(က)
အင်္ဂလန်ပရီးမီးယားလိဂ်ကို တာဝန်ယူကျင်းပနေတဲ့ FA က တာဝန်ရှိသူတွေ မြန်မာပြည်ကို လေ့လာရေးခရီး လာမယ်လို့ သတင်းရရှိပါတယ်။ စာဖတ်သူများ အားလုံးသိရှိတဲ့အတိုင်းပဲ ဘောလုံးပွဲတွေကို စီစဉ်ရတာ သိပ်ပြီးတော့ ခေါင်းစားရတာကိုး။ ကလပ်အသင်းပွဲစဉ်တွေဖြစ်တဲ့ အမှတ်ပေးပွဲ၊ ရှုံးထွက်ဖလားပွဲ၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ် စတဲ့စတဲ့ ပြိုင်ပွဲပေါင်းစုံကို ချိန်ညှိပြီး ပွဲစဉ်ဇယား ရေးဆွဲရတာ အတော်ဦးနှောက်စားတဲ့ကိစ္စပါ။ ဒီကြားထဲ နိုင်ငံအသင်းတွေရဲ့ ခြေစမ်းပွဲတွေ၊ ခြေစစ်ပွဲတွေ၊ ရန်ပုံငွေပွဲတွေက အဆစ်ပါသေးတယ်။ ကလပ်အသင်းက တာဝန်ရှိသူတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေနဲ့ FA ကလူတွေ မကြာခဏ ထိပ်တိုက်တွေ့ကြတာ အားလုံးအသိပဲ မဟုတ်လား။ ဟော... အခုကြည့်စမ်း၊ အင်္ဂလိပ်တွေက ပွဲစဉ်ရေးဆွဲဖို့ကို တကူးတက စဉ်းစားနေကြ၊ ကြံစည်နေကြ၊ သုတေသနတွေ လုပ်နေကြတာ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပွဲစီစဉ်သူတွေက တော်မှတော်ဗျာ။ ဒါမှ ငါတို့မြန်မာတွေကွလို့တောင် ကြံဖန်ဂုဏ်ယူမိသေးတယ်။ စဉ်းစားကြည့်လေ.... ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပွဲတွေ စီစဉ်လိုက်ကြတာများ အကွက်ကိုစေ့နေတာပဲ။ ပွဲစဉ်ထပ်တာမရှိဘူး၊ အကြောင်းအရာထပ်တာ မရှိဘူး၊ ကြွေးကြော်သံထပ်တာ မရှိဘူး၊ လက်ကိုင်ဆိုင်းဘုတ်တွေ ထပ်တာမရှိဘူး။ ကဲ... ဘယ်လောက် တော်လိုက်သလဲ။ မြန်မာပြည်မှာ ဆန္ဒဖော်ထုတ်ပွဲ မရှိတဲ့နေ့ဆိုတာ မရှိသလောက်ကို ဖြစ်နေပြီ။ ဒါတောင် ခွင့်ပြုချက်မရှိဘဲ လုပ်နေကြလို့။ ခွင့်ပြုချက်သာ တောင်းတိုင်းပေးထားရင် ရန်ကုန်ကလမ်းတွေလည်း ဘာကားမျှ သွားလို့ရမှာမဟုတ်ဘူး၊ နယ်တွေမှာလည်း ကိုယ့်အလုပ်ကိုယ် ဘာမျှလုပ်ရမှာ မဟုတ်ဘူး။ ကဲ... တွေ့တယ်မဟုတ်လား... အင်္ဂလိပ်တွေ လာလေ့လာမယ်ဆိုလည်း လေ့လာလောက်ပါတယ်။ မဟုတ်ဘူးလားဗျာ။
(ခ)
လက်ပံတောင်းတောင်ကိစ္စကို မကျေနပ်လို့တဲ့ မန္တလေးမှာ သင်္ကန်းဝတ်တွေ ဆန္ဒပြကြပြန်ပြီ။ စတုတ္ထမဏ္ဍိုင်လို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ထားကြတဲ့ အကောင်းစားကြီးတွေ ရေးထားတဲ့သတင်းတွေ ဖတ်ကြည့်လိုက်တော့ သတင်းမဟုတ်ဘဲ ဟာသတွေဖြစ်နေတယ်။ ဘာတဲ့.... မန္တလေးတွင် သံဃာအပါး ၂၀၀ ကျော်က ဒီမိုကရေစီသံချပ်များတိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်တဲ့။ ကဲ... ကောင်းရောပေါ့ဗျာ။ ဆန္ဒပြတဲ့လူတွေက ဘုန်းကြီးတွေပါ၊ အဲဒီဘုန်းကြီးတွေက ဘာဖြစ်လို့ သံချပ်ထိုးနေကြတာလဲဗျ။ ခက်တော့ ခက်ချေပြီဗျို့။ ပွဲစီစဉ်သူတွေရဲ့ အကွက်က ဆန်းပါ့ဗျာ။ ဘုန်းကြီးဆိုရင် မေတ္တာသုတ်ရွတ်တာ၊ မေတ္တာပို့ပြီး ဆန္ဒပြတာကိုပဲ ကျွန်တော်ဆိုတဲ့ကောင်က အရိုးစွဲနေလေတော့ အခုလို ဘုန်းကြီးတွေ သံချပ်တိုင်တာကို ကိုယ်တိုင်ကိုယ်ကျ နားမထောင်ရလေခြင်းဆိုပြီး အတော်ကြီးတောင် ၀မ်းနည်းမိပါသေးခင်ဗျ။ နောက်ဆိုရင် ငြိမ်းချမ်းစွာ သံဗုံးတီးတာတွေ၊ ငြိမ်းချမ်းစွာ သီချင်းဆိုတာတွေ လာဦးမလားမသိ။
(ဂ)
ဘာပဲဖြစ်ဖြစ် ပွဲစီစဉ်သူတွေကိုတော့ မလေးစားပဲကို မနေနိုင်တော့ဘူး။ တကယ်ပြောတာပါဗျာ။ ကျွန်တော်က စန္ဒီမြင့်လွင် မဟုတ်လို့သာရယ်၊ နို့မို့ဆိုလို့ကတော့ ဘယ်ရလိမ့်မလဲ... "လေးစားပါတယ်... လေးစားပါတယ်..." လို့ ထအော်တာပေါ့ဗျာ။ :D ဘုန်းကြီးတွေက အခု နိုင်ငံရေးသံချပ်ကို သံပြိုင်ရွတ်ကုန်ကြပြီ။ နောက်ဆိုရင် ဘုန်းကြီးတွေက ပါဖောမင့်တွေ လုပ်ပြကြတော့မယ်။ နောက်တစ်ဆင့်ကျတော့ လမ်းပေါ်မှာအငြိမ့်ခုံထောင်ပြီး နိုင်ငံရေးပြက်လုံးတွေ ထုတ်ကြလိမ့်မည်။ အဲ.. ပြီးရင်တော့ နိုင်ငံရေးတရားတွေဟောလိမ့်မယ်၊ နိုင်ငံရေးသင်တန်းတွေ ဖွင့်လိမ့်မယ်။ ဘယ်လောက်အထိ ဖြစ်လာနိုင်သလဲဆိုရင် သံဃာ့ညီညွတ်ရေးပါတီတို့၊ သံဃာဒီမိုကရေစီတပ်ဦးပါတီတို့၊ ရွှေဝါရောင်ပါတီတို့၊ ထေရ၀ါဒပါတီတို့၊ အထက်မြန်မာပြည် ဘုန်းကြီးများပါတီတို့၊ ၂၀၀၇ မျိုးဆက်သံဃာများပါတီတို့ တည်ထောင်လာကြလိမ့်မယ်။ ဒီအတိုင်းသာ ဆက်သွားရင်တော့ အဲဒီလိုဖြစ်လာနိုင်မှာ အသေအချာပဲလို့ ကျွန်တော်ကိုဉာဏ်တော့ ဟောကိန်းထုတ်လိုက်ချင်တယ်ဗျာ။
(ဃ)
၂၀၂၁ ခုနှစ်လောက်ရောက်ရင် မြန်မာပြည်မှာ ထူးခြားမှုတွေဖြစ်လာနိုင်တယ်။ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အရှင်ဘာညာကွိကွ၊ နိုင်ငံခြားရေးဝန်ကြီး အရှင်အေဘီစီဒီ၊ ပြည်ထဲရေးဝန်ကြီး အရှင်ဘာညာဘာညာ စတဲ့ပြည်ထောင်စုဝန်ကြီးတွေ ရှိလာနိုင်တယ်။ လက်ရှိဖြစ်နေတာတွေကို သုံးသပ်ပြီး ကျွန်တော့်ရဲ့ မှန်းဆချက်တွေပါ။ အခုအချိန်အထိတော့ လူ/ဘုန်းကြီး မခွဲခြားဘဲ တန်းတူအခွင့်အရေးပေးရေး ဆိုတဲ့ လှုပ်ရှားဆန္ဒပြမှု၊ ဆန္ဒဖော်ထုတ်မှု မတွေ့ရသေးဘူးခင်ဗျ။ လူတွေ ဆန္ဒပြတာကိုတော့ သူတို့လည်း ကျင့်သုံးနေပြီဆိုတော့ နောက်ဆိုရင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မြင်မိတယ်။
(င)
မန္တလေးမှာ သင်္ကန်းဝတ်တွေ ဒီမိုကရေစီသံချပ်တိုင်ပြီး စီတန်းလှည့်လည်တယ်။ ရန်ကုန်မှာလည်း ဆန္ဒဖော်ထုတ်ကြတာပဲ။ မြင်းခြံမှာလည်း သင်္ကန်းရောင်တထိန်ထိန်နဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေကြပြန်သတဲ့။ ဘာမှပူမနေနဲ့စိတ်ချ မနက်ဖြန်လောက်ဆိုရင် ပခုက္ကူတို့၊ စစ်တွေတို့ ပါလာလိမ့်မယ်။ ကောင်းတဲ့ဘက်က တွေးပေးလိုက်ပါတယ်။ တို့ကိုယ်တော်တွေ လမ်းလျှောက်ဖြစ်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နိုင်ငံရေးအလုပ်တွေ လုပ်နိုင်တာပေါ့လို့။ မှုတ်ဖူးလား (စိုးမြတ်သူဇာလေသံဖြင့် မေးခြင်းဖြစ်ပါသည်။ :D)
(စ)
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကိုတော့ အားနာပါတယ်ဗျာ။ တကယ်ပါ။ သူတို့တွေခမြာလည်း တပည့်ရဟန်းတွေ မလိမ္မာတော့ ဟိုလူက လာလျှောက်လိုက်၊ ဒီလူက လာလျှောက်လိုက်နဲ့ သနားဖို့တောင် ကောင်းသေးတော့တယ်။ အဲဒီတော့ ဆရာတော်ကြီးတွေခမြာ မေတ္တာရပ်ခံတာတွေလုပ်ရ၊ စုံညီအစည်းအဝေးလုပ်ပြီး ပန်ကြားလွှာတွေ၊ အသိပေးလွှာတွေ၊ ကြေညာချက်တွေထုတ်ရ လုပ်ကြရရှာတယ်။ မိမိအတွက် သံသရာပြတ်ကြောင်း၊ တပည့်ဒါယကာ၊ ဒါယိကာမတွေအတွက် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားအားထုတ်တာတွေ၊ တရားပြတာတွေ မလုပ်နိုင်ကြရှာဘူး။ ကိုယ်တော်တွေ ဆန္ဒမပြအောင် ဘယ်လိုထိန်းရမလဲ ဆိုတာတွေနဲ့ပဲ စိတ်နှလုံး မသာမယာ ဖြစ်နေကြရှာမှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ သေချာတာကတော့ အခုပုံအတိုင်းဆိုရင် ဓမ္မစက်နဲ့ လုံးဝ (လုံးဝ) ထိန်းလို့ မရနိုင်တော့ပါဘူး။ အာဏာစက်နဲ့ ဆောင်ရွက်ဖို့ အချိန်သင့်နေပါပြီ။ ပွဲစီစဉ်သူတွေကတော့ အကြိုက်နေမှာပါပဲနော်။ ခေါင်းစဉ်တစ်ခု ထပ်ရမှာကိုး။ ရတဲ့ခေါင်းစဉ်ကလည်း ရှယ်ပဲ... ပြည်လုံးကျွတ်အဆင့် လုပ်လို့ရတာကိုး။ (ဆရာကြီး မောင်စူးစမ်းကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ဗျာ။ ဆရာပြောခဲ့၊ ဟောခဲ့၊ ရေးခဲ့၊ တွေးခဲ့တာတွေဟာ အခုထိ မှန်နေတုန်းပါပဲ။ နိုင်ငံရေးသူငယ်နာ မစင်သေးတာတွေရော၊ လမ်းပေါ်နိုင်ငံရေးရော အားလုံးကွက်တိပါပဲခင်ဗျား)
(ဆ)
သင်္ကန်းဝတ်ပြီး ဆန္ဒပြနေကြတဲ့ကိုယ်တော်တွေ၊ နဖူးစည်းတွေနဲ့ ဟိုအော်ဒီအော် အော်နေကြတဲ့ကိုယ်တော်တွေ၊ ဟိုစာတန်းကိုင် ဒီစာတန်းကိုင် လုပ်နေတဲ့ကိုယ်တော်တွေ၊ သံချပ်ထိုးပြီး လမ်းလျှောက်နေတဲ့ကိုယ်တော်တွေ၊ ဟိုနားထိုင်သပိတ်လုပ်လိုက်၊ ဒီနားထသပိတ်လုပ်လိုက် လုပ်နေတဲ့ကိုယ်တော်တွေ၊ စတဲ့စတဲ့ ကိုယ်တော်တွေကို မေးစမ်းပါရစေ။ ကိုယ့်ထက် သက်တော်အားဖြင့်၊ ၀ါတော်အားဖြင့်၊ ပညာအားဖြင့်၊ သိက္ခာအားဖြင့် ကြီးမြတ်တော်မူကြတဲ့ ဆရာတော်ကြီးတွေက မသင့်လျော်ပါဘူး၊ မအပ်စပ်ပါဘူး၊ မလုပ်ကြပါနဲ့၊ ၀င်မပါကြပါနဲ့လို့ တားမြစ်နေတာကို ဘာဖြစ်လို့ မလေးစားကြတာလဲ၊ မလိုက်နာကြတာလဲ။ အစိုးရက တားမြစ်နေတာမဟုတ်ဘူး၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးပိုင်းက တားမြစ်နေတာ မဟုတ်ဘူး၊ လွှတ်တော်က ဆုံးဖြတ်တာမဟုတ်ဘူး၊ ဆရာတော်ကြီးတွေက မိန့်ကြားနေတာဖြစ်တယ်။ အဲဒီလို ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကိုတောင် မနာယူတဲ့၊ မလိုက်နာတဲ့၊ မလေးစားတဲ့၊ သောက်ဂရုမစိုက်တဲ့၊ ဥပေက္ခာပြုထားတဲ့ သင်္ကန်းဝတ်ကိုယ်တော်တွေက လူတွေအတွက်၊ နိုင်ငံအတွက်ဆိုပြီး လျှောက်လုပ်နေတာကို ဘယ်လိုယုံရမှာလဲ၊ ဘယ်လိုအားပေးရမှာလဲ၊ ဘယ်လိုကိုးစားရမှာလဲ။ သောက်တလွဲမှ တကယ့်ကို သောက်တလွဲပဲ။ သူ့ဘာသာသူတောင် ဆရာတော်ကြီးတွေ၊ ကျောင်းထိုင်ဆရာတော်တွေ ပြောတာကို နားမထောင်တဲ့၊ အမိန့်မနာခံတတ်တဲ့ ကိုယ်တော်တွေကို ကိုးကွယ်နေတဲ့လူတွေ၊ ဆည်းကပ်နေတဲ့လူတွေဟာ ဘယ်အဆင့်ရှိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြဗျာ။
(ဇ)
အပေါ်ကအတိုင်းပြောခဲ့တော့ ကျုပ်ကို ကျေနပ်ချင်မှ ကျေနပ်ကြလိမ့်မယ်ဗျ။ ကျုပ်ကို ဆဲမယ်ဆိုလည်း စဉ်းစားပြီးမှဆဲ။ စာဖတ်သူဟာ လူပျိုဆိုရင်၊ အပျိုဆိုရင် ကျွန်တော်ပြောတာ နားလည်ချင်မှ နားလည်လိမ့်မယ်။ အိမ်ထောင်သည်တွေ ဆိုရင်တော့ သိပ်နားလည်သပေါ့ဗျာ။ ဘယ်လောက်ပဲ အလိုလိုက်ထားတဲ့ မိဘဖြစ်ပါစေ၊ ကိုယ့်သားသမီးက ကိုယ့်စကား နားထောင်တာ၊ ကိုယ့်ကို လေးစားတာကိုတော့ လိုချင်ကြသဗျ။ မိဘပြောစကား နားမထောင်တဲ့သားသမီး၊ ဆရာပြောစကား နားမထောင်တဲ့ တပည့်၊ အကြီးအကဲပြောစကားကို နားမထောင်တဲ့ လက်အောက်ငယ်သား၊ မန်နေဂျာပြောစကားကို နားမထောင်တဲ့ဝန်ထမ်း၊ အဲဒီလိုလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ စဉ်းစားကြည့်ကြစေချင်တယ်။ တွေးကြည့်ပါဗျာ... စေ့စေ့တွေးရင် ရေးရေးပေါ်လာပါလိမ့်မယ်။
(စ်)
ကျွန်တော်တို့ ဒါယကာ၊ ဒါယိကာမတွေက ဦးဦးဖျားဖျား စားစရာသောက်စရာကို ဆွမ်းကပ်တယ်ဆိုတာ၊ တပင်တပန်းရှာဖွေထားတဲ့ ချွေနှဲစာနဲ့ သင်္ကန်းတွေ ကပ်လှူတယ်ဆိုတာ၊ သိမ်တွေကျောင်းတွေ ဆောက်လှူတယ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာကို လေ့လာကျင့်ကြံ ပွားများနိုင်အောင်နဲ့ သိလာတဲ့ အသိတွေ၊ တရားဓမ္မတွေကို ကျွန်တော်တို့တွေကို ပြန်ပြီး လမ်းညွှန်နိုင်အောင်၊ ဆုံးမနိုင်အောင်၊ ဟောပြနိုင်အောင် ဖြစ်တယ်ဗျ။ ရှင်းရှင်းပြောရရင် "အရှင်ဘုရားတို့လည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံကြပါ၊ တပည့်တော်တို့ကိုလည်း စိတ်နှလုံးငြိမ်းအေးစေမယ့် ဘုရားရှင်ရဲ့ အမြိုက်ရေအေး တရားတော်တွေကို တိုက်ကျွေးပါ" လို့ စာချုပ်ချုပ်ထားတဲ့ သဘောပါပဲ။ အခုတော့ ကိုယ်တိုင်လည်း ကိစ္စပြီးအောင် မကျင့်ကြံဘူး၊ အားမထုတ်ဘူး၊ ဒါယကာ ဒါယကာမတွေကိုလည်း တရားမပြဘူး၊ သံသရာပြတ်အောင် မဟောနိုင်ဘူး၊ မပြောနိုင်ဘူး။ ဒါယကာ ဒါယိကာမတွေကပ်တဲ့ ဆွမ်းတွေစားပြီး အဲဒီ ဒါယကာ ဒါယိကာမတွေနဲ့ အတူလမ်းလျှောက်ပြီး တို့အရေး အော်နေတာကတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ ကိုယ်တော်တို့ လမ်းလျှောက်ဖို့အတွက်၊ ဆန္ဒဖော်ထုတ်ဖို့အတွက်၊ ဆန္ဒပြဖို့အတွက်၊ ထိုင်သပိတ်လုပ်ဖို့အတွက် တပည့်တော်တို့တစ်တွေက ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ရမယ် ဆိုတာကတော့ သိပ်မနိပ်လှဘူးဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး။ သံသရာပြတ်အောင် ကျင့်ကြံရမယ့်လူတွေက ဆန္ဒပြပွဲဆက်အောင် လုပ်နေတာကတော့ တဆိတ် လွန်လွန်းပြီးထင်တယ်ဗျာ... နော့။
(ည)
ဘုန်းကြီးတွေကို ဝေဖန်ရအောင် မင်းကဘာကောင်လဲ၊ ဘုန်းကြီးတွေကို မလုပ်စေချင်ရင် မင်းကိုယ်တိုင် လာခဲ့ပါလား၊ မင်းက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား၊ ဒါဟာ ဘုန်းကြီးတွေကို စော်ကားတာ၊ သံဃာတော်တွေကို ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတာ စတဲ့စတဲ့ ဝေဖန်မှုတွေကို ကြိုဆိုနေပါတယ်ခင်ဗျ။ ကျွန်တော့်ကို ဘယ်လိုပြန်ဝေဖန်မလဲလို့ မှန်းဆပြီး စောင့်ဖတ်ရတာလည်း ဖီလင်တစ်မျိုးခင်ဗျ။ မြင်တဲ့အတိုင်း ဝေဖန်နိုင်ပါတယ်ဗျာ။ အမြဲတမ်း ကြိုဆိုလျက်ပါ။
(ဋ)
သင်္ကန်းဝတ်ထားတဲ့ လူတွေကို ကျွန်တော်ကိုဉာဏ်ကတော့ အားပါးတရ ဝေဖန်လိုက်ပါပြီဗျာ။ ငရဲကြီးလိမ့်မယ်လို့ သတိပေးမယ့် မိတ်ဆွေများကိုလည်း စေတနာစကားအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သို့သော် သင်္ကန်းဝတ်ထားတဲ့ လူတွေကို ဝေဖန်တာဟာ ငရဲမကြီးနိုင်ဘူးလို့ ကျွန်တော်တော့ ထင်တာပါပဲဗျာ။ ဥပမာပေးပါ့မယ်.... ရဲယူနီဖောင်းဝတ်ထားတဲ့ အယောင်ဆောင် လူတစ်ယောက်ကို အော်ဆဲတာဟာ ဘာပြဿနာမျှ မရှိနိုင်ပါဘူး။ စစ်ဝတ်စုံဝတ်ထားတဲ့ အယောင်ဆောင် စစ်သားတစ်ယောက်ကို သွားထိုးလို့လည်း ဘာပြဿနာမျှ မရှိနိုင်ပါဘူး။ အဲ... ရဲယူနီဖောင်းနဲ့ ရဲအစစ်ကို၊ စစ်ဝတ်စုံနဲ့ စစ်သားအစစ်ကို သွားစော်ကားရင်တော့ ပြဿနာရှိနိုင်တာပေါ့ဗျာ။ သံဃာတော်တွေကို စော်ကားရင်တော့ ကျွန်တော်ကိုဉာဏ် ငရဲကြီးမှာပေါ့ဗျာ၊ အကုသိုလ် ဖြစ်မှာပေါ့ဗျာ။ သင်္ကန်းဝတ်ထားတဲ့ သံဃာအယောင်ဆောင်တွေကို စော်ကားတာမျိုးကတော့ ငရဲကြီးခြင်း လုံးဝ (လုံးဝ) မရှိနိုင်ဘူးလို့ ယုံကြည်မိပါတယ်။ အဲ... တကယ်လို့များ ငရဲကြီးခဲ့မယ်ဆိုရင်လည်း ဒီလိုလူတွေ ရှိနေတဲ့ လူ့ပြည့်မှာ မနေချင်ပါဘူးဗျာ။ ငရဲပြည်မှာပဲ နိုင်ငံသားခံယူပြီး သွားနေလိုက်ချင်တယ်။ ဘယ်ငရဲသားကမျှ ငရဲပြည်ကို အေးအောင်လုပ်ပေးဖို့ ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်ဗျာ။
(ဌ)
ရဟန်းသံဃာများနှင့် လားလားမျှမအပ်စပ်သော နိုင်ငံရေးယောင်ယောင်၊ အမျိုးသားရေးယောင်ယောင်၊ ဘာသာရေးယောင်ယောင် လုပ်နေကြသော သင်္ကန်းဝတ်ထားသည့် လူစိတ်ပေါက်နေသူများကို ကျွန်ုပ်ကိုဉာဏ် ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါသည်။ ဝေဖန်လိုက်ပါသည်။ ပြစ်တင်လိုက်ပါသည်။
(ဍ)
နောက်ဆုံးအနေနဲ့ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းတစ်ခုကို ပြောပါရစေ။ "ကျွန်တော်နားမလည်သော မေးခွန်းများ" ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ကွန်းမန့်တစ်ခုမှာ ကျွန်တော့်ကို ပယ်ပယ်နှယ်နှယ် တွယ်ထားတာကို ဖတ်ရပါတယ်။ ရေးတဲ့လူကလည်း အတော့်ကို ဒေါသဖြစ်နေတဲ့ လေသံနဲ့ပါ။ သူ့ကို အပြည့်အ၀ နားလည်ပေးပါကြောင်း ပြောပါရစေ။ ကျွန်တော်မကြိုက်တဲ့ အကြောင်းအရာတွေ ရေးထားတာ ဖတ်ရ၊ တွေ့ရရင် ကျွန်တော်လည်း အဲဒီလို ဖြစ်တတ်လို့ပါ။ မောင်နဲ့နှမ၊ သားနဲ့အမိ ဖတ်လို့မရတဲ့ စာလုံးလေး တစ်လုံးနှစ်လုံး ပါတာကလွဲရင် သူဝေဖန်ထားတာကို ကျွန်တော်အပြည့်အ၀ ခံယူပါတယ်။ လက်ခံပါတယ်။ ဒါဟာ စာဖတ်သူတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် မည်သို့မျှ ပြောရန်မရှိပါ။ သို့သော် ရေးသားထားပုံကို ဖတ်ခြင်းအားဖြင့် စာဖတ်သူဟာ အခုမှ ဒီဘလော့ဂ်ကို ဖတ်ဖူးသူ မဟုတ်ဘူးလို့ ယူဆမိပါတယ်။ ယခင်ကတည်းက ကျွန်တော့်ဘလော့ဂ်ကို ဖတ်ရှုနေသူတစ်ဦးလို့ မှတ်ယူပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း မကြာသေးခင်ကမျှ ကျွန်တော်တင်ထားတဲ့ ပို့စ်တွေကို အတော်နှံ့နှံ့စပ်စပ် လိုက်ဖတ်ထားတဲ့လူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်မှာ ရေးထားတဲ့စာတွေကို အများကြီးဖတ်ဖူးသူဆိုတာတော့ သေချာမယ်ထင်ပါတယ်။ အဲဒီအတွက် သူသည်လည်း ကျွန်တော့်ဘလော့ဂ်ရဲ့ မိတ်ဆွေတစ်ဦးပါပဲ။ ကျွန်တော့်ပို့စ်ကိုဖတ်ပြီး သူ့အတွက် စိတ်တိုရတယ်၊ ဒေါသထွက်ရတယ် ဆိုတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ကျွန်တော်ရေးတဲ့စာကို ဖတ်ပြီး လူတစ်ယောက် ဒေါသထွက်တယ်၊ စိတ်တိုတယ်ဆိုတာ မကောင်းပါ။ သူရေးထားသလို ကျွန်တော့်ဘက်က အစိုးရပိုင်း (ဒေသဆိုင်ရာအာဏာပိုင်များ)ရဲ့ အားနည်းမှုတွေကို ထောက်ပြဝေဖန်ဖို့ လိုသွားခဲ့တယ်ဆိုတာ လက်ခံပါတယ်၊ အမှန်ပဲဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်မှာလည်း လိုအပ်ချက်တွေ ရှိခဲ့တာအမှန်ပါပဲ။ အခုမှတော့ ချီးခြောက်ရေးနှူးမနေတော့ပါ။ တစ်ခုတော့ ပြောချင်သေးသားခင်ဗျ။ လိုအပ်တယ်ထင်လို့ပါ။ ကျွန်တော်ဟာ ပြည်ခိုင်ဖြိုးပါတီကို မကြိုက်သလို၊ အန်အယ်လ်ဒီပါတီကိုလည်း မကြိုက်ပါ။ ထိုနှစ်ပါတီမျှ မဟုတ်ပါ.. မည်သည့်ပါတီကိုမျှ မကြိုက်ပါ။ သို့သော် အဆိုပါ ပါတီများရှိ တိုင်းပြည်အတွက် အလုပ်လုပ်နေသူများ၊ ဒေသအသီးသီးအတွက် အလုပ်လုပ်နေသူများကိုတော့ ပါတီမရွေး သဘောကျပါသည်။ ထောက်ခံပါသည်။ (မမီ့တမီဉာဏ်လေးဖြင့် ထပ်ပြောရပါလျှင် ကျွန်တော်တို့တွေ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခဲ့ကြတာ၊ အားကိုးခဲ့ကြတာ ဘယ်ပါတီဝင်မို့၊ ညာပါတီဝင်မို့ မဟုတ်ကြပါ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် တကယ်အလုပ်လုပ်ခဲ့သဖြင့် ချစ်ခဲ့ကြခြင်း၊ လေးစားခဲ့ကြခြင်း ဖြစ်ပါသည်။) ကျွန်တော့်အတွက်ကတော့ ပါတီက အရေးမကြီးပါ၊ လုပ်တဲ့ အလုပ်တွေကပဲ အရေးကြီးပါသည်။ တိုင်းပြည်တိုးတက်အောင် အလုပ်လုပ်မှာလား၊ ပါတီနာမည်ကြီးအောင် အလုပ်လုပ်မှာလား ဒါကိုပဲ ကျွန်တော်စဉ်းစားပါသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် လောက်လောက်လားလား အားကိုးရမည့် နိုင်ငံရေးပါတီစစ်စစ် ကျွန်တော်ဖြင့် မမြင်မိသေးပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၃၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment