဒီအေထဲ ရောက်သွားတာ...´။ ကျောက်မဲစာဆိုတော်ခရီး သွားစဉ်ကလည်း ရိုးမတောင်ပေါ်လမ်း (ရန်ကုန်-နေပြည်တော် ကားလမ်းသစ်)ကို ဖြတ်ရင်း သိုးကာသီကာလွမ်းပြန်သည်။ `ဟောဒီနေရာလေးဗျ။ ဗဟိုကော်မတီအစည်းအဝေးလုပ်ခဲ့တာ.....´။

အကွက်ချောင်းနေသော စာရေးသူက စာရေးဖို့တိုက်တွန်းရာ ဆရာက ခေါင်းခါသည်။ `အကျိုးမများပါဘူးဗျာ။ ရှေ့ဆက်ရမယ့်ခရီးမှာ သမိုင်းက အသုံးမတည့်လောက်ပါဘူး....´။ ဆရာမောင်စူးစမ်း၏ ထူးခြားချက်မှာ မြန်မာစာပေလောကတွင် တွေ့ရလေ့ရှိသော တပည့်မွေး-ဆရာမွေး အကျင့်တွေ မရှိခြင်းဖြစ်သည်။ သူသည် သူ့အမှတ်အသားသရုပ်ကို သိဒ္ဓိတင်လိုသူမျိုး မဟုတ်။ ဘယ်သူတွေ ဘာထင်ထင် သူမြင်သလို သူရေးသည်။ ပရိသတ်ကြိုက်ပါစေ၊ လူအထင်ကြီးပါစေ သဘောမျိုး မရှိ။ ပကတိအရှိကို အမိအရ ဆုပ်ကိုင်ပြီး ပညာဖြင့် `ကလန´ ကြည့်တတ်သူမျိုး ဖြစ်သည်။

ဒါကို သူဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေဆဲ အသိုင်းအ၀ိုင်းက နားလည်မှုမပေး။ သည်လိုနှင့် ဆရာ့ဘ၀တွင် ဝေဖန်ရေးဆွမ်းကြီးလောင်းပွဲတွေနှင့် အကြိမ်ကြိမ် ကြုံခဲ့ရသည်။ ယခုနောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ ရောက်သည်အထိ ဆရာ့ပညာကို လေးစားသော ဆရာ့စေတနာကို ဆ၀ါးမိသော ကျွန်တော်က ဆရာ့ဘက်က ၀င်ရပ်ခဲ့ရာ ဝေဖန်ရေးမြားဦးက ကိုယ့်ဘက်လှည့်လာသည်။ ရင်းနှီးခင်မင်သော မိတ်ဆွေထုတ်ဝေသူ အချို့ကပင် `ပြဿနာများမယ့်စာတွေ မရေးပါနဲ့´ တားယူရသည်အထိ ဖြစ်သည်။ သူတို့စေတနာကို အသိအမှတ် ပြုသည့်တိုင် ၀မ်းနည်းစွာ ငြင်းပယ်လိုက်ရပါသည်။ `ကိုယ်မြင်တာ ကိုယ်မရေးရဲရင် စာရေးတာ ဘာအဓိပ္ပါယ်ရှိမှာတုန်း....´။

[THE WAVES, 5/10, NOVEMBER, 2010, EDITOR'S SKETCH (အဝေးမြင်စာရေးဆရာ နိုင်ငံရေးသမားကြီးများ), Page 15, 16, 17]

No comments:

Post a Comment

 
Web Statistics