Saturday, November 24, 2012

မီဒီယာ၊ ကြော်ငြာ၊ ထောက်ခံစာ၊ ဆန္ဒဖော်ထုတ်မှုနှင့် ရင်ရှုပ်ကိစ္စများ


(၁)
မီဒီယာတွေအကြောင်းကို ပြောရတာလည်း မောလှပါပြီဗျာ။ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ကြည့်ပါတယ်။ ကိုဉာဏ်ဆိုတဲ့လူဟာ မီဒီယာသမားတွေကို အတိုက်အခံလုပ်၊ မကောင်းပြောနေတဲ့ လူတစ်ယောက်များ ဖြစ်မှန်းမသိ ဖြစ်နေပြီလားလို့ပါ။ ရေးခဲ့သမျှ၊ ပြောခဲ့သမျှတွေကို ပြန်ဖတ်ကြည့်၊ ပြန်တွေးကြည့်တော့လည်း အဲဒီသဘောတွေ ဖြစ်နေပါတယ်။ ကျွန်တော်ဟာ အစိုးရ၀န်ကြီးလည်းမဟုတ်၊ သမ္မတရဲ့အမျိုးအဆွေလည်းမဟုတ်၊ ကုန်ကုန်ပြောရရင် လက်ရှိအစိုးရအဖွဲ့ရော၊ ဌာနဆိုင်ရာတွေမှာပါ ကျွန်တော့်အမျိုးတွေတောင် မရှိပါဘူးဗျာ။ သာမန်ဝန်ထမ်းအဆင့်လောက်တော့ အလုပ်လုပ်နေသူတွေ ရှိပေသပေါ့။ လက်ရှိဌာနဆိုင်ရာတွေမှာ မန်နေဂျာတို့၊ ညွှန်မှူးတို့၊ ညွှန်ချုပ်တို့၊ ဒုဝန်ကြီးတို့ စတဲ့စတဲ့ ရာထူးကြီးကြီး အမျိုးအဆွေတွေ မရှိရကြောင်းပါ။ လူတိုင်းဟာ အမှားမကင်းတတ်ကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ရေးနေ၊ ပြောနေတာတွေမှာလည်း အမှားတွေ အများကြီး ပါနေမှာပါပဲ။ စာဖတ်သူတွေက ချင့်ယုံကြမှာပါပဲ။ ချင့်ချိန်ပြီး သုံးသပ်ကြမှာပါပဲ။ အဲဒီအတွက် သူတို့ပေးတဲ့ မှတ်ချက်အကုန်လုံးကို ကျွန်တော်လက်ခံပါတယ်။ မကောင်းရင်လည်း မကောင်းဘူး၊ မမှန်ရင်လည်း မမှန်ဘူးပေါ့။ ဒါက ပုဂ္ဂလိကကိစ္စ။ ကိုဉာဏ်ဆိုတဲ့ ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ကိစ္စ။ အခု ကျွန်တော်ပြောနေတာတွေက တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စ။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ပါလို့ သူတို့ကိုယ်တိုင် တကြော်ကြော် အော်နေတဲ့လူတွေက အလယ်မှာမရှိဘဲ တစ်ဘက်ဘက်ကို လိုက်ပြီးတော့ ရေးနေတယ်၊ ပြောနေတယ်၊ သတင်းတွေပေးနေတယ် ဆိုရင်တော့ ဒါဟာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖော်ပြတာပါပဲ။ ကျွန်တော်ကိုဉာဏ် တလွဲတွေရေးမိလို့ လူတွေဖတ်မိရင်တောင် တစ်နေ့ကို လူ ၃၀၀၊ ၄၀၀ ထက် မပိုပါဘူး။ လူ ၅၀၀ ပြည့်တယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပါ။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ရုပ်သံတွေ မှားသွားရင်တော့ လူတွေသန်းနဲ့ချီပြီး သတင်းမှားတွေရ၊ အတွေးမှား၊ အမြင်မှားတွေဖြစ် ဖြစ်ကုန်ကြမှာပါပဲ။ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ မြန်မာ့မီဒီယာရဲ့ အနေအထားဟာ စိတ်ချလို့မရတဲ့အဆင့်မှာ ရှိနေပါတယ်။ ကိုယ့်သိက္ခာနဲ့ကိုယ် ရပ်တည်ပြီး မှန်မှန်ကန်ကန် လုပ်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းဆိုတာ ဘယ်မှာ ရှာရမှန်းတောင် မသိပါဘူး။ အရက်ကြော်ငြာကို PH7 ဆိုတဲ့ စာလုံးလေး ၃ လုံးထည့်ပေးပြီး တရားဝင်ကြော်ငြာပေး၊ ပိုက်ဆံယူနေကြတဲ့ မီဒီယာတွေ၊ နာမည်ကြီးချင်တဲ့ မိန်းကလေးငယ်လေးတွေဆီက ပိုက်ဆံယူပြီး မပေါ်တပေါ်ပုံတွေ ထည့်ပေးနေတဲ့ မီဒီယာတွေ၊ အစိုးရမကောင်းပြောရင်ပြီးရော ပို့ချင်တဲ့သတင်းပို့ ထည့်ပေးမယ်ဆိုတဲ့ မီဒီယာတွေ၊ အားကစားဂျာနယ်ထုတ်ပြီး ဘောလုံးပွဲလောင်းကစားကို လောင်းကြေးထည့်ပေးတဲ့ မီဒီယာတွေ၊ ကဲ... အဲဒီလို မီဒီယာတွေနဲ့ ဘယ်လိုများ ကျွန်တော်တို့ ရှေ့ခရီးဆက်ရမလဲဗျာ။

အောက်မှာတော့ မီဒီယာနဲ့ပတ်သက်တဲ့ ကာတွန်းတစ်ကွက်ကို ဖော်ပြပေးထားပါတယ်။ တွေးဆဆင်ခြင် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြပါကုန်။


(၂)
ဒီအောက်ကကြော်ငြာလည်း အတော်ထူးဆန်းတယ်။ ဘယ်သူကများ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်လိုက်သလဲဆိုတာ စဉ်းစားစရာပဲ။ အများသိပြီးသား အကြောင်းအရာမို့ အထူးအထွေ မရှင်းပြတော့ပါဘူး။ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်မိတာ အမှန်ပါပဲ။ စီးပွားရေးလောက ဆိုတာကလည်း အဲလိုတွေ ရှိသေးပါလားဆိုပြီး သက်ပြင်းတွေ ချမိတယ်။ ကျွန်တော်တို့ လူမျိုးတွေက သူများနိုင်ငံနဲ့ မပြိုင်ဘူး ဘာမဟုတ်တဲ့ ဒီနိုင်ငံကျဉ်းကျဉ်းလေးထဲမှာပဲ အလကားနေရင်း ဈေးကွက်လုနေကြတယ်။ သူများထုတ်တဲ့ ပစ္စည်းတွေကို တင်သွင်းပြီး ကိုယ့်အတွက်ကျန်အောင် တင်ချင်တဲ့အမြတ်တင်ပြီး ရောင်းတဲ့လူချင်းအတူတူကို စားခွက်လုနေကြတာ၊ စားမာန်ခုတ်နေကြတာ မြင်ရတော့ မြန်မာ့ရှေ့ခရီးအတွက် တယ်ပြီး အားမရလှဘူးဗျာ။ စားသုံးသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ စွဲဆောင်စည်းရုံးပြီး ကိုယ်တွေစီးပွားတက်အောင် လုပ်စားနေကြတာကိုပဲ ဂုဏ်ယူနေကြတာကိုလည်း အံ့သြမိပါရဲ့ဗျာ။ ကြားဖူးတဲ့ဟာသတွေအရတော့ အလကားပေးရင် ဆင်ကိုတောင် သက်စေ့ယူလို့ ရမလားဆိုတဲ့ လူတွေများနေတော့ ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒါပေမယ့် အခြားနိုင်ငံတွေမှာလည်း ဒစ်(စ)ကောင့် ဆိုတာနဲ့ ၀ယ်သူတွေပြည့်နေတဲ့ ကုန်တိုက်ကြီးတွေ မြင်တွေ့ဖူးလေတော့ တို့မြန်မာတွေလည်း ခေတ်မီသဟဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူမိပါရဲ့ဗျာ။


(၃)
သတင်းစာမှာပါတဲ့ ကြော်ငြာတစ်ခုပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ပြောနေကြတာကတော့ ဟိုမင်းသမီးလေးရဲ့ ကြော်ငြာလို့ ပြောကြတာပါပဲ။ ကြော်ငြာထဲမှာပါတဲ့ အမျိုးသားရဲ့ နာမည်ကလည်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးနေတဲ့ နာမည်ဖြစ်လေတော့ အင်း.. ဟုတ်မှာပါလို့ တွေးမိပါတယ်။ ဘယ်အချိန်ကတည်းက ဘယ်လိုလက်မှတ်ထိုးပြီး ဘယ်လိုဖြစ်ထားကြတယ်တော့ မသိပါဘူး။ အခုမှပဲ သတင်းစာမှာ ဟိုးလေးတကြော် ကြေညာမှပဲ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းကြမှန်း သိတော့တယ်။ အင်း... တယ်ရင်ရှုပ်ရပါလားနော်။ ရင်ရှုပ်တဲ့ ရုပ်ရှင်လို့ အဲဒါကြောင့် ပြောကြတာကိုး။ ကြော်ငြာတဲ့မမကတော့ လိုးရှင်းတောင် အလိမ်းပျက်ပါ့မလား မသိပါဘူးဗျာ။ မှတ်တမ်းတစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ။ အထူးအထွေတော့ မရှိပါဘူး။ 


(၄)
ကျွန်တော် သိပ်သဘောကျမိတဲ့ ကာတွန်းပေါ့ခင်ဗျာ။ အဲဒါ အောက်ခြေမှာ အမှန်တကယ် ဖြစ်ပျက်နေတာပါပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုး ထောက်ခံချက်တွေ မကြာခဏ တောင်းခဲ့ဖူးတော့ အောက်ကကာတွန်းကို ဖတ်လိုက်ရတဲ့အချိန်မှာ ဘယ်လိုမှကို မရယ်ပဲ၊ မပြုံးပဲ မနေနိုင်ဘူး။ ငါလည်း အဲဒီလိုတွေ ကြုံခဲ့ရတာပဲ၊ ဘာဖြစ်လို့ အဲဒီလိုမျိုး မတွေးမိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုမိသေးတယ်။ ကာတွန်းဆရာကို လုံးဝ လေးစားပါတယ်ခင်ဗျား။ ရုပ်ရှင်ဇာတ်ကားနာမည်တစ်ခုကို ယူပြောရရင်တော့ ဟတ်ထိတယ်... ဟတ်ထိတယ်ဟေ့ ပါပဲဗျာ။ အပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မနေဘဲ အောက်ခြေမှာ ဖြစ်နေတာတွေကိုလည်း အမှန်အတိုင်းမြင်အောင် လေ့လာကြပါဦးလို့ တာဝန်ရှိသူများကို တိုက်တွန်းလိုက်ပါရစေ။ အပေါ်က လူကြီးတွေက ဘယ်လောက်ကောင်းတဲ့ မူဝါဒတွေပဲ ချမှတ်ချမှတ် အောက်ခြေက အကောင်အထည်ဖော်တဲ့ လူတွေက မလိုက်နာရင်တော့ ဘာတစ်ခုမျှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ပြည်သူတွေ တကယ်ထိတွေ့နေရတာက အောက်ခြေက စာရေးတွေ၊ ရုံးအုပ်တွေ၊ မန်နေဂျာတွေ၊ တာဝန်ခံတွေပါ။ အဲဒီလူတွေ ကောင်းပါမှ ပြည်သူတွေ အဆင်ပြေမှာပါ။ စဉ်းစားပေးကြပါဦး တောင်းပန်ပါရစေ။


(၅)
မြန်မာပြည်မှာ အပေါများဆုံးက အခုဆိုရင် တွင်းထွက်တွေ မဟုတ်တော့ဘူးခင်ဗျ။ ဆန္ဒပြပွဲတွေ၊ စီတန်းလှည့်လည်မှုတွေ ဖြစ်နေပြီ။ ထစ်ခနဲရှိရင် ဆန္ဒပြမယ်၊ လူစုမယ်၊ လမ်းလျှောက်မယ် ဒါတွေချည်းပဲ။ ဒီလိုတွေ လုပ်တာဟာ ဒီမိုကရေစီကျင့်စဉ်ပဲလို့ ဘေးတီးပေးနေတဲ့ မြှောက်ပေးနေတဲ့ မီဒီယာတွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ နောက်ထပ် တာဝန်ရှိသူတွေကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ လုပ်ကွက်ပေါ်ဖို့အတွက် ကြားထဲကနေ အရိုးခံနဲ့ မသိနားမလည်တဲ့ လူတွေကို ခုတုံးလုပ်ပြီး အခုလိုမျိုး စီတန်းလှည့်လည်တာတွေ၊ ဆူပူတာတွေ၊ ဆန္ဒပြတာတွေ မဖြစ်ဖြစ်အောင် မြှောက်ပေးလေ့ ရှိပါတယ်။ ငြင်းဆန်ချင်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ် ဘာတစ်ခွန်းမျှ ဖက်ပြိုင်ပြောဆိုနေမည် မဟုတ်ပါ။ အခုလတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို လေ့လာကြည့်မိသူတိုင်း သိကြမှာပါ။ ပြည်ပမှာ နေတဲ့လူတွေက မီဒီယာတွေက သတင်းဖော်ပြချက်တွေကိုပဲ ဖတ်ရှုရတာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာ နေတဲ့လူတွေက အတော်ကြီးကို စိတ်ညစ်လောက်အောင် ကြုံရပါတယ်။ ပြောရရင်လည်း တကယ့်ကို မကောင်းပါဘူးဗျာ။ အခုလက်ရှိ နောက်ဆုံးဖြစ်ပျက်နေတဲ့ မန္တလေးက ကျောင်းသားတွေ ဆန္ဒပြနေတဲ့ ကိစ္စကိုပဲ ကျွန်တော်ပြောပြပါ့မယ်။ ကျောင်းသားတွေက သူတို့ဖြစ်ချင်တဲ့အတိုင်း တကယ်ဆန္ဒပြနေတာ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ခုတုံးလုပ်ပြီး ပါတီကဆိုတဲ့လူတွေဟာ ခြေချင်းလိမ်ပြီး အမြတ်ထုတ်နေကြတာကတော့ ဘယ်လိုမှကို လက်ခံချင်စရာ မရှိပါဘူး။ မယုံရင်လည်း မန္တလေးမှာရှိတဲ့ အသိမိတ်ဆွေတွေကိုသာ လှမ်းမေးကြည့်ပါဗျာ။ ဖြစ်တာက ကျောင်းသားတွေ ကျောင်းရွှေ့တဲ့ကိစ္စ။ အဲဒီကိစ္စမှာ ဘာဖြစ်လို့ ဘေးကနေ တိုက်ပုံအနီတွေ၊ ပင်နီတွေ၊ ဒေါင်းတွေက ပါနေရသလဲဆိုတာ စာဖတ်သူတွေကတစ်ဆင့်ပဲ မေးကြည့်ခိုင်းလိုက်ကြပါဗျာ။ ပြီးရင်တော့ သူတို့တွေ အဲဒီဆန္ဒပြမှုမှာ မပါပါဘူးလို့ အရှက်မရှိ ငြင်းကြပါလိမ့်မယ်။ ဗဟိုကဆိုတဲ့ လူတွေကလည်း သူတို့မသိကြောင်း၊ မခိုင်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ အင်း... ခက်ပါ့၊ ခက်ပါ့။

အောက်က ကာတွန်းကတော့ လက်ရှိမြန်မာ့အခြေအနေတွေနဲ့ အတော်ကြီးကို ကိုက်ညီတဲ့ ကာတွန်းလို့ ပြောရမယ်ထင်ပါတယ်။ နောက်ဆိုရင် အဲဒီလိုမျိုး တကယ်များ ဖြစ်လာမလားလို့ တွေးမိပါတယ်။ နောက်တစ်ခု တွေးမိတာက အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ကလေးတွေအတွက် အတုယူစရာ စံနမူနာပြတွေ ဖြစ်သွားခဲ့ရင်တော့ အနာဂတ်အတွက် ရင်လေးမိကြောင်းပါ။ စာသင်ခန်းတွေ စွန့်ခွာပြီး လမ်းလျှောက်ဖို့ပဲ အားသန်နေတဲ့ ကျောင်းသားတွေ၊ သားသမီးတွေနဲ့ မတွေ့ရပါစေနဲ့လို့ပဲ ကျွန်တော်ကိုဉာဏ် ဆန္ဒပြုမိကြောင်းပါခင်ဗျား။ 






ကဲ... ဒီအပတ်တော့ ဒီမျှနှင့်ပဲ တော်ပါဦးမည်။ အချိန်လေးရခိုက် ကျွန်တော့်မှာ တေးထားသမျှတွေကို အလုံးအရင်းနဲ့ ရေးနေရတာမို့ တစ်နေ့တစ်နေ့ ပို့စ်တွေ အများကြီး ဖြစ်နေခဲ့ရင် နားလည်ပေးကြပါဗျာ။ အလုပ်တွေ ပြန်ပိလာတဲ့အခါ ပို့စ်တွေ မရေးဖြစ်မှာစိုးလို့ပါ။ မြန်မာ့သွေးပရိသတ်အားလုံးကိ အစဉ်လေးစားလျက် ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ စနေနေ့။
နေ့လည် ၁၀ နာရီ ၃၀ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics