ဘလော့ဂ်မှာ ပို့စ်တွေ မရေးရတာ အတော်ကြာသွားသည်။ ပညာခေတ်ကြီးဆိုတော့ သင်တန်းတွေ တက်ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ခရီးတွေ သွားဖြစ်သည်။ အချိန်အားရသည့် အချိန်များမှာ အင်တာနက်သုံးရင်း ဘလော့ဂ်တွင် စာတွေရေးဖို့ စဉ်းစားမိသေးသည်။ သို့သော် အင်တာနက်ပေါ်က သတင်းတွေ၊ စာတွေ လိုက်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်သွားရတာ များသည်။ ရေးရမှာလည်း လက်မရဲသကဲ့သို့ ပြန်ဖြစ်သွားသည်။ စာမရေးတာကြာတော့ ကိုယ်ရေးတဲ့စာ ကောင်းမှ ကောင်းပါ့မလား ဟူသည့်စိတ်ဖြင့် စာရေးရမှာ နည်းနည်းကြောက်သွားသည်။ အင်တာနက်ပေါ်မှာ စာတွေလိုက်ဖတ်ရတာကတော့ အတော်ပင် သဘောကျစရာကောင်းသည်။ သတင်းစုံ၊ အတင်းစုံ၊ အဖျင်းစုံကို သိမြင်ခံစားခွင့်ရသည်။ အဲဒါကြောင့်လည်း အင်တာနက်ဆိုတာကြီးကို ကျွန်တော်တို့ တမ်းတမ်းစွဲ ဖြစ်နေကြတာ ဖြစ်မည်ထင်သည်။ အင်တာနက် အသုံးမပြုရသည့်နေ့၊ ဖေ့စ်ဘွတ်(ခ်) မသုံးရသည့်နေ့သည် ခဏတာ မျက်စိကွယ်သည့်နေ့ကဲ့သို့ ဖြစ်လာသည်ဟု ထင်မိသည်။ ကိုယ်မဖတ်ဖြစ်သည့် တစ်ရက်၊ နှစ်ရက်အတွင်း ဖြစ်သွားသည့် သတင်းတွေက အများကြီး၊ နောက်ကျပြီးမှ သိရတာတွေက အနန္တ။ တစ်ခုတော့ သဘောကျသည်။ ဘာပဲပြောပြော ကမ္ဘာပြား ဖြစ်စဉ်ကြီးထဲမှာ ကျွန်တော်တို့တွေ ပါဝင်ပတ်သက်နေကြပြီ။ ကမ္ဘာမြောက်ခြမ်းမှ တောင်ခြမ်းအထိ၊ ကမ္ဘာအရှေ့ဖျားမှ အနောက်ဖျားအထိ ဖြစ်သမျှ ဖြစ်စဉ်ဖြစ်ရပ်၊ အကြောင်းအရာမှန်သမျှကို အခြားနိုင်ငံသားများနဲ့တန်းတူ ကျွန်တော်တို့တွေ သိခွင့်ရနေကြချေပြီ။ ကိုယ်လုပ်နေသမျှကိုလည်း အချိန်နှင့်တပြေးညီ အခြားလူများကို သိရှိအောင် ပြောပြနိုင်ကြချေပြီ။ ထမင်းငတ်ဖူးတဲ့လူပဲ ထမင်းတန်ဖိုးကိုသိတယ် ဆိုတဲ့စကားကို ကျွန်တော်ကိုဉာဏ် ကောင်းကောင်းနားလည်သွားမိသည်။ အင်တာနက် သုံးခွင့်မရခဲ့သည့် နေ့ရက်အချို့ကို လွမ်းတောင်လွမ်းမိသေးသည်။ ကမ္ဘာပြားဖြစ်စဉ်ထဲမှာ တယ်လီဖုန်းလိုင်းမမိ၍ အင်တာနက်သုံးရန် အဆင်မပြေသော နေရာဒေသတွေ ရှိနေသေးတာကို ကျွန်တော်ခရီးသွားရင်း ကြုံဆုံခဲ့ရတာဟာ အမှတ်တရပါပဲခင်ဗျာ။ စာမရေးရတာကြာတော့ စာမရေးရဲသည့် စိတ်ကလေး ၀င်နေမိပါသည်။ ထို့ကြောင့် စာတွေပြန်ရေးရန် အားတင်းနေပါသည်။ သွေးပူလေ့ကျင့်ခန်း ပြုလုပ်သည့်သဘောဖြင့် ဤစာကို ရေးသားလိုက်ပါသည်။ သွေးပူသွားလျှင်တော့ ဖရီးကစ်တွေ၊ ပင်နယ်တီ ကစ်တွေ၊ ဂိုးသွင်းကစ်တွေ လာပါတော့မည်။ စောင့်မျှော်အားပေးကြပါကုန်။ သွေးပူလေ့ကျင့်ခန်း ဖြစ်သည့်အတွက် တကယ့် ဘောလုံးပွဲကဲ့သို့ မမြင်ကြရန်လည်း ကြိုတင်တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ အင်္ဂါနေ့။
ည ၇ နာရီ ၂၉ မိနစ်တွင်ပြီး၏။
သောက်ဖုတ်
ReplyDelete