Saturday, September 29, 2012

အတွေးများ၊ ဦးသိန်းစိန်၊ ဧရာဝတီလွှတ်တော်၊ မြန်မာ့အရေးနှင့် ဂျာနယ်များ၊ တောင်းပန်စာ


တစ်နေ့က နေ့လည်ပိုင်း ထမင်းစားနေတဲ့အချိန်မှာ အတွေးတွေ တွေးမိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သတင်းမီဒီယာလုပ်ငန်းတွေ ဘာကြောင့် အောင်မြင်ရသလဲဆိုတာပါ။ မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်သံလိုင်းတွေ၊ သတင်းစာတွေ၊ စာအုပ်တွေ၊ စာစောင်တွေ အောင်မြင်ပြီဆိုရင် ပိုက်ဆံတွေများ မလိုချင်လောက်အောင် ရတတ်တာမျိုးကိုး။ ကျွန်တော်တို့နိုင်ငံမှာရော အဲဒီလို ဖြစ်နိုင်ပါ့မလားလို့ တွေးမိတယ်။ (ဒါက ပထမအတွေး)

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဆရာဝန်တွေ၊ ရှေ့နေတွေကို ကြည့်ရတာ သိပ်မနိပ်ပါဘူးကွာတဲ့။ ကျွန်တော်လည်း ဘာဖြစ်လို့လဲလို့ ပြန်မေးမိတယ်။ သူကပြန်ဖြေတယ်။ မင်းစဉ်းစားကြည့်လေ၊ လူသားတွေအားလုံး လောဘ၊ ဒေါသ၊ မောဟတွေ ငြိမ်းအေးပြီး ဘာအမှုအခင်းမှ မရှိဘူးဆိုရင် ရှေ့နေတွေက ဘာနဲ့ ထမင်းသွားစားမလဲတဲ့။ အဲဒီတော့ သူတို့တွေက အမှုအခင်းများတာ ကြိုက်မလား၊ အမှုအခင်းနည်းတာကို ကြိုက်မလားတဲ့။ ကျွန်တော်နည်းနည်းတော့ ကြောင်သွားတယ်။ တစ်ခုခု ပြန်ဖြေချင်ပေမယ့် အသေအချာ စဉ်းစားမရတဲ့အတွက် ဘာမျှ ပြန်မပြောဖြစ်ဘူး။ ကိုယ့်ဘာသာကိုယ် ဆက်တွေးမိတာက အဲဒီလိုသာဆိုရင် သတင်းစာတွေထဲမှာ ဘယ်လမှာတော့၊ ဘယ်နှစ်မှာတော့ မှုခင်းဖြစ်ပွားမှု ကျဆင်းသွားခဲ့တယ်ဆိုတဲ့ သတင်းတွေဆိုရင် ရှေ့နေတွေက ဖတ်တောင် ဖတ်ပါ့မလားလို့ တွေးမိတယ်။ သူကဆက်ပြောတာက ဆရာဝန်တွေလည်း ထို့အတူပဲတဲ့။ ဆေးခန်းထိုင်တဲ့ ဘယ်ဆရာဝန်ကမျှ ဒီနေ့တော့ မမာမကျမ်းဖြစ်တဲ့လူတွေ မရှိပါစေနဲ့၊ ဒီနေ့တော့ ဖျားနာတဲ့လူတွေ မရှိပါစေနဲ့၊ ဒီနေ့တော့ လူနာတွေ မလာပါစေနဲ့လို့ ဆုမတောင်းဘူးတဲ့။ မြတ်စွာဘုရား... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော် အတော်လန့်သွားတယ်။ ဒါပေမယ့် ဘာပြန်ပြောရမှန်းတော့ မသိပါဘူးဗျာ။ သူက ဆက်ပြောသေးရဲ့။ ဟေ့ကောင်၊ ဆရာဝန်ဆိုတဲ့လူမျိုးက သူ့ဆေးခန်းကို လူနာမလာသေးရင် လမ်းပေါ်က ဖြတ်သွားသမျှ လူတိုင်းကို လူနာလို့ သဘောထားပြီး လိုက်ကြည့်နေတတ်တာမျိုးကွတဲ့။ သူငယ်ချင်းက ဟာသတွေ ပြောတယ်လို့ပဲ ကျွန်တော်ဖြေတွေးခဲ့မိပါတယ်။ (ဒါက ဒုတိယအတွေးပါ။)

ဘယ်နားမှာတော့ မီးလောင်လို့တဲ့၊ ဘယ်ရပ်ကွက်မှာတော့ ဘယ်သူသေပြန်ပြီတဲ့၊ ဘယ်မြို့မှာတော့ ဆန္ဒဖော်ထုတ်ပွဲ လုပ်ကြသတဲ့၊ ဘယ်နေရာမှာတော့ ကားမတော်တဆမှု ဖြစ်သတဲ့၊ စတဲ့ စတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီဆိုရင် ၀မ်းသာအားရ အပြေးအလွှား သွားကြသူတွေက သတင်းထောက်တွေပါတဲ့။ လူ့စိတ်သဘာဝအရ မြင်တွေ့ကြားသိနေရတဲ့ ဒုက္ခတွေအပေါ်မှာ သနားစိတ်၊ ကရုဏာစိတ် ဖြစ်ကောင်းဖြစ်ပေမယ့် ကိုယ့်အတွက် သတင်းတစ်ခု ရတာဖြစ်တဲ့အတွက် ကျေနပ်ကြရပါတယ်တဲ့။ အဲဒီလို သတင်းတွေ မလိုက်ချင်ပါဘူးဗျာလို့ ဘယ်လောက်ပဲပြောပြော အဲဒီသတင်းမျိုးကို အမြဲတမ်း နားစွင့်ထားတတ်ကြပါတယ်။ ပြီးတော့ သူတို့က ပြောတတ်ကြသေးတယ် လူတွေကလည်းခက်တယ်ဗျာ သတင်းဆိုတာနဲ့ အဲဒီလို မီးလောင်တာ၊ လူသတ်တာ၊ တိုက်ပြိုကျတာ၊ ဆန္ဒပြတာ၊ စတာတွေကိုပဲ ဖတ်ချင်တာတဲ့။ ဘယ်ဘုန်းတော်ကြီးကျောင်းမှာ ဘယ်သူက အလှူလုပ်တယ်၊ ဘယ်မြို့မှာတော့ သစ်ပင်စိုက်တယ်၊ စတဲ့သတင်းတွေကို မဖတ်ချင်ကြဘူးတဲ့။ အင်း.. ခက်တော့ ခက်ချေပြီတကား။ (ဒါက ကျွန်တော့်စိတ်ရဲ့ အမည်းဘက်ခြမ်းက တွေးမိတာတွေပါ။)

အခုတလော သတင်းတွေကလည်း ဖြစ်သလားမမေးနဲ့။ ကျွန်တော့်မှာ သတင်းတွေ ဖတ်ရမှာတောင် လန့်လာတဲ့အထိပါပဲ။ ကွန်ပျူတာဖွင့်ပြီး အင်တာနက်သုံးရမှာတောင် ကြောက်လာတဲ့အထိ ဖြစ်ရတယ်။ စိတ်ချမ်းသာစရာသတင်းတွေ ဖတ်ရကြားရသလို စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ သတင်းတွေလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်သတိပြုမိသမျှ သတင်းတွေကို ဆွေးနွေးပါရစေ။

ကျွန်တော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့ သတင်းကိုတော့ လူတိုင်းသိပြီးသားမို့ အထူးအဆန်းလုပ်ပြီး မပြောတော့ပါဘူးဗျာ။ ဒါပေမယ့် ပြည်တွင်းရုပ်သံလိုင်းတွေကနေ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ၊ မြန်မာမီဒီယာတွေမှာသာမကဘဲ ပြည်ပက နိုင်ငံတကာမီဒီယာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက်ထား ဖော်ပြခဲ့ကြတာ၊ ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးအသိအမှတ်ပြုတဲ့ စကားတွေကို မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့တာ၊ အမေရိကန်မှာ ရောက်ရှိနေတဲ့ ဦးသိန်းစိန်ကို ကြိုတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က လာရောက်တွေ့ဆုံ ဂါရ၀ပြုနှုတ်ဆက်ခဲ့တာ၊ သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ အပြုံးမပျက် ဖြေကြားပေးခဲ့တာ၊ စတဲ့စတဲ့ အချက်တွေကတော့ တကယ့်ကို မှတ်တမ်းတင်ထားရမယ့် အချက်တွေပါပဲ။ အထူးသဖြင့် သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ အရေးယူမှုကို ဖယ်ရှားပေးခဲ့တာကတော့ အကြီးမားဆုံး အမြတ်ထွက်မှုလို့ ပြောရမယ်ထင်ပါတယ်။ မြန်မာ့အထည်အလိပ်တွေ အပါအ၀င် အခြားကုန်စည်တွေ အမေရိကန်ဈေးကွက်ကို ပြန်ရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခြားသော နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေလည်း အခြားနိုင်ငံတွေကို ခရီးသွားရောက်ကြတာတွေ တွေ့ရပါတယ်။ တစ်ချိန်က အပယ်ခံနိုင်ငံဘ၀ကနေ အခုလိုမျိုး ကမ္ဘာက လိုလိုလားလားနဲ့ ကြိုဆိုဖိတ်ခေါ်တာတွေ မြင်ရတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းသာမိတာ အမှန်ပါပဲ။ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် စတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေလည်း နိုင်ငံခြားခရီးစဉ်တွေကနေ အတွေ့အကြုံကောင်းတွေ ရလာခဲ့မယ်လို့ ယုံကြည်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ ကိစ္စကလည်း အခုလတ်တလော စိတ်ဝင်စားမှုအခံရဆုံး သတင်းတစ်ပုဒ်ပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးပိုင်းဟာ မလွဲမသွေ ပွတ်တိုက်မှုတွေ ကြုံကြရမှာပါ။ ကြုံချင်သည်ဖြစ်စေ၊ မကြုံချင်သည်ဖြစ်စေ အခြေခံဥပဒေရဲ့ ပေးထားချက်အရ ကြုံကိုကြုံရမှာပါ။ ဒီအပေါ်မှာ နှစ်ဖက်စလုံးက ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာကပဲ အရေးကြီးပါတယ်။ စစ်ပွဲတွေဆိုတာ နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်လို့ ပြောတတ်ကြပါတယ်။ အဲဒီလိုပါပဲ စွပ်စွဲပြစ်တင်ခြင်းဆိုတာ ညှိနှိုင်းအဖြေရှာခြင်းရဲ့ နောက်ဆုံးအဆင့်သာ ဖြစ်စေလိုပါတယ်။ ကျွန်တော့်အမြင်အရကတော့ အခုလုပ်မယ့် စွပ်စွဲပြစ်တင်မှုဟာ တကယ့်ကို နောက်ဆုံးအဆင့်ပါပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအကြား ပွတ်တိုက်နေခဲ့တာ ကြာပါပြီ။ အခုတော့ ပွတ်တိုက်မှုကနေ မီးပွားဖြစ်လာခဲ့ပါပြီ။ ၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုအချို့ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ သေသေချာချာလည်း ဖြေရှင်းပေးနိုင်မှု မရှိခဲ့ပါဘူး။ လွှတ်တော်ကို မထီမဲ့မြင်သဘောမျိုး လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ ရှိတဲ့အတွက် အခုအဆင့်အထိ ဖြစ်လာခဲ့တယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဒီကိစ္စမှာတော့ ကျွန်တော်ကိုဉာဏ်ဟာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဘက်ကပါခင်ဗျား။ (ဘာအမြင်တွေ၊ ဘာအတွေးတွေ၊ ဘာပုဂ္ဂိုလ်ရေးတွေနဲ့မှ ပြောတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အတိုင်း မတွက်တဲ့လူတိုင်းကို အမှတ်မပေးတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ စိတ်မျိုးသက်သက်နဲ့ပါ။ အခုလုပ်ရပ်မှာတော့ ဧရာဝတီလွှတ်တော်ဟာ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။)

မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက် ဖြစ်နေတာကို ကျွန်တော်ကိုဉာဏ် လုံးဝကို မနှစ်သက်ပါဘူး။ ဒါတွေဟာ ဒီမိုကရေစီရဲ့ အငွေ့အသက်တွေပဲလို့ ကျွန်တော့်ကို အီဂျစ်လေသံ၊ ဆီးရီးယားလေသံနဲ့ လာမပြောပါနဲ့။ ကိုယ့်မြန်မာတွေအကြောင်း ကိုယ်တွေ အသိဆုံးပါ။ နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ကြိုတွေးကြစေလိုပါတယ်။ ကျွန်တော်တို့ မြန်မာတွေက လူစုမိသွားရင် ပြဿနာရှာတတ်တဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ ဒီစကားဟာ နှစ်သက်စရာကောင်းတဲ့ စကားမဟုတ်မှန်း၊ လူတိုင်း လက်ခံမယ့်စကား မဟုတ်မှန်း ကျွန်တော်သိပေမယ့် အမုန်းခံပြီး ရေးပါရစေ။ အခုဖြစ်နေတာတွေဟာ ဥပဒေအတိုင်း လုပ်နေတာတွေ မဟုတ်ဘူးဆိုတာ မျက်လုံးဖွင့်ပြီး ကြည့်ကြစေချင်ပါတယ်။ ဉာဏ်ရှေ့ပန်းပြီး သုံးသပ်ကြစေချင်ပါတယ်။ ကျွန်တော်တို့တွေဟာ တွန်းတော့တွန်းနေကြတယ်၊ ရှေ့ကိုရောက်အောင် တွန်းနေတာလား၊ နောက်ကို ပြန်တွန်းနေတာလားဆိုတာ တွန်းနေတာကိုရပ်၊ ဦးတည်ရာကို ကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ တွန်းစရာရှိတယ်၊ တွန်းရမယ့်ဟာရှိတယ်၊ တွန်းမယ့်လူရှိတယ်ဆိုပြီး တွေ့ရာကို တွန်းနေလို့ကတော့ ဘေးတွေချော်၊ နောက်တွေဆုတ် ဖြစ်ကုန်ပါလိမ့်မယ်။

မြန်မာဂျာနယ်တွေအားလုံးကို ဒီနေရာကနေ အပြစ်တင်လိုပါတယ်။ အစိုးရမကောင်းတဲ့ သတင်းတွေ၊ အစိုးရက မဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်ချက်တွေကိုတော့ အချိန်နှင့်တပြေးညီ တင်ပြပေးရ၊ သုံးသပ်ပြရနဲ့ အတော်ကို တာဝန်ကျေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားတွေကို ဥပဒေနဲ့အညီ လိုက်နာကျင့်ကြံနေထိုင်တဲ့ နိုင်ငံသားကောင်းတွေဖြစ်အောင် ပညာပေးစည်းရုံးမှုမှာတော့ လုံးဝကို အားရစရာ မရှိပါဘူး။ ခက်ခက်ခဲခဲတွေ မစဉ်းစားပါနဲ့။ အခုဒီမိုကရေစီခေတ်မှာကျမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုတော့ လိုက်နာအောင် စည်းရုံးသင့်၊ တိုက်တွန်းသင့်ပါတယ်။ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလည်း ဥပဒေနဲ့မညီကြောင်း ထောက်ပြပြောဆိုနိုင်ရပါမယ်။ ဥပမာပြောရရင် ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းထားပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေအားလုံးက အဲဒီအတိုင်း မဆောင်ရွက်ကြတာကို ကျွန်တော်တို့ မဖတ်ချင်အဆုံး သတင်းတွေဖတ်ရပါတယ်။ အချက်အလက် တိတိကျကျနဲ့ ရေးသားကြပါတယ်။ တာဝန်ကျေပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ထုတ်ပြန်ထားတယ်။ နိုင်ငံသားတွေဟာ အဲဒီဥပဒေအတိုင်း စီတန်းလှည့်လည်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စုဝေးတာ လုပ်ကြရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်တဲ့အကြောင်း ဂျာနယ်တွေက ထောက်ပြနိုင်ရပါမယ်၊ ထောက်ပြရဲရပါမယ်။ အခုတော့ ဂျာနယ်စောင်ရေကျမှာ စိုးရိမ်တာတစ်ခု၊ စာဖတ်သူတွေ ငြိုငြင်မှာကို စိုးရိမ်တာတစ်ခု၊ အစိုးရကို ထောက်ခံသူလို့ တံဆိပ်ကပ်ခံရမှာကို စိုးရိမ်တာတစ်ခု စတာစတာတွေကြောင့် နှာစေးနေလိုက်ကြတာများ ယိမ်းတိုက်ထားသလိုပဲ ဂျာနယ်တွေအားလုံး ညီညွတ်ကြပါပေ့ဗျာ။ ကျွန်တော်ကိုဉာဏ် မှတ်တမ်းတင်ထားလိုက်ပါတယ်။

အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပရိုဖိုင်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲတဲ့။ ဒါမှ ပြည်သူတွေက သူတို့အကျိုးကို ဆောင်ရွက်နေတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ သေသေချာချာ သိနိုင်မှာပါလို့ ဂျာနယ်တွေက ထောက်ပြရေးသားကြတာကို ကျုပ်ကိုဉာဏ် လှိုက်လှိုက်လှဲလှဲ ထောက်ခံသဗျ။ သူများတိုင်းပြည်က သမ္မတအစ ရုံးစာရေးအဆုံး သူတို့အကြောင်းကို သိချင်ရင် အင်တာနက်မှာ ခလုတ်တစ်ချက်ခေါက်ရုံနဲ့ သိရတယ်။ ကျုပ်တို့နိုင်ငံက ခေါင်းဆောင်တွေများကျတော့ အနေအထိုင် သိပ်ပိရိတာပဲ။ သူတို့က အသက်ဘယ်လောက်ရှိပြီလဲ၊ သူတို့ဇနီးတွေက ဘယ်သူတွေလဲ၊ သားသမီးဘယ်နှယောက်ရှိသလဲ စတာတွေကိုတောင် သိခွင့်မရကြဘူး။ အင်း... ဒါပေမယ့် အဲဒါတွေကိုသာ ထောက်ပြနေကြတယ်။ ထောက်ပြတယ်ဆိုတာကလည်း အစိုးရကို လက်ညှိုးထိုးတာပါပဲ။ ခင်ဗျားတို့အစိုးရက သတင်းမထုတ်ပြန်ဘူး၊ အချက်အလက်တွေ မဝေမျှဘူး၊ မပွင့်လင်းဘူး ဘာညာပေါ့ဗျာ။ ထားပါတော့။ အဲဒီလိုဆိုရင် အခုတလော သိပ်ကို နာမည်ကြီးအောင်လုပ်နေတဲ့ လူစိတ်ပေါက်နေတဲ့ သင်္ကန်းဝတ် နိုင်ငံရေးသမား အရှင်ဝီရသူအကြောင်းကျတော့ ဘယ်ဂျာနယ်ကမျှ ပရိုဖိုင်တွေဘာတွေ မဖော်ပြကြပါလားဗျ။ အဲဒီသင်္ကန်းဝတ်ဟာ အသက်ဘယ်လောက်မှာ သာမဏေ၀တ်တယ်၊ ဘာစာတွေသင်ခဲ့တယ်၊ ဘာဘွဲ့တွေရခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်၊ သူ့အပေါ် ဆရာတော်ကြီးတွေရဲ့ သဘောထားက ဘယ်လိုရှိတယ် စသည်ဖြင့် ဘယ်သူမှ မလုပ်ကြပါလားဗျ။ အခြားသူတွေ စိတ်ဝင်စားစား မစားစားဗျာ၊ ကျွန်တော်ကိုဉာဏ် စိတ်ဝင်စားတယ်ဗျ။ ရေးကြပါဦး၊ ဖော်ပြကြပါဦး။ နိုင်ငံရေးလှုပ်ရှားတွေကို ဒီလောက်တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ လူတစ်ယောက်အကြောင်းကို ကျွန်တော်တို့ သိချင်တယ်ဗျ။ ဒါမှလည်း ပြည်သူတွေကိုယ်စား ဟိုနေရာဝင်ပါ၊ ဒီနေရာဝင်ပါ (ရခိုင်လည်းပါ၊ မန္တလေးလည်းပါ၊ ပြင်ဦးလွင်လည်းမချန်၊ စစ်ကိုင်းလည်းကူး၊ မုံရွာလည်းရောက်၊ ၀က်မှေးလည်း မကျန်ရစ်၊ ဒေါ်စုတောင် သူလောက် အလုပ်မလုပ်နိုင်ဘူး) လုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကျွန်တော်တို့တွေက ယုံယုံကြည်ကြည် အားကိုးရမှာ မဟုတ်လား။ လုပ်ကြပါဦး ကိုရွှေဂျာနယ်တို့ရေ....။

ဘလော့ဂ်နဲ့ ကာလအတန်ကြာ အဆက်ပြတ်သွားတဲ့အတွက် ပထမဦးစွာ တောင်းပန်လိုပါတယ်။ ဒုတိတတောင်းပန်လိုတာကတော့ အခုလိုမျိုး သူများကို ဝေဖန်သလိုလို၊ ခနဲ့သလိုလို၊ သရော်သလိုလို စာတွေကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် စိတ်ထဲမှာ ဘယ်လိုမှကို မနေနိုင်တော့တဲ့အတွက် လူကနေတယ် လက်ကမနေဘူး ဆိုသလိုပဲ ရေးလိုက်မိတာကို တောင်းပန်ပါတယ်။ အရိုင်းအစိုင်း စကားလုံးတွေအတွက် နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်နော်။

အားလုံးကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့။
မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင်ပြီး၏။
ပျဉ်းမနားမြို့သို့အသွား မိုးရွာသဖြင့် အင်တာနက်ဆိုင်တွင် မိုးဝင်ခိုရင်း ရေးသားသည်။

Wednesday, September 26, 2012

ဆရာဂျက်ကိုသာ တမ်းတမိပါတယ်...



တစ်ခါသော် နယ်မြို့ကလေးတစ်မြို့သို့ ဂျက် ရောက်သွား၏။ ပင်လယ်ကြီးနှင့် မလှမ်းမကမ်းမှ လပွတ္တာမည်သော မြို့ကလေးတည်း။ သစ်စိုးဟူသော စာပေသမားလေး ဦးစီးကာ လူငယ်တစ်သိုက်နှင့် စကားဝိုင်းဖွဲ့ရချေ၏။ စကားဝိုင်းသည် ဆရာမောင်ထင်၏ ငဘ ၀တ္ထုဆီသို့ ရောက်သွား၏။ တစ်ဦးက ငဘသည် လယ်သမားဘ၀ကို သရုပ်ဖော်သည်ထက် လယ်သမားတို့ကို လှောင်ပြောင်သရော်ထားခြင်း ဖြစ်သည်ဟူသော ဆရာမောင်သာနိုး၏ ဝေဖန်မှုကို ဆွေးနွေး၏။ အနှီတွင် ဂျက်က….
“ဦးထင်ဖတ်ရဲ့ ငဘက ဂျပန်ခေတ် လယ်သမားဘ၀ ပေါ်လွင်ပါပေတယ်ဗျာ။ အဲ… သဟာနဲ့ မစကားမစပ် ကိုခင်မောင်တင့်ကလည်း လယ်သမားနောက်ခံဝတ္ထုတော့ ရေးဖူးသေးတာပါပဲ။ ဦးကြီးဘထိုက် (သို့မဟုတ်) မိုးနှင့်မြေကို အောင်နိုင်ခြင်းဗျာ။ အနို့သော် ကိုခင်မောင်တင့်က လယ်သမားဘ၀ကို သိပ်အကျွမ်းမ၀င်လှဘူး။ သူက ခမ်းနားတဲ့ အချစ်ဝတ္ထုကြီးတွေ၊ ရသသဘောတရားတွေ၊ သမိုင်းနောက်ခံ ၀တ္ထုတွေမှာပဲ အားသန်တာ”

ကျွန်ုပ်က ဆရာမောင်ထင်ကို ဦးထင်ဖတ်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ကို ကိုခင်မောင်တင့် စသည်ဖြင့် လုပ်ထည့်လိုက်ရာ ကိုသစ်စိုးက မျက်စိကလေး ပေကလပ် ပေကလပ် ဖြစ်နေသော သူ့ရဲဘော်ကလေးများကို ဦးထင်ဖတ် ညီမျှခြင်း မောင်ထင်၊ ကိုခင်မောင်တင့် ညီမျှခြင်း တက္ကသိုလ်ဘုန်းနိုင် စသည်ဖြင့် တီးတိုးကလေး ရှင်းပြနေချေ၏။ သို့စဉ်တော့မှ တစ်ယောက်က…
“တက္ကသိုလ်ဘုန်းနိုင်ကို ဆရာကြီးဂျက် ကြိုက်သလားခင်ဗျ”
“အဟက် ရင်ခုန်ခဲ့ချေသပေါ့။ ကိုမောင်မောင်ကြီးကိုလည်း ကြိုက်တာပါပဲ။ ငွေတောင်လို သုတေသနစာအုပ် ရေးခဲ့သူက အချစ်ဝတ္ထုစကားပြေမှာလည်း ညက်ပေသဗျာ”

အနှီတွင် ကိုသစ်စိုးက ကိုမောင်မောင်ကြီး ညီမျှခြင်း ငြိမ်းကျော် ဟူ၍ တီးတိုးရှင်းပြနေရပြန်ပါချေ၏။ အချုပ်ကို ဆိုရသော် လပွတ္တာသားကလေးတို့ ဂျက်ကို ဖြုံသွား တုန်သွားဘိတော့ချေသည်တကား။

(***)
တစ်ရံရောအခါ၌ ဂျက်ကွမ်းခြံကုန်းတည်းဟူသော ပင်လယ်ကူး သင်္ဘောကြီးသည် တောင်တွင်းကြီးမြို့သို့ ဆိုက်ရောက်၏။ ပေလေးပင် ရှင်လေးပါးအစ ရှင်ဥက္ကဋ္ဌအလယ်၊ ဆရာအောင်သင်းအဆုံး၊ မောင်ခင်သာ (တောင်တွင်း)၊ မောင်ကြည်သာ (တောင်တွင်း)၊ တောင်တွင်း မောင်မုန်းမာန်၊ တောင်တွင်းမောင်သင်းကျော် စသည် စသည်ဖြင့် တရုန်းရုန်း မြို့ကလေး၌ မောင်မုန်းမာန်ဦးဆောင်သော လူငယ်တစ်သိုက်တို့က ဂါရ၀ပြု စာပေ၀ိုင်းကလေးဖြင့် ခင်းကျင်းဧည့်ခံ၏။ တူးလက်စ ဗိဿနိုးမြို့ဟောင်းဆီ စကားရောက်သွားကြကာ မဟူရာမေတ္တာ အစချီသော ရာဇ၀င်နောက်ခံ ၀တ္ထုများဆီသို့ ရောက်သွားကြသည်တွင်…
“ပသို့ဆိုစေ ရာဇ၀င်နောက်ခံခေါ်ခေါ် သမိုင်းနောက်ခံဆိုဆို ကိုကျော်စွာကို ချန်ထားလို့ကတော့ မဖြစ်ချေဘူးပေါ့။ ခုနစ်အိမ်တန်းက မိဂျမ်းဘုံလို ဟာသကလွဲရင် ကိုကျော်စွာဟာ”

အနှီသို့ စကားဆိုနေစဉ်အတွင်း မောင်မုန်းမာန်ကလေးက ကိုကျော်စွာ ညီမျှခြင်း ချစ်ဦးညို၊ ကိုကျော်စွာ ညီမျှခြင်း ချစ်ဦးညိုနှင့် တီးတိုးရှင်းပြနေခဲ့ရာ တောင်တွင်းသားတို့ ကျွန်ုပ်ကို အံ့အံ့သြသြ ငေးငေးမောမောနှင့်ပေတကား။

(***)
အကြင်တစ်ခေါက်ကမူ ဂျက်သည် ရတုဘုရင်ကြီး နတ်ရှင်နောင်၏ ကေတုမတီ တောင်ငူမြို့တော်သို့ ရောက်သွားမိပြန်ပါချေ၏။ အနှီတွင်လည်း တပင်ရွှေထီး ထန်းတောအတွင်း၌ မြန်မာကဗျာရှေ့ရေး ဆွေးနွေးဖြစ်ကြလေရာ မောင်နီမွန်၏ ဦးဆောင်မှုနှင့်အတူ အောင်ခိုင်မြတ်ကလေးတို့၊ မောင်ထင်ဘိုကလေးတို့၊ အောင်လွန်းမြိုင် ကလေးတို့သည် ကျွန်ုပ်၏ မျက်နှာကို ငေးမောကာ လာရောက်နားထောင်ကြချေ၏။

“ကိုသန်းဝင်း ဆိုတဲ့လူက နည်းနည်းရမ်းချင်တယ်ဗျ။ ကာရန်ဝါဒ ကျဆုံးပါစေဆိုတော့ ဆရာဦးဌေးမြိုင် ဘယ်လောက်ခံစားရမလဲ။ တစ်ဖန် စာပေ ဓမ္မန္တရာယ်ဆိုပြီး ထိုးနှက်လိုက်တာ ဦးဇော်မြင့် ရင်နာလေမပေါ့”

အနှီတွင် မောင်နီမွန်ကြီးက ကိုသန်းဝင်း ညီမျှခြင်း အောင်ဝေး၊ ဦးဌေးမြိုင် ညီမျှခြင်း ဆရာဒဂုန်တာရာ၊ ဦးဇော်မြင့် ညီမျှခြင်း ဆရာဇော်ဇော်အောင် စသည် စသည်ဖြင့် ရှင်းပြနေခဲ့ရာ တောင်ငူသားကလေးတို့ အတင်းလိုက်မှတ်နေကြရှာလေ၏။

အနို့နှင့် နှစ်ကာလများ ရှည်လျားထွေပြား မနေမနားစွာ မောင်းနှင်လျက် ရှိကြချေကုန်၏။

ဂျက်ကား မည်သည့်အနုသုခုမသမားကိုမှ အနုပညာအမည် မခေါ်တော့။

ဆရာကြီးရွှေဥဒေါင်းကို ဦးဖေသိန်း၊ ဆရာဇော်ဂျီကို ဦးသိန်းဟန်၊ ဆရာနတ်နွယ်ကို ကိုလှမြင့်၊ ဆရာထင်လင်းကို ဦးသိန်းမောင်၊ ဆရာမောင်ဝံသကို အစ်ကို ကိုစိုးသိမ်း၊ ကိုအော်ပီကျယ်ကို ကိုဝင်းနိုင် စသည် စသည်ဖြင့် ပြောဆို ဆွေးနွေး ဝေဖန် သုံးသပ်လျက်ရှိတော့ရာ စာပေလောကကြီးတစ်ခုလုံး ဂျက်သည် ထိုပုဂ္ဂိုလ်ကျော်များနှင့် တကယ့် အတွင်းလူဟု ထင်မှတ်သွားတော့ကာ ဂျက်ကွမ်းခြံကုန်းသည်လည်း ရောရောယောင်ယောင် သောက်ရှူးကြယ်ရောင် ထွန်းလင်းလျက် ရှိတော့ပါချေ၏။
…………
……………………
………………………………………

အနို့နှင့် တစ်ခါသားသော် ကျွန်ုပ်သည် ရန်ကုန်မြို့ရှိ မဂ္ဂဇင်းတိုက်တစ်ခုဝယ် အယ်ဒီတာ ဖြစ်လျက်ရှိ၏။

သို့ရှိစဉ် တစ်နေ့သော် ဂျက်ထံ လူငယ်တစ်ဦး ရောက်လာ၏။

“စာမူပို့ချင်လို့ပါ”
“ရပါတယ် မောင်ရင်”
“ကဗျာအကြောင်း ဆောင်းပါးကလေးပါ”
“ဘယ်သူ့ကဗျာအကြောင်းပါလိမ့်”
“အန်ကယ် ကိုမြတ်စံပါ”
“ဘယ် ကိုမြတ်စံလဲ၊ မြောက်ဒဂုံကလား”
“ကဗျာဆရာ အန်ကယ် ကိုမြတ်စံလေဗျာ”
“ကိုမြတ်စံ”
ဤနေရာ၌ ဂျက်ကွမ်းခြံကုန်း စိတ်ရှုပ်နေသည်။
“မဲဇာတောင်ခြေရေးတဲ့ အန်ကယ်ကိုမြတ်စံလေဗျာ”
“လက်ဝဲသုဒ္ဒရ မဟုတ်လားကွ မောင်ရင်ရဲ့”
“အဲ… ဟုတ်ပ ကျွန်တော်က ကိုမြတ်စံပဲ နှုတ်စွဲနေလို့”
“တောက်…. မင်းနှယ်ကွာ”
ဂျက်ဆရာကား လက်မပါအောင် မနည်းထိန်းသိမ်းလိုက်ရချေသည်တမုံ့။

(ဂျက်ကွမ်းခြံကုန်း၊ ဆင်တော်မှာ ခလောက်ကိုဆွဲပါလို့၊ အမည်သညာခေါ်စရာကား အန်ကယ်ကိုမြတ်စံ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကျွန်တော့်စကား။ အမြဲတစေ ကြုံနေရတာဖြစ်ပေမယ့် အခုတလော ပိုပြီးတော့ ကြုံလာရလို့ တင်ပေးလိုက်တာပါ။ ဘယ်ဘလော့ဂ်ကတော့ ဘယ်သူရေးတာ၊ ဘယ်သူကတော့ ဘာနာမည်နဲ့ ရေးနေတာ၊ အဲဒီဘလော့ဂ်ဂါက ဘယ်သူကြီးလေ စသည်ဖြင့် ကျွန်တော့်ကို ပြောတတ်ကြသော မိတ်ဆွေများအတွက် ရည်ရွယ်ပါသည်။ နာမည်ကြီး စာရေးဆရာကြီးများသော်မှ နာမည်အများအပြားထားလျက် စာရေးတတ်ကြသည်ကို အားလုံးအသိ ဖြစ်ပါသည်။ သို့သော် အချို့သော စာရေးဆရာကြီးများသည် သူတို့၏ ကလောင်အမည်အားလုံးကို ပရိသတ်သိရှိရန် လိုလားကြသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသည်ကို စာရေးသူတိုင်း နားလည်နိုင်ကြပါသည်။ တစ်ခါတစ်ရံတွင် စာဘယ်လောက်ပင်ကောင်းကောင်း နာမည်အောက်သို့ ရောက်သွားသည့်အတွက် ပေးလိုသည့် အကြောင်းအရာ အချက်အလက်များကို စာဖတ်သူများ မရဘဲ ရှိတတ်သောကြောင့် ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် သေချာသည်ကတော့ မိမိ၏ ကလောင်အမည်များကတော့ ဒါတွေ၊ ဒါတွေပါဟု ထုတ်ဖော်မပြောလျှင် မပြောသည့်အတိုင်း ထားလိုက်သည်က အကောင်းဆုံးဖြစ်ပါသည်။ ဘလော့ဂ်များတွင် နာမည်အမျိုးမျိုးတပ်၍ ရေးသားနေကြသူများတွင်လည်း သူတို့အကြောင်းနှင့်သူတို့ ရှိကြပါလိမ့်မည်။ အချို့က ပေါ်ပေါ်တင်တင် သူဘယ်သူပါဟု ပြောဆိုရေးသားကြပါမည်။ အချို့ကလည်း နာမည်ဝှက်၊ ကလောင်ဝှက်များဖြင့် ရေးသားကြပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘယ်သူဘယ်ဝါ ဆိုသည်ထက် ဘယ်စာက ပိုအရေးကြီးသည်ဟု ကျွန်တော်မြင်ပါသည်။ ကျွန်တော့်အယူအဆ မှားကောင်းမှားပါလိမ့်မည်။ သို့သော် ကျွန်တော့်ခံယူချက်ကတော့ ထိုအတိုင်းပဲ ဖြစ်ပါသည်။ အထက်တွင် ကျွန်တော်ပြောခဲ့သည့်အတိုင်း ဘယ်ဘလော့ဂ်ကလေ ဘယ်သူရေးနေတာသိလား၊ ဘယ်သူကတော့ ဘာနာမည်နဲ့ ဘယ်သူတွေကို ကစ်နေတာ စသည်ဖြင့် ကျွန်တော့်ကို လာပြောတတ်သည့် မိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ထိုအကြောင်းအရာများကို စိတ်မ၀င်စားပါ။ ထို့ပြင် စိတ်ပူမိသည်ကား အခြားသူများကိုသွား၍ ကိုဉာဏ်ကတော့ ဘယ်သူလေ၊ ဘယ်ဝါလေဟု အားအားလျားလျား စကားစများ ရောင်းဝယ်ဖောက်ကားမှာကို ဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်ထက် ကျွန်တော်ရေးသည့်စာများက ပိုအရေးကြီးပါသည်။ ရေးသည့်စာများ ညံ့လျှင် ကျွန်တော့်ကို ဝေဖန်နိုင်၊ ဆဲနိုင်၊ ဆိုနိုင်၊ ပြောနိုင်ပါသည်။ မကောင်းဘူးထင်လျှင် မဖတ်ဘဲ နေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ ဆရာဂျက်၏ သရော်စာထဲကလို ဆိုလျှင်ဖြင့် အင်း.... လက်မပါအောင် မနည်းပင် ထိန်းရချေမည်တမုံ့။ 

Thursday, September 13, 2012

သတင်းမဖြစ်ပါစေနဲ့


ကျောက်တော်ဘက်မှာ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ် စတဲ့ကောလာဟလတွေ ထွက်နေပါတယ်။ သတင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကောလာဟလသာ ဖြစ်ပါစေ။ လူသားတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ဘ၀ကိုကိုယ် အေးအေးဆေးဆေး ဖြတ်သန်းစေချင်ပါတယ်။ ကိုယ့်ဘ၀ (ကိုယ့်အသက်) ကို ကိုယ်တန်ဖိုးထားသလို အခြားသူတွေလည်း သူတို့အသက်ကို တန်ဖိုးထားမယ်၊ နှမြောမယ်ဆိုတဲ့ စိတ်ကလေးသာ အားလုံးရင်ထဲမှာ ရှိမယ်ဆိုရင် အာဃာတတွေ၊ အမုန်းတွေဆိုတာ ရှိလာမယ်မထင်ပါဘူး။

သုံးပိုင်း ပိုင်းပြီး အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလတွေ ကျွန်တော့်ဝန်းကျင်မှာ ပြောနေကြပါတယ်။ လဘက်ရည်ဆိုင်မှာလည်း ပြောတယ်၊ ကွမ်းယာဆိုင်မှာလည်းပြောတယ်၊ သုံးဘီးဆိုင်ကယ်ပေါ်မှာလည်း ပြောတယ်၊ ဈေးထဲမှာလည်းပြောတယ် ကျွန်တော်ဝန်းကျင်မှာ ထိတွေ့သမျှ လူတွေအားလုံးက အဲဒီအကြောင်းကို ပြောနေကြပါတယ်။ အဲဒါက မနေ့ကပါ။ ဒီနေ့အထိ ဘာသတင်းမှ ထပ်မရပါဘူး။

ဒုတိယကြားရတဲ့ ကောလာဟလက ဒီနေ့ကြားရတဲ့သတင်း။ ကျွန်တော့်ရုံးကလူတွေလည်း ပြောကြတယ်၊ သူတို့ကို မေးကြည့်တော့ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ဆက်ပြောနေကြတာပါ။ ကျွန်တော် ဘုရားတမိပါတယ်။ သတင်းမဟုတ်ပါစေနဲ့၊ ကောလာဟလသာ ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ ရခိုင်အမျိုးသမီးတစ်ဦးကို ကုလားရွာတစ်ရွာလုံးက မုဒိန်းကျင့်ပြီး ပြန်လွှတ်လိုက်တယ်တဲ့။ တွေးကြည့်တာတောင် ဘယ်လောက်ရင်နာစရာ ကောင်းသလဲဆိုတာ စဉ်းစားသာကြည့်ပါ။ အခုလို အချိန်မျိုးမှာ ပိုလို့တောင် မဖြစ်စေချင်ပါသေးတယ်။ ကျွန်တော့်ရုံးကအဖွဲ့တွေကို မသေချာတဲ့ ကောလာဟလတွေ မပြောဖို့အတွက် ကျွန်တော်ငေါက်လိုက်ပါတယ်။ အခုလို အချိန်မျိုးဆိုတာ အင်မတန်မှ သွေးဆူလွယ်တဲ့အချိန်၊ အရေးကြီးနေတဲ့အချိန် ဖြစ်ပါတယ်။ မဟုတ်တဲ့ သတင်းအမှားတစ်ခုကြောင့် မဖြစ်သင့်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာကို ကျွန်တော်မလိုလားပါဘူး။ အဲဒါကြောင့်ပါ။

အင်တာနက် သုံးတော့လည်း အဲဒါနဲ့ ပတ်သက်တဲ့သတင်းကို ဘာမှ မဖတ်ရတဲ့အတွက် ကျွန်တော်နည်းနည်းတော့ စိတ်အေးသွားမိပါတယ်။ ကောလာဟလပါပဲပေါ့။

အခု ဒီပို့စ်ကို ဘာလို့ရေးသလဲဆိုတော့ စောစောလေးကတင် ကျွန်တော့်မိတ်ဆွေတစ်ယောက် ဖုံးဆက်ပါတယ်။ သူက ဌာနဆိုင်ရာတစ်ခုက အရာရှိတစ်ဦးပါ။ ကျောက်တော်ဘက်မှာ အခြေအနေ မကောင်းဘူးတဲ့။ ရခိုင်ရွာနဲ့ ကုလားရွာ တစ်ခုခုတော့ ဖြစ်ကြတော့မယ် ထင်တယ်တဲ့။ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ ဒါပေမယ့် မိတ်ဆွေက ပါးနပ်ပါတယ်။ ကျွန်တော့်ကို ဆက်ပြောပါတယ်။ သေချာတော့ ကျွန်တော်လည်း မသိရပါဘူး။ ကျောက်တော်မှာရှိတဲ့ ကျွန်တော်တို့ဌာနက ၀န်ထမ်းတွေက ဖုန်းဆက်တာတဲ့။ ရခိုင်အမျိုးသမီးတစ်ယောက် မုဒိန်းအကျင့်ခံရတယ်ဆိုတဲ့ သတင်းကို ဘယ်ကထွက်တာမှန်း မသိပေမယ့် ရခိုင်တွေကတော့ အတော်ကြီးကို ဒေါသထွက်နေကြတယ်တဲ့။ တာဝန်ရှိသူတွေက ဖြောင့်ဖျပြီး နားချထားလို့သာ အခုအချိန်အထိ ဘာမှမဖြစ်သေးတာတဲ့။ ဒါပေမယ့် သူတို့ရဲ့ တိတ်တဆိတ် စီစဉ်မှုတွေအရ တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ထင်တဲ့အကြောင်း ပြောလို့ပါတဲ့။

အခုအချိန်အထိ ဖေ့စ်ဘုတ်ပေါ်မှာ ဘာသတင်းမှ မတက်သေးတဲ့အတွက် အဲဒီကိစ္စဟာ သာမန်ကောလာဟလ တစ်ခုသာ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို ကြောက်နေသလို ဖြစ်နေတယ်။ အဲဒါကြောင့် တင်လိုက်တာပါ။ သတင်းမဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့ ဆုတောင်းရအောင်ပါ။

တာဝန်ရှိသူတွေကိုလည်း တောင်းဆိုလိုပါတယ်။ အခုလိုမျိုး ကောလာဟလတွေ ထွက်တယ်ဆိုတာ ကောင်းလှတယ် မဟုတ်ပါဘူး။ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်း သတင်းထုတ်ပြန်သင့်တယ်လို့  ကျွန်တော်ထင်ပါတယ်။ ဟုတ်တာမဟုတ်တာထက် အခုစစ်တွေမှာ အဲဒီအကြောင်းကိုပဲ ပြောနေကြတာဟာ တကယ်ဖြစ်နေသယောင်ယောင်ပါ။ ဟုတ်နေတယ်ဆိုရင်လည်း ပြည်သူတွေအားလုံး အဖြစ်မှန်ကို သိခွင့်ရအောင်၊ စဉ်းစားဝေဖန်နိုင်အောင်၊ ဆောင်ရွက်နိုင်မယ့်လူတွေရှိရင် မဖြစ်သင့်တာတွေကို တားဆီးဆောင်ရွက်နိုင်အောင် သတင်းထုတ်ပြန်သင့်ပါတယ်။

ကျွန်တော်တို့ဆီမှာက တစ်ခုခုဖြစ်ရင် အဆုံးအထိ မပြီးမချင်း သတင်းထုတ်ပြန်တာ မလုပ်တော့ဘူး။ အဲဒီလို သတင်းထုတ်ပြန်တဲ့အချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ၀ါဒဖြန့်ထားတာက အဖြစ်မှန်ကို ရှင်းပြလို့ကို မနိုင်တော့ဘူး။ ဒီသံသရာနဲ့ပဲ လည်နေတော့တာပဲ။

ကျွန်တော်ရေးတာတွေက အခြေအမြစ်လည်းမရှိဘူး၊ ဘာမှလည်း မဟုတ်ဘူးဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေကိုပဲ ကျွန်တော်ကြားချင်မိပါတယ်။ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေဟာ တကယ်မဟုတ်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလများသာ ဖြစ်ကြပါစေဗျာ။ ဒီပို့စ်အတွက် ကျွန်တော် အဆဲပဲ ခံချင်ပါတယ်။ ချီးကျူးမခံချင်ပါဘူး။ မှားပဲမှားချင်ပါတယ်၊ မမှန်ချင်ပါဘူး။ ဒါ ကျွန်တော့်ရင်ထဲက ဆန္ဒအမှန်ပါ။ 

Monday, September 10, 2012

မြန်မာဗီဒီယိုဇာတ်လမ်းတွေလိုသာ ဇာတ်သိမ်းလိုပါသည်



သားသမီးတွေ အများကြီးရှိတယ်။ သားကြီး၊ သမီးကြီးတွေက လိမ္မာတယ်။ ပညာတွေတတ်ကြတယ်။ အငယ်ဆုံးလေးကတော့ ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်၊ ဒီလူနဲ့ရန်ဖြစ်ပေါ့။ သူ့အစ်မကြီးကို စော်ကားမော်ကားပြောရင်လည်း သူက ရန်ဖြစ်ရတာပဲ။ လူကြီးဆီရောက်ပြီး မိဘက လက်မှတ်ထိုးရတာပဲ။ သူ့အစ်ကိုကြီးကို မကောင်းပြောတဲ့လူတွေကိုလည်း သူက ချပစ်လိုက်တာပဲ။ အချုပ်ထဲရောက်၊ ဘာရောက်ပေါ့။ အဲဒီတော့ အဖေဖြစ်သူက သားကြီးသမီးကြီးတွေကို မျက်နှာသာပေးတယ်။ အငယ်ဆုံးကောင်ကိုတော့ စာလည်းအဖြစ်ရှိအောင်မသင်၊ စီးပွားရေးလည်းမလုပ်၊ ပြဿနာပဲရှာနေတဲ့အကောင်၊ ငါတို့မျက်နှာကို အိုးမည်းသုတ်တဲ့အကောင်ဆိုပြီး နည်းနည်းလေးမျှ ကြည့်မရဘူး။ သူဘာပဲလုပ်လုပ် အကောင်းမမြင်ဘူး။ အငယ်ဆုံးကောင်ကလည်း သူဟာ သူ့အစ်ကိုကြီးတွေ၊ အစ်မကြီးတွေလို ပညာတွေမတတ်တာမှန်တယ်၊ သူတို့လို စီးပွားမရှာတတ်တာလည်းမှန်တယ်။ ဒါပေမယ့် ဒီမိသားစုကို သူဘယ်လောက်ချစ်တယ်၊ သူဘယ်လောက်ခင်တွယ်တယ်၊ သူဘယ်လောက်သံယောဇဉ်ရှိတယ်ဆိုတာ သူကိုယ်တိုင်ပဲသိတယ်။ အဖေက ဘာပြောပြော၊ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေက ဘာပြောပြော သူက လုံးဝကို အမှတ်မထားဘူး။ သူ့ကို ချစ်လို့ပြောတာလို့ပဲ မှတ်ထင်ထားတယ်။ အဖေက အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူ့ဝတ္တရားတွေကိုတော့ မပြတ်အောင် ပြုစုတယ်။

သားကြီး၊ သမီးကြီးတွေက သူတို့ဘ၀တွေကို တစ်ဆင့်မြင့်အောင် ပညာတွေထပ်သင်ပေးနိုင်မယ့် မွေးစားမိဘတွေဆီလိုက်သွား၊ အတောင်အလက်တွေစုံတော့ စီးပွားရေးပိုအဆင်ပြေမယ့် ယောက္ခမတွေဆီကို လိုက်သွားနဲ့ နောက်ဆုံးတော့ အိမ်မှာ ငပေငတေ အငယ်ဆုံးကောင်ရယ်၊ မိဘတွေရယ်ပဲ ကျန်ရစ်ခဲ့ရတယ်။ အငယ်ဆုံးကောင်လေးကတော့ ၀မ်းတွေသာလို့ပေါ့။ သူ့အတွက် ဘုရားသခင်ကပေးတဲ့ ဆုလာဘ်ပဲဆိုပြီး မိဘတွေကို ပြုစုတယ်၊ သူလုပ်နိုင်သမျှ အလုပ်တွေလုပ်ပြီး ရှာဖွေကျွေးမွေးတယ်။ ဒါပေမယ့် အဖေလုပ်သူကတော့ အဲဒီကောင်ကို လုံးဝကို အကောင်းမမြင်ဘူး။ သူ့သားကြီး၊ သမီးကြီးတွေက သူတို့အဖေကို လာခေါ်မှာပဲ၊ သူတို့အဖေဆီ ပြန်လာမှာပဲလို့ သူက အမြဲတွေးနေတယ်။ အချိန်တွေ အတော်ကြာလာပေမယ့်လည်း သူ့ကိုလည်း လာမခေါ်၊ သတင်းလည်း မကြားရဆိုတော့ အဖေလုပ်သူက နည်းနည်းတော့ အားလျော့သွားတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေတာပေါ့။ ဒါပေမယ့် သူက သူ့သားကြီး၊ သမီးကြီးတွေ အောင်မြင်နေတာ၊ ချမ်းသာနေကြတာကို သွားသွားခိုးကြည့်ပြီး ကျေနပ်ဂုဏ်ယူနေသေးတယ်လေ။ အဝေးကနေပြီး ဒါမှ ငါ့သားကြီး၊ ဒါမှ ငါ့သမီးကြီးဆိုပြီး တိတ်တိတ်လေး ဂုဏ်ယူနေရှာတာ။ အငယ်ဆုံးကောင်ကလည်း ထိုနည်းတူပါပဲ၊ သူကသာ ပညာတွေမတတ်၊ ဘွဲ့တွေမရ၊ ဘာကောင်မှသာ မဟုတ်တယ်၊ သူ့အစ်ကိုကြီးတွေ၊ သူ့အစ်မကြီးတွေ အောင်မြင်နေကြတာကို သူက ပျော်ရွှင်ကျေနပ်ပြီး ဂုဏ်ယူနေတတ်တယ်။ သူ့အမေကို ပြောသလိုလိုနဲ့ သူ့အဖေ မကြားကြားအောင် သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အိမ်မှာ ပြန်ပြောပြတတ်တယ်။ အစ်ကိုကြီးကတော့ ဘာဘွဲ့ထပ်ရသွားပြီ၊ အစ်မလတ်ကတော့ စီးပွားရေးတွေ ဘယ်လောက်အောင်မြင်နေတယ်၊ အစ်မကြီးကတော့ ဘယ်ကုမ္ပဏီမှာ ဘာရာထူးဖြစ်သွားပြီ စသဖြင့်ပေါ့လေ။ အဲဒီလိုတွေ ကြားရလေ၊ အဖေလုပ်သူက သူ့သားအငယ်ဆုံးကို မကျေမနပ်ဖြစ်လေပဲ။ မင်းကတော့ လုံးဝကို အသုံးမကျတဲ့ကောင်ပဲ၊ အဖြစ်ကို မရှိဘူး၊ ငါ့သားကြီး၊ သမီးကြီးတွေက ဘယ်လောက်တော်လဲ တွေ့လား၊ မင်းက ငါ့သားမဟုတ်ဘူး စသဖြင့် ဆူပူကြိမ်းမောင်းတတ်တယ်။ အငယ်ဆုံးကောင်လေးက စိတ်မကောင်းဖြစ်ရှာတာပေါ့။ ဒါပေမယ့် သူဘာမှ ပြန်မပြောပါဘူး။ တစ်ယောက်တည်းပဲ ကြိတ်ပြီးကြေကွဲရှာတယ်။ ပြုမြဲဝတ္တရားတွေကို မပြတ်ပြုစုတယ်၊ လုပ်ကျွေးတယ်။ သူ့အဖေ အသိအမှတ်ပြုတာ၊ မပြုတာက သူ့အတွက် အရေးမကြီးဘူး၊ သူ့မိဘတွေကို ပြုစုလုပ်ကျွေးခွင့် ရတာကိုကပဲ သူ့အတွက် ဆုလာဘ်တစ်ခု ဖြစ်နေတာကိုး။

ဒီလိုနဲ့ အဖေလုပ်သူ ကျန်းမာရေးချူချာလာတော့ ဇာတ်လမ်းကစပြီ။ အငယ်ဆုံးလေးက အစ်ကိုကြီးတွေ၊ အစ်မကြီးတွေဆီသွားပြီး အဖေတော့ ကျန်းမာရေးမကောင်းကြောင်း၊ အစ်မကြီး၊ အစ်ကိုကြီးတွေကို လွမ်းနေကြောင်း သွားပြောတာပေါ့။ ဟိုလူတွေကလည်း ဘယ်ရမလဲ၊ သိတဲ့အတိုင်းပဲ၊ မအားသေးဘူးတို့၊ နင်က ဆေးခန်းမပြဘူးလား၊ ဂရုမစိုက်ဘူးလား၊ နင်က အဲဒီလိုချည်းပဲ အဖေ့ကို ဂရုမစိုက်ဘဲ ပစ်ထားတော့ ဖြစ်ပြီပေါ့၊ အဖေသာ တစ်ခုခုဖြစ်လို့ကတော့ နင်မလွယ်ဘူး ဘာညာပေါ့။ မြန်မာစကားမှာ ဘာတဲ့... ငပြူးကပဲ ပြဲတယ်ဆိုလား၊ ကောက်ညှင်းကမစေး ဆန်ကြမ်းကစေးဆိုလား၊ ငါးဖယ်ကပြောင်းပြန် ဆိုလားပဲ ပြောတတ်ကြတယ်ဗျာ..... အဲဒီအတိုင်းပဲ။ ပြောဆိုပြီးတော့ ရော့... ပိုက်ဆံယူသွား၊ အဖေ့ကို ဂရုစိုက်လိုက်ဆိုပြီး ပြောကြတာပေါ့။ အငယ်ဆုံးလေးက အတော်ကြီးကို စိတ်နာသွားတယ်။ သူလိုချင်တာ ပိုက်ဆံမဟုတ်ဘူးလေ... သူ့အဖေက သူ့သားကြီး၊ သမီးကြီးတွေကို လွမ်းနေတယ်ဆိုတာ သူကသိတာကိုး။ အဲဒါကြောင့် သူက တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ကျွန်တော် ပိုက်ဆံလိုချင်လို့လာတာ မဟုတ်ဘူး၊ အဖေခံစားနေရတာကို မကြည့်ရက်လို့ လာခေါ်တာ၊ မလာချင်လည်းနေ၊ အဖေသေရင်တောင် အစ်မကြီးတို့၊ အစ်ကိုကြီးတို့ မလာကြနဲ့ လို့ ပြောပြီး၊ ပိုက်ဆံတွေကို လွှင့်ပစ်ပြီး ပြန်လာမှာပေါ့။

အိမ်ရောက်တော့ သူ့အဖေကို ပြောမယ်၊ အစ်ကိုကြီး၊ အစ်မကြီးတွေက မအားကြဘူး၊ သူတို့က အရမ်းအလုပ်များကြတာ၊ အဖေ့ဆီ ချက်ချင်းလိုက်လာချင်ပေမယ့် သူတို့ကိစ္စတွေက ဖြတ်လို့မရလို့ ဘာညာပေါ့။ ဒါပေမယ့် အဖေက အဖေပဲ သိတာပေါ့။ တိုတိုပြောရရင် အဖေဖြစ်သူဟာ သူ့သားသမီးတွေအကြောင်းကို သူကောင်းကောင်းသိသွားတဲ့အတွက် သူ့စိတ်အမှောင်တွေ ဖုံးလွှမ်းနေတာကို ပယ်ရှားပစ်လိုက်တဲ့အခါ အမှန်ကို သူကောင်းကောင်းမြင်သွားတယ်။ သူ့ကို တကယ်ချစ်တာ၊ အနွံတာခံတာဟာ ဘယ်သူလဲဆိုတာ သူကောင်းကောင်း သိသွားတယ်။ နားလည်လက်ခံသွားတယ်။

တစ်နေ့သောအချိန် အစ်မကြီးတွေ၊ အစ်ကိုကြီးတွေ အိမ်ကိုပြန်လာတဲ့အခါမှာ ထုံးစံအတိုင်း အငယ်ဆုံးလေးနဲ့ စကားများကြတာပေါ့။ ခင်ဗျားတို့ အခုမှ လာစရာမလိုဘူး၊ ဘာညာပေါ့။ အစ်ကိုကြီး၊ အစ်မကြီးတွေကလည်း သူတို့မှားပါတယ်၊ သူတို့တွေ အခုနောင်တရပါပြီ ဘာညာပေါ့၊ တောင်းပန်ကြမယ်၊ အဖေနဲ့အမေကို ကန်တော့ကြမယ်။ ပြီးတော့ မိသားစုတွေ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြလေသတည်းပေါ့။

စာဖတ်သူတွေကို ဒီအထိရောက်အောင် ဖတ်ခိုင်းရတဲ့အတွက် အားနာပါတယ်။ အထူးသဖြင့် မြန်မာဗီဒီယိုဇာတ်လမ်းတွေ ကြည့်နေကျ ပရိသတ်တွေကို ပိုလို့တောင် အားနာရပါတယ်။ ငါတို့ ကြည့်နေကျ ဇာတ်လမ်းကို ပြန်ရေးထားတာပဲလို့ တွေးနေကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကြည့်ဖူးနေကျ မြန်မာဗီဒီယိုဇာတ်လမ်း သဘောတွေကို ပြန်ရေးထားတာပါ။ ဟာကွာ... ဒါကိုများ အထူးအဆန်းလုပ်ပြီး ဘာလို့ပြန်ရေးထားတာလဲလို့ မေးသင့်ပါတယ်။ ကျွန်တော်ကလည်း အဲဒီဟာကို ဖြေချင်ပါတယ်။

အဲဒီဇာတ်လမ်းတွေကြောင့်များ ကျွန်တော်တို့တွေရဲ့ လက်ရှိအခြေအနေတွေ အခုလို ဖြစ်နေရသလားလို့ တွေးနေမိလို့ပါ။ ဇမ္ဗူဒီပါတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျွန်တော့်အတွေးပါ။ စာဖတ်သူတွေလည်း ဖြန့်ကျက်ပြီး ဆက်တွေးကြည့်စေလိုပါတယ်။

သြော်... တစ်ခုပြောဖို့ ကျန်ပါသေးတယ်။ ဇာတ်လမ်းတွေထဲမှာတော့ အပေါ်ကလိုတွေ ဖြစ်တဲ့အခါ အဖေလုပ်သူကို အငယ်ဆုံးလေးက ဘယ်လိုချစ်ကြောင်း၊ သူ့အဖေကို ဘယ်လိုဂရုစိုက်ကြောင်း ဘေးကနေ တဖွဖွ ပြောပြတတ်တဲ့ အမေတစ်ယောက် အမြဲပါတတ်ပါတယ်။ သူဟာ အငယ်ဆုံးလေးကို အချစ်ဆုံးလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့တွေမှာလည်း အဲဒီလို အမေတစ်ယောက် ရှိလိမ့်မယ်လို့ ယုံကြည်ပါကြောင်းနဲ့ ဇာတ်လမ်းထဲကလိုသာ ဇာတ်သိမ်းလိုပါကြောင်း...........။

ကြိုးစားလျက်ပါခင်ဗျား..........။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၀၈ မိနစ်တွင်ပြီး၏။
ဇာတ်ကားအညွှန်း
၁။ မြေကြီး၊ ကျော်သူ၊ မေသဉ္ဇာဦး၊ ဖိုးသောကြာ၊ ဆုပန်ထွာ။
၂။ အာပလာ၊ ပြေတီဦး၊ ဖွေးဖွေး၊ ဇင်ဝိုင်း၊ စိုးမိုးကြည်။
၃။ အခြားဇာတ်ကားများ 

Sunday, September 09, 2012

ရောက်တတ်ရာရာ၊ ထွေရာလေးပါး


(က)
ဒီရက်ပိုင်းအတွင်း အချိန်အားလေးတွေရတိုင်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်မှုတွေ လုပ်ဖြစ်ခဲ့တယ်။ လုပ်ဖြစ်တဲ့ အကြောင်းရင်းက ဘလော့ဂ်မှာရှိတဲ့ ပို့စ်အဟောင်းတွေကို ပြန်ဖတ်ဖြစ်တာကနေ စတာပါပဲ။ အရင်တုန်းက ပို့စ်အဟောင်းတွေကို ပြန်ဖတ်ပြီးချိန်မှာ ကျွန်တော် အတော်ကြီးကို အံ့သြရသလို လန့်လည်းလန့်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ ကျွန်တော့်အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားတာကို မြင်လိုက်ရလို့ပါ။ "ငါဟာ စက်ရုပ်လား... လူလား..." လို့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။ ဒီဘက်ပိုင်းတွေမှာ ရေးသမျှပို့စ်တွေ အကုန်လုံးက နိုင်ငံရေးအကြောင်း၊ မျက်မှောက်ခေတ်အကြောင်း၊ သတင်းတွေအကြောင်းတွေချည်းပဲ။ အသိသာဆုံးကတော့ ကျွန်တော့်ကွန်ပျူတာရဲ့ Desktop Wallpaper ဟာ မပြောင်းမလဲဘဲနဲ့ လနဲ့ချီပြီး ရှိနေတာပါပဲ။ အရင်တုန်းကဆိုရင် တစ်နေ့ကိုတစ်ကြိမ်၊ တစ်ခါတစ်လေ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ် ပြောင်းဖြစ်တယ်။ ရှုခင်းပုံလေးတွေ၊ အလှအပပုံလေးတွေကို အမြဲတမ်း ပြောင်းတင်ထားတတ်တယ်။ အခုတော့....။ ကျွန်တော်သိပ်ကြိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေအကြောင်း၊ ကျွန်တော့်အသည်းစွဲ မန်ချက်စတာယူနိုက်တက်အကြောင်း၊ ကျွန်တော်လေးစားတဲ့ ဖာဂူဆန်အကြောင်း ကျွန်တော်မရေးဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲလို့ ဘလော့ဂ်မှာ ပြန်ဖတ်ကြည့်တဲ့အခါ မယုံနိုင်အောင်တောင် ဖြစ်ရတယ်။ တစ်ချိန်တုန်းက ခေါင်းထဲမှာ မြင်သမျှကို စာစီပြီး ကဗျာဖွဲ့ဖို့ပဲ ကြိုးစားခဲ့ဖူးတဲ့ ကိုဉာဏ်ဆိုတဲ့ လူတစ်ယောက်ဟာ ဒီနေ့မှာတော့ နိုင်ငံရေးသတ္တ၀ါတစ်ကောင် ဖြစ်နေတာကိုလည်း သုံးသပ်မိတယ်။ တစ်ချိန်တုန်းက မြန်မာဗီဒီယိုဇာတ်ကား ၂ ကားမှ မကြည့်ရရင် ညအိပ်လို့မရတဲ့ လူတစ်ယောက်က အခုတော့ တစ်နေကုန်တစ်နေခန်း Facebook မှာ သတင်းတွေလိုက်ဖတ်၊ ဘလော့ဂ်မှာ သတင်းတွေရေး၊ ဆောင်းပါးတွေရေးနဲ့ အချိန်တွေကုန်သွားတာကိုလည်း မကျေမနပ် ဖြစ်မိတယ်။ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ခံစားချက်တွေ ပျောက်ဆုံးနေတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်နေတယ်လို့ ခံစားနေမိပါတယ်။

(ခ)
ဒီအပတ် စနေ၊ တနင်္ဂနွေရက်တွေဟာ ကျွန်တော့်အတွက် ကောင်းသောအချိန်အခါတွေပါပဲ။ အရင်သီတင်းပတ်တွေလို အလုပ်တွေမရှုပ်သလို၊ အရှုပ်တွေလည်း မလုပ်ရဘူး။ စာတွေ ဖတ်ဖြစ်တယ်။ ထူးထူးခြားခြား ဖတ်ဖြစ်တာကတော့ မြန်မာသံတော်ဆင့် ဂျာနယ်ပါပဲ။ မနေ့က နေ့လည်ပိုင်းအထိ The VOICE က ဂျာနယ်မတင်ပေးတဲ့အတွက် လူကလည်း အရမ်းဖတ်ချင်နေလေတော့ စာအုပ်ဆိုင်မှာပဲ သွားဝယ်ခဲ့ရတယ်။ အဲဒီလို သွားဝယ်ရင်းနဲ့ မြန်မာသံတော်ဆင့် ဂျာနယ်ကိုတွေ့လို့ ဖတ်ကြည့်လို့ရအောင် ၀ယ်ခဲ့လိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တစ်ခါမျှ မဖတ်ဖူးတဲ့ ဂျာနယ်ပါ။ အဲဒီဂျာနယ်နဲ့ ကျွန်တော်နဲ့က ဓာတ်တည့်တယ်၊ ပဋ္ဌာန်းပါတယ်နဲ့ တူပါရဲ့ဗျာ။ ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ် (အတွဲ ၁၊ အမှတ် ၂၆) ကပဲ ကျွန်တော့်ကို အထင်ကြီးမှုတွေ အများကြီး ဖြစ်စေခဲ့တယ်။ ကျွန်တော် အရမ်းသဘောကျသွားတယ်။ ဂျာနယ်ရဲ့ စီအီးအိုတွေ၊ အယ်ဒီတာတွေဟာ ကျွန်တော်တို့ အလွယ်တကူသိတဲ့ နာမည်ကြီးတွေ မဟုတ်ကြတာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျွန်တော်ချီးကျူးလိုက်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်လို့ ပြောရမလား၊ ကြွေးကြော်သံလို့ပြောရမလား၊ မူဝါဒလို့ ပြောရမလား၊ ကြိုက်သလိုပြောဗျာ... ဂျာနယ်မှာ ဖော်ပြထားတဲ့ စာသားလေးတွေကို ခံစားကြည့်ပါဦး...။
အမျိုးဘာသာ၊ ဆင်းရဲ-ချမ်းသာ မရွေး။
အဖွဲ့အစည်း-ပါတီ၊ ခေါင်းဆောင်မရွေး။
သတင်းအမှန် ဖော်ပြရန်အသင့်။
မြန်မာသံတော်ဆင့်....
ကဲ... ကျွန်တော်အမြဲစောင့်ဖတ်ရမယ့် ဂျာနယ်တစ်ခု ထပ်တိုးသွားတာပေါ့ဗျာ။ ကျွန်တော့်မိတ်ဆွေတွေကိုလည်း ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ မင်းမပြောခင်ကတည်းက ဖတ်ဖူးပြီးသား၊ ငါတို့အမြဲတမ်း ဖတ်နေတဲ့ဂျာနယ်ကွ ဟု ပြောမည့်သူများကိုတော့ ကျွန်တော်ကိုဉာဏ်က အနည်းငယ် အပြစ်တင်လိုကြောင်းပါခင်ဗျား။ ဟင်းကောင်းတွေ စားရချိန်မှာ ကျွန်တော့်ကို သတိမရချင် ရှိပါစေ၊ စာကောင်းပေမွန်များ ဖတ်မိလျှင်တော့ ကျွန်တော့်ကို လက်တို့ကြစေလိုပါသည်ခင်ဗျား။

(ဂ)
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ စစ်တွေမြို့ကို စက်တင်ဘာလ ၇ ရက်နေ့က ရောက်ပါတယ်။ ဆရာမောင်ဝံသနဲ့တွေ့ပြီး ပြောစရာတွေ၊ ပေးစရာတွေ ရှိတဲ့အတွက် သူတို့သွားမယ်လို့ စာရင်းထဲမှာပါတဲ့ ဘုန်းတော်ကြီးကျောင်း (ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့်) ကနေ စောင့်နေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က ကော်မရှင်အဖွဲ့တွေက လေယာဉ်ရောက်တာ နောက်ကျတဲ့အတွက် အစီအစဉ် ဆွဲထားတဲ့အတိုင်း မသွားဖြစ်ကြပါဘူး။ လောကာနန္ဒာဘုရားမှာပဲ စစ်တွေမြို့က ဆရာတော်ကြီးတွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဆရာမောင်ဝံသနဲ့တွေ့ဖို့ အကြောင်းမဆုံသေးဘူးလို့ မှတ်ထင်လိုက်ပါတယ်။

(ဃ)
စစ်တွေမြို့ထဲကိုသွားတိုင်း လူငယ်တွေ ၀တ်ထားတဲ့ အင်္ကျီတစ်ခုကို သတိထားမိတယ်။ ဆရာတော် ဦးဥတ္တမပုံနဲ့ တီရှပ်အင်္ကျီပါ။ လှုပ်ရှားမှုတစ်ခုအနေနဲ့ မဟုတ်သော်လည်း အတော်များများက ၀တ်ကြတာကို တွေ့ရပါတယ်။ လမ်းဘေးက ဆေးဆိုးပန်းရိုက်ဆိုင်တွေမှာလည်း ချိတ်ဆွဲပြီး ရောင်းချနေတာကို တွေ့ရပါတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဒီဇိုင်းတွေ မတူတာကိုလည်း သတိပြုမိခဲ့ပါရဲ့။ တစ်ခါတစ်ခါတော့လည်း တွေးမိပါတယ်။ ဒီမိုကရေစီခေတ်မှာ လက်ငင်းအကျိုးကျေးဇူး အခံစားရဆုံး လူတန်းစားကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေနဲ့ ဗီနိုင်းလုပ်ငန်းတွေများ ဖြစ်နေမလားလို့ပါ။ ကျွန်တော့်အတွေးသက်သက်ရယ်ပါ။

(င)
မပြောဖြစ်အောင် အတန်တန် ထိန်းချုပ်ထားပါလျက်နဲ့ မနေနိုင်တော့လို့ ပြောချင်တဲ့အကြောင်းတစ်ခုကို ပြောပါရစေဦး။ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ စစ်တွေမြို့ရဲ့ ညရှုခင်း အနေအထားကိုပါ။ စိတ်ထဲမှာ ဒွိဟဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ည ၇ နာရီကျော်ရင် အပြင်မထွက်ရတော့ဘူးဆိုတာ အားလုံးသိတဲ့ကိစ္စပါ။ ဒါပေမယ့် ည ၈ နာရီလောက်အထိ စစ်တွေမြို့လယ်မှာ ဆိုင်ကယ်တွေ၊ ဆိုက္ကားတွေ၊ မော်တော်ကားတွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေ ရှိနေတာကို ကျွန်တော့်အဆောင်ကနေ နေ့တိုင်းမြင်နေရပါတယ်။ သူတို့တွေကိုကြည့်ရတာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို နည်းနည်းလေးမျှကို အလေးဂရုထားပုံ မရပါဘူး။ ကြောက်ကြောက်လန့်လန့် မဟုတ်ဘဲ အေးအေးဆေးဆေးပဲ ပုံမှန်အတိုင်း သွားလာနေကြတာပါ။ ကျွန်တော့်မှာသာ ကျွန်တော့်ရုံးက ၀န်ထမ်းတွေကို ည ၇ နာရီကျော်ရင် အပြင်မထွက်ဖို့ လိုက်ပြီး ကြီးကြပ်ရ၊ လက်မှတ်တွေထိုးခိုင်းရနဲ့ အလုပ်တွေရှုပ်နေရတာ၊ အဲဒီလိုတွေ သွားလာနေတာတွေကို မြင်နေရလေတော့ ကျွန်တော့်ဝန်ထမ်းတွေကို မျက်နှာပူမိတာ အမှန်ပါပဲ။ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒီကိစ္စကို ဘာကြောင့်များ မသိချင်ယောင် ဆောင်ထားရသလဲဆိုတာကို တွေးနေမိတယ်။ သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့အမိန့်၊ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချက်ယူပြီး အသက်ဝင်နေတဲ့ အမိန့်တစ်ခုကို နိုင်ငံသားတွေက ဘာကြောင့်များ လေးလေးစားစား မလိုက်နာရသလဲလို့ တွေးမိတဲ့အခါ ကျွန်တော်ဖြင့် သက်ပြင်းရှည်ကြီးသာ ချလိုက်မိပါရဲ့ဗျာ။ အခြားအကြောင်းအရာတွေမှာတော့ အာဘောင်အာရင်းသန်သန်နဲ့ ဆွေးနွေးပြောဆို ထောက်ပြဝေဖန်တတ်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီလိုမျိုး ကိစ္စတွေမှာတော့ ဘာကြောင့်များ မသိကျိုးကျွံ ပြုထားသလဲ၊ လွှတ်တော်မှာ မတင်ပြသလဲလို့ တွေးနေမိတယ်။ ဘယ်မီဒီယာတွေကမျှလည်း ဒီလိုသတင်းတွေကို မဖော်ပြကြတာကို သတိထားမိတယ်။ မမြင်မသိတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းတွေမို့ပါ။ ကျွန်တော်ကိုဉာဏ်ဖြင့် အခန်းပြတင်းပေါက်ကနေ မြို့လယ်လမ်းမကို ငေးကြည့်နေမိရင်း ဆိုင်ကယ်သံတွေ၊ ကားသံတွေကြားမှာ ရခိုင်ပြည်နယ်အရေးကို ရင်လေးနေမိပါကြောင်းခင်ဗျား။

(စ)
ဒီနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားကို ရန်ကုန်ယူနိုက်တက်အသင်း ရရှိသွားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်အားပေးတဲ့ ရတနာပုံအသင်းကတော့ တတိယနဲ့ပဲ ကျေနပ်လိုက်ရတာကို တွေ့ရပါတယ်။ ချန်ပီယံဖလားကို မောရှမ်းဌာနေကို အရောက်သယ်မယ်လို့ အားခဲထားခဲ့တဲ့ ကမ္ဘောဇအသင်းကတော့ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတာကို တွေ့ရပါတယ်။ ကျွန်တော် တစ်ခုပဲ မကျေနပ်တာက အဆုံးအဖြတ်ပွဲတွေ ဖြစ်ပါလျက်နဲ့ အမှတ်ပေးပွဲ နောက်ဆုံးပွဲစဉ်တွေကို ဘာဖြစ်လို့ တစ်ရက်တည်းမှာ မကစားရသလဲ ဆိုတာကိုပါ။ ကမ္ဘောဇအသင်းက တစ်ရက်ကြိုပြီး နောက်ဆုံးပွဲ ကန်ထားရတယ်။ အနိုင်လည်း ရထားတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာကန်မယ့် ရန်ကုန်ယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်ပွဲကို စောင့်ကြည့်နေရတယ်။ ရန်ကုန်ယူနိုက်တက်ကလည်း သူသာ အနိုင်မရရင် ချန်ပီယံဆုနဲ့ လွဲမယ်ဆိုတာ သိနေတယ်၊ ဧရာဝတီယူနိုက်တက်ကလည်း ချန်ပီယံဆုအတွက် ဘာဖိအားမှ မရှိတော့တဲ့အသင်း၊ အဲဒီလို အခြေအနေမျိုးမှာ သူတို့တွေ ဘယ်လောက်ပဲ ရိုးသားကြပါတယ်ပြောပြော ဘေးကလူတွေအတွက်တော့ ပြောစရာဖြစ်နေမှာ အမှန်ပါပဲ။ တာဝန်ရှိသူတွေအနေနဲ့ ဘောလုံးအသင်းတွေ၊ ဘောလုံးသမားတွေကိုချည်းပဲ ကောင်းအောင်လုပ်ကြဖို့ တိုက်တွန်းမနေဘဲ မိမိတို့ရဲ့ စီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်သင့်ကြပြီလို့ အကြံပြုလိုက်ပါတယ်။

ဒီမျှနှင့် တော်ဦးမည်...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။ 

Saturday, September 08, 2012

၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခံရမှုအတွက် အခြေအနေမှန် သုံးသပ်ချက်စာတမ်း (ကောက်နုတ်ချက်)


"..... အခြေအနေမှန်တွေကို ငါကသိတယ်.. တို့လူတွေရဲ့ အနေအထားကို...။ အဲဒါနဲ့ ငါက ပွင့်ပွင့်လင်းလင်း ရေးတာကွ...။ ရေးတော့ အဲဒါကို သမ္မတကြီးလည်း ဖတ်တယ်...။ သမ္မတကြီး မဖတ်ခင် သမ္မတကတော်ကြီးက အရင်ဖတ်တယ်...။ သူ့ကို ဂျီတိုက်တယ်တဲ့...။ သမ္မတကြီးက ငါ့ကို ပြောပြတယ်။ ရှင် အဘထွတ် ရေးတဲ့ဟာကို ဖတ်ဦး... သိပ်ကောင်းတာပဲ... ဘာညာလို့ပြောပြီး... ကျွန်တော်ကလည်း အလုပ်တွေများလို့တဲ့ မဖတ်ဖြစ်ဘူးပေါ့...။ နောက်တစ်နေ့ကျတော့ တနင်္ဂနွေနေ့ကြီး ငါ့ကို ခေါ်တယ်... လယ်ကွက်ထဲ သွားရအောင်ဗျာတဲ့...။ သွားကြတယ်.... သွားတော့ ကားပေါ်မှာ သူနဲ့ငါနဲ့ နှစ်ယောက်တည်း ထိုင်တယ်...။ ထိုင်ပြီးတော့မှ သူကပြောပြတယ်... ကျွန်တော် ဒီမနက်ပဲတဲ့ မနက်အိပ်ရာထပြီးတော့မှ မနက်စာ စားရင်းနဲ့ပေါ့.. ဒါလေးဖတ်ကြည့်တာ.. ကောင်းတယ်ပြောတယ်...။ သူတို့ လက်ခံတယ်...။ သမ္မတကြီးက ဥက္ကဋ္ဌကွာ၊ ဦးရွှေမန်းက ဒုဥက္ကဋ္ဌ၊ သူတို့လူကြီးတွေ လက်ခံတယ်...။ ပါတီရဲ့ CEC တွေကလည်း မပြောဘူး။ အဲတော့ ငါကလည်း အဲဒါ ဖြန့်လည်းဖြန့်လိုက်ရော တစ်ခါတည်း သူတို့က မိတ္တူတွေကူးပြီးတော့ တိုင်းနဲ့ပြည်နယ်တွေ သူတို့ကလည်း ပို့တာ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လာတောင်းတယ်။ အဘရယ် အဘရေးတဲ့ သုံးသပ်ချက်လေးကောင်းလို့ ပေးပါဦးဆိုပြီးတော့။ သူတို့ကလည်း သူတို့နယ်ပြန်ရင် ငါ့ဟာနဲ့ကိုင်ပြီးတော့ ဟိုကောင်တွေကို တုတ်တယ်။ မင်းတို့တွေ အဘဦးတင်ထွတ် ဝေဖန်ထားတာ။ မတူသလို မတန်သလို မင်းတို့ကွက်တိပဲ ဘာညာနဲ့။ အဲဒီလို ဖြစ်တာကွ။ ပြီးရောပေါ့ကွာ။ မင်းတို့လည်း လက်ခံတယ်မဟုတ်လား...."
(ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြားဖြတ်ရွေးကောက်ပွဲတွင် တွေ့ရှိရသော အားနည်းချက်များမှာ -
(က) ပါတီဝင်များ
ပါတီဝင်များတွင် အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ထင်ပေါ်လိုသူများ၊ ပြည်သူက အမြင်မကြည်လင်သူများ စသည်တို့ ရောထွေးပါဝင်လာပြီး ယုံကြည်ချက်၊ ခံယူချက် ခိုင်မာမှုမရှိသည်ကို တွေ့ရသည်။ ဥပမာ - မြို့နယ်တစ်မြို့နယ်တွင် ပါတီဝင်အင်အား ၅၀၀၀၀ ကျော် ရှိသော်လည်း မိမိပါတီ ကိုယ်စားလှယ်ကို ဆန္ဒမဲပေးရာတွင် ၄၀၀၀ ကျော်သာရှိပြီး ကျန်ပါတီဝင်များ အခြားပါတီသို့ မဲပေးသည်ကို တွေ့ရသည်။

(ခ) ရပ်/ကျေး စည်းရုံးရေးမှူးများ
မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ပါတီကော်မတီများတွင် အောက်ပါအားနည်းချက်များ တွေ့ရှိရပါသည် -
  1. ကွက်ပြည့်နင်း စည်းရုံးရေး အားနည်းခြင်း၊
  2. ခေါင်းဆောင်မှုနှင့် စည်းရုံးရေး အရည်အချင်း အားနည်းခြင်း၊
  3. ပါတီကေဒါနှင့် မတူဘဲ လခစားဝန်ထမ်းဆန်ဆန် ပြုမူလုပ်ကိုင်ခြင်း (ထောက်ပံ့ကြေးနှင့် ကုန်ကျစရိတ် မရလျှင် မည်သည့်အလုပ်ကိုမျှ မလုပ်ပါ)
  4. မူဝါဒအပေါ် ယုံကြည်ချက်အားနည်းခြင်း၊
  5. စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ အချောင်သမားရောဂါ၊ သူလျှို ဒလံရောဂါ၊ အကျင့်ပျက်ရောဂါ တည်းဟူသော သူငယ်နာ ၅ မျိုး စွဲကပ်နေခြင်း။

(ဂ) ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ
  1. မဲရုံမှူးဝန်ထမ်းများ။ အချို့ မဲရုံမှူးဝန်ထမ်းများသည် မိမိတို့ပါတီမှအပ အခြားပါတီများသို့ ဘက်လိုက်ပြီး ပယ်မဲဖြစ်စေရန်၊ မှန်ကန်သော အခွင့်အရေး မရစေရန် ဆောင်ရွက်ခြင်း၊
  2. ရပ်/ကျေး နှင့် မြို့နယ်ကော်မရှင်များ။ NLD လိုလားသူများ၊ ဆွေမျိုးများ ပါဝင်နေပြီး မိမိတို့ပါတီ၏ တင်ပြချက်၊ ကန့်ကွက်ချက်များကို မျက်ကွယ်ပြု၍ ဘက်လိုက်ဆုံးဖြတ်ခြင်း။
  3. အုပ်ချုပ်ရေးဝန်ထမ်းများ။ အချို့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးဝန်ထမ်းများသည် နောက်ကွယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ဆန့်ကျင်ဖိနှိပ်၍ တစ်ဖက်ပါတီ အသာစီးရစေရန် လှုံ့ဆော်စည်းရုံးခြင်း။


(ဃ) အုပ်ချုပ်ရေးယန္တရား၏ တန်ပြန်အကျိုးသက်ရောက်မှုများ

  • တပ်မတော်အစိုးရလက်ထက် ဆောင်ရွက်ခဲ့သော ပြည်သူ မကျေနပ်သည့် လုပ်ရပ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် တစ်နွယ်ငင်၊ တစ်စင်ပါ အမြင်မကြည်လင်၊ မနှစ်သက်ခြင်းများ တွေ့ရှိရပါသည်။
  • ၀န်ကြီးဌာန အကြီးအကဲအများစုသည် တပ်မတော်အရာရှိကြီးများ ဖြစ်သည့်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမှုဆောင်များလည်း ဖြစ်ကြပါသည်။ ထိုတာဝန်ရှိသူ အကြီးအကဲများအပေါ် မကျေနပ်၊ မနှစ်သက်၊ မကြည်ညိုမှုများသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် မကောင်းသောဆိုးကျိုးများ ကျရောက်စေခဲ့ပါသည်။
  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသတင်းအား ဖော်ပြမှု အားနည်းခြင်း၊ မှောင်ချထားမှုများရှိခြင်း။
  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပြည်သူကြား အမြင်မကြည်လင်အောင် သွေးထိုးသပ်လျှိုမှုများ ပြုလုပ်ခံရခြင်း။

ကြားဖြတ်ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်
NLD ပါတီသည် ဒေါ်စုကြည်၏ ထင်ပေါ်ကျော်ကြားမှု၊ နိုင်ငံတကာ (အထူးသဖြင့် အနောက်နိုင်ငံများ) ၏ အားပေးထောက်ခံမှု၊ နှစ် ၂၀ ခန့် ထိန်းသိမ်းခံရခြင်းအပေါ် သနားကြင်နာမှု၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကြည်ညိုလေးစားမှု၊ ဒေါ်စုကြည် အနိုင်ရလျှင် တိုင်းပြည်တိုးတက်မည်ဟူသော မျှော်လင့်အားကိုးမှုတို့ကြောင့် NLD အနိုင်ရခဲ့သည်ဟု ဆိုနိုင်ပါသည်။

NLD သည် ပြည်သူတွေ ခံစားနေရသော ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ အဆင့်ဆင့်သော အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအပေါ် မကျေနပ်မှုများကို အခြေခံ၍ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

အချို့သော အစိုးရအုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်၏ အကျင့်ပျက် လာဘ်စားမှု၊ အနိုင်ကျင့်မှု၊ ကိုယ်ကျိုးရှာ မသမာမှုများရှိနေခြင်း၊ (Top-Down) အထက်မှအောက်သို့ အမိန့်ပေး၊ အမိန့်ခံ စီးဆင်းသည့် စစ်အလေ့အထရောဂါကို ပြည်သူများရော၊ ၀န်ထမ်းများပါ ကြုံတွေ့ခံစားနေရ၍ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အပြောင်းအလဲကို တမ်းတမျှော်လင့်နေကြောင်း တွေ့ရှိရပါသည်။

NLD အနိုင်ရလျှင် ပြည်သူများမှ အစိုးရကို ကြောက်ရွံ့နေရခြင်းမှ ကင်းလွတ်မည်၊ အုပ်ချုပ်ရေးဌာနအဆင့်ဆင့်၏ အနိုင်ကျင့်ခြင်း၊ မတရားပြုမူခြင်းမှ ကင်းလွတ်မည်၊ ၀န်ထမ်းများအတွင်း၌လည်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စစ်အုပ်ချုပ်ရေးစနစ် ကင်းစင်ပပျောက်မည်ဟု မျှော်လင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအစိုးရအပေါ် မိမိတို့ တင်မြှောက်ထားသည့် မိမိတို့၏ အစိုးရဟုလည်းကောင်း၊ အဖွဲ့ဝင်များကို ရဲဘော်ရဲဘက်များ၊ လုပ်ဖော်ကိုင်ဖက်များဟုလည်းကောင်း သဘောထားပြီး သက်ညှာသော၊ ကြင်နာသော၊  ကူညီပံ့ပိုးလိုသော၊ အစိုးရ၏ ငြိုငြင်မှုခံရမှာကို စိုးရိမ်သောစိတ်ထားဖြင့် အစိုးရအပေါ် ဝေဖန်ခြင်း၊ ထောက်ပြခြင်းပြုလုပ်ရန် တုံ့နှေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းလုပ်ရပ်များအပေါ် ပြည်သူများမှ ပါတီအပေါ် အားမလိုအားမရဖြစ်လျက် ရှိပါသည်။

NLD ပါတီ အနိုင်ရလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် အစိုးရအပေါ် ဝေဖန်ထောက်ပြ၊ ပြုပြင်ထိန်းကျောင်းပေးနိုင်လိမ့်မည်ဟု အားထားမျှော်လင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆောင်ရွက်သင့်သော ရှေ့လုပ်ငန်းစဉ်များ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အစိုးရ၏ အားနည်းချက်ကို ထောက်ပြဝေဖန်ခြင်း၊ ပြည်သူ့ဆန္ဒအမှန်များကို ဖော်ထုတ်ပေးခြင်း၊ ပြည်သူ၏ လိုအပ်ချက်ကို ဖော်ဆောင်ပေးခြင်း ပြုသူများကို သူရဲကောင်းများဟု ပြည်သူများက ယူဆနေသည်ကို သတိပြုရန် လိုအပ်ပါသည်။ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော စစ်အငွေ့အသက် မကုန်သေးသော၊ အုပ်ချုပ်ရေးယန္တရားကို ပြည်သူတွေက စိတ်ပျက်ငြီးငွေ့၊ ရိုးအီနေသော အချိန်ကာလတွင် အစိုးရမျက်နှာထက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုသာ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရန် လိုအပ်ပါသည်။

အဆင့်ဆင့်သော ပါတီအတွင်း၌ ပါတီ၏ဦးဆောင်မှုကို ခံယူမှုမရှိသော အားနည်းသော ပါတီဝင်များ၊ အမှုဆောင်များကို ပါတီ၏ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူလျက် ပါတီသန့်စင်ရေးကို ပြုလုပ်ရန် လိုအပ်ပါသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်စဉ်နှင့် တူညီပါသည်။ ထိုစဉ်အခါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် မူဝါဒ၊ လမ်းစဉ်၊ ဖွဲ့စည်းမှု ကောင်းမွန်ပြီး ပါတီဝင်အင်အားနှင့် ပါတီရန်ပုံငွေလည်း တောင့်တင်းခိုင်မာပါသည်။ သို့ရာတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ၏ ၂၆ နှစ်တာ ကာလအတွင်း တွေ့ကြုံရသော အထွေထွေ အကြပ်အတည်းများ၊ ပြည်သူတို့၏ အစိုးရအပေါ် မကျေနပ်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အာဏာအလွဲသုံးစားလုပ်မှုများ၊ တာဝန်ရှိသူများ၏ အခွင့်ထူးခံမှုများကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနိုင်မရလျှင်ပြီးရော၊ မည်သို့သော NLD လွှတ်တော်ကိုယ်စားလှယ်ပင်ဖြစ်စေ အရည်အချင်း ရှိသည်-မရှိသည်၊ မစဉ်းစားမဆင်ခြင်ဘဲ မဲပေးခဲ့ကြသည်။ တစည ပါတီသည် အတိတ်၏ အရိပ်မည်း ဖုံးအုပ်ခြင်းကို ခံခဲ့ရပြီး ယနေ့တိုင် နာလန်မထူသည့်ဘ၀သို့ ရောက်ခဲ့ရသည်ကို သင်ခန်းစာ ယူသင့်ပေသည်။ ပြည်သူများသည် အပြောင်းအလဲ (Change) ကို လိုချင်နေသည်မှာ ပို၍ပို၍ သိသာထင်ရှားလာသည်ကို တွေ့ရပါသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း သမိုင်းဘီး တစ်ပတ်ပြန်လည်လာသည်ဟု ဆိုရပါမည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မူဝါဒ၊ လမ်းစဉ်ကလည်း ကောင်းသည်။ ပါတီဝင်အင်အားနှင့် ရန်ပုံငွေလည်း တောင့်တင်းသည်။ သို့ရာတွင် ပြည်သူများ လိုလားတောင့်တသည့် (Change) အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသည့်အပြင် ပြည်သူ့ဆန္ဒများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း မရှိ၍ ပြည်သူတို့၏ ယုံကြည်မှုနှင့် ထောက်ခံမှု ကျဆင်းလာပေသည်။

သို့ဖြစ်ရာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးကို ပါတီမှ ဦးဆောင်၍ ပြုပြင်ပေးမှသာလျှင် ပါတီ၏ အနာဂတ်အရေး ကောင်းမွန်လှပမည် ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးသံယောဇဉ်၊ အဖွဲ့အစည်းသံယောဇဉ်များကို ဖြတ်တောက်လျက် တိုင်းပြည်နှင့်လူမျိုးအကျိုး တစ်ခုတည်းကိုသာ ကြည့်ရှုထောက်ထားပြီး ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်သွားရန်မှတစ်ပါး အခြားနည်းလမ်း မရှိကြောင်း ထင်မြင်ယူဆပါသည်။ မမှန်မကန်လုပ်နေသော လူနည်းစု၏ အမုန်းခံမလား၊ ပါတီကို အဆုံးခံမလား၊ ရွေးချယ်ရတော့မည့် အချိန်အခါဖြစ်ကြောင်း တင်ပြအပ်ပါသည်။

[မြန်မာသံတော်ဆင့်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၆၊ စာမျက်နှာ ၁၉၊ ၂၀၊ ၂၁ တို့မှ ပြန်လည်ကူးယူဖော်ပြပါသည်။] 

ကဗျာတိုက်ပွဲလား၊ ရန်/ငါ တိုက်ပွဲလား


ဝေဖန်မှုအားလုံးကို လက်ခံပါကြောင်းနှင့် ခံယူပါကြောင်း ကြိုတင်ပြောကြားလိုပါသည်။ ဘာကြောင့်လဲဆိုတာတော့ ဆက်ဖတ်တဲ့အခါ သိကြပါလိမ့်မယ်ဟု ပြောရမည်ထင်ပါသည်။ ဟုတ်ကဲ့... ဒီနေ့အတွက် ကျွန်တော်ကိုဉာဏ် အင်တာနက်မှာ ဖတ်ခဲ့ရသမျှတွေထဲက အကြိုက်ဆုံး ကဗျာတွေကို ဖော်ပြလိုပါတယ်။ အခြားသော သတင်းတွေအားလုံးထက်၊ ဆောင်းပါးတွေအားလုံးထက် အဲဒီကဗျာတွေကပဲ ကျွန်တော့်ပါးစပ်ထဲမှာ စွဲနေပါတော့တယ်။ ဘယ်လောက်များ ကျေနပ်သဘောကျမိလဲဆိုရင် အဲဒီကဗျာတွေထဲက စာသားအချို့ကို အလွတ်နီးပါးရပြီး ပါးစပ်ကနေ ခပ်တိုးတိုးလေး တစ်နေကုန် ရွတ်နေမိတဲ့အထိပါ။ အင်တာနက်ပေါ်မှာလည်း အဲဒီကဗျာတွေကိစ္စဟာ အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတာ မြင်ရပါရဲ့ဗျာ။

အကြောင်းအရာပိုင်းနဲ့ ပတ်သက်တာတွေ၊ မှန်ကန်မှု၊ မမှန်ကန်မှု၊ ယုတ္တိတန်တာ၊ မတန်တာ၊ အခြားသူတွေ လက်ခံတာ၊ လက်မခံတာကို ကျွန်တော်ဘာမျှ မပြောလိုပါဘူး။ ကျွန်တော့်အတွက် ရင်ဘတ်ထဲကို လာထိတယ်ဆိုတာကိုသာ ပြောလိုတာ ဖြစ်ပါတယ်။ သမိုင်းတစ်ပုဒ်လို၊ ဖြစ်ရပ်မှန်တစ်ပုဒ်လို သဘောထားပြီး ဖတ်ရှုခဲ့တာ မဟုတ်ပါဘူး။ အနုပညာတစ်ခုကို ခံစားတဲ့စိတ်က သာလွန်ပိုကဲတယ်ဆိုတာ ကျွန်တော့်ဘာသာ အသိဆုံးပါ။ ဟုတ်ကဲ့၊ ကဗျာတွေထဲက အကြောင်းအရာတွေအပေါ် အခြေမခံဘဲ ပြောကြစတမ်းဆိုရင်တော့ ဒီနေ့အတွက် ကျွန်တော့်ရင်ဘတ်ကို အထိဆုံး စကားလုံးတွေပါပဲ။ စာဖတ်သူများ ခံစားကြည့်စေလိုတဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

အဲဒီလိုစာတွေကို ဘလော့ဂ်မှာ ဘာလို့တင်ရတာလဲလို့ စေတနာစကားနဲ့ အပြစ်ဆိုမယ့် မိတ်ဆွေများ၊ သူငယ်ချင်းများကိုလည်း ကျွန်တော့်ကို နားလည်ပေးကြဖို့ ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော်သဘောကျမိတဲ့၊ ကျွန်တော်ခံစားမိတဲ့ အကြောင်းအရာတွေကို တင်မိတဲ့အတွက် မြန်မာ့သွေး မိတ်ဆွေတွေအတွက် အနှောင့်အယှက် ဖြစ်စေခဲ့တယ်ဆိုရင် တောင်းပန်လိုက်ပါရစေ။ သြော်... ကဗျာတွေထဲမှာပါတဲ့ အချို့သော စကားလုံးတွေဟာ စာဖတ်သူတွေအတွက် ရိုင်းသလိုတွေများ ဖြစ်သွားခဲ့ရင် ဒီဘလော့ဂ်မှာ ပြန်တင်ပေးခဲ့တဲ့ ကျွန်တော့်မှာပဲ တာဝန်ရှိကြောင်းပါခင်ဗျား။

အောက်မှာဖော်ပြခဲ့တဲ့ ကဗျာတွေကို Freedom News Group ကနေ ပြန်လည်ကူးယူဖော်ပြတာ ဖြစ်ပါတယ်။

တစ်ဆက်တည်း ကျွန်တော်တွေးနေမိတာက သေနတ်တွေကိုင်ပြီး စစ်တိုက်တာထက် ကဗျာတွေနဲ့ စစ်တိုက်တာက ပိုပြီးများ လူတွေအတွက် အကျိုးရှိမလားလို့ပါ။ အောက်ကကဗျာတွေကို အင်တာနက်ပေါ်မှာ နာမည်တပ်ကြတာကတော့ ကဗျာတိုက်ပွဲတဲ့။ ခံစားကြည့်ကြပါဦးခင်ဗျား။

- - - - - - - - - - - - - - - - - - - - - - - - - - -
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ
အောင်ဝေး

အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို တွေ့ရလေသည်။
(ကာနယ် ချစ်ကောင်း)

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံလက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။

မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ဓား မတုံးဘူးဆိုတာလည်း
မင်းသိတယ်။

ဒါပေမယ့်
အခုတော့ တို့ဓားတွေ
တံတွေးဆွတ်ခံလိုက်ရပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့။

၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတစ်ယောက်ရဲ့
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။

ဒါပေမယ့် ခုတော့
အမုန်းပန်းတွေနဲ့ 
ငရဲလမ်းကိုပြန်ရသလိုပါလားကွာ။

ရန်ကုန်မှာ
ယုံကြည်ရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့ 
ပြန်လာတာမှ မဟုတ်တာ။

မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ဖို့ 
ပြန်လာတာမှ မဟုတ်တာ။

ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ပါလား။

ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။

မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။

တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။

ငါတို့ ကိုယ်တွေ့ 
ရန်/ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။

မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။

အခုတော့…
ရီးပဲ မိုးသီး
ဒီကနေ့ 
မင်း အစော်ကားခံရတယ်
မနက်ဖြန်
ငါတို့ ကို ထပ်စော်ကားကြတော့မယ်။

ညီလေးရေ
ပြန်ခဲ့တော့
ကိုယ့်ဒဏ်ရာကိုကိုယ်
လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။

ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။

ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ ပါ။

အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။

အခုတော့
“ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
သရော်လှောင်ပြောင်တာ
ခံဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မတစ်ယောက်ရဲ့မေးခွန်းကို
ဖြေဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။

အခုတော့
လူကို ခွေးသတ်လေခြင်း။

တောမီးမနိုင်
တောင် မီးနဲ့ ရှို့ လေခြင်း။

ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့ စွဲခဲ့ပြီ။

ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။

တို့ ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။

ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကို ကြောက်သတဲ့လား။

ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။

ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)

ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)

မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
ဒေါင်းတစ်ကောင်ကိုတောင်
စော်ကားရဲမှတော့…။

ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့တောင်ချွတ်ပြီးပေါက်ကြတော့မယ်။

ငါ မပြန်တော့ဘူး
မိုးသီးရေ။

အရူးတွေရဲ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။

အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။

မင်းရဲ့ အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။

ပြန်ခဲ့တော့
ညီလေးရေ
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။

တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။

မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ကွာ။

ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင် သွားမချိုင်လေနဲ့ ။

မင်းရဲ့ တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။

“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာကတော့
ပြောတာပဲ။

နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။

သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။

သြ- မိုးဟိန်း
မင်းလည်းပါသကိုး။

ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။

အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။

တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။

တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။

ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။

ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ်ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။

အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။

ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။

အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ်ဆက်စီးကြရုံ။

ကိုယ့် စစ်ကိုပဲ
ကိုယ်ဆက်တိုက်ကြရုံ။

ပြန်ခဲ့တော့
ညီလေးရေ။

မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။

မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့လား။

မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့လား။

မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့နဲ့ တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့လား။

ညီလေးရေ
မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။

ညီလေးရေ
မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး။

ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။

ပြန်ခဲ့တော့
ညီလေးရေ။

ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။

အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
တို့ ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။

ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။

ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။

ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။

ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။

ဝမ်းမနည်းနဲ့ 
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့။

ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။

ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။

တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့လား။

မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။

အဲဒါ မင်းရဲ့ 
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။

ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ၀က်သေ ထားခဲ့တော့။

ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ကွာ။

မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြီုဟ်ပေးမှာပေါ့။

ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မင်း သင်္ဂြီုဟ်ပေးပေါ့။

တိုင်းပြည်ချစ်စိတ်နဲ့ 
ဆာလောင်လာရင်
အဲဒီ ဦးသန့်ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်” ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။

မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ 
ကြိုးစင်တင်ကြတော့မယ်။

မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတစ်ယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။

အောင်ဝေး
(စက်တင်ဘာ ၆-၂၀၁၂)

 - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ
အာလ၀ီး

မိုးသီး
ထွေးပြီးသား တံတွေးပဲ
ပြန်မြိုချတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
အရက်ပုလင်းထဲက အရက်လိုပဲ
လက်ကျန် အမြဲထားရတယ်။

မင်းသောက်တတ်တာလည်း
အစ်ကို သိတယ်။

အစ်ကိုခွက်ပုန်းခုတ်တာလည်း
မင်းသိတယ်။

ဒါပေမဲ့
အခုတော့ ဒို့အရက်ပုလင်းကို
သူများတွေ သေးပေါက်ထည့်ကြပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။

လေဆိပ်မှာ ကားပေါ်မင်းတက်ပြီး ဘဲလေးက,ကတာကို
အဆီဘူးခါတယ်ဆိုပြီး ၀မ်းပန်းတသာ ကြိုကြမှတော့
မင်းပြန်ခဲ့တော့။

၂၄ နှစ်ကြာ သူရဲဘောကြောင်ကြောင်နဲ့
ပတ်ပြေးနေတဲ့ သီလကြောင်တစ်ယောက်ရဲ့
အိမ်ပြန်လမ်းဟာ
ထောက်လှန်းရေးတွေ ပြုံနေခဲ့သင့်ပါတယ်။

ဒါပေမယ့် ခုတော့
၅၀၀၀ ပေးပြီး ခေါ်လာတဲ့သူတွေနဲ့
ရက်လည်ဆွမ်းကျွေးတရားနာလာတဲ့ မသာလိုပါလားကွာ။

ရန်ကုန်မှာ
ဒေါ်လာ ကုန်ခါနီးရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဦးသိန်းစိန်ကို ဖိနပ်နဲ့ ပေါက်ဖို့ 
ပြန်လာတာမှ မဟုတ်တာ။

မင်းအိမ်ပြန်လာတာ
သူများမယား ကြာခိုဖို့
ပြန်လာတာမှ မဟုတ်တာ။

ခုတော့
မိုးမကုန်သေးတဲ့ ရန်ကုန်က
မိုးတွေရွာလို့ပါလား။

ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။

မင်းစဉ်းစားရမယ်
မင်းဟာ
သီလကြောင် တော်လှန်ရေးသမား။

တော်လှန်ရေးမှန်ရင်
ဆန်/ မဆလာ ပြတ်ရမယ်
မယားငယ်/ဖာသည် စည်းခြားရမယ်။

ငါတို့ကိုယ်တွေ့
ဆန်/ မဆလာ ပြတ်လို့
ဂျပန်မှာ အသတ်ခံရတာ။

မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
ဒလန်တွေလား၊ အကြံအဖန်တွေလား
၅၀၀၀ ပေးပြီးခေါ်လာတာလား။

အခုတော့
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်းစော် အကားခံရတယ်။
မနက်ဖြန်
ငါ့စော်ကို ထပ်ကားကြတော့မယ်။

ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဖင်ကိုကိုယ်
လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။

လဒဟာ
စော်အကားခံခဲ့ရ။
သူရဲဘောကြောင်သူဟာ
စော်အကားခံခဲ့ရ။
အမေ့နွားဟာ
စော်အကားခံခဲ့ရ။

ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
အဖမ်းခံရမှာကြောက်လို့ပါ။

အခုတော့
ဘီယာမော့ပြီး လာတဲ့သူကို
ပဲကြီးလှော်ထုပ် ပစ်ပေးကြပြီ။

အခုတော့
ရှစ်ဆယ့်ရှစ်ဆီ ပြန်တဲ့သူကို
၂၀၁၂ က လက်မခံတော့ပြီ။

ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
ငါတို့လို ကြောက်လို့ပတ်ပြေးနေတဲ့သူတွေ
သိပ်မရှိကြသေးဘူး။

မင်း ရန်ကုန်သွားတာဟာ
မင်းပြောချင်ရာပြောတိုင်း
သတင်းထောက်တွေက ယုံမှာမဟုတ်ဘူး။

မင်း ရန်ကုန်သွားတာဟာ
၂၄ နှစ်လုံးလုံး စောက်တလွဲလုပ်ခဲ့သမျှ
ရိုဟင်ဂျာကိစ္စ ချော်လဲရောထိုင်ဖို့မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
ဆမူဆာရောင်းဖို့ သွားတာမဟုတ်ဘူးလေ။

မင်းသွားတာ
ဘယ်စားခွက်ကိုဝင်လုရမလဲ။

မင်းသွားတာ
နာမည်ကြီးအောင် ဘယ်လိုဂွင်ဆင်ရမလဲ။

မင်းသွားတာ
ဈေးခပ်ပေါပေါ ယုဇနဟိုတယ်ကိုပဲ။

မင်းသွားတာ
မင်းကိုအရူးလုပ်နေတဲ့ ဦးအောင်မင်းဆီကိုပဲ။

အခုတော့
လဒကို ဒမြသတ်လေခြင်း။

တောမီးမနိုင်
ဘောကြီးကိုင် ဖြစ်ရလေခြင်း။

ပန်းချစ်သူ သီချင်းခမျာ
ကိုတိုးကြီး မဆိုရတာ ကြာခဲ့ပြီ။

ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းစောက်တင်းကို သူတို့
ဖေ့စ်ဘုတ်ပေါ် တင်ကြတော့မယ်။

ဒို့ဗမာ့နိုင်ငံရေးကလည်း
ဒို့လိုရှောင်ပြေးတွေအတွက် နေရာမရှိပါလား။

ညီမလေးက
အဝေးကြီးက လှမ်းလှမ်းအော်တာကို ကြောက်သတဲ့လား။

ညီမလေးက
နိုင်ငံရေးသမား သူတောင်စားတွေကို ရွံသတဲ့လား။

ခက်တာပဲ မိုးသီးရာ
မင်းကလည်း အိမ်ထောင်မကျဖူး
(ငါကလည်း လင်မယူဖူး)

ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)

မင်းလို ရှစ်ဆယ့်ရှစ် သူရဲဘောကြောင်တဲ့ကောင်
မင်းလို ကျောင်းသားချင်းသတ်တဲ့အဖွဲ့  ဥက္ကဋ္ဌဟောင်း
လဒ တစ်ကောင်ကိုတောင်
အမွှေးနုတ်ရဲမှတော့။

ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
၂၀၀၇ သံဃာအရေးနဲ့  ရှောင်ပြေးသွားလို့ 
မယ်သီလရှင် ၀တ်ခိုင်းကြတော့မှာ။

ငါ မပြန်တော့ဘူး
မိုးသီးရေ။

ဘတ်စကားတိုးစီးရတဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။

ငါလိုအရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။

မင်းရဲ့အိမ်ပြန်လမ်းမှာ
စတုဒီသာ ခေါ်မကျွေးကြတာ
ငါ ရင်နာတယ်။

ပြန်ခဲ့တော့
ညီလေးရေ။

ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။

ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။

မင်းရဲ့စရိုက်အတိုင်း
ကောင်မလေးတွေကို ပခုံးဖက်စရာရှိရင်လည်း
ဖက်ခဲ့ပေါ့ကွာ။

ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင် သွားမချိုင်လေနဲ့
သေဂျင်းဇိုးနဲ့တောင် သေသွားဦးမှာ။

မင်းရဲ့တစ်ချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။

“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။

နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။

သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။

သြ – မိုးဟိန်း
မင်းလည်းပါသကိုး။

ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။

အခုတော့ ငါ့အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။

တိုက်ပွဲဟာ
တကယ်ပဲ ဆူးလေဘုရားလမ်းမှာမရှိတော့။

တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာလိုချင်တဲ့ ပြဿနာပဲ။

ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
ဆရာလုပ်ချင်တဲ့ ပြဿနာပဲ။

ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ဂူဂယ်ဘလော့ဂ်ပေါ်က နိုင်ငံရေး။

ပိုက်ဆံရရေးကို
အဓိက ထားမှတော့
ငါတို့လို စားဖားတွေလည်း
ဘာ စောက်သုံးကျတော့မှာလဲ ညီလေး။

ညီလေး
အဲယားကွန်းမရှိတာထက်
ကြမ်း ၇ ချောင်းပဲ ရှိတဲ့အိမ်က
ပိုအေးပါတယ်ကွာ။

ဖဲသမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်ဥကိုပဲ
ကိုယ် ထုချလိုက်ကြရုံ။
ကိုယ့်ဇစ်ကိုပဲ
ကိုယ် ပြန်ဆွဲတင်ကြရုံ။

ပြန်ခဲ့တော့
ညီလေးရေ။

မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။

မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ မတော်မတရားကြံဖို့လား။

မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ ဂယောင်ချောက်ချားလုပ်ဖို့လား။

မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ တာလဘောဟင်း စားရဖို့လား။

ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်ကခွေးတွေတောင် အနားလာမသီဘူး။

ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က မင်းအကြောင်းသိတွေ
ဟာသပြဇာတ်တစ်ပုဒ်ပဲ။

ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ မပါဖူးဘူး။

ပြန်ခဲ့တော့
ညီလေးရေ။

ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား – တဲ့။

မင်း ဖျာဝင်ခင်းမယ့် နေရာကိုလည်း
လူတိုင်းကသိနေမှတော့
ဒို့သောက်နေကျ ဘီယာဆိုင်ကြီးလည်း
နောက်ဆို အကြွေးမရောင်းတော့ဘူးတဲ့ ညီလေးရာ။

ဂျာနယ်တိုင်းတော့ မဟုတ်
တစ်ချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်
၂၄ နှစ်ပြည့် ဆွမ်းကပ်ပေးကြတဲ့အကြောင်း။

ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။

ခွ ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်ဖင်ကိုယ် ပြန်မနမ်းဘူး။

ပြည်ပြေးမှန်ရင်
ဘယ်တော့မှ ရဲစခန်းရှေ့ ဖြတ်မလျှောက်ဘူး။

ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။

ဝမ်းမနည်းနဲ့
ညီလေး။

အရမ်းလည်း
သွားမစားနဲ့ ညီလေး။

ကောင်မလေးက အသစ်လေးဆိုပေမယ့်
မန္တလေးမှာ ၆ လ မော်လမြိုင်မှာ ၆ လ။

ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။

ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။

နေ့တိုင်းနေ့တိုင်း
ပန်းကုံး လာလာစွပ်တဲ့သူတွေကို လေးစားတယ်လား။

မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။

အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အဆီဘူးခါချင်စိတ်ကြောင့်ပဲ။

ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ အုတ်ဂူကို ဆေးအသစ်လေး သုတ်ထားလိုက်ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့။

ရန်ကုန်ကို
မာမီမြင့်ဆွေတို့ လက်ထဲမှာ
ဖင်တုရင်တုတွေနဲ့ထားခဲ့တော့။

ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ကွာ။

မင်းသေတော့လည်း
လဒပုံ အလံအုပ်ပြီး
ငါ မင်ဟတ်တန်မြစ်ထဲမျှောပေးမယ်။

ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မသာယုတ် နင် သွားလိုရာ သွားနိုင်ပြီ ပြောပေးဦး။

တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့်ကျွန်းလေးပေါ်မှာ
စောက်ရှက်မရှိ ဗမာနှစ်ကောင်ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။

မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့။

မင်းကို
မလိုသူတို့ မင်းအတွက်
နတ်ကန္နားပေးကြတော့မယ်။

မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်တစ်ယောက်ကို
ဖာတန်းသာ ပို့လိုက်ပါတော့။
အလာဟို အရှင်မြတ် အမိန့်တော်ပေးပါ။
အရှင်ယေရှု ခရစ်တော်မှာ ကောင်းချီးပေးပါ။ ။
အာလ၀ီး
(စက်တင်ဘာ ၆ – ၂၀၁၂)

  - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ
မာဃ
ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ကြပေမယ့်
အဲ့တောင်ပို့ကို ထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုံးတော့ဘူး . . .။

ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီးလို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော် နိုင်ငံရေးကဗျာဆရာကြီး မဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂတွေက
ဖတ်ရသမျှ ရင်ကို ဓါးနဲ့ဆွတယ် . . .။

ကိုနိုင်အောင်မှာ တာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဋ္ဌကြီးပါဆိုတဲ့ ကိုမိုးသီးကလွှဲချ။

အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ချေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .။

လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက်
ဇာတ်တူသားချင်းစား
ကျောင်းသားကျောင်းသားချင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျှိုတဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်။

ကိုအောင်ဝေး ခဗျားနှယ်
ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတိံသာကိုတင်ရက်။

ဒီမှာ ကိုယ့်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မရဘူး . . .။

ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမှမဆိုင်ရင်
မြန်မာနိုင်ငံကို ဘာသာနဲ့ချေမွဖို့အကွက်ချ
စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဋ္ဌကြီး ဘာပြောခဲ့သလဲ
ထချဖို့ လက်နက်တွေစုကြပါ ဟုတ်လား။

ကိုအောင်ဝေး
ခဗျားလေသံအရဆို ရီးပဲ
အကြီးကြီးရီးပဲ။

အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓားနဲ့လှီးပစ်မယ် . . .။

ကိုအောင်ဝေး ခဗျားပြောသလို
ကိုမိုးသီး ပြည်တော်ပြန်တာ အမျိုးသားသင့်မြတ်ရေးအတွက်လား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ်
လုပ်စားစရာ မရှိတော့လို့ ဂွင်သစ်ဖန်တာလားဆိုတာ
ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ။

ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ….။

ရန်ကုန်နိုင်ငံရေး
မြန်မာနိုင်ငံရေး
ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာ ဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ ဖုံးပြီးသား
ထပ်မသယ်နဲ့ . . . ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲကောင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .။ ။

Friday, September 07, 2012

ယနေ့ ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာ့နိုင်ငံရေးသမိုင်းအတွက် ထူးခြားမှုများ


ယနေ့ ကျမ်းသစ္စာကျိန်ဆိုသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ
၁။ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်       (ကာကွယ်ရေး)
၂။ ဒေါက်တာ မြတ်မြတ်အုန်းခင်      (လူ/ကယ်/ပြန်)
၃။ ဦးအေးမြင့်ကြူ                       (ယဉ်ကျေးမှု)
၎။ ဦးဝင်းရှိန်                             (ဘဏ္ဍာ/အခွန်)
၅။ ဦးကျော်လွင်                         (ဆောက်လုပ်ရေး)
၆။ ဒေါက်တာ ကံဇော်                  (စီမံ/စီးပွား)
၇။ ဦးမောင်မြင့်                          (အလုပ်သမား)
၈။ ဒေါက်တာ မြင့်အောင်              (သတ္တုတွင်း)
၉။ ဦးဌေးအောင်                         (ဟိုတယ်/ခရီး)
၁၀။ ဦးဇေယျာအောင်                  (ရထား)
၁၁။ ဒေါက်တာ ကိုကိုဦး                (သပန)
၁၂။ ဦးသိန်းထိုက်                       (စာရင်းစစ်ချုပ်)
၁၃။ ဦးဝင်းကို                            (ရွေးကောက်ပွဲကော်မရှင်)

ဒါက ကျွန်တော်တွေးဆလို့ရသမျှပါ။ သတင်းတွေမှာ ဘယ်သူတွေ ကျမ်းသစ္စာကျိန်ဆိုတယ်ဆိုတာ ရေးထားခြင်း မရှိသေးပါဘူး။ ဓာတ်ပုံတွေကြည့်ပြီး ကျမ်းကျိန်တဲ့ လူဦးရေအရ ဖြစ်နိုင်တာတွေကို မှန်းဆပြီး ရေးသားလိုက်တာပါ။ ယခင်ပြည်ထောင်စုဝန်ကြီး အဟောင်းတွေက ဌာနတွေပြောင်းပေမယ့် ကျမ်းကျိန်ဖို့ မလိုတဲ့အတွက် သူတို့ကို ထည့်မတွက်ဘဲ ကျန်တဲ့လူတွေကိုပဲ ခန့်မှန်းရေးသားထားတာပါ။ သတင်းဌာနတွေရဲ့ သတင်းတွေအရ လွှတ်တော်ထဲမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို အတိအကျဖတ်ရလို့ မှားယွင်းနေတာရှိရင် ပြင်ဆင်ပေးပါ့မယ်။ ဓာတ်ပုံထဲမှာ ၁၃ ဦး ကျမ်းကျိန်နေတာ တွေ့ပေမယ့် ကျန်တဲ့တစ်ဦးကို ဘယ်လိုမှ စဉ်းစားလို့မရတဲ့အတွက် ၁၂ ဦး အမည်စာရင်းကိုပဲ ရေးထားတာပါ။ သိရင် ထပ်ဖြည့်ပေးပါ့မယ်။

ထူးခြားချက်များ
ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အဖြစ် ကျမ်းသစ္စာကို နှစ်ကြိမ်တိုင် ကျိန်ဆိုရသူအဖြစ် ဦးသိန်းထိုက် စာရင်းဝင်ခဲ့သည်။ (ဦးသိန်းထိုက်သည် ပထမအကြိမ်အဖြစ် သတ္တုတွင်းဝန်ကြီးအဖြစ်လည်းကောင်း၊ ယခုဒုတိယအကြိမ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်လည်းကောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။)

ဦးဇေယျာအောင် (ဗိုလ်ချုပ် ဇေယျာအောင်-ငြိမ်း) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများထဲမှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ရသည့် ပထမဆုံးသော တပ်မတော်သား ဖြစ်လာခဲ့သည်။
(ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂(ခ)(၃) နှင့် ပုဒ်မ ၂၃၂(ည)(၁) တို့ကို ရည်ညွှန်းသည်။)
(ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်းကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါ။ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်သူ ဖြစ်သောကြောင့် ဖြစ်ပါသည်။) 

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် လစ်လပ်သွားသည့်အတွက် ပထမဆုံးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
(ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂(ဈ) ကို ရည်ညွှန်းသည်။)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ဦးဝင်းရှိန် သည် အပြောင်းအရွှေ့ အများဆုံးလုပ်ခဲ့ရသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်သည်။ 

ကျမ်းသစ္စာကျိန်ဆိုသည့် ပြည်ထောင်စုဝန်ကြီး ၁၁ ဦးတွင် ၈ ဦးသည် ဒုတိယ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်ကို အံ့သြဖွယ် တွေ့ရှိရသည်။ အဆိုပါ ၀န်ကြီး ၈ ဦး၏ အမည်စာရင်းနှင့် ယခင်ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ကြီးဌာနအမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
၁။ ဦးမောင်မြင့် (နိုင်ငံခြားရေး)
၂။ ဦးကျော်လွင် (ဆောက်လုပ်ရေး)
၃။ ဒေါက်တာ ကံဇော် (စီမံ/စီးပွား)
၎။ ဦးဝင်းရှိန် (ပို့ဆောင်ရေး၊ ဘဏ္ဍာ/အခွန်)
၅။ ဦးဌေးအောင် (ဟိုတယ်/ခရီး)
၆။ ဒေါက်တာ မြတ်မြတ်အုန်းခင် (ကျန်းမာရေး)
၇။ ဒေါက်တာ ကိုကိုဦး (သပန)
၈။ ဦးအေးမြင့်ကြူ (အားကစား)

ယနေ့ကျမ်းသစ္စာကျိန်ဆိုသူများတွင် သမ္မတကြီးဦးသိန်းစိန်၏ အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်ခြင်း မပြုခဲ့ဘဲ အသစ်ပါဝင်လာသူများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ဦးဇေယျာအောင် တို့ နှစ်ဦးသာ ရှိသည်။
(ဒေါက်တာ မြင့်အောင် သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။)

စာကြွင်း။ မှားယွင်းချွတ်ချော်မှုများ မြင်တွေ့သိရှိပါမူ ထောက်ပြကြစေလိုပါသည်။ ကျွန်တော်သိရှိသမျှ ရေးသားထားခြင်းသာ ဖြစ်ပါသည်။ အားလုံးကို အမှန်ဟု မယူဆကြစေလိုပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ သောကြာနေ့။
နေ့လည် ၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။ 

သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်တော့ပါ


မရေးချင် မပြောချင်တဲ့ကိစ္စ
အမှန်အတိုင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ လွှတ်တော်တွေ အငြင်းပွားကြတာ၊ စွပ်စွဲပြစ်တင်ကြတာကို လုံးဝကို မရေးချင်၊ မပြောချင်တော့ပါဘူး။ နိုင်ငံတည်ဆောက်ရေးကို အားလုံးသော institution တွေအားလုံး၊ နိုင်ငံသူနိုင်ငံသားတွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးပမ်းဆောင်ရွက် ချီတက်ကြရမယ့် အချိန်မျိုးမှာ အခုလိုမျိုး အချင်းချင်း မသင့်မမြတ်ဖြစ်တာတွေ၊ အာဏာလွန်ဆွဲတာတွေ၊ စွပ်စွဲပြစ်တင်တာတွေကို မမြင်ချင် မကြားချင်သလို ရေးလည်းမရေးချင်၊ တွေးလည်းမတွေးချင်ပါဘူး။

ဒီမိုကရေစီအလေ့အကျင့်တဲ့လား
တစ်ချို့က ပြောကြသေးတယ်။ ဒီမိုကရေစီသဘောသဘာဝမှာ ဒီလိုပဲ အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဆိုတာ ရှိနေမှာပဲတဲ့။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲတဲ့။ အဲဒီလို ပြောတဲ့လူတွေကို ကျွန်တော်ကိုဉာဏ် အရမ်းအံ့သြတယ်။ သူတို့တွေဟာ ဘာဖြစ်လို့များ အရာရာကို အနောက်ပေတံ၊ အနောက်စံနဲ့ တိုင်းတာလက်ခံနေရသလဲလို့လည်း တွေးမရဖြစ်ရတယ်။ အောင်ကိုလတ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုကို အော်ရမလားလို့ တွေးမိတယ်။ "မြဲမြဲမှတ်ပါ မင်းမြန်မာ" တဲ့။ ဟုတ်ပါတယ်... ကိုယ်တွေဟာ မြန်မာတွေဆိုတာ မမေ့ကြစေလိုပါဘူး။ ဘာအကြောင်းပြောပြော အမေရိက၊ စင်ကာပူ၊ ဗြိတိန် စတာတွေနဲ့ ကိုင်မပေါက်ကြပါနဲ့။ အခုဖြစ်နေတာတွေဟာ အဲဒီလိုပြောနေကြသူတွေ ရည်ညွှန်းနေကြတဲ့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေလို ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြစေချင်တယ်။

မီးမွှေးသူသာဖြစ်တယ်
အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဟာ ဒီမိုကရေစီရဲ့ လက္ခဏာပဲလို့ ပြောနေကြတာကို ကျွန်တော်က အပြည့်အ၀ လက်မခံပါဘူး။ လူတိုင်းမှာ သူ့အမြင်နဲ့သူ၊ သူ့ခံယူချက်နဲ့သူ မတူညီကြတာ၊ ကွဲလွဲကြတာကို နားလည်ပါတယ်။ ဒါပေမယ့် အများအကျိုးကို ဆောင်ရွက်ကြပြီ ဆိုတဲ့အခါမှာတော့ ပုဂ္ဂလိကအမြင်တွေ၊ ပုဂ္ဂလိကခံစားချက်တွေကို ဘေးဖယ်ထားနိုင်ရပါမယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်ကို ကိုယ်ပါဝင်နေတဲ့ အ၀န်းအ၀ိုင်းထဲကို ဆွဲသွင်းမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးတာ မဟုတ်ဘဲ မီးမွှေးတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

သမိုင်းကို လေ့လာကြစေချင်တယ်
အထက်မှာ ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ရဲ့ လွှတ်တော်တွေအချင်းချင်း၊ လွှတ်တော်နဲ့ အစိုးရ၊ လွှတ်တော်နဲ့ခုံရုံး၊ လွှတ်တော်နဲ့ တရားလွှတ်တော်ချုပ် စသည်စသည်ဖြင့် ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြတာကို ဒီမိုကရေစီကျင့်စဉ်လို့ ကျွန်တော်က လက်ခံလို့မရဘူး။ အဲဒီလို ပြောနေကြသူတွေကိုလည်း မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြစေချင်တယ်။ အခြားနိုင်ငံတွေမှာကတော့ အဲဒီလို ကိစ္စတွေဆိုတာ တကယ့်ကို ထမင်းစားရေသောက်ပါပဲ။ အဲဒါကို လက်ခံပါတယ်။ လက်သီးနဲ့ ထမထိုးရုံတမယ် ငြင်းကြခုံကြ ဆွေးနွေးကြတာကို ကျွန်တော်လည်း ခေတ်လူငယ်တစ်ယောက်ပီပီ သတင်းတွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် မြင်ဖူးတွေ့ဖူးပါတယ်။ သူတို့ဓလေ့နဲ့သူတို့ ဘာမှကို ပြောစရာမရှိဘူး။ သေချာတာတစ်ခုက သူတို့တွေဟာ အဲဒီလိုသာ ငြင်းခုန်ရင်ငြင်းခုန်ကြမယ်၊ ကွဲလွဲရင် ကွဲလွဲကြမယ်၊ ရန်ဖြစ်ရင်ရန်ဖြစ်ကြမယ်၊ အဲ... ပြည်သူတွေအတွက် နိုင်ငံအတွက်ဆိုရင်တော့ စည်းလုံးကြတယ်၊ ညီညွတ်ကြတယ်၊ ပူးပေါင်းကြတယ်။ လက်ရှိအမေရိကန်သမ္မတ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ သမ္မတရွေးကောက်ပွဲကာလက အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတာ၊ ထိုးနှက်ခဲ့ကြတာ၊ အပုပ်ချခဲ့ကြတာ၊ လက်သီးပုန်းထိုးခဲ့ကြတာကို စာဖတ်သူတွေ ပြန်တွေးကြည့်စေချင်တယ်။ ဒါပေမယ့် အဲဒါတွေ ပြီးသွားတဲ့အခါမှာ အိုဘားမားလည်း သမ္မတဖြစ်၊ ဟီလာရီကလင်တန်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးခန့်၊ ဘယ်လောက်ကောင်းလိုက်တဲ့ ဒီမိုကရေစီမြင်ကွင်းလဲ။ နိုင်ငံအတွက် ညီညီညွတ်ညွတ် အလုပ်လုပ်ကြတာပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာတွေကရော။ သမိုင်းကို ပြန်လေ့လာရင် စာဖတ်သူတို့ကို ကျွန်တော်ကိုဉာဏ်က ရှင်းပြစရာ မလိုလောက်အောင် နားလည်ကြပါလိမ့်မယ်။ ကျွန်တော်တို့သမိုင်းမှာက တစ်ခုခုကြောင့် အချင်းချင်း ကတောက်ကဆဖြစ်ပြီ၊ အငြင်းအခုန်ဖြစ်ပြီ၊ အမြင်မတူဖြစ်ပြီဆိုရင်တော့ တစ်သက်လုံး ရန်သူတွေ ဖြစ်သွားကြတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ကျွန်တော်မပြောနိုင်ပေမယ့် ဘယ်လောက်အထိ မှန်ကန်တယ်ဆိုတာ စာဖတ်သူတွေကပဲ စဉ်းစားကြည့်စေလိုပါတယ်။ အချင်းချင်း ကွဲကြပြဲကြ၊ ငြင်းကြခုန်ကြ ဖြစ်ပြီးကာမှ ပြန်လည်သင့်မြတ်ပြီး အတူတူလက်တွဲ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံရေးသမား မြန်မာပြည်မှာ ဘယ်နှယောက် ပေါ်ခဲ့ဖူးတယ်လို့ စာဖတ်သူထင်ပါသလဲ။ ကျွန်တော်တို့လူမျိုးက ခံစားချက်ကို သိပ်ဦးစားပေးတယ်၊ စိတ်ထဲမှာ နာသွားပြီဆိုရင် အဲဒီလူကို တစ်သက်လုံး ဘယ်တော့မှ မကျေနပ်နိုင်တော့ဘူး။ ဒါဟာ ကျွန်တော်တို့ သမိုင်းရဲ့ အားနည်းချက်ပဲ။ အခုအချိန်အထိလည်း အဲဒီအချက်ဟာ မှန်ကန်နေဆဲဆိုတာ လူတိုင်းသိနေကြတာပါပဲ။ လွတ်လပ်ရေးရဖို့အတွက် ဆင်းရဲအတူ၊ ဒုက္ခခံအတူ၊ ပါးရိုက်ခံအတူ၊ အသက်ပေးအတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဟာ ညီညွတ်ပါရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေကြည့်စေချင်ပါတယ်၊ ရလာတဲ့အဖြေဟာ ဘာကြောင့်လဲ ဆိုတာကိုပါ စဉ်းစားကြည့်စေချင်ပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကို စာဖတ်သူများ ဆ၀ါးနိုင်ပါလိမ့်မယ်။

ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီ
အခုဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ နုတ်ထွက်သွားကြပါပြီ။ သမ္မတကလည်း သူတို့ရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါပြီ။ ကဲ... ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာတွေကောင်းသွားသလဲ၊ ဘာတွေအကျိုးရှိသွားသလဲ။ လွှတ်တော်ထဲက ဝေလေလေ ကိုယ်စားလှယ်တွေရဲ့လေသံနဲ့တော့ အပြန်အလှန်ထိန်းညှိတာတို့၊ ပြည်သူ့အကျိုးဆောင်ရွက်တာတို့ စတဲ့ စကားလုံးတွေနဲ့တော့ ကိုင်မပေါက်နဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် လုံးဝ မခံနိုင်လို့ပါ။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်သွားပြီဆိုတော့ ကုန်ဈေးနှုန်းတွေ ကျသွားသလား၊ ရခိုင်ဒေသ ငြိမ်းချမ်းသွားသလား၊ ရေကြီးတဲ့ဒေသတွေက တောင်သူတွေ စိတ်ချမ်းသာသွားသလား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာကြသလား၊ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖြစ်လာသလား။ ဒီလိုတွေပြောနေတော့ ကျွန်တော်ကပဲ ကလေးအတွေးနဲ့တွေးပြီး ပြောနေတယ်လို့ ထင်ကြဦးမယ်။ နိုင်ငံရေးကိစ္စဆိုတော့ ဘယ်လို နိုင်ငံရေးအကျိုးအမြတ်များ ရလိုက်သလဲဆိုတာ လွှတ်တော်တွေကပဲ ရှင်းပြစေလိုပါတယ်။

လွှတ်တော်တွေက တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့တယ်
အခုကိစ္စမှာ လွှတ်တော်တွေဟာ လုပ်ထုံးလုပ်နည်းတွေအရသာမကဘဲ ခံစားချက်တွေအရပါ လုပ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ထားရမယ်။ ဘေးကလူတွေ မသိနိုင်ပေမယ့် သူတို့စိတ်ထဲမှာ သူတို့ဘာသာသူတို့ သိနေကြမှာပါ။ ဘာကြောင့် ကျွန်တော် ဒီလို ပြောရပါသလဲ။ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိပါလျက်နဲ့ တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့ကြလို့ ဖြစ်တယ်။ သူတို့လုပ်ရပ်ဟာ အကျပ်အတည်းတစ်ခုဆီကို ဦးတည်နေပြီလို့ ကျွန်တော်မြင်တယ်။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပါ။ အခုလုပ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ပေါ်လာတော့မှာ အသေအချာပါပဲ။ ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီဆိုတော့ လွှတ်တော်တွေရဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်သွားပြီလားဆိုတဲ့ မေးခွန်းကို ပြည်သူ့ကိုယ်စားလှယ်ကြီးတွေကို မေးကြပါ၊ ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုပါ။ မဖြစ်ဘူးဆိုလျှင်တော့ ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင်မှု ဘာကြောင့်လုပ်ခဲ့သလဲဆိုတာကို အဲဒီကိုယ်စားလှယ်ကြီးများကို ထပ်မေးပေးပါ။ စိတ်ဝင်တစားနှင့် နားစွင့်နေပါသည်ခင်ဗျား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုတာ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်
အခု ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မရှိတော့ဘူး။ မရှိတော့ ဘာဖြစ်သလဲလို့ မေးချင်တဲ့လူတွေ ရှိကြလိမ့်မယ်။ ဟုတ်ကဲ့.. ခုံရုံးမရှိတဲ့အတွက် ဖြစ်လာမှာတွေက အများကြီးပေါ့ခင်ဗျာ။ အခုအချိန်မှာ တစ်ခုခု အငြင်းပွားစရာ ပေါ်ပေါက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ အဓိပ္ပါယ်ဖွင့်ဆိုပေးပါလို့ အဆုံးအဖြတ်ခံယူစရာ ခုံရုံးမရှိတော့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ နဲ့ ပုဒ်မ ၃၂၆ အရ ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို လတ်တလောအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေ ခံစားခွင့်မရှိတော့ဘူးပေါ့။ နောက်ထပ်အကျိုးဆက် တစ်ခုကတော့ လစ်လပ်သွားတဲ့ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နေရာအတွက် ဘယ်သူတွေကို ပြန်လည်ခန့်အပ်မှာလဲဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်တွေကို ခန့်အပ်တယ်၊ ပြီးရင် ဆုံးဖြတ်တော့လည်း မနာခံဘူး၊ အငြင်းပွားရင်လည်း စွပ်စွဲပြစ်တင်မယ်ဆိုတာကို သိနေတဲ့ ဘယ်ဥပဒေပညာရှင်က ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်ဖို့ လိုလိုလားလားရှိမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အများပြည်သူရဲ့ အမြင်မှာလည်း ခုံရုံးဆိုတာ လွှတ်တော်အလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ အခြေခံဥပဒေအရ တည်ရှိမှာလား၊ လွှတ်တော်တွေအလိုကျ တည်ရှိမှာလားဆိုတာ ကျွန်တော်မမေးချင်တဲ့ မေးခွန်းပါ။

ဖြစ်လာနိုင်တာတွေ
နောက်ဆိုရင် တစ်ခုခုဆိုတာနဲ့ စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြပါတော့မယ်။ ဟိုလူ့ကို နုတ်ထွက်ခိုင်း၊ ဒီလူ့ကို နုတ်ထွက်ခိုင်း လုပ်ကြပါတော့မယ်၊ လွှတ်တော်နဲ့ မငြိနဲ့၊ လွှတ်တော်နဲ့ငြိရင် အခြေအနေမကောင်းဘူးလို့ အားလုံးက ရွံကြောက်ကြီး ဖြစ်ကုန်ကြပါတော့မည်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့်အစား လွှတ်တော်သည် တစ်ထီးတစ်နန်း တစ်စင်ထောင်သည့်သဘော ဖြစ်ပါတော့မည်။ ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် အလုပ်လုပ်နေကြသူတွေက လွှတ်တော်နှင့် တစ်ခုခု အငြင်းပွားလျှင် ဆွေးနွေးတာ၊ ဖြေရှင်းတာ မလုပ်တော့ဘဲ သဘောဆန္ဒအလျောက် နုတ်ထွက်တာတွေ လုပ်ကြပါတော့မည်၊ သမ္မတကြီးအတွက် ရွေးချယ်ခန့်အပ်စရာလူ ရှားပါးလာပါလိမ့်မည်။ နိုင်ငံရေးအကြပ်အတည်း ဖြစ်လာပါလိမ့်မည်။ မဏ္ဍိုင်သုံးရပ်သည် တစ်ဦးအမှားကို တစ်ဦးက စောင့်ကြည့်သော အခြေအနေကို ရောက်သွားပါလိမ့်မည်။ (ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီလိုပဲ ဖြစ်စေချင်တာဟု ပြောလိုသူများကို ကျွန်တော်မငြင်းခုန်လိုပါ။ စောင့်ကြည့်ကြပါစို့ဟုပဲ ပြောလိုပါသည်။) အဆုံးစွန်ထိတွေးရလျှင် ယခင်သမိုင်းကြောင်းများအတိုင်း ကွဲကြပြဲကြ၊ စောင်းကြမြောင်းကြ၊ ဆော်ကြနှက်ကြ၊ ဖြုတ်ကြထုတ်ကြနှင့် နိုင်ငံတိုးတက်ရေး အလှမ်းဝေးနေပါဦးမည်။ ဟုတ်ကဲ့... သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ သောကြာနေ့။
နံနက် ၈ နာရီ ၅၃ မိနစ်တွင်ပြီး၏။ 

မီးသတ်ပိုက် မျောက်


နောက်ဆုံးအစာပိတ်အဖြစ် ကျွန်တော်ပြောချင်တဲ့ မျောက်ကတော့ မီးသတ်ပိုက် မျောက်။ ဂျာနယ်တစ်ခုမှာ ဖတ်ရတာပါ။ လူတွေရဲ့ ကြောက်စိတ်ကို လေ့လာဖို့ မျောက်တွေနဲ့ သုတေသနပြုကြတာ။

အခန်းတစ်ခန်းထဲမှာ မျောက်ငါးကောင် ထားတယ်။ နံရံမှာ လှေကားတစ်ခုရှိတယ်။ လှေကားထိပ်မှာ ငှက်ပျောဖီးတစ်ဖီးရှိတယ်။ မျောက်တစ်ကောင်က လှေကားပေါ် ပြေးတက်တယ်။ အလယ်လောက် ရောက်တော့ မီးသတ်ပိုက်က အလိုအလျောက် ပွင့်လာပြီး အဲဒီမျောက်ကို ရေနဲ့ ထိုးချတယ်။ နောက်တစ်ခါ ထပ်တက်တယ်။ မီးသတ်ပိုက်ပွင့်ပြီး ရေထွက်လာလို့ မျောက်လန်ကျတယ်။ သုံးကြိမ်စလုံး လန်ကျပြီးတဲ့ အခါမှာ အဲဒီမျောက် လက်လျှော့သွားတယ်။ နောက်မျောက်တစ်ကောင်က ထပ်ပြီး ကြိုးစားတယ်။ သူလည်း သုံးကြိမ်လန်အကျမှာ လက်မြှောက်သွားတယ်။ နောက်တစ်ကောင်၊ နောက်တစ်ကောင်။ ဒီလိုနဲ့ မျောက်ငါးကောင်စလုံး ငှက်ပျောသီးကို လက်လျှော့သွားကြတယ်။ ခဏနေ တစ်ကောင်က ထပ်ကြိုးစားကြည့်တယ်။ လန်ကျတာပဲ။ နောက်ဆုံးတော့ မျောက်တွေဟာ လှေကားနားတောင် မကပ်ရဲတော့ဘူး။

နောက်နေ့ကျတော့ မျောက်အဟောင်း တစ်ကောင်ထုတ်ပြီး မျောက်အသစ်တစ်ကောင် ထည့်တယ်။ အဲဒီမျောက်အသစ်က လှေကားဆီ ပြေးတက်ဖို့ ကြိုးစားတယ်။ မျောက်အဟောင်းလေးကောင်က အဲဒီမျောက်ကို ၀ိုင်းဆွဲကြတယ်။ အော်ဟစ်ဆူညံပြီး ကုတ်ကြဖဲ့ကြတယ်။ ဒါနဲ့ မျောက်အသစ်လည်း လက်လျှော့သွားတယ်။ နောက်နေ့ကျတော့ မျောက်အဟောင်း လေးကောင်ထဲက တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင် အစားသွင်းတယ်။ အဲဒီမျောက်အသစ်က လှေကားပေါ်တက်ဖို့ ကြိုးစားတယ်။ မနေ့က မျောက်အသစ်အပါအ၀င် ကျန်မျောက်လေးကောင်က ဆွဲချတယ်။ ကုတ်တယ်၊ ဖဲ့တယ်။ ဒီလိုနဲ့ အဲဒီ မျောက်လည်း လက်လျှော့ပြန်ရော။ သူတို့ကို အချိန်တန်ရင်တော့ အပြင်ကနေ ငှက်ပျောသီး ပစ်ကျွေးပုံရပါတယ်။ ငတ်တော့ မငတ်ဘူး။

နောက်နေ့မှာလည်း အရင်အဟောင်းထဲက တစ်ကောင်ကိုထုတ်ပြီး အသစ်တစ်ကောင်သွင်းတယ်။ ဒီလိုပဲ ၀ိုင်းဆွဲချခံရတာပဲ။ အဲဒီမှာ သတိပြုစရာတစ်ခုက အဲဒီအခန်းထဲမှာရှိတဲ့ နောက်ရောက်မျောက်အသစ် သုံးကောင်ဟာ မီးသတ်ပိုက်ကို လုံးဝ မသိဘူးဆိုတာပဲ။ နောက်ဆုံးနေ့ကျတော့ အခန်းထဲမှာ ရေအပက်မခံရဖူးတဲ့ မျောက်တွေချည်းပဲ ဖြစ်နေပြီ။ သို့သော် အဟောင်းလေးကောင်က အသစ်တစ်ကောငိကု ဆွဲချကြတာပဲ။ သူတို့ကိုယ်တိုင်က မီးပတ်ပိုက်ဆိုတာ ဘာမှန်းမသိဘဲနဲ့ ဆွဲချနေကြတာ။

မျောက်တွေနဲ့ စမ်းတာက အခုခေတ်ကျမှ ဖြစ်ပါတယ်။ လူတွေနဲ့ စမ်းခဲ့တာ ကြာလှပြီ။ ကြားဖူးမလား မသိဘူး။ မက္ခရာဗယ်လီဆိုတာ။ The Prince ဆိုတဲ့ ရာဇကုမ္မာကျမ်းကို ရေးခဲ့တဲ့လူပေါ့။ ရာဇောဝါဒကျမ်းလို့ ဆိုကြပါစို့။ အုပ်စိုးသူလူတန်းစားဟာ အုပ်စိုးခံလူတန်းစားအပေါ် ဘယ်လိုကျင့်သုံးရတယ်ဆိုတာတွေ ရေးသွားတာ။ အဲဒါကို အဆန်းလုပ်ပြီး ဒီနေ့ခေတ်ကျကာမှ မျောက်တွေနဲ့ စမ်းကြည့်ကြတာလို့ ကျွန်တော်ထင်တာပါပဲ။

[VENUS News ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၇၊ စာမျက်နှာ ၂၁ ပါ ကျော်စောမင်းမျောက်များ... လူများ ဆောင်းပါးမှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။ အဆိုပါ ဆောင်းပါးအား အပြည့်အစုံ ဖတ်ရှုလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။] 

Wednesday, September 05, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၂)



မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော် ရေးသားတင်ပြ ခဲ့သည်များကို စိတ်ဝင်တစား ရှိကြသည်ဟု သိရသည့်အတွက် ၀မ်းသာမိပါသည်။ လိုလိုလားလားနှင့် ဆက်ရေးပါဦးဟု တိုက်တွန်းသူများကိုလည်း ကျေးဇူးတင်ပါသည်။ စိတ်ပူပန်မှုများစွာဖြင့် ရေးသားခဲ့ရာတွင် ယခုကဲ့သို့ အားပေးစကားများ ကြားရသည့်အတွက် အားတက်ရပါသည်၊ ခွန်အားဖြစ်ရပါသည်။ စိတ်ပူပန်သည် ဆိုသည်က အခြားမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်တော်တို့နိုင်ငံအတွက် အထွတ်အထိပ် လမ်းပြကြယ် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ မည်သည့်ဥပဒေပင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းငှာ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသည့် ဘောင်အတွင်းကသာ ရေးဆွဲပြဋ္ဌာန်းကြရပါသည်။ ထိုကဲ့သို့သော ကြီးမြတ်လှသည့် ဥပဒေတစ်ခုကို ကျွန်တော်ကိုဉာဏ် ရေးသားတင်ပြရာတွင် ချို့ယွင်းချက်များ၊ အမှားအယွင်းများ ဖြစ်သွားမည်ကို အင်မတန် စိုးရိမ်ပါသည်။ ဥပဒေပညာရပ်နှင့် ပတ်သက်၍ မည်သည့်အသိအမှတ်ပြု လက်မှတ်မျိုးကိုမျှ ကျွန်တော်ကိုဉာဏ် ရရှိထားခြင်း မရှိကြောင်းကို ဦးစွာဝန်ခံလိုပါသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပေဒကိုမူ အခေါက်ခေါက်အခါခါ ဖတ်ရှုလေ့လာ၊ ဆင်ခြင်သုံးသပ်၊ ဝေဖန်ပိုင်းခြား (မိမိအထွာဖြင့်မိမိ) သည်ကိုတော့ ရဲရဲဝံ့ဝံ့ ဆိုဝံ့ပါသည်။ အခြေခံဥပဒေစာအုပ်ကို တစ်ခေါက်၊ နှစ်ခေါက်ဖတ်ပြီး ပြောဆိုရေးသားနေခြင်း မဟုတ်ကြောင်းကိုတော့ သိစေအပ်ပါသည်။

ယခုအချိန်အထိ ကျွန်တော်ရေးသားတင်ပြခဲ့သမျှသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များသာ ဖြစ်ပါသည်။ အခြေခံဥပဒေတွင် ပုဒ်မဘယ်နှခုပါသည်၊ ဘယ်နေ့ဘယ်ရက်က အခြေခံဥပဒေ စတင်အသက်ဝင်သည်၊ အခန်းဘယ်နှခုပါသည်၊ စသည်တို့သည် ထူးထူးခြားခြား အချက်အလက်များ မဟုတ်ကြသေးပါ။ အခြေခံဥပဒေကို စနစ်တကျ ဖတ်ပြီးသည့်သူတိုင်း သိရှိပြီးသည့် သူသိငါသိ အကြောင်းအရာများသာ ဖြစ်ကြပါသည်။ ကျွန်တော့်အနေဖြင့်လည်း ထိုမျှသော အချက်အလက်များကို ရေးသားတင်ပြချင်ရုံ သက်သက်ဖြင့် ဤပို့စ်များကို ရေးသားခြင်း မဟုတ်ပါကြောင်းကို စာဖတ်သူများအား သိစေအပ်ပါသည်။ ယခုအကြောင်းအရာများသည် သိထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သိသင့်သိအပ်သည်ဟု ယုံကြည်သည့်အတွက် ဦးစွာပထမ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အခြေခံဥပဒေ၏ အခြေခံအချက်များကိုပင် သိရှိခြင်း မရှိပါဘဲ ဥပဒေ၏ အနှစ်သာရများ၊ သဘောတရားများကို ဆွေးနွေးတင်ပြမည်ဆိုလျှင် သဘာဝမကျဟု စဉ်းစားမိသောကြောင့် ဖြစ်ပါသည်။ အနည်းဆုံးတော့ ငါတို့အခြေခံဥပဒေမှာ အခန်းဘယ်လောက်ရှိတယ်၊ ပုဒ်မဘယ်လောက်ရှိတယ်၊ ဘယ်အခန်းက ဘာအကြောင်းအရာ စသည်တွေကိုဖြင့် စာဖတ်သူတိုင်း သိရှိသွားနိုင်လိမ့်မည်ဟူသော မျှော်မှန်းသည့် စိတ်စေတနာကြောင့် ရေးသားတင်ပြနေရခြင်း ဖြစ်ပါသည်။

အခြေခံဥပဒေနှင့် ပတ်သက်၍ တစ်လုံးတစ်ခဲတည်း ရေးသားသည်ထက် နည်းနည်းချင်းကို ရေးသားတင်ပြသည်က ပိုမိုကောင်းမွန်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အဆင်သင့် ရေးသားပြီးသည်များ ဖြစ်သော်လည်း အမှားအယွင်း နည်းနိုင်သမျှ နည်းစေလိုသည့်အတွက် အချိန်ယူ၍ ပြန်လည်စစ်ဆေးခြင်း၊ သံသယဖြစ်မိပါက အခြေခံဥပဒေကို တစ်ခေါက်ပြန်ဖတ်ခြင်း စသည်တို့ ပြုလုပ်နေရသည့်အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဖတ်ရှုပေးကြပါရန်လည်း တောင်းပန်လိုပါသည်။

ယခင်ပို့စ်များတွင် ရေးသားတင်ပြခဲ့သကဲ့သို့ပင် ကျွန်တော်၏ပို့စ်များတွင် မှားယွင်းချွတ်ချော်နေသည်များ၊ လွဲမှားနေသည်များ ရှိပါမူ ကျွန်တော့်အတွက်သာမက အခြားသော စာဖတ်သူများ၏ အကျိုးအတွက်ပါ ရည်မျှော်ပြီး အမြန်ဆုံး ထောက်ပြဝေဖန် ကြစေလိုပါသည်။ မှားယွင်းသည့် အချက်အလက်များကို ချက်ချင်းပြင်ဆင် ပေးသွားမည် ဖြစ်ပါသည်။


အထက်ပါဇယားကိုကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သူ့အကြောင်းအရာနှင့်သူ ခွဲခြားပြဋ္ဌာန်းထားသည်ကို မြင်နိုင်ပါသည်။ ဥပဒေပြုရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ ဥပဒေပြုကြသည်ကို သိလိုလျှင် အခန်း (၄) ကို ဖတ်ရှုလေ့လာရမည်၊ နိုင်ငံသားတစ်ဦးအနေဖြင့် မည်သည့်အခွင့်အရေးများ ရရှိခံစားခွင့်ရှိသည်၊ မည်သည့်တာဝန်များ ထမ်းဆောင်ကြရမည်ကို သိရှိလိုလျှင် အခန်း (၈) ကို ဖတ်ရှုလေ့လာရပေမည်။ မကြာသေးမီက နိုင်ငံတော်သမ္မတကြီးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ခဲ့ရာတွင် မည်သူမျှ မနစ်နာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများကို အသုံးပြုသင့်သည်ဟု အကြံပြုခဲ့သည်ကို စာဖတ်သူများ မှတ်မိကြလိမ့်မည် ထင်ပါသည်။ အထက်ဖော်ပြပါ ဇယားကို ကြည့်လိုက်လျှင် သမ္မတကြီးက မည်သို့ပြုလုပ်ရန် တိုက်တွန်းသည်ကို စာဖတ်သူများ မြင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

အခန်း (၁) မှ အခန်း (၁၅) သည် အကြောင်းအရာအလိုက် ပြဋ္ဌာန်းထားချက်များ ဖြစ်ကြပါသည်။ သို့သော် ထူးခြားသည်က နောက်ဆက်တွဲ ဇယားများ ဖြစ်ပါသည်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားချက်ဟုလည်း ဆိုရမည်ထင်ပါသည်။

ဇယား (၄) သည် ကိုယ်စားလှယ်များအတွက် ကျမ်းသစ္စာဆိုချက်ပုံစံဖြစ်၍ အထူးအထွေ ရှင်းလင်းတင်ပြရန် မရှိပါ။ သို့သော် အဆိုပါ ကတိသစ္စာပြုချက်ပါ စကားလုံးများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်များ လွှတ်တော်မတက်၊ ကတိသစ္စာမပြုဘဲ နေခဲ့ကြသည်ကို မှတ်မိကြဦးမည်ဟု ထင်ပါသည်။ စာဖတ်သူများ ရှင်းရှင်းလင်းလင်း ဖြစ်စေရန် အောက်တွင် ဖော်ပြထားပါသည်။
စာဖတ်သူများ တွေ့မြင်သည့်အတိုင်း အဆိုပါပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်ပါသည်။ သို့သော် လွှတ်တော်ထဲကိုပင် မရောက်သေးသည့် (ကတိသစ္စာမပြုရသေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မဖြစ်သေး) သူများက ထိုအချက်ကို မပြင်ပေးလျှင် လွှတ်တော်မတက်ဘူး၊ ကတိသစ္စာမပြုဘူးဟု ပြောဆိုနေကြလေတော့ ထိုအချိန်က အမြင်မတော်လွန်း၍ ဘေးကနေ ပြောမိဆိုမိသော ကျွန်တော်တို့က ဆိုးသလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် ရွေးကောက်ပွဲဝင်တာပါဟု ကြွေးကြော်ခဲ့ကြသည့် သူတို့က လွန်သလားဆိုသည်ကို စာဖတ်သူများ၏ အဆုံးအဖြတ်အတိုင်းသာ ခံယူပါသည်။

ဇယား (၅) သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ ဖြစ်ကြပါသည်။ အခြေခံဥပဒေတွင် မည်သို့ပြဋ္ဌာန်းထားသည်ကို ကြည့်ပါမည်။

ဇယား (၁) သည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းခွင့်ရှိသည့် အကြောင်းအရာများ၊ ကိစ္စရပ်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤနေရာတွင် စိတ်ဝင်စားစရာ အချက်အလက်မှာ ပြည်ထောင်စုအဆင့် ဥပဒေပြုခြင်းအာဏာသည် ပြည်ထောင်စုလွှတ်တော်၌သာ တည်ရှိသည်ဆိုသည့် ထူးခြားချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမျိုးသားလွှတ်တော်သည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သည်လည်းကောင်း သီးခြားလွှတ်တော်တစ်ရပ်အနေဖြင့် မည်သည့်ဥပဒေကိုမျှ ပြဋ္ဌာန်းခွင့် မရှိပါ။ ထိုအချက်သည် အလေးဂရုပြုဖွယ်ကောင်းသည့် အချက်ဖြစ်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ဥပဒေပြုခွင့် ရှိကြပါသည်။ မိမိတို့အား ဥပဒေပြုရန် ခွင့်ပြုထားသည့် ဇယားအတိုင်း လွတ်လပ်စွာ ဥပဒေပြုနိုင်ကြပါသည်။ ကျွန်တော်မြင်သည့် ခပ်ညံ့ညံ့ဥပမာ ပေးရပါလျှင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များသည် မိမိဘဏ်စာအုပ်ကို မိမိသဘောကျ ထုတ်ယူခွင့်ရှိသူများ ဖြစ်ကြပါသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် လက်မှတ်နှစ်ခု မဆုံပါလျှင် ဘဏ်စာအုပ် ထုတ်ယူခွင့် မရှိသည့် Joint Account သဘောမျိုး ဖြစ်ကြသည်ဟု မြင်မိပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ ပြည်ထောင်စုတစ်ခုလုံးအတွက် ပြဋ္ဌာန်းမည့် ဥပဒေတစ်ခုကို မမှားယွင်းရအောင် အခြေခံဥပဒေက ထိန်းသိမ်းထားခြင်းတစ်မျိုးဟု နားလည်ရပါသည်။ လွှတ်တော်နှစ်ရပ်နှင့် ပတ်သက်၍ ပြောလိုသည်များ ရှိသေးသော်လည်း အပြောမတတ်လျှင် ဆဲသလို ဖြစ်မည်စိုးသည့်အတွက် မပြောလိုတော့ပါ။

ဇယား (၂) နှင့် ဇယား (၃) သည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သာမန်အားဖြင့် ဇယား (၂) နှင့် ဇယား (၃) တို့သည် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် ကိုယ်ပိုင်ချုပ်ခွင့်ရ ဦးစီးအဖွဲ့များက မည်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်သည်ကို ဖော်ပြထားချက်များသာ ဖြစ်ကြပါသည်။ သို့သော် အခြေခံဥပဒေပါ အဆိုပါ ဇယားများနှင့် ပတ်သက်သည့် အချို့သော ပြဋ္ဌာန်းထားချက်များမှာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းသောကြောင့် ဖြစ်ပါသည်။ ပြဋ္ဌာန်းချက်အချို့ကို ဦးစွာကြည့်ပါမည်။


အထက်ပါ ပြဋ္ဌာန်းချက်များတွင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များ၏ အုပ်ချုပ်မှုအခွင့်အာဏာကို ဥပဒေပြုစာရင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ခွင့်ပြုပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပဒေပြုနိုင်သည့် ကိစ္စရပ်များသို့သာ အုပ်ချုပ်မှုအာဏာ သက်ရောက်သည်ဟု အတိအလင်း ပြဋ္ဌာန်းပေးထားခြင်းဟု ကျွန်တော်ကိုဉာဏ် နားလည်မိပါသည်။ ဥပမာအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းပါ သစ်တောများ ကာကွယ်ထိန်းသိမ်းရေး ဆိုပါစို့။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးအတွက် ဥပဒေများ ရေးဆွဲခြင်းကို ဦးစီးအဖွဲ့က ဆောင်ရွက်နိုင်ပါသည်။ ထို့အတူ အဆိုပါ သစ်တောကာကွယ်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုအာဏာကို ဦးစီးအဖွဲ့ကို အခြေခံဥပဒေက အပ်နှင်းထားသည့်အတွက် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိနေပါသည်။ သို့သော် ပြည်ထောင်စုဥပဒေပြုစာရင်း ၆ (စ) တွင် သစ်တော ဟု ပါရှိနေသေးရာ အဆိုပါပြဋ္ဌာန်းချက်နှစ်ခုကို မည်ကဲ့သို့ ခွဲခြားဆောင်ရွက်သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်းများတွင်မူ သစ်တောနှင့်ပတ်သက်၍ ခွင့်ပြုထားချက် မရှိသည်ကလည်း စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ ကျွန်တော်နားလည်သလို ပြောရလျှင် သစ်တောနှင့်  ပတ်သက်လျှင် ပြည်ထောင်စုအစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ကသာ ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့်သဘော ဖြစ်ပါသည်။ ဒါက ဥပမာများစွာထဲမှ ဥပမာတစ်ခုကို ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ အခြားသော စိတ်ဝင်စားဖွယ် အချက်အလက်များလည်း ရှိနေပါသေးသည်။

ယခု ဤပို့စ်၏ နောက်ဆုံးအနေဖြင့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်က မည်သည့်အကြောင်းအရာများကို ဥပဒေပြုရမည်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များက မည်သည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်သည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များက မည်သည့်ကဏ္ဍများတွင် ဥပဒေပြုနိုင်သည် စသည်ဖြင့် အတိအကျ ဖော်ပြထားပါသည်။ ပြဋ္ဌာန်းထားပါသည်။ ထိုသို့ ပြဋ္ဌာန်းထားသည့်အပြင် မမျှော်မှန်းနိုင်သည့် အကြောင်းကိစ္စများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူများက ကြိုတင်စဉ်းစား၍ အမြော်အမြင်ဖြင့် ထည့်သွင်းခဲ့သော ပြဋ္ဌာန်းချက်တစ်ခုကို ထုတ်ပြလိုပါသည်။ အောက်တွင် ကြည့်ရှုနိုင်ပါသည်။

ကဲ... ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စိတ်ဝင်စားစရာကောင်းသည် မဟုတ်ပါလား။ အခြားသော ကျွန်တော်မသိသေးသည့် ထူးခြားချက်များလည်း များစွာရှိနေပါဦးမည်။ ကျွန်တော်သိထားသမျှကိုလည်း ဆက်လက်တင်ပြပါဦးမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၃၈ မိနစ်။

ဆက်စပ်ဖတ်ရှုရန်များ

 
Web Statistics