Friday, November 30, 2012

လက်ရှိအဖြစ်အပျက်များအတွက် ရင်လေးမိပါသည်


၁။ လက်ပန်တောင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒပြတဲ့ကိစ္စတွေ၊ ပါဖောမင့်လုပ်တာတွေ၊ သူတို့ဆီကို သွားတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ထုတ်ပြန်တဲ့ကြေညာချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မှတ်ချက်တွေ၊ ၀င်ရောက်လှုပ်ရှားမှုတွေ၊ လွှတ်တော်မှာ ပြောဆိုဆွေးနွေးမှုတွေ စတဲ့အချက်တွေကို ဂျာနယ်တွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် စုဆောင်းထားခဲ့မိတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေအနေ မကောင်းဘူးဆိုတာသိပေမယ့် အခုလောက်အထိ နိုင်ငံရေးအမြတ်ထုတ်မှု၊ အစိုးရကို အကြပ်ကိုင်မှု၊ မတည်မငြိမ်ဖြစ်အောင် လှုပ်ရှားမှုတွေ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ထို့အတူပဲ အစိုးရဘက်ကလည်း အခုလိုမျိုး နှိမ်နင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

၂။ မနေ့ကတစ်နေ့လုံး အချိန်ရတိုင်း လက်ပန်တောင်းကိစ္စနဲ့ပတ်သက်ပြီး တင်ပေးဖို့ ပို့စ်တစ်ခု ပြင်ဆင်ခဲ့တယ်။ ကိုယ့်အတွေးအမြင်တွေနဲ့ ရေးသားဖော်ပြရင် အဓိပ္ပါယ်ကောက် လွဲသွားနိုင်တဲ့အတွက် အင်တာနက်ပေါ်က သတင်းတွေအားလုံးကိုပဲ စုစည်းပြီး ကိုယ့်အတွေး၊ ကိုယ့်အရေး လုံးဝ (လုံးဝ) မပါတဲ့ ပို့စ်တစ်ခု စီစဉ်ခဲ့တာပါ။ ဒါပေမယ့် မနေ့က ဖတ်ရတဲ့ သတင်းတွေအရ အခြေအနေက တစ်မျိုးပြောင်းသွားပြီဆိုတာ သိလိုက်ရတယ်။ အဲဒါကြောင့် ပို့စ်ကို မတင်ဖြစ်သေးဘဲ ဆိုင်းငံ့ထားလိုက်ရတယ်။

၃။ တကူးတက အပင်ပန်းခံပြီး ပြုစုထားရတဲ့ အကြောင်းအရာတွေကို ကိုယ့်ဘလော့ဂ်မှာ တင်ပေးချင်တာ အမှန်ပါပဲ။ သို့သော်လည်း အခုဖြစ်နေတဲ့ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးပြီး နားလည်ရခက်လှပါတယ်။ အထိအခိုက်လည်း မခံသလို ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်လို့ မြင်မိပါတယ်။ ဒါကြောင့် ရေးချင်သမျှကို မရေးသေးဘဲ မြိုသိပ်ထားလိုက်ပါတယ်။ ဝေဖန်မှုတွေကို ကြောက်လို့မဟုတ်ပေမယ့် အခုလို အချိန်မျိုးမှာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောလို့သိပ်ကောင်းလှတာ မဟုတ်တာမို့ လက်ရှောင်နေလိုက်တာပါ။ ဒါပေမယ့် ရေးလို့ရတဲ့ အတိုင်းအတာအထိတော့ ရေးပါဦးမယ်။ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကို ဖော်ထုတ်ဖို့အတွက် ဘယ်သူ့ကိုမျှ မထိခိုက်အောင် သေသေချာချာ ပြင်ဆင်ပြီး ရေးပါဦးမယ်။

၎။ လက်ရှိကျွန်တော့်သဘောထားကို မပြောလိုသေးပေမယ့် အောက်ကအချက်တွေကိုတော့ သတိပြုသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ စာဖတ်သူနဲ့ ကျွန်တော်နဲ့ အတွေးအမြင် မတူတာကို ကျွန်တော်နားလည်သလို စာဖတ်သူကလည်း နားလည်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းပါ။

(က) ပဋိပက္ခဖြစ်ပွားခဲ့သည့် အကြောင်းရင်း၊
(ခ) စတင်ဖြစ်ပွားသည်မှ ယနေ့အထိ အချိန်ကာလ၊
(ဂ) ထိုကာလအတွင်း လှုပ်ရှားမှုများ၊
(ဃ) အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုများ၊
(င) မီဒီယာတွေရဲ့ သတင်းဖော်ပြပုံများ၊
(စ) ပါတီတွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဆက်နွယ်နေမှု၊
(ဆ) ထောက်ပံ့ကူညီနေသူများ၊
(ဇ) သံဃာတွေ ပါဝင်ပတ်သက်နေပုံ၊
(ဈ) သပိတ်စခန်းအနေအထား ဓာတ်ပုံများ၊
(ည) နယ်မြေခံ တာဝန်ရှိသူများနှင့် သပိတ်စခန်း၏ ဆက်ဆံရေး၊
(ဋ) ကိုင်တွယ်ဆောင်ရွက်မှု၊
(ဌ) အင်တာနက်သတင်းမီဒီယာများနှင့် ပြည်တွင်းဂျာနယ်များ၏ သတင်းဖော်ပြမှုပုံစံ၊
(ဍ) နောက်ဆက်တွဲ သတင်းများ၊
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

Monday, November 26, 2012

ကိုယ့်နိုင်ငံရေး


ကျားကြီး၊ ၀က်ကြီး၊ ငှက်ကြီး၊ ရှူးပျံကြီး ဆိုတာတွေဟာ ပုံပြင်မှန်းသိတယ်။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ချစ်တဲ့လူ အရိုးဆံထိုးလုပ် ဆိုတာလည်း ဒဏ္ဍာရီမှန်း သိတယ်။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးဖူးတဲ့ ငွေတာရီ ဒွေးမယ်နော်ဆိုတဲ့ ဇာတ်တွေက မှတ်စုအရ အမဲသား မစားတဲ့လူကို "ဒီကောင် ဇာတ်တူသား မစားဘူး" လို့ သမိုင်းရဲ့ သင်ခန်းစာအနေနဲ့ ၀င်ပြောတတ်ပါတယ်။ ကံရာဇာငယ်ကို လူလိမ်လို့ သိပါတယ်။ တကောင်းက ပြေအရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားလို့ရတဲ့ခရီးလို့ သိပါတယ်။ အစာပြတ်ပြီး မိန်းမောနေသူက "လိမ္မာရစ်ကြ" လို့ မှာနိုင်မယ် မထင်ပါ။

ဗိုလ်အောင်ကျော် (၂၇ ဒီဇင်ဘာ ၁၉၁၆ - ၂၂ ဒီဇင်ဘာ ၁၉၃၈) သေဆုံးပြီး ၂၂ ဒီဇင်ဘာ ၁၉၄၀ ပြည့်မှာ ဖွင့်ပွဲလုပ်တဲ့ ကြေးရုပ်ဟာ Bronze Paint ကြေးရည်လူးထားတဲ့ သစ်သားရုပ် (တာရာ ၁၉၆၇၊ ၂၉၉) ဖြစ်တယ်လို့ ဖွင့်ပွဲနေ့ကပဲ သိပါတယ်။ ကြေးရုပ်အတွက် ငွေကို ဟိုအတွက် ဒီအတွက် သုံးလိုက်ရတယ် ဆိုတာမျိုးပြောတယ်။ ဦးထွန်းဝင်း (၁၉၁၇ - ၂၃ မတ် ၁၉၈၃) က ရကသ ငွေထိန်း၊ သူနဲ့ခင်လို့ နည်းနည်းသိလိုက်ရပါတယ်။

အရင်းရှင်စနစ်ရဲ့ နောက်ဆုံးအဆင့်ဟာ ဖက်ဆစ်ဖြစ်လေတော့ အင်္ဂလိပ်ကို မုန်းလို့ ဂျပန်နဲ့ ပြေးပေါင်းတာ လမ်းမှန်မဟုတ်ဘူးလို့ အဲဒီအခါကပဲ သိတယ်။ ဒါပေမယ့် Browderism ကိုတော့ လက်ခံလိုက်မိပါတယ်။ ကင်ပေတိုင်က ငါတို့ အာရှလူငယ်တွေကို ဖမ်းမယ်လုပ်တော့ အနောက်ရိုးမဘက်က ရွာတွေမှာ ပုန်းရပါတယ်။ အနောက်ရိုးမမှာ တို့ပြေတာနဲ့ ဖုန်းတထောင်းထောင်း ထသွားတယ်လို့ အပြောခံရပါတယ်။ ဆိုရှယ်လစ်နိုင်ငံ၊ ဆိုရှယ်လစ်စီးပွားရေးမှာ ကုန်ဈေးနှုန်း ညှိမယ်၊ တောင်ပေါ်တောင်အောက် တစ်ဈေးတည်း ဖြစ်ရမယ်ဆိုတုန်းကလည်း တောင်ပေါ်ကဈေး တောင်အောက်ရောက်မယ်ဆိုတာ သိလိုက်ပါတယ်။


[သန်းထွန်း၊ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

Saturday, November 24, 2012

မီဒီယာ၊ ကြော်ငြာ၊ ထောက်ခံစာ၊ ဆန္ဒဖော်ထုတ်မှုနှင့် ရင်ရှုပ်ကိစ္စများ


(၁)
မီဒီယာတွေအကြောင်းကို ပြောရတာလည်း မောလှပါပြီဗျာ။ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ကြည့်ပါတယ်။ ကိုဉာဏ်ဆိုတဲ့လူဟာ မီဒီယာသမားတွေကို အတိုက်အခံလုပ်၊ မကောင်းပြောနေတဲ့ လူတစ်ယောက်များ ဖြစ်မှန်းမသိ ဖြစ်နေပြီလားလို့ပါ။ ရေးခဲ့သမျှ၊ ပြောခဲ့သမျှတွေကို ပြန်ဖတ်ကြည့်၊ ပြန်တွေးကြည့်တော့လည်း အဲဒီသဘောတွေ ဖြစ်နေပါတယ်။ ကျွန်တော်ဟာ အစိုးရ၀န်ကြီးလည်းမဟုတ်၊ သမ္မတရဲ့အမျိုးအဆွေလည်းမဟုတ်၊ ကုန်ကုန်ပြောရရင် လက်ရှိအစိုးရအဖွဲ့ရော၊ ဌာနဆိုင်ရာတွေမှာပါ ကျွန်တော့်အမျိုးတွေတောင် မရှိပါဘူးဗျာ။ သာမန်ဝန်ထမ်းအဆင့်လောက်တော့ အလုပ်လုပ်နေသူတွေ ရှိပေသပေါ့။ လက်ရှိဌာနဆိုင်ရာတွေမှာ မန်နေဂျာတို့၊ ညွှန်မှူးတို့၊ ညွှန်ချုပ်တို့၊ ဒုဝန်ကြီးတို့ စတဲ့စတဲ့ ရာထူးကြီးကြီး အမျိုးအဆွေတွေ မရှိရကြောင်းပါ။ လူတိုင်းဟာ အမှားမကင်းတတ်ကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ရေးနေ၊ ပြောနေတာတွေမှာလည်း အမှားတွေ အများကြီး ပါနေမှာပါပဲ။ စာဖတ်သူတွေက ချင့်ယုံကြမှာပါပဲ။ ချင့်ချိန်ပြီး သုံးသပ်ကြမှာပါပဲ။ အဲဒီအတွက် သူတို့ပေးတဲ့ မှတ်ချက်အကုန်လုံးကို ကျွန်တော်လက်ခံပါတယ်။ မကောင်းရင်လည်း မကောင်းဘူး၊ မမှန်ရင်လည်း မမှန်ဘူးပေါ့။ ဒါက ပုဂ္ဂလိကကိစ္စ။ ကိုဉာဏ်ဆိုတဲ့ ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ကိစ္စ။ အခု ကျွန်တော်ပြောနေတာတွေက တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စ။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ပါလို့ သူတို့ကိုယ်တိုင် တကြော်ကြော် အော်နေတဲ့လူတွေက အလယ်မှာမရှိဘဲ တစ်ဘက်ဘက်ကို လိုက်ပြီးတော့ ရေးနေတယ်၊ ပြောနေတယ်၊ သတင်းတွေပေးနေတယ် ဆိုရင်တော့ ဒါဟာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖော်ပြတာပါပဲ။ ကျွန်တော်ကိုဉာဏ် တလွဲတွေရေးမိလို့ လူတွေဖတ်မိရင်တောင် တစ်နေ့ကို လူ ၃၀၀၊ ၄၀၀ ထက် မပိုပါဘူး။ လူ ၅၀၀ ပြည့်တယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပါ။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ရုပ်သံတွေ မှားသွားရင်တော့ လူတွေသန်းနဲ့ချီပြီး သတင်းမှားတွေရ၊ အတွေးမှား၊ အမြင်မှားတွေဖြစ် ဖြစ်ကုန်ကြမှာပါပဲ။ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ မြန်မာ့မီဒီယာရဲ့ အနေအထားဟာ စိတ်ချလို့မရတဲ့အဆင့်မှာ ရှိနေပါတယ်။ ကိုယ့်သိက္ခာနဲ့ကိုယ် ရပ်တည်ပြီး မှန်မှန်ကန်ကန် လုပ်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းဆိုတာ ဘယ်မှာ ရှာရမှန်းတောင် မသိပါဘူး။ အရက်ကြော်ငြာကို PH7 ဆိုတဲ့ စာလုံးလေး ၃ လုံးထည့်ပေးပြီး တရားဝင်ကြော်ငြာပေး၊ ပိုက်ဆံယူနေကြတဲ့ မီဒီယာတွေ၊ နာမည်ကြီးချင်တဲ့ မိန်းကလေးငယ်လေးတွေဆီက ပိုက်ဆံယူပြီး မပေါ်တပေါ်ပုံတွေ ထည့်ပေးနေတဲ့ မီဒီယာတွေ၊ အစိုးရမကောင်းပြောရင်ပြီးရော ပို့ချင်တဲ့သတင်းပို့ ထည့်ပေးမယ်ဆိုတဲ့ မီဒီယာတွေ၊ အားကစားဂျာနယ်ထုတ်ပြီး ဘောလုံးပွဲလောင်းကစားကို လောင်းကြေးထည့်ပေးတဲ့ မီဒီယာတွေ၊ ကဲ... အဲဒီလို မီဒီယာတွေနဲ့ ဘယ်လိုများ ကျွန်တော်တို့ ရှေ့ခရီးဆက်ရမလဲဗျာ။

အောက်မှာတော့ မီဒီယာနဲ့ပတ်သက်တဲ့ ကာတွန်းတစ်ကွက်ကို ဖော်ပြပေးထားပါတယ်။ တွေးဆဆင်ခြင် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြပါကုန်။


(၂)
ဒီအောက်ကကြော်ငြာလည်း အတော်ထူးဆန်းတယ်။ ဘယ်သူကများ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်လိုက်သလဲဆိုတာ စဉ်းစားစရာပဲ။ အများသိပြီးသား အကြောင်းအရာမို့ အထူးအထွေ မရှင်းပြတော့ပါဘူး။ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်မိတာ အမှန်ပါပဲ။ စီးပွားရေးလောက ဆိုတာကလည်း အဲလိုတွေ ရှိသေးပါလားဆိုပြီး သက်ပြင်းတွေ ချမိတယ်။ ကျွန်တော်တို့ လူမျိုးတွေက သူများနိုင်ငံနဲ့ မပြိုင်ဘူး ဘာမဟုတ်တဲ့ ဒီနိုင်ငံကျဉ်းကျဉ်းလေးထဲမှာပဲ အလကားနေရင်း ဈေးကွက်လုနေကြတယ်။ သူများထုတ်တဲ့ ပစ္စည်းတွေကို တင်သွင်းပြီး ကိုယ့်အတွက်ကျန်အောင် တင်ချင်တဲ့အမြတ်တင်ပြီး ရောင်းတဲ့လူချင်းအတူတူကို စားခွက်လုနေကြတာ၊ စားမာန်ခုတ်နေကြတာ မြင်ရတော့ မြန်မာ့ရှေ့ခရီးအတွက် တယ်ပြီး အားမရလှဘူးဗျာ။ စားသုံးသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ စွဲဆောင်စည်းရုံးပြီး ကိုယ်တွေစီးပွားတက်အောင် လုပ်စားနေကြတာကိုပဲ ဂုဏ်ယူနေကြတာကိုလည်း အံ့သြမိပါရဲ့ဗျာ။ ကြားဖူးတဲ့ဟာသတွေအရတော့ အလကားပေးရင် ဆင်ကိုတောင် သက်စေ့ယူလို့ ရမလားဆိုတဲ့ လူတွေများနေတော့ ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒါပေမယ့် အခြားနိုင်ငံတွေမှာလည်း ဒစ်(စ)ကောင့် ဆိုတာနဲ့ ၀ယ်သူတွေပြည့်နေတဲ့ ကုန်တိုက်ကြီးတွေ မြင်တွေ့ဖူးလေတော့ တို့မြန်မာတွေလည်း ခေတ်မီသဟဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူမိပါရဲ့ဗျာ။


(၃)
သတင်းစာမှာပါတဲ့ ကြော်ငြာတစ်ခုပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ပြောနေကြတာကတော့ ဟိုမင်းသမီးလေးရဲ့ ကြော်ငြာလို့ ပြောကြတာပါပဲ။ ကြော်ငြာထဲမှာပါတဲ့ အမျိုးသားရဲ့ နာမည်ကလည်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးနေတဲ့ နာမည်ဖြစ်လေတော့ အင်း.. ဟုတ်မှာပါလို့ တွေးမိပါတယ်။ ဘယ်အချိန်ကတည်းက ဘယ်လိုလက်မှတ်ထိုးပြီး ဘယ်လိုဖြစ်ထားကြတယ်တော့ မသိပါဘူး။ အခုမှပဲ သတင်းစာမှာ ဟိုးလေးတကြော် ကြေညာမှပဲ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းကြမှန်း သိတော့တယ်။ အင်း... တယ်ရင်ရှုပ်ရပါလားနော်။ ရင်ရှုပ်တဲ့ ရုပ်ရှင်လို့ အဲဒါကြောင့် ပြောကြတာကိုး။ ကြော်ငြာတဲ့မမကတော့ လိုးရှင်းတောင် အလိမ်းပျက်ပါ့မလား မသိပါဘူးဗျာ။ မှတ်တမ်းတစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ။ အထူးအထွေတော့ မရှိပါဘူး။ 


(၄)
ကျွန်တော် သိပ်သဘောကျမိတဲ့ ကာတွန်းပေါ့ခင်ဗျာ။ အဲဒါ အောက်ခြေမှာ အမှန်တကယ် ဖြစ်ပျက်နေတာပါပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုး ထောက်ခံချက်တွေ မကြာခဏ တောင်းခဲ့ဖူးတော့ အောက်ကကာတွန်းကို ဖတ်လိုက်ရတဲ့အချိန်မှာ ဘယ်လိုမှကို မရယ်ပဲ၊ မပြုံးပဲ မနေနိုင်ဘူး။ ငါလည်း အဲဒီလိုတွေ ကြုံခဲ့ရတာပဲ၊ ဘာဖြစ်လို့ အဲဒီလိုမျိုး မတွေးမိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုမိသေးတယ်။ ကာတွန်းဆရာကို လုံးဝ လေးစားပါတယ်ခင်ဗျား။ ရုပ်ရှင်ဇာတ်ကားနာမည်တစ်ခုကို ယူပြောရရင်တော့ ဟတ်ထိတယ်... ဟတ်ထိတယ်ဟေ့ ပါပဲဗျာ။ အပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မနေဘဲ အောက်ခြေမှာ ဖြစ်နေတာတွေကိုလည်း အမှန်အတိုင်းမြင်အောင် လေ့လာကြပါဦးလို့ တာဝန်ရှိသူများကို တိုက်တွန်းလိုက်ပါရစေ။ အပေါ်က လူကြီးတွေက ဘယ်လောက်ကောင်းတဲ့ မူဝါဒတွေပဲ ချမှတ်ချမှတ် အောက်ခြေက အကောင်အထည်ဖော်တဲ့ လူတွေက မလိုက်နာရင်တော့ ဘာတစ်ခုမျှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ပြည်သူတွေ တကယ်ထိတွေ့နေရတာက အောက်ခြေက စာရေးတွေ၊ ရုံးအုပ်တွေ၊ မန်နေဂျာတွေ၊ တာဝန်ခံတွေပါ။ အဲဒီလူတွေ ကောင်းပါမှ ပြည်သူတွေ အဆင်ပြေမှာပါ။ စဉ်းစားပေးကြပါဦး တောင်းပန်ပါရစေ။


(၅)
မြန်မာပြည်မှာ အပေါများဆုံးက အခုဆိုရင် တွင်းထွက်တွေ မဟုတ်တော့ဘူးခင်ဗျ။ ဆန္ဒပြပွဲတွေ၊ စီတန်းလှည့်လည်မှုတွေ ဖြစ်နေပြီ။ ထစ်ခနဲရှိရင် ဆန္ဒပြမယ်၊ လူစုမယ်၊ လမ်းလျှောက်မယ် ဒါတွေချည်းပဲ။ ဒီလိုတွေ လုပ်တာဟာ ဒီမိုကရေစီကျင့်စဉ်ပဲလို့ ဘေးတီးပေးနေတဲ့ မြှောက်ပေးနေတဲ့ မီဒီယာတွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ နောက်ထပ် တာဝန်ရှိသူတွေကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ လုပ်ကွက်ပေါ်ဖို့အတွက် ကြားထဲကနေ အရိုးခံနဲ့ မသိနားမလည်တဲ့ လူတွေကို ခုတုံးလုပ်ပြီး အခုလိုမျိုး စီတန်းလှည့်လည်တာတွေ၊ ဆူပူတာတွေ၊ ဆန္ဒပြတာတွေ မဖြစ်ဖြစ်အောင် မြှောက်ပေးလေ့ ရှိပါတယ်။ ငြင်းဆန်ချင်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ် ဘာတစ်ခွန်းမျှ ဖက်ပြိုင်ပြောဆိုနေမည် မဟုတ်ပါ။ အခုလတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို လေ့လာကြည့်မိသူတိုင်း သိကြမှာပါ။ ပြည်ပမှာ နေတဲ့လူတွေက မီဒီယာတွေက သတင်းဖော်ပြချက်တွေကိုပဲ ဖတ်ရှုရတာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာ နေတဲ့လူတွေက အတော်ကြီးကို စိတ်ညစ်လောက်အောင် ကြုံရပါတယ်။ ပြောရရင်လည်း တကယ့်ကို မကောင်းပါဘူးဗျာ။ အခုလက်ရှိ နောက်ဆုံးဖြစ်ပျက်နေတဲ့ မန္တလေးက ကျောင်းသားတွေ ဆန္ဒပြနေတဲ့ ကိစ္စကိုပဲ ကျွန်တော်ပြောပြပါ့မယ်။ ကျောင်းသားတွေက သူတို့ဖြစ်ချင်တဲ့အတိုင်း တကယ်ဆန္ဒပြနေတာ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ခုတုံးလုပ်ပြီး ပါတီကဆိုတဲ့လူတွေဟာ ခြေချင်းလိမ်ပြီး အမြတ်ထုတ်နေကြတာကတော့ ဘယ်လိုမှကို လက်ခံချင်စရာ မရှိပါဘူး။ မယုံရင်လည်း မန္တလေးမှာရှိတဲ့ အသိမိတ်ဆွေတွေကိုသာ လှမ်းမေးကြည့်ပါဗျာ။ ဖြစ်တာက ကျောင်းသားတွေ ကျောင်းရွှေ့တဲ့ကိစ္စ။ အဲဒီကိစ္စမှာ ဘာဖြစ်လို့ ဘေးကနေ တိုက်ပုံအနီတွေ၊ ပင်နီတွေ၊ ဒေါင်းတွေက ပါနေရသလဲဆိုတာ စာဖတ်သူတွေကတစ်ဆင့်ပဲ မေးကြည့်ခိုင်းလိုက်ကြပါဗျာ။ ပြီးရင်တော့ သူတို့တွေ အဲဒီဆန္ဒပြမှုမှာ မပါပါဘူးလို့ အရှက်မရှိ ငြင်းကြပါလိမ့်မယ်။ ဗဟိုကဆိုတဲ့ လူတွေကလည်း သူတို့မသိကြောင်း၊ မခိုင်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ အင်း... ခက်ပါ့၊ ခက်ပါ့။

အောက်က ကာတွန်းကတော့ လက်ရှိမြန်မာ့အခြေအနေတွေနဲ့ အတော်ကြီးကို ကိုက်ညီတဲ့ ကာတွန်းလို့ ပြောရမယ်ထင်ပါတယ်။ နောက်ဆိုရင် အဲဒီလိုမျိုး တကယ်များ ဖြစ်လာမလားလို့ တွေးမိပါတယ်။ နောက်တစ်ခု တွေးမိတာက အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ကလေးတွေအတွက် အတုယူစရာ စံနမူနာပြတွေ ဖြစ်သွားခဲ့ရင်တော့ အနာဂတ်အတွက် ရင်လေးမိကြောင်းပါ။ စာသင်ခန်းတွေ စွန့်ခွာပြီး လမ်းလျှောက်ဖို့ပဲ အားသန်နေတဲ့ ကျောင်းသားတွေ၊ သားသမီးတွေနဲ့ မတွေ့ရပါစေနဲ့လို့ပဲ ကျွန်တော်ကိုဉာဏ် ဆန္ဒပြုမိကြောင်းပါခင်ဗျား။ 






ကဲ... ဒီအပတ်တော့ ဒီမျှနှင့်ပဲ တော်ပါဦးမည်။ အချိန်လေးရခိုက် ကျွန်တော့်မှာ တေးထားသမျှတွေကို အလုံးအရင်းနဲ့ ရေးနေရတာမို့ တစ်နေ့တစ်နေ့ ပို့စ်တွေ အများကြီး ဖြစ်နေခဲ့ရင် နားလည်ပေးကြပါဗျာ။ အလုပ်တွေ ပြန်ပိလာတဲ့အခါ ပို့စ်တွေ မရေးဖြစ်မှာစိုးလို့ပါ။ မြန်မာ့သွေးပရိသတ်အားလုံးကိ အစဉ်လေးစားလျက် ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ စနေနေ့။
နေ့လည် ၁၀ နာရီ ၃၀ မိနစ်တွင်ပြီး၏။ 

Friday, November 23, 2012

၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ



၂၀၁၁ ခုနှစ်တွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာမင်းယုဝေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ပြည်သူသို့ အသိပေးခြင်းများ







နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေတဲ့ ၀န်ကြီးဌာနတွေက ပြန်လည်ဖြေရှင်းထားတဲ့ အကြောင်းအရာတွေပါ။ အင်မတန်မှကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေါင်းစဉ်တပ်ထားတာကိုက "ပြည်သူသို့ အသိပေးခြင်း" တဲ့။ ပြည်သူတွေကို သိစေချင်တဲ့အတွက် ၀န်ကြီးဌာနတွေက တလေးတစား အသိပေးတာကို အသိအမှတ်ပြုပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးတွေက သတင်းပြန်လည်ရေးသားကြရာမှာ အားလုံးဖတ်ခဲ့ရတဲ့အတိုင်း ၀န်ကြီးဌာနတွေဟာ ဘယ်လိုအလွဲသုံးစားတွေလုပ်ခဲ့တယ်၊ ဘယ်ဌာနတွေ၊ ဘယ်ဌာနတွေမှာ ပမာဏဘယ်လောက်အထိ အလွဲသုံးစားမှု ပြုခဲ့တယ်ဆိုပြီး မျက်နှာဖုံးသတင်းတင်၊ စာလုံးကြီးတွေနဲ့ ပြူးနေအောင် တင်ပြခဲ့ကြပါတယ်။ ပြည်သူတွေကြားမှာလည်း အဲဒီသတင်းဟာ တကယ့်ကို စိတ်ဝင်စားစရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို ၀န်ကြီးဌာနတွေက ပြန်ဖြေရှင်းတာကိုတော့ ဘယ်ဂျာနယ်ကမှ အရေးတယူ ပြန်ဖော်ပြတာ၊ အရေးတယူနဲ့ ပြန်ရှင်းပြတာ မတွေ့ရပါဘူး။ ဂျာနယ်တွေထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကပဲ အလွဲသုံးစားမှုတွေမှာ ပါဝင်ပတ်သက်နေသလိုလို၊ အဲဒီအလွဲသုံးစားမှုတွေကြောင့်ပဲ နိုင်ငံတော်ကြီးက ရှေ့ဆက်မတက်နိုင်တာလိုလို ရေးကြဖော်ပြကြပါတယ်။ ၀န်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေရှင်းမှုတွေကို ဘယ်ဂျာနယ်ကများ တရေးတယူနဲ့ စာဖတ်သူတွေ နားလည်အောင်၊ အမြင်ရှင်းအောင် ပြန်ထည့်ပေးမလဲဆိုတာကို ကျွန်တော်ကိုဉာဏ် စောင့်ကြည့်လျက် ရှိကြောင်းပါခင်ဗျား။

Thursday, November 22, 2012

အမေရိကန်သမ္မတခရီးစဉ်၊ Sky Net နှင့် ကျွန်တော့်အတွေးများ


၁။ Sky Net ကို ကျေးဇူးအထူးတင်ကြောင်းပါခင်ဗျား။ အမေရိကန်သမ္မတကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စရောက်တာကနေ ပြန်ထွက်သွားတဲ့အထိ အထူးအစီအစဉ်တစ်ရပ်အဖြစ် တစ်နေ့လုံး တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့လို့ပါ။ ဘယ်လိုပင် လိုအပ်ချက်တွေ ရှိသည်ဖြစ်စေ တစ်နိုင်ငံလုံးက မြန်မာနိုင်ငံသားတွေကို အိုဘားမားရဲ့ သမိုင်းဝင်မြန်မာခရီးစဉ်ကို မြင်တွေ့ခံစားခွင့်ရအောင် စီစဉ်ပေးနိုင်ခဲ့တဲ့အတွက် သာဓုခေါ်လိုက်ပါတယ်ဗျာ။ ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်နိုင်ပါစေ။

၂။ အမေရိကန်သမ္မတရဲ့လေယာဉ် ရောက်တဲ့အချိန်ကျမှ လှေခါးနဲ့ကိုက်အောင်ညှိပြီး ကောဇောနီခင်းဖို့အတွက် လူတွေနဲ့ သယ်နေခင်းနေရတာကို မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ နည်းပညာကြောင့်လား၊ ငွေကြေးကြောင့်လားဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူများနိုင်ငံတွေမှာတော့ လေယာဉ်ရပ်တဲ့နေရာရယ်၊ လှေခါးရယ်၊ လျှောက်လှမ်းရယ်ဟာ သူ့ဟာနဲ့သူ ကွက်တိဖြစ်ပြီးသားလို့ ထင်မိတယ်။

၃။ အမေရိကန်သမ္မတကြီးကို လေဆိပ်ကနေ ကြိုတဲ့အချိန်မှာ မြန်မာဘက်က ဘယ်အမျိုးသမီးမှ မကြိုဆိုပါဘဲ အမေရိကန်သံအမတ်ကြီးရဲ့ ဇနီးက ဘာဖြစ်လို့ လာကြိုရသလဲဆိုတာကို နားမလည်ဘူး။

၎။ အမေရိကန်သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ နမ်းရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျွန်တော်တို့ အန်တီစုကြီးကလည်း ပြုံးလို့ရွှင်လို့ပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလုပ်ရပ်ကို လုံးဝကို ကန့်ကွက်ပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်မှာ ဆိုရင်တော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ အခုဟာက မြန်မာပြည်မှာဖြစ်လို့ပါ။ သတင်းသမားတွေ အများကြီး အဲဒီနေ့က အဲဒီခြံဝန်းထဲမှာ ရှိနေပါလျက်နဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောကြတာကတော့ လုံးဝကို အထင်သေးစရာပါပဲ။ သင်ဇာဝင့်ကျော် ပွင့်ပွင့်လင်းလင်း ၀တ်တာဟာ ဒေါ်စုအနမ်းခံရတာလောက် မဆိုးတာတော့ အမှန်ပါပဲ။ ယဉ်ကျေးမှုတို့ဘာတို့ ပြောမယ့်လူတွေကို ကျွန်တော်မေးချင်တာတစ်ခုကတော့ မြန်မာ့ယဉ်ကျေးမှုမှာ အဲဒီလိုလုပ်တာကို ခွင့်ပြုထားသလား၊ အဲဒီလို အနမ်းခံရတဲ့လူဟာ ကိုယ့်အမေဖြစ်နေရင်၊ ကိုယ့်အစ်မဖြစ်နေရင် ဘယ်လိုစိတ်ထားမလဲ ဆိုတာပါပဲ။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုဆိုတာက လင်မယားချင်းတောင် လူမြင်ကွင်းမှာ အဲဒီလိုနမ်းတာကို ခွင့်ပြုထားသလားဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။ ဂျာနယ်တွေမှာ ဒေါ်စုကို ဝေဖန်တဲ့သတင်း ဘာဖြစ်လို့ မထည့်ရဲတာလဲဆိုတာ စိတ်ဝင်စားဖို့ မကောင်းဘူးလားဗျာ။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတာဆို၊ ဒီမိုကရေစီ အခွင့်အရေးတွေကို အပြည့်အ၀ ကျင့်သုံးနေကြတာဆို၊ မြင်တာကို မြင်တဲ့အတိုင်း မရေးကြတော့ပါလားဗျ။ ကျွန်တော်ပြောနေတာက အိုဘားမားက ဒေါ်စုကို နမ်းတာဟာ မသင့်လျော်ကြောင်း၊ မကောင်းကြောင်းချည်းပဲ ရေးခိုင်းနေတာ မဟုတ်ပါဘူး။ တကယ်လို့ ဂျာနယ်တွေက ကောင်းတယ်လို့ ယူဆရင်၊ ဒီလို အနမ်းခံရတာဟာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်လို့ ယုံကြည်ထားရင် အဲဒီအတိုင်း ရေးကြပေါ့ဗျာ။ အခုတော့... ကောင်းတယ်လည်း မရေးဘူး၊ မကောင်းဘူးလည်း မပြောဘူး။ ဆိတ်ဟိုဒင်းတွေလို့ပဲ ကျွန်တော်က နာမည်တပ်ပေးလိုက်ပါတယ်ဗျာ။ တစ်လက်စတည်း ဆက်ပြောပါရစေဦး။ ဂျာနယ်လစ်တွေက အစိုးရသတင်းစာက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ သတင်းကို ဘယ်လိုဖော်ပြတယ်၊ ဘယ်လိုထိန်ချန်တယ် စသဖြင့် စသဖြင့် ဝေဖန်တတ်၊ ပြောတတ်ပါတယ်။ ကဲ... အခု ဆင်ဆာလည်း တင်စရာမလိုတော့တဲ့ ကိုယ်ပိုင်ဂျာနယ်တွေကရော သတင်းမှန်သမျှကို လွတ်လွတ်လပ်လပ် ရေးကြသလားဆိုတာ ပြန်မေးကြည့်ကြပါဦးဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထွက်ရပ်ပေါက် မဟုတ်သလို၊ ဘုရားရဟန္တာ မဟုတ်တာလည်း အသေအချာပါပဲ။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်မှာ အမှားတွေ မရှိဘူးလား၊ ထောက်ပြစရာ၊ ဝေဖန်စရာ မရှိဘူးလား။ ဘယ်ဂျာနယ်မှာမှ အဲဒီလို အကြောင်းအရာမျိုးကို ရေးထားတာ မတွေ့မိလို့ မေးမိတာပါဗျာ။


၅။ သမ္မတကြီး ဘားရက်အိုဘားမားက သူစကားပြောတဲ့အခါ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတဲ့အတွက် ကျေးဇူးပါခင်ဗျား။ နှစ်ဦးနှစ်ဖက်အကြားမှာ ပြေလည်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တစ်ဖက်က မကြိုက်တဲ့စကားလုံးကို မသုံးခဲ့တာဟာ သံခင်းတမန်ခင်း ကျွမ်းကျင်မှုကို ပြသတာလို့ပဲ ကျွန်တော်က မြင်မိပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူက Myanmar လို့ ခေါ်နိုင်ပေမယ့် ကျွန်တော်တို့နိုင်ငံက အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးကတော့ ဒီနေ့အချိန်အထိ အင်္ဂလိပ်တွေပေးခဲ့တဲ့ Burma ဆိုတာကိုပဲ မက်မက်မောမော ဖြစ်နေတုန်းပဲခင်ဗျ။ ဒီလောက်ဆိုရင် အစိုးရနဲ့ အန်တီစုကြားမှာ ပြေလည်မှုကို တကယ်မလိုချင်တာ ဘယ်သူလဲဆိုတာ ရှင်းလောက်ပြီထင်ပါရဲ့ဗျာ။ မြန်မာနိုင်ငံ မင်္ဂလာပါဆိုတဲ့ ဘားရက်အိုဘားမားကိုလည်း မြန်မာနိုင်ငံသားတွေအားလုံးက ဘားရက်အိုဘားမား မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အကြောင်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

၆။  သမ္မတကြီး အိုဘားမားကလည်း ပထမဆုံးခရီးစဉ်မို့သာ တော်ပါသေးရဲ့။ မြန်မာပြည်သူတွေကို မိန့်ခွန်းပြောတာ နာရီဝက်လောက် ကြာတယ်ဆိုတော့ ကျွန်တော်ဖြင့် စဉ်းစားရ ခက်ပါဘိဗျာ။ ရန်ကုန်တက္ကသိုလ် ခန်းမထဲမှာ ရောက်နေတဲ့လူတွေဟာ သူ့နိုင်ငံသားတွေလို့များ မှတ်နေသလားလို့ တွေးမိပါရဲ့။ အကြောင်းပြချက်တွေ ဘယ်လိုပဲပေးပေး အရှေ့တောင်အာရှဒေသရဲ့ ပထ၀ီအနေအထားအရ အချက်အခြာအကျဆုံးနဲ့ အရေးပါဆုံး မြန်မာနိုင်ငံကို လွှမ်းမိုးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းလို့ပဲ မကောင်းမြင်စိတ်တစ်ဝက်၊ သံသယစိတ်တစ်ဝက်နဲ့ မြင်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်ပါးနပ်သလဲ၊ စဉ်းစားဉာဏ်ရှိသလဲ။ ဆင်ခြင်ဉာဏ်ရှိသလဲ ဆိုတာတွေက စကားပြောတော့မယ်လို့ ကျွန်တော်က မြင်မိကြောင်းပါဗျာ။

၇။ မြန်မာသမ္မတကြီး ဦးသိန်းစိန်က အမေရိကန်ကို သွားတဲ့အခါ သူ့လုံခြုံရေးအတွက်ဆိုပြီး အနံ့ခံခွေးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ခေါ်သွားပြီး အမေရိကန်မှာ ရှာဖွေတာတွေ၊ ဘာတွေများ လုပ်ခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ တွေးကြည့်နေမိတယ်။ ကိုယ့်စိတ်ကူးထဲမှာ စိတ်ကူးယဉ်ပြီး ရုပ်ရှင်ရိုက်ကြည့်တာတော့ သိပ်မနိပ်လှဘူး။ ငါတို့ မြန်မာတွေ အတော်သဘောကောင်းတာပါလား၊ အတော်ကို လိုက်လျောနိုင်ကြပါလားလို့ တွေးမိပြီး ဂုဏ်ယူရမလို၊ စိတ်တိုရမလို၊ ထဆဲရမလို ဖြစ်မိပါရဲ့ဗျာ။

၈။ အမေရိကန်အလံတွေကို ကားလမ်းတွေပေါ်မှာ ပလူပျံနေအောင် လှုပ်ရမ်းပြီး ကြိုဆိုနေကြတဲ့ မြင်ကွင်းတွေကို မြင်ရတာတော့ တကယ့်ကို ရင်ထဲမှာ ခံစားရပါတယ်ဗျာ။ အံ့သြစရာကောင်းလိုက်တဲ့ မြန်မာနိုင်ငံရယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အသည်းအသန် အတိုက်အခံလုပ်၊ အပုပ်ချ၊ ပျက်စီးအောင်လုပ်နေတဲ့ အချိန်တုန်းကများ နောက် ၂ နှစ်လောက် ကြာတဲ့အချိန်မှာ မြန်မာပြည်ကို အမေရိကန်သမ္မတ လာလိမ့်မယ်လို့ ပြောခဲ့ရင်၊ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အမေရိကန်အလံတွေ ပလူပျံလိမ့်မယ်လို့ ပြောခဲ့ရင် ဘယ်သူများ ယုံမလဲဗျာ။ အခုတော့လည်း အမေရိကန်အလံတွေကို နာရီချိန်သီးယမ်းသလို ဝှေ့ယမ်းနေကြတဲ့ လူတွေကိုကြည့်လိုက်တော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို တောပြောတောင်ပြော ပြောခဲ့တဲ့လူတွေချည်းပဲ။ အိုဘားမားကို ကြိုဆိုနေလိုက်တာများ သူတို့မဟုတ်တဲ့အတိုင်းပဲ။ အပင်စိုက်မယ်ဆိုတုန်းကတော့ အချဉ်ပင်လေးဘာလေးနဲ့၊ အသီးသီးတော့လည်း စားချင်တဲ့လူက များလိုက်ပါဘိသဗျာ။ ဘယ်အချိန်ကျရင် ဒီအသီးကို ချဉ်တယ်လို့ ပြောကြဦးမလဲလို့ တွေးနေမိတယ်။

၉။ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမား လေယာဉ်ပေါ်က ဆင်းလာတဲ့အချိန်မှာ ပန်းစည်းကမ်းခဲ့တဲ့ ကလေးမလေးကိုပါ။ ဘယ်သူလဲဆိုတာရယ်၊ အိုဘားမားနဲ့သူနဲ့ ဘာတွေများ အပြန်အလှန် ပြောခဲ့သလဲဆိုတာ အင်မတန်မှကို သိချင်နေမိတယ်။ ရုပ်သံမှာ ကြည့်ရတဲ့ပုံစံအရတော့ တကယ့်ကို အပြန်အလှန် ပြောနေကြပုံပါပဲ။ ပညာရဲရင့် ပွဲလယ်တင့်တယ်လို့ ထင်တာပါပဲ။ အင်း... ကိုမြတ်ခိုင်ကိုပဲ အားကိုးရတော့မယ် ထင်ပါရဲ့။ ဆရာမြတ်ခိုင်က အဲဒါမျိုးတွေ ၀ါသနာပါသကိုး။ မော်နီတာနဲ့ လျှပ်တစ်ပြက်ကို စောင့်ဖတ်လိုက်ဦးမယ်ဗျာ။ အဲဒီကလေးမလေးနဲ့ အင်တာဗျူးတွေဘာတွေ ထည့်ပေးမယ်လို့ မျှော်လင့်မိလို့ပါ။ အခြားနေရာတွေမှာ အဲဒီအကြောင်း ဖော်ပြထားတာရှိရင်လည်း ဖတ်ရတဲ့လူက ကျွန်တော်ကို လက်တို့လိုက်ကြပါဦးဗျာ။


၁၀။ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ အိုဘားမားက မိန့်ခွန်းပြောတဲ့ကိစ္စမှာ ဘာဖြစ်လို့ စကားပြောစင်မြင့်မှာ အမေရိကန်တံဆိပ်တွေ တပ်ထားရတာလဲ။ ဟုတ်တော့ မဟုတ်ဘူးထင်ပါရဲ့ဗျာ။ ကျွန်တော်တို့မြန်မာတွေက သိပ်ပြီးတော့ အလျှော့ပေးလွန်းရာ၊ အားနာလွန်းရာ၊ လိုက်လျောလွန်းရာ ကျမနေဘူးလားလို့ ကျွန်တော် မေးချင်တယ်။ အမေရိကန်မှာ ဦးသိန်းစိန် စကားပြောရင်ရော မြန်မာတံဆိပ်တပ်ပြီး ပြောခွင့်ရှိမလား။ ထိုင်ဝန်ကြီးချုပ် မြန်မာပြည်လာရင်လည်း သူစကားပြောမယ့်စင်မြင့်ကို ထိုင်းတံဆိပ် တပ်ပေးကြမှာလား။ ကျွန်တော်ဖြင့် လုံးဝကို အမြင်မတော် ဖြစ်မိကြောင်းပါဗျာ။ ဘယ်သူတွေက ဘယ်လိုစီစဉ်လိုက်သလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေပဲ သိလိမ့်မယ် ထင်ပါရဲ့ဗျာ။ အမေရိကန်သံရုံးကများ သူတို့လုပ်ချင်ရာ လုပ်ခဲ့တာလားလို့လည်း တွေးနေမိတယ်။ နောက်ခံမှာ အမေရိကန်အလံတွေနဲ့အတူ မြန်မာအလံလေးတွေ ရောနှောပြီး လွှင့်ပေးထားလို့သာ မြန်မာပြည်မှာမှန်း သိရတယ်။ :(


၁၁။  မိန့်ခွန်းပြောသွားတဲ့လူက တစ်ယောက်တည်း၊ ပြောတဲ့မိန့်ခွန်းကလည်း တစ်ခုတည်း၊ ပြောတဲ့နေရာကလည်း တစ်နေရာတည်း၊ ဒါပေမယ့် အိုဘားမားမိန့်ခွန်းကို မြန်မာဂျာနယ်တွေက ဘာသာပြန်ပြီး ဖော်ပြလိုက်ကာမှပဲ အိုဘားမားမိန့်ခွန်းမူကွဲတွေ ဖတ်လိုက်ရတော့တယ်။ မဆိုးပါဘူး... နှစ်မျိုးသုံးမျိုး သိရတာပေါ့လေ။ ဒါလည်း ကောင်းပါတယ်ဗျာ။ :D

၁၂။ ထုံးစံအတိုင်း ဂျာနယ်တွေကိုပဲ ကျွန်တော်ကိုဉာဏ် ဝေဖန်ရဦးတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီဂျာနယ်တွေကြောင့်ပဲ Transparency ဆိုတဲ့စကားကို နားနဲ့မဆံ့အောင်၊ မျက်လုံးနဲ့မဆံ့အောင် ကျွန်တော်ကြားခဲ့၊ ဖတ်ခဲ့ရလို့ပါ။ အခုတော့ အန်တီစုနဲ့ အိုဘားမားတို့ နှစ်ဦးတည်း ဘာတွေပြောခဲ့သလဲဆိုတာ ဘယ်သူမှ သိခွင့်မရပါလားဗျာ။ ပွင့်လင်းမြင်သာမှု အပြည့်ဆိုပါတော့။ ဟုတ်တယ်ဟုတ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ညတွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်တွင် အပြီးသတ်သည်။ 

Wednesday, November 21, 2012

မြန်မာ့အလင်းရဲ့ အယ်ဒီတာ့အာဘော် (၂၁-၁၁-၂၀၁၂)


ဒီနေ့ (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကတော့ လန်ထွက်နေတာပါပဲဗျာ။ မြန်မာသတင်းစာတွေကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက မကြာခဏ ပြောလေ့ရှိပါတယ်။ အသွင်သဏ္ဌာန်ပိုင်းမှာ သိသိသာသာ ပြောင်းလဲလာတာကို မြင်တွေ့ရတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ကတော့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိနေသေးပြီး သိသိသာသာကြီး ပြောင်းလဲသွားတာကိုတော့ မတွေ့ရသေးပါဘူး။ သတင်းစာကြီးတစ်စောင်လုံးမှာ ကဏ္ဍလေး ၃-၄ ခုလောက် ပြောင်းလဲသွားရုံနဲ့တော့ အနှစ်သာရပိုင်းတွေ ပြောင်းလဲနေပြီလို့ ပြောနိုင်မယ်မထင်ပါဘူး။ ငယ်ငယ်စာဖတ်တတ်ကတည်းက အဖေဖတ်နေကျ သတင်းစာကို ယူဖတ်ဖြစ်ရင်းနဲ့ ဒီနေ့အထိ ပုံမှန်ဖတ်ရှုနေသူ တစ်ဦးအနေနဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေအပေါ်မှာ သံယောဇဉ်ရှိတာ အမှန်ပါ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်စေချင်တာလည်း ကြာပါပြီ။ အခုတော့ စတင်ပြီး ပြောင်းလဲမှုတွေ လုပ်နေပြီဖြစ်တဲ့အတွက် အပြည့်အ၀ မဟုတ်ပေမယ့် အတန်အသင့်တော့ ကျေနပ်မိပါတယ်။ အခုအချိန်အထိ အရင်တုန်းက အတွေးအခေါ်တွေ၊ အမူအကျင့်တွေကို မပြောင်းလဲသေးနိုင်တာကိုလည်း ၀မ်းနည်းစွာ မြင်နေရပါသေးတယ်။ သတင်းစာမှာ ဒီပုံစံတွေပါရမယ်၊ ဒီလိုပဲဖော်ပြရမယ် ဆိုတဲ့ပုံစံခွက်ကို အခုအချိန်အထိ အပြည့်အ၀ မပြောင်းလဲနိုင်သေးပါဘူး။ ဖြည်းဖြည်းချင်းတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်နေကြောင်းပါ။

ကဲ လိုရင်းကို ဆက်ပါ့မယ်။ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကို ဖတ်ကြည်ပါဦးဗျာ။ ခေါင်းစဉ်တပ်ပုံနဲ့ နိဂုံးချုပ်ပုံတွေက တကယ့်ကိုမှ တကယ့်ကိုပါပဲ။ မြန်မာ့အလင်းကို ဖတ်နေတာမှ ဟုတ်ရဲ့လားလို့ တွေးမိပါရဲ့။ ဒီအတိုင်းဆိုရင်တော့ The VOICE တောင် ငုတ်တုတ်မေ့ပြီး ကျန်ခဲ့မယ်ထင်ပါရဲ့။ ပြည်သူ့ခေတ်ခေါင်းကြီးရေးတဲ့ ဆရာဖေမြင့်လည်း ဒီအယ်ဒီတာ့အာဘော်ကို ဖတ်ပြီးရင် ဘာတွေများ တွေးနေမလဲလို့ သိချင်မိပါရဲ့ဗျာ။ အားပေးဖတ်ရှုလိုက်ကြပါဦး။

Monday, November 19, 2012

ဘားရက်အိုဘားမားကို ကြိုဆိုပါ၏


အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မြန်မာ့မြေပေါ်မှာ စိတ်ကြည်ကြည်လင်လင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာ့အလှ၊ မြန်မာ့သဘာဝတွေကို ခံစားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမှန်အတိုင်း မြင်နိုင်ပါစေကြောင်းနဲ့ အပြုသဘောဆောင်သည့် ဆင်ခြင်သုံးသပ်မှုများဖြင့် မြန်မာ့ဒီမိုကရေစီရေစီးကို ပိုမိုအားသန်အောင် ကူညီနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ကြောင်းပါ...။


ပြောစရာများလွန်းလှတဲ့ အိုဘားမားရဲ့ မြန်မာခရီးစဉ်
ကျွန်တော့်မှာ အချိန်ရှားပါးမှုကြောင့် လက်ယားအောင် ရေးချင်နေခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ မနေနိုင်တော့လို့ အိပ်ချိန်တွေကိုရင်းပြီး ရအောင်ရေးလိုက်ပါတယ်။ အိုဘားမားလာမယ်လို့ ကောလာဟလတွေ ထွက်ပါပြီဆိုကလည်းက ကြားလိုက်ရတဲ့ အသံတွေဆိုတာ တကယ့်ကို စုံစီနဖာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမားဟာ မြန်မာပြည်ကို မလာသင့်သေးဘူး ဆိုတာပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ ဒုက္ခပါပဲဗျာလို့ပဲ တ,မိပါတယ်။ ဘယ့်နှယ်ကြောင့် သူ့ဟာသူ လာမယ့်ကိစ္စကို မလာသင့်ဘူးတို့၊ အချိန်မကျသေးဘူးတို့၊ အချိန်ကောင်းမဟုတ်ဘူးတို့၊ စောလွန်းတယ်လို့ ဖြစ်နေကြရတာတုန်းဗျ။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလိုပြောတဲ့လူတွေကို နားမလည်ပေါင်ဗျာ။ နားလည်တာတစ်ခုကတော့ မြန်မာတွေနားလည်တဲ့ နိုင်ငံရေးဆိုတာ တစ်မျိုးပါလား ဆိုတာပါပဲ။ အိုဘားမား မလာအောင် ကန့်ကွက်တာလည်း နိုင်ငံရေးပဲတဲ့။ ခက်ချေပြီဗျို့၊ ခက်ချေပြီ။ တော်ပါပြီဗျာ... သူများအကြောင်းပြောရတာ အသက်တိုတယ်။ စိတ်တိုရတာကိုးဗျ။ ကျွန်တော်ကိုဉာဏ်ရဲ့ အသက်တွေကို အလကားနေရင်း ကန့်လန့်တိုက်နေတဲ့ လူတွေအတွက်တော့ အတိုမခံတော့ပါဘူး။

ကိုဉာဏ်အမြင်၊ ကိုဉာဏ်အတွေး
ဟုတ်ကဲ့... ကျွန်တော့်အမြင်ကတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာခြင်းကို လုံးဝ(လုံးဝ) ပိုးစိုးပက်စက် ကြိုဆိုပါတယ်ခင်ဗျား။ အိမ်သာလို့ ဧည့်လာတယ်လို့ပဲ မှတ်ပါတယ်ဗျာ။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလိုပဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုပါ။ ကမ္ဘာ့အလယ်မှာ သူ့ဂုဏ်သိက္ခာနဲ့သူ ရပ်တည်နေတဲ့ နိုင်ငံတစ်ခုပါ။ သူများနိုင်ငံကို စစ်ပြုနေတဲ့၊ ရန်ရှာနေတဲ့ နိုင်ငံမဟုတ်ပါဘူး။ အာဖဂန်နစ္စတန်လို၊ ပါကစ္စတန်လို အကြမ်းဖက်သမားတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်ခုပါ။ ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့၊ သိပ်ကိုမြင့်မြတ်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေအောက်မှာ ကြီးပြင်းလာတဲ့ နိုင်ငံသားတွေနေထိုင်တဲ့၊ သဘာဝတရားတွေနဲ့ သိပ်ကိုလှပတဲ့၊ ပထ၀ီနိုင်ငံရေးအရ သိပ်ကိုအချက်အခြာကျတဲ့ နေရာမှာရှိနေတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီလိုနိုင်ငံကို အမေရိကန်သမ္မတတစ်ဦး လာတယ်ဆိုတာ ဘာများထူးဆန်းလို့လဲဗျာ။

ဂုဏ်ယူရမှာ ဘယ်သူလဲ 
ကျွန်တော့်သဘောဆိုရင်တော့ အခုခရီးစဉ်မှာ တကယ်တမ်း ဂုဏ်ယူရမှာက ကျွန်တော်တို့ မဟုတ်ပါဘူး။ မြန်မာပြည်ကို လာရောက်ခွင့်ရတဲ့၊ လာရောက်ခြေချခွင့်ရတဲ့၊ မြန်မာ့လေကို ရှူရှိုက်ခွင့်ရတဲ့၊ မြန်မာ့ရေကို သောက်သုံးခွင့်ရတဲ့၊ မြန်မာပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတဲ့ အိုဘားမားကသာ ဂုဏ်ယူရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဦးသန့်လို လူတော်တွေထွက်တဲ့နိုင်ငံ၊ ကမ္ဘာကျော် ပတ္တမြားတွေ၊ ကျောက်စိမ်းတွေ ထွက်တဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးက ငမ်းငမ်းတက်ဖြစ်နေကြတဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထွက်တဲ့နိုင်ငံ၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး ကျန်ရှိနေတဲ့ တစ်ခုတည်းသောနိုင်ငံ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစတဲ့ သဘာဝတရားရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံ၊ အစွန်းထွက်တောင်မရှိတဲ့ လူဦးရေပမာဏနဲ့ နယ်မြေဧရိယာကြီးမားလွန်းတဲ့၊ လူဦးရေများလွန်းတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရပ်တည် နေနိုင်တဲ့တိုင်းပြည်၊ ............။ ကဲ... ဒီလောက် ဂုဏ်ယူဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ကို ခြေချခွင့်ရတဲ့ အိုဘားမားဆိုတဲ့ လူသားတစ်ဦးဟာ ဘယ်လောက်များ ကံကောင်းလိုက်သလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့ဗျာ။ အိုဘားမား စိတ်အ၀င်စားဆုံးဖြစ်မယ့် အချက်တစ်ချက် ကျန်ပါသေးတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို အသိမ်မွေ့၊ အညင်သာဆုံး ပြုလုပ်နိုင်ခဲ့တဲ့ တိုင်းပြည်ဗျ။ ဒီတစ်ချက်တည်းနဲ့တင် မြန်မာပြည်ကိုလာပြီး ဂုဏ်ပြုသင့်တယ်လို့ မထင်ဘူးလားခင်ဗျ။

သတိပြုမိတာတွေ
အလည်အပတ်ခရီးစဉ် မဟုတ်လို့ထင်ပါရဲ့၊ သတင်းစာတွေမှာ အိုဘားမားအကြောင်း ဖော်ပြတာကို မတွေ့ရပါဘူး။ ပုံမှန်အားဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ခေါင်းဆောင်တစ်ဦးဦး လာတယ်ဆိုရင် သတင်းစာတွေမှာ အဲဒီခေါင်းဆောင်ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြလေ့ရှိလို့ပါ။ အခုတော့ အိုဘားမားအကြောင်းကို သတင်းစာမှာ ဖော်ပြထားတာ မတွေ့ရကြောင်းပါ။ နောက်တစ်ချက်ကတော့ လုံခြုံရေးပိုင်းဆိုင်ရာကို အရမ်းဂရုစိုက်နေတာ တွေ့ရတာပါပဲ။ စူပါပါဝါနိုင်ငံတစ်ခုရဲ့ အရှင်သခင် ဆိုတော့လည်း ဒီလောက်တော့ လုပ်ရမှာပေါ့လို့ပဲ တွေးမိပါတယ်။ ကျွန်တော်တို့ဆီက အတိုက်အခံတွေလိုမျိုး ပိုကိုပိုလွန်းတယ်လို့တော့ မမြင်မိပါဘူး။ သူ့နိုင်ငံသားတွေရဲ့ သူတို့သမ္မတအပေါ်မှာ တန်ဖိုးထားမှုလို့ပဲ မြင်ပါတယ်။ အဲဒီလိုနိုင်ငံသားတွေကို အုပ်ချုပ်ခွင့်ရတဲ့ အိုဘားမားအတွက်လည်း ဂုဏ်ယူရပါတယ်။ အစိုးရရဲ့ တရားဝင်သတင်းဌာနတွေ အားလုံးဟာ အိုဘားမား ဘယ်မှာတည်းမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်အချိန်ရောက်မယ်၊ ဘယ်အချိန်ပြန်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာကို သေသေချာချာ မထုတ်ပြန်တာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ သတင်းထိန်းချုပ်ထားတယ်လို့ပဲ မြင်မိပါတယ်။ (မှူးဇော်ကြီးကို သတိရမိတော့ ပြုံးမိပါတယ်။ သူ့ခမျာ ဘယ်လောက်တောင် ရေးချင်နေရှာမလဲလို့ တွေးမိပြီး ခပ်တိုးတိုးရယ်မိပါရဲ့။ :D ) အိုဘားမားလာတဲ့အတွက် လောလောဆယ် အကျိုးအရှိဆုံးလူတွေကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေနဲ့ မီဒီယာတွေပဲ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ အလံတွေ၊ အင်္ကျီတွေ၊ ပိုစတာတွေဆိုတာ ပလူကိုပျံနေတာပါပဲ။ အင်း... ငါးစာတွေ ချထားလိုက်ကြဦးကွ။ အင်တာနက်ပေါ်မှာကတော့ အရည်မရ အဖတ်မရ အိုဘားမားလာသင့်တယ်၊ မလာသင့်ဘူး ငြင်းခုန်နေကြလေရဲ့။ ဟိုဟိုဒီဒီ မငြင်းတဲ့လူတွေကလည်း အားအားလျားလျား အမေရိကန်သမ္မတစီးတဲ့ ကားအကြောင်းတို့၊ လေယာဉ်အကြောင်းတို့၊ ကိုယ်ရံတော်တပ်ဖွဲ့အကြောင်းတို့ ပြောနေလိုက်ကြတာများ အံ့သြဖို့တောင်ကောင်းတယ်။ ငါတို့မြန်မာတွေလည်း တစ်နေ့တစ်နေ့ မပျင်းရပါလားလို့ တွေးမိတော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိပါတယ်။

သူတို့နှစ်ဦးနဲ့တွေ့မယ်
အမေရိကန်သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့တွေ့ပါမယ်။ နောက်ပြီးရင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်။ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သတင်းဖော်ပြထားတဲ့အတိုင်း ပြောပြတာပါ။ ဘယ်နေရာတွေကို လည်ပတ်ဦးမယ် ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ရွှေတိဂုံစေတီတော်ကို သွားဖူးမလားလို့ ကျွန်တော်ကတော့ တွေးမိပါတယ်။ ရန်ကုန်မှာလည်း အထင်ကရ သွားစရာ၊ သွားလို့ကောင်းတာ အဲဒီနေရာပဲ ရှိတယ်လို့ မြင်မိလို့ပါ။ ထိုင်းနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုကို သွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရင်
ကိုယ့်ဆီက ကမ္ဘာကျော် မြန်မာသတင်းထောက်တွေ ပါးစပ်ထဲရှိသမျှ ဘာတွေမေးမလဲလို့ တွေးကြည့်နေမိပါတယ်။ စဉ်းစားမိသလောက်ကတော့.....
(၁) ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတာ စောလွန်းတယ်လို့ မထင်မိဘူးလား။
(၂) မြန်မာပြည်ကို မလာသင့်သေးဘူးလို့ ဝေဖန်နေကြပါလျက် ဘာဖြစ်လို့ လာခဲ့တာပါလဲ။
(၃) သမ္မတကြီး ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၄) ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၅) ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်မယ်ဆိုရင် အိုဘားမားအနေနဲ့ ဘယ်လိုသဘောရပါသလဲ။
(၆) ရခိုင်မှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က ၀င်ရောက်ဖြေရှင်းပေးဖို့ ရှိမလား။
(၇) မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။
(၈) လူကြီးမင်းရဲ့အဘိုးဖြစ်သူ မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာ သိပါသလား။
(၉) မြန်မာ့ဒီမိုကရေစီအတွက် အမေရိကန်က ဘယ်လိုအကူအညီတွေ ပေးသွားမှာပါလဲ။ 
(၁၀) အိုဘားမားအနေနဲ့ မြန်မာပြည်သူတွေကို ပေးချင်တဲ့ သတင်းစကားက ဘာများဖြစ်မလဲ။
(၁၁) အီရန်ကို စစ်တိုက်မလား သိချင်ပါတယ်။

ကဲ... ကျွန်တော်ကတော့ ထီထိုးလိုက်ပါပြီ။ မနက်ဖြန်၊ သဘက်ခါထွက်တဲ့ ဂျာနယ်တွေဖတ်ပြီး ထီတိုက်လိုက်ပါဦးမယ်။ ပျော်စရာတော့ အကောင်းသားခင်ဗျ။

ကြိုဆိုပါတယ် အိုဘားမား
အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားရဲ့ မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုလိုက်ကြောင်းပါ။ အပြောင်းအလဲတွေအတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်နေတဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ခရီးစဉ်လို့ပဲ မှတ်ယူပါတယ်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၃ နာရီ ၂၁ မိနစ်တွင်ပြီး၏။ 

Monday, November 12, 2012

Northern Star ဘယ်လဲ၊ ဘာလဲ။



တင်ပြချက် (၁)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁၂)
၁၁၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် -
        (က) ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊

တင်ပြချက် (၂)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၄၄)
၁၄၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်သည် ပုဒ်မ ၁၁၂ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။

တင်ပြချက် (၃)၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄)
၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
         (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊

ဝေဖန်ချက် (၁)
သူရဦးရွှေမန်းဦးဆောင်သည့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ဆိုတဲ့အသုံးအနှုန်းကို လုံးဝကန့်ကွက်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ အရေးအသားတစ်ခုလို့ပဲ မြင်ပါတယ်။ ဘာကိုဆိုလိုတယ်ဆိုတာတော့ ဘုရားနဲ့ ရေးတဲ့သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သဘောရိုးနဲ့ ရေးထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြောင်းဖောက်တာလား၊ သွယ်ဝိုက်ပြီး နှိပ်ကွပ်တာလား ဆိုတာကတော့ ရေးတဲ့သူကိုပဲ မေးကြည့်ရင်ပိုကောင်းမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော့်အမြင်ကိုတော့ ရဲဝံ့စွာ ပြောရဲပါတယ်။ တမင်ရေးတဲ့ အသုံးအနှုန်းလို့ပဲ မြင်ပါတယ်၊ သူတို့ဂျာနယ်မှာ အခုနောက်ပိုင်း ဖော်ပြတဲ့ သတင်းတွေ၊ ဆောင်းပါးတွေအရ ဦးရွှေမန်းကို တမင်ကို မရောက်ရောက်အောင် ပို့နေကြသူတွေလို့ မြင်ပါတယ်။ ဦးရွှေမန်းနဲ့ သစ္စာခံတွေလို့ပြောရင် အနည်းငယ်အဓိပ္ပါယ် လွဲမှားနိုင်တဲ့အတွက် အဲဒီအသုံးအနှုန်းကို မသုံးတော့ပါဘူး။ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ကို ဦးဆောင်နေပြီး၊ ဦးခင်အောင်မြင့်သည် အမျိုးသားလွှတ်တော်ကို ဦးဆောင်နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတဲ့ကိစ္စပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်အရ လွှတ်တော်နှစ်ရပ်ယှဉ်ရင် ပါဝါကွာသလိုဖြစ်နေတဲ့အတွက် ဦးရွှေမန်းက ခြယ်လှယ်နေတာကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် အခုလို ရေးသားထားတာကိုတော့ ကျွန်တော်ကိုဉာဏ် လုံးဝ (လုံးဝ) သဘောမတူကြောင်းပါခင်ဗျား။ အလကားနေရင်း ဦးရွှေမန်းကို အတိုက်အခိုက်လုပ်နေတယ် ထင်မှာစိုးတဲ့အတွက် နောက်ထပ်ဥပမာတစ်ခု ထပ်ပေးပါ့မယ်။ လွှတ်တော်ဂျာနယ်ကို ထုတ်ဝေနေတာရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှာ ဘယ်သူက ရာထူးအားဖြင့် ကြီးသလဲဆိုတာ စာဖတ်သူတွေ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လွှတ်တော်ဂျာနယ်မှာ ဦးရွှေမန်းရဲ့ သတင်းကိုပဲ မျက်နှာဖုံးကနေ ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ သတင်းကိုတော့ နောက်ကျောဆုံး သို့မဟုတ် ရှေ့ဖုံးမှာဆိုရင်တောင် ဦးရွှေမန်းသတင်းရဲ့ နောက်ကသာ ဖော်ပြကြပါတယ်။ ဒါဆိုရင် ကျွန်တော်ဘာကို ဆိုလိုသလဲဆိုတာ သဘောပေါက်ကြလိမ့်မယ် ထင်ပါရဲ့။ လွှတ်တော်အရေး ရင်လေးမိပါသေးရဲ့ဗျာ။ အခုလို မီဒီယာတွေကပါ လေပင့်လာပြီဆိုတော့ အင်း... ခက်ရချေရဲ့ဗျို့။

ဝေဖန်ချက် (၂)
အာဏာရပြည်ခိုင်ဖြိုးပါတီဆိုတဲ့ အသုံးအနှုန်းကို သဘောကို မကျဘူး။ ဘာဖြစ်လို့ အဲဒီစကားလုံးကို သုံးရသလဲဆိုတာ စဉ်းစားလို့မရဘူး။ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီလို့ သတ်မှတ်လို့ရမရဆိုတာ ပြန်လည်စဉ်းစားကြစေချင်တယ်။ သူများနိုင်ငံတွေမှာ အာဏာရပါတီလို့ သုံးနှုန်းကြတာကို ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အဲဒီအတိုင်း သုံးလို့ရမရဆိုတာ နှိုင်းယှဉ်သုံးသပ်ကြစေချင်တယ်။ အာဏာသုံးရပ်ရှိတဲ့အထဲမှာ ဥပဒေပြုရေးကလွဲရင် ကျန်တဲ့နှစ်ရပ်က ပါတီနဲ့ လက်ရှိတာဝန်တွေကို ခွဲခြားထားတယ်ဆိုတာ ဘာဖြစ်လို့ မျက်ကွယ်ပြုနေကြသလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ မီဒီယာတွေကပဲ သိသိကြီးနဲ့ ဇာတ်သွင်းနေကြတာလား၊ ကျွန်တော်ကပဲ မသိဆိုးဝါးစွာနဲ့ အဆိုးမြင်ဖြစ်နေတာလား ဆိုတာကတော့ မပြောတတ်တော့ပါဘူးဗျာ။

ဝေဖန်ချက် (၃)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄) မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆိုတဲ့စကားရပ် ပါတယ်ဆိုတာကို မမေ့ကြစေလိုပါ။ အခုအရေးအသားတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုရာ ရောက်တယ်လို့ ကျွန်တော်ကိုဉာဏ်က မမီတမီဉာဏ်လေးနဲ့ မရဲတရဲလေး သတိပေးလိုက်ပါရစေခင်ဗျာ။

ရည်ညွှန်း - Northern Star ဂျာနယ်၊ အမှတ် (၁၉၀)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ တနင်္လာနေ့။
မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်တွင်ပြီး၏။ 

Monday, November 05, 2012

ဖတ်မိတဲ့စာအုပ်တွေထဲက (၁)


(က)
ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီး ဟု ခေါ်တွင်ရခြင်းအကြောင်း
ဘုရားတည်တဲ့အခါ ၀ါးနဲ့ ငြမ်းဆင်ရတယ်။ အဲဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်ရတဲ့ဘုရားမို့ ခြောက်ထပ်ကြီး ခေါ်သည်။ ၀ါးငါးပြန်ဆင်တဲ့ ဘုရားကျတော့ ငါးထပ်ကြီး၊ စမ်းချောင်းနားက ကိုးထပ်ကြီးဘုရားကျတော့ ၀ါးကိုးပြန်ဆင်ရတာ။ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ၀ါးဆယ်ပြန် ငြမ်းဆင်ရလို့ ဆယ်ထပ်ကြီး။

(ခ)
ရာဘင်ဒြာနတ်တဂိုး မြန်မာပြည်ကို လာခဲ့ဖူးသည်

  1. ၁၉၁၆ ခုနှစ် မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ကြိမ်။ ရွှေတိဂုံဘုရားလမ်း၊ စိန်ရောင်ခြည်ဘုရားဝင်းအနီးရှိ အိန္ဒိယအမျိုးသား ဆရာဝန်ကြီး မေထာ၏တိုက်တွင် တည်းခိုသည်ဟု ထင်မှတ်ရသည်။
  2. ၁၉၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ကြိမ်။ ဂါးဒီးယမ်းသတင်းစာတိုက် အဆောက်အဦ၊ ၃၉၂/၃၉၆ ကုန်သည်လမ်းရှိ တိုက်အိမ်တွင် တည်းခိုသွားခဲ့သည်။


(ဂ)
ရဟန်းပြုသူ ၅ မျိုး

  1. သဒ္ဓါပဗ္ဗဇိတ - ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ
  2. ပညာပဗ္ဗဇိတ - ပညာကြောင့် ရဟန်းပြုသူ
  3. ဘယာပဗ္ဗဇိတ - အပြစ်ဘေးကြောင့် ရဟန်းပြုသူ
  4. မိရိုးဖလာပဗ္ဗဇိတ - မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ
  5. ဒုလ္လဘပဗ္ဗဇိတ - ရခဲသည့်ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူ


[ နန္ဒာမိုးကြယ်၊ မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ ၁၀၀ စာအုပ်မှ ]

Sunday, November 04, 2012

စိတ်၏အမိန့်၊ ပီမိုးနင်း



စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သော်လည်း ကြောက်စရာမရှိချေ။ စိတ်အားပျက်မှ အကုန်ပျက်၏။ "ပျက်လျှင်အစဉ် ပြင်လျှင်ခဏ၊ မသေမချင်း အားမလျှော့ရ၊ ဖြစ်ရမည်" ဟူသောစိတ်ကို အမြဲထားပါလေ။
အပျက်ကို မတွေးလေနှင့် မထင်လေနှင့်။ အတွေးအထင်သည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ဖြစ်လေသည်။ စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏။ စိတ်မွဲလျှင် လူမွဲတတ်လေသည်။
အိပ်ရာထ မလေးစေရ၊ နိုးလျှင် ထတတ်သောအကျင့်ကို ဖြစ်စေရမည်။
အိပ်ပျော်ခါနီး၌ ငါအဘယ်အချိန်မှာနိုးမည်ဟု ပျော်သည့်တိုင်အောင် အမိန့်ပေးလေ။ သုံး လေးရက်လောက် ဤကဲ့သို့ လေ့ကျင့်လျှင် အနားမှာ နာရီကိုထား၍အိပ်။ မိန့်သောအချိန်မှာနိုးကြောင်း တွေ့ရှိရလိမ့်မည်။
အိပ်ရာမှ အထမြန်ခြင်းသည် Willpower ခေါ် စိတ်၏တန်ခိုး တိုးတက်ကြီးမားသောအလေ့ဖြစ်၏။
ညဥ့်အိပ်ရာဝင်ချိန်၌ အဘယ်အချိန်မှ ငါနိုးရမည်ဟူသော အမိန့်ကို မိမိ၏နား၌ ကြားလောက်အောင် ကျယ်လောင်သော အသံနှင့်လည်းပေးလေ၊ တကယ်အတည်ခိုင်မာစွာ အမိန့်ကိုပေးရမည်။ စိတ်မပါတပါနှင့် မပေးရ။
အိပ်ပျော်သည့်တိုင်အောင် ပေးသောအမိန့်များသည် အောင်မြင်ရ၏။ ပျင်းရိခြင်း၊ အပျော်တစ်ခုခုကြူးခြင်း၊ မကောင်းသောအကျင့် တစ်ခုခုရှိလျှင် ဆန့်ကျင်သောစကားဖြင့် မိမိကိုယ်ကိုယ် အိပ်ပျော်သည့်တိုင်အောင် အမိန့်ပေးရမည်။ ဥပမာ ပျင်းလျှင် ငါ ၀ီရိယရှိသည်ဟု အတည်တကယ် ယုံကြည်စိတ်ချစွာပြောလေ၊ လက်သီးမဆုပ် အံမကြိတ်ရ၊ ကိုယ်လက်ကို ပျော့ပြောင်းချမ်းသာစွာထား၍ ဆိုရမည်။ မ ဟူသော စကားမပါ၊ ဥပမာ - ငါမပျင်းတော့ဘူးဟု မဆိုရ။
ထချင်သောအချိန်မှာ ထနိုင်သော လေ့ကျင့်ခန်းကို အမိန့်ဖြင့်အောင်မြင်လျှင် စာဖတ်သူ၏ တန်ခိုးသည် တိုးတက်၍လာပြီဟု သိလေ။
မိမိကိုယ်ကိုယ် မကျန်းမာသူဟု စိတ်က စွဲမြဲစွာထားလျှင် မကျန်းမာဖြစ်ရမည်။ အိပ်ရာ၌ အိပ်ပျော်သည့်တိုင်အောင် ရောဂါတစ်ခုခုကိုထင်လျှင် ထိုရောဂါ ဖြစ်ပေါ်လာရ၏။ နေ့အခါ၌လည်း ရောဂါဝေဒနာမှစတဲ့ အနိဋ္ဌာရုံကို မထင်ရ၊ ပျက်စီးခြင်းကို မမြင်စေရ၊ မျှော်လင့်ကိုးစား မိမိ၏သတ္တိကို ယုံကြည်သောစိတ် အမြဲတိုးပွား၍ နေစေရမည်။
အချိန်မှန်အောင် ကြိုးစားလေ၊ အချိန်မှန်ဖို့ကို အမိန့်ပေးလေ။
စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကို ဖြစ်စေ၏။ စိတ်အား ဆုတ်ယုတ်စေ၏။
မိမိ၏အလုပ်ကို သတ္တ၀ါတို့အား အကျိုးဆောင်သောအလုပ်ဟု အမြဲသဘောထားရမည်။
ရည်ရွယ်ချက်တစ်ခုကို အမြဲတည်စွာထား၊ ထိုရည်ရွယ်ချက်သို့ ပေါက်ရောက်စေမည့် အရာဟူသမျှကို ရှာကြံလုပ်ကိုင်လေ။
အောင်မြင်ခြင်းကို အဝေး၌မထားနှင့်၊ ယခု လက်ငင်းလုပ်သော အလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည်ဟု စူးစိုက်စွာလုပ်၊ စူးစိုက်စွာ အမိန့်ပေးလေ၊ အလုပ်တစ်ခုပြီးတစ်ခု အောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေကားများ ဖြစ်ကြလေသည်။
အလုပ်တစ်ခုကိုလုပ်ရာ၌ အလုပ်၏အစိတ်အပိုင်းတွေ များစွာရှိ၏။ ထိုအလုပ်ကြီးတစ်ခုလုံး၏ အောင်မြင်ခြင်းဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းလေးတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခု အောင်မြင်ဖို့ ကြိုးစားရမည်။
မိမိအလုပ်များ၌ အစီအစဉ်ရှိရမည်။ အစီအစဉ်မရှိလျှင် ရှုပ်ပွေ၍ နေလိမ့်မည်။ ရှုပ်ပွေအားကြီးလျှင် လုပ်လေရှုပ်လေ၊ အလုပ်သည် အရှုပ်ကို ရှင်းရ၏။
မိမိကိုယ်မိမိ ရိုသေရမည်။ ထိုအခါ ကမ္ဘာလောကသည် ပိုမို၍ ရိုသေလိမ့်မည်။

 
Web Statistics