Tuesday, November 19, 2013

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်.....


ဒီကာတွန်းဟာ ဦးဘဂျမ်းကာတွန်းပွဲတော်မှာ ပထမဆု ရတယ်လို့ ရေးကြပြောကြတာကို ဖတ်ရပါတယ်။ အဲဒါကို ကျွန်တော်မသိပါ။ အတည်ပြုချက် မပေးနိုင်ပါ။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD က မကျေမနပ် ဖြစ်နေတယ်လို့လည်း ရေးကြပြောကြပါသည်။ အဲဒါလည်း ကျွန်တော်သေချာမသိပါ။ ကာတွန်းဆရာနဲ့ ဆုပေးတဲ့ အဖွဲ့ နှစ်ခုလုံးဟာ ဦးနှောက်မရှိဘူးဟု ဒေါ်စုဂုဏောများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ဟုလည်း ကြားရပါသည်။ ထိုသတင်းကိုလည်း ကျွန်တော်တိတိကျကျ မသိပါ။

ကျွန်တော်ပြောလိုသည်က ၂ ချက်ရှိပါသည်။

၁။ ကာတွန်းဆရာသည် ယခုမှ စိတ်ကူးပေါက်၍ ထရေးသူတစ်ဦး မဟုတ်ပါ။ ဂျာနယ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေမှာ ကျွန်တော်တို့ ဖတ်နေကျ၊ မြင်နေကျ ကာတွန်းဆရာ ဖြစ်ပါသည်။ သမ္မတအစ လွှတ်တော်အဆုံး အစိုးရအဖွဲ့မကျန် သူမြင်သမျှကို သရော်သော၊ ဝေဖန်သော၊ ထိုးနှက်သော ကာတွန်းများ ရေးဆွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထိုစဉ်က အားလုံးဝိုင်း၍ လက်ခုပ်တီးခဲ့ကြပါသည်။

၂။ ယခု ကာတွန်းကို ကောင်းသည်၊ ဆိုးသည် ကျွန်တော် မဆွေးနွေး မငြင်းခုန်လိုပါ။ သို့သော် ဤကာတွန်းသည် လက်တွေ့ဘ၀မှ ပြည်သူများ၏ အမြင်ကို ထင်ဟပ်ကြောင်း ၉၉.၉၉ ရာခိုင်နှုန်း အာမခံပါသည်။ ကျွန်တော် မကြာခဏ ရေးခဲ့ပြီးဖြစ်ပါသည်။ NLD ထိပ်ပိုင်းက ဘယ်လိုပဲ အကြောင်းပြပြ တစ်နိုင်ငံလုံး နားလည်ထားတာက ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းသည် ဒေါ်စုကို သမ္မတနေရာ မရအောင် လုပ်ထားခြင်းကြောင့်ဟုသာ။ အခြားသော ဒီမိုကရေစီစံနှုန်းနှင့် ညီသည်၊ မညီသည်၊ တပ်မတော်ကို အာဏာ အလွန်အကျွံပေးထားသည်၊ မပေးထားသည် စသည်များကို သာမန်ပြည်သူတွေ မသိပါ။ ဘယ်သူကမျှလည်း သိအောင်မလုပ်ပေးကြပါ။ ရှေ့ကရေးခဲ့သည့် ပို့စ်မှာပဲ ကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ NLD က လူငယ်ပဲလာလာ၊ လူကြီးပဲလာလာ သူတို့ပြောတာ အရှင်းဆုံး။ ဒေါ်စုကို သမ္မတဖြစ်စေချင်သလား၊ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်တဲ့။ ကျွန်တော်က ဒါမျိုးကို ကြိုက်သည်။ ကျန်တဲ့ စံနှုန်းတွေ၊ ဘာနှုန်းတွေကို သူတို့မသိ။ သူတို့သိတာ သူတို့ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်စုသည် ဖွဲ့စည်းပုံကို မပြင်လျှင် သမ္မတမဖြစ်နိုင်။ ထို့ကြောင့် အဲဒါကြီးကို ပြင်မှရမည်။ ဒါပဲ။ ဘယ်လိုပြင်ရမလဲ... လာမမေးနဲ့ မသိဘူး။ ပြင်ရမယ်ဆိုတာတော့ သေချာသိတယ်။ အဲဒါက ပြည်သူ့အမြင်နဲ့ ထပ်တူဖြစ်ပါသည်။ ထို့ကြောင့် ယခုကာတွန်းသည် ပြည်သူ့အမြင်ကို အပြည့်အ၀နီးပါး ထင်ဟပ်ကြောင်း ကျွန်တော်ဆိုခြင်း ဖြစ်ပါသည်။

သမ္မတကို ဒီကာတွန်းဆရာက ဝေဖန်ကလိနေတုန်းကတော့ အားလုံးက တပြုံးပြုံး လုပ်နေခဲ့ကြပြီးမှ သူတို့ကို တစ်ကွက်ကလေး ထိသွားတော့ ဆတ်ဆတ်နာသည်ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးဟု ထင်မိပါသည်။

ဘာပဲပြောပြော ဒီနှစ် ဦးဘဂျမ်းလမ်း ကာတွန်းပြပွဲကို မသွားဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် အရင်နှစ်တွေကလို ဟိုကာတွန်းကြည့်လိုက်၊ လမ်းလယ်ခေါင်မှာ မတ်တတ်ရပ်ရင်း ရယ်လိုက်၊ ဓာတ်ပုံတွေရိုက်လိုက် မလုပ်ဖြစ်နိုင်ခဲ့ပါ။ အခုမြင်ရသည့် တစ်ပုံဆိုတစ်ပုံဆိုသလောက် ကာတွန်းကိုတော့ဖြင့် သဘောကျမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၆ မိနစ်တွင်ပြီး၏။

Sunday, November 17, 2013

လတ်တလော မြန်မာ့နိုင်ငံရေး ၀ဲဂယက်များ


အခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးသတင်းတွေက စုံလင်လှသည်။ ဂျာနယ်များ အကြိုက်တွေ့သည့် ရက်သတ္တပတ်ဟုပင် ဆိုရမည်ထင်သည်။

(က) နိုင်/ကျဉ်းတွေ ထပ်လွှတ်ပေးလိုက်သည်။ ဒါက ဘာမျှမထူးဆန်း။ ထူးဆန်းတာက ဦးနေ၀င်းရဲ့ မြေး ၂ ဦးပါ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့လည်း သူတို့ဝဋ်ကျွေး ကုန်သွားသည့်အတွက် လွတ်မြောက်သွားတာဟုပဲ နှလုံးသွင်းလိုက်ပါသည်။ ကျန်တာတွေ လျှောက်စဉ်းစားနေလျင် စိတ်ညစ်နေရဦးမည်။ အသက်တိုနေဦးမည်။

(ခ) ၂၀၁၅ ကျော်မှ အကူအညီတွေ ပေးပါဟူသော ပြောစကားနှင့်ပတ်သက်၍ နိုင်ငံရေးအသိုင်းအ၀ိုင်း တစ်ခုလုံး ပွက်ပွက်ညံနေသည်။ ဘာရည်ရွယ်ချက်နှင့် ပြောတာလဲကတော့ ဂျာနယ်တွေ၊ သတင်းစာတွေရဲ့ တာဝန်ဟုထင်သည်။ ပြောခဲ့သည့် ကာယကံရှင်ကို မေးကြပေါ့။ သူ့ဘာသာသူ အပိုင်တွက်ပြီး ပြောတာလား ဆိုတာကလည်း ဂျာနယ်လစ်တွေကိုပဲ အားကိုးရမည်။ မေးကြည့်ကြပါ၊ ဗျူးကြည့်ကြပါ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ရေးပေးကြပါ။ စောင့်မျှော်ဖတ်ရှုနေပါသည်။

(ဂ) OIC ကိစ္စ အရမ်း ထိလွယ်ရှလွယ် ဖြစ်နေသည်။ စဉ်းစားဖို့တောင် ကောင်းသေးတော့သည်။ ဘယ်သူတွေက ဒီလိုတွေဖြစ်အောင် ကြံစည်နေကြတာလဲ။ သံဃာတွေ သူ့ဟာသူ ကျောင်းတိုက်တွေမှာ အေးအေးဆေးဆေး သီတင်းသုံးပါစေ။ စာဝါတွေ တက်ပါစေ။ ဘာဖြစ်လို့ သံဃာတွေကို လမ်းပေါ် ဆွဲဆွဲခေါ်နေကြတာလဲ။ ကိုယ့်ဘာသာသာသနာကို ကိုယ့်ဘာသာကိုယ် ပြန်ဖျက်ဆီးနေကြတာလားဟု မေးခွန်းထုတ်လျှင် ကျွန်တော့်ကို မွတ်စ်တို့၊ မျိုးမစစ်တို့ စွပ်စွဲကြဦးမည်။ သေချာတာကတော့ ကျွန်တော်က မျက်ကန်းမျိုးချစ် မဟုတ်ဘူး။ ဘာသာ သာသနာကို ဒီနည်းနဲ့ ထိန်းသိမ်းရမှာ မဟုတ်ဘူးဆိုတာ သေချာသိသည်။ ဘယ်ကျမ်းဂန်ထဲမှာမျှ မိမိဘာသာ သာသနာအတွက် ဒီလိုတွေ လုပ်ရမယ်ဟု မပါချေ။ တရားဓမ္မနှင့် မညီလျှင် အဓမ္မ၀ါဒီတွေသာ ဖြစ်သည်။ ဒါက ဘာသာရေးရှုထောင့်က ပြောသည့်ကိစ္စ။ နိုင်ငံရေးရှုထောင့်က ပြောရမည်ဆိုလျှင် OIC ဆိုသည်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကမ္ဘာသိ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု နိုင်ငံအတွင်း ၀င်ခွင့်ပေးသည့် ကိစ္စရပ်သည် ဘာမျှအထူးအဆန်း မဟုတ်ချေ။ အစိုးရတာဝန်ရှိသူတွေက ခံစားချက်တွေ၊ ဆန္ဒတွေနှင့် အလုပ်လုပ်ကြရတာ မဟုတ်၊ နိုင်ငံတကာဆက်ဆံရေး ဆိုတာကလည်း ရှိသေးသည်။ မိမိစိတ်နှင့် မကိုက်ညီတာမှန်သမျှ မှားသည်ဟု လက်ခံနေသေးသရွေ့ မြန်မာ့နိုင်ငံရေး ခရောင်းလမ်းက တက်နိုင်ဦးမည် မထင်ချေ။

(ဃ) စစ်တွေမှာ OIC ကို လူ ၈၀,၀၀၀ လောက် ဆန္ဒပြသတဲ့။ စံချိန်တင်လောက်သည်။ အံ့သြရလောက်သည်။ ဟိုးအရင်ကတည်းကသာ ရခိုင်တွေ အဲလို စည်းရုံးခဲ့လျှင်၊ အဲဒီလို ညီညွတ်ခဲ့လျှင် ၁၀ ရာခိုင်နှုန်းအောက် ရောက်စရာအကြောင်း မရှိပါချေ။ ဆဲချင်သည့် ရခိုင်များရှိပါက အချက်အလက်နှင့် လာဆဲကြပါကုန်။ တစ်လက်စတည်း အကောင့်နာမည်တပ်၍ ကွန်းမန့်မရေးလျှင်တောင် ဘယ်မှာနေသည်ကို ထည့်ရေးစေလိုသည်။ အွန်လိုင်းမှာ ၀ံသာနုစိတ်ဓာတ် ပြင်းထန်နေသည့် ရခိုင်အားလုံး နီးပါးက နိုင်ငံခြားတိုင်းပြည်များနှင့် ရန်ကုန်ကချည်းပဲ ဖြစ်သည်။ ကျွန်တော်ဘာပြောချင်သည်ကို ခင်ဗျားတို့ သိသည်။ ကြိုက်တဲ့အကြောင်းပြချက် ပေးကြပေါ့ဗျာ။

(င) ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စက ပါတီတစ်ခုတည်းရဲ့ ကိစ္စမဟုတ်တာတော့ သေချာသည်။ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံကိစ္စကို ပါတီအရေးအလား မောင်ပိုင်စီးပြီး လုပ်ချင်ရာ လုပ်နေတာတော့ နည်းနည်းလွဲနေသည် ထင်ပါသည်။ ပါတီထိပ်ပိုင်းက ပြောလိုက်လျှင်တော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီလို့ ပြင်ချင်တာဟု တတွတ်တွတ် ရွတ်နေသည်။ အဲဒါဆို ဘာဖြစ်လို့ အသည်းအသန် လိုက်လုပ်နေကြသလဲ။ ဘာလို့ ၂၀၁၅ မတိုင်မီ ပြင်ချင်တာလဲ။ ခင်ဗျားတို့ပဲ ၂၀၁၅ မှာ NLD က သေချာပေါက် နိုင်မှာဆို။ အဲဒီကျမှ လုပ်ရင် ပိုလို့တောင် အဆင်မပြေဘူးလား။ ခင်ဗျားတို့ ဖွဲ့တဲ့အစိုးရဆိုတော့ ခွင့်ပြုချက်ကိစ္စလည်း ပူစရာ မလိုဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ငြိစရာမရှိဘူး။ အများကြီး စောင့်ရမှာလည်း မဟုတ်ဘူး။ ၂ နှစ်လောက်လေးပဲဟာကို။ အပေါ်ကတော့ ဟိုပြောဒီပြောနဲ့၊ ရပ်ကွက်ထဲမှာ လိုက်စည်းရုံးတဲ့ NLD တွေကတော့ ပြတ်သားတယ်။ ဒေါ်စု သမ္မတဖြစ်တာကို မြင်ချင်တယ်မလား။ အဲဒါဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်။ ကျွန်တော်တို့ ပြင်ဖို့လုပ်နေတာကို ထောက်ခံကြတဲ့။ အေးရော... ဘယ်လောက် ရှင်းသလဲ။ အဲလို တဲ့(ဒဲ့)ပြော၊ တဲ့လုပ်စမ်းပါ။ ဝေ့လည်ကြောင်ပတ်နဲ့ ဒီမိုကရေစီစံနှုန်းတွေ၊ ဘာအခွင့်အရေးတွေ ညာအခွင့်အရေးတွေ လျှောက်ပြောမနေစမ်းပါနဲ့။ NLD ထဲမှာရော ဒီမိုကရေစီစံနှုန်း အပြည့်အ၀ ရှိလို့လား။ အာဏာရှင် ဒေါ်စုရဲ့ စကားမှန်သမျှ NLD မူဆိုပြီး လုပ်နေတာ ဘယ်လောက် ကြာနေပြီလဲ။ NLD ကို လွတ်လပ်စွာ ဝေဖန်သူတိုင်းကို ဘာဖြစ်လို့ အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်ကြသလဲ။ တစ်ခါတလေကျတော့လည်း ဘာမျှမသိတာပဲ ကောင်းပါတယ်ဗျာ။ ခင်ဗျားတို့ နိုင်ငံရေးက ရှုပ်ထွေးတယ်ဗျ။ ညစ်ပတ်တယ်လို့ပြောရင် ပိုမှန်မယ်ထင်တယ်။

(စ) လွှတ်တော်နာယကကြီးရဲ့ အာဏာချဲ့ထွင်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဆိုးလာပါလားဗျာ။ ပြောပြန်ရင်လည်း ဒေါက်တာဆိတ်ဖွားလို သန်းရှာခံရဦးမယ်။ ဖွဲ့စည်းပုံမှာ ပြင်လိုက်ဗျာ။ လွှတ်တော်တွေက အုပ်ချုပ်ရေးကိစ္စလုပ်၊ အစိုးရအဖွဲ့က ဥပဒေတွေ ရေးလိမ့်မယ်။ ပြီးရော... အဲဒါမှ ဒီ Check and balance အကြောင်းပြပြီး အာဏာလွန်ဆွဲနေတာတွေ တစ်ခန်းရပ်မှာ။ အခုတော့ ဘာတွေမှန်းကို နားမလည်တော့ဘူး။ ဥပဒေကို နားလည်တယ်ဆိုတိုင်း ဥပဒေကို လက်တစ်လုံးခြား လုပ်တာမျိုးကတော့ မလုပ်ကောင်းဘူး ထင်ပါတယ်ဗျာ။

(ဆ) သမ္မတ လစာလျှော့ယူတာကို ဘာဖြစ်လို့ အနာလုပ်နေရသလဲလို့ ကျွန်တော့်ကို လာမမေးနဲ့။ ကျွန်တော်မသိဘူး။ သိချင်ရင် အနာလုပ်တဲ့လူတွေကို သွားမေးကြည့်။ ခဏခဏမေးလာရင် ပေါက်ကရ ဖြေပစ်လိုက်မယ်။ လွှတ်တော်ကလူတွေက လစာတိုးပြီး လိုချင်နေတာ၊ သမ္မတနဲ့အဖွဲ့က လျှော့ယူနေတော့ ပြည်သူက လွှတ်တော်ကိုယ်စားလှယ်တွေကို တစ်မျိုးမြင်မှာကြောက်လို့ နေမှာပေါ့ကွလို့။ ဟုတ်တယ်လေ...။ ဘာဖြစ်လဲ... ကိုယ်တွေက အမြင့်ဆုံး အာဏာပိုင် လွှတ်တော်ကိုယ်စားလှယ်တွေပဲ။ သမ္မတနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ မယူတဲ့ ဥပဒေအရ ပေးထားပြီးသား လစာတွေကို အညီအမျှခွဲပြီး ကိုယ်စားလှယ်တွေအတွက် ထောက်ပံ့ကြေးအဖြစ် ပေးနိုင်မယ့် ဥပဒေတစ်ခု အတည်ပြုလိုက်ပေါ့။ ရှင်းရှင်းလေးဟာကို အလကားနေရင်း ခေါင်းခြောက်ခံနေကြတယ်။ ကိုယ့်မှာ ကြိုက်တဲ့ဥပဒေ ပြဋ္ဌာန်းခွင့် ရှိနေတာပဲ... လုပ်လိုက်ပါတော့လား။

(ဇ) မြန်မာ့နိုင်ငံရေးကို စိတ်ပျက်တဲ့အထဲမှာ ဒီလို ဓာတ်ပုံတွေကြောင့်လည်းပါတယ်။ ဘာမှတ်ချက်မျှ မရေးချင်တော့ဘူး။ စာဖတ်သူတို့ပဲ ကိုယ့်ဘာသာကိုယ် ကြိုက်သလို ခံစားကြပါကုန်။




အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Tuesday, November 05, 2013

မီတာခတွေ တိုးကောက်မယ်၊ ချီးမြှင့်ငွေတွေ တိုးတောင်းမယ်


အခုရက်ပိုင်း ဖတ်ရတဲ့ သတင်းနှစ်ခုကို သိပ်ပြီးတော့ သဘောမတွေ့လှဘူး။ ပထမသတင်းက လျှပ်စစ်ဓာတ်အား အသုံးပြုခတွေ တိုးမြှင့်ကောက်ခံမယ့် သတင်းပါ။ နောက်တစ်ခုက သမ္မတကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေအထိ လစဉ်ရရှိနေတဲ့ ချီးမြှင့်ငွေ (စကားလုံးလှအောင် ဘယ်လိုပဲသုံးသုံး လစာပေါ့ဗျာ) ကို တိုးမြှင့်ပေးဖို့ လွှတ်တော်မှာ ဆွေးနွေးကြမယ့် သတင်းတွေဖြစ်ပါတယ်။

အပေါစားနိုင်ငံရေးနည်းနဲ့ အစိုးရကို မကောင်းပြောရင်ပြီးရောဆိုပြီး ပြောရမယ်ဆိုရင်တော့ မီတာခတွေ တိုးမြှင့်ပြီး ကောက်ခံမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေကပဲ လစာတိုးတောင်းသလိုလို ဖြစ်ရပ်ပါ။ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လစဉ်ချီးမြှင့်ငွေ တိုးမြှင့်ပေးဖို့အတွက် ပြည်သူတွေဆီက မီတာခတွေ တိုးမြှင့်ကောက်ခံရသလိုမျိုး ဖြစ်ရပ်ကြီးပါ။

ဆင်းရဲသူနဲ့ လူလတ်တန်းစား အများစုဖြစ်တဲ့ ပြည်သူတွေက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမှာမို့ ဟိုနားက ကန့်ကွက်လိုက်၊ ဒီနားက ကန့်ကွက်လိုက် ဖြစ်နေကြချိန်မှာ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတာကြီးရဲ့ လုပ်ပေါက်က ကြည့်ပါဦးဗျာ။ တကယ်ဆိုရင် လျှပ်စစ်မီတာခတွေကိစ္စကို အရင်ဆုံး လွှတ်တော်မှာ အကျေအလည် ဆွေးနွေးတာ၊ မေးခွန်းတွေ မေးမြန်းတာ၊ မီတာခတွေ မတက်သေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုတွေ တင်သွင်းတာတွေ လုပ်ရမှာပါ။ အခုတော့ ပြည်သူ့ကိုယ်စားလှယ်ကြီးများက သူတို့တွေ လစဉ် ၆ သိန်း ရဖို့အရေးကို အရေးတကြီး၊ အလေးထားပြီး ဆွေးနွေးကြတော့မယ်။ မီတာခတွေ ဈေးတက်တာ သူတို့နဲ့မှ မဆိုင်ဘဲကိုး။ မေးခွန်းလေး တစ်ခွန်း နှစ်ခွန်းမေးပြီး ၀န်ကြီးက ဈေးလျှော့ဖို့ အစီအစဉ်မရှိဘူးဆိုတာနဲ့ လွှတ်တော်က ငြိမ်ငြိမ်လေး ပြန်ထိုင်နေတာတော့ အလုပ်မဟုတ်ဘူး ထင်ပါရဲ့ဗျာ။ သူတို့အရေးများဆိုရင် ၀န်ကြီးမကလို့ သမ္မတကြီးကတောင် ဘယ်လောက်ပဲ မေတ္တာရပ်ခံသည်ဖြစ်စေ သူတို့လုပ်ချင်ရာ လုပ်ခဲ့ကြတာ မဟုတ်လား။ ထားပါတော့လေ။ ကျွန်တော် ဉာဏ်မမီတာတွေလည်း ရှိပေမပေါ့။

အခုလိုအချိန်မှာ မီတာခတွေ တိုးမြှင့်ကောက်ခံတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ နိုင်ငံတကာ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်တာတွေ၊ ဟိုပြဒီပြ အကြောင်းပြချက်တွေနဲ့ လုပ်ချင်တိုင်း မလုပ်သင့်ပါဘူး။ နိုင်ငံတကာမှာလို မြန်မာပြည်မှာ အနည်းဆုံး လုပ်ခလစာ ဥပဒေ ရှိပြီလား။ ပြဋ္ဌာန်းတဲ့ ဥပဒေတွေက နိုင်ငံတကာအဆင့် မမီသေးဘဲ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာ အဆင့်မမီသေးဘဲ၊ လျှပ်စစ်မီတာခကိုကျတော့မှ နိုင်ငံတကာဈေးနှုန်းအတိုင်း ကောက်ခံချင်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မိသားစုတစ်ခုရဲ့ လူနေမှုအဆင့်အတန်းဟာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ကျွန်တော်က ကောက်ချက်ချချင်ပါတယ်။ လျှပ်စစ်ဓာတ်အား လုံးဝအဆင်မပြေတဲ့ ရခိုင်ပြည်နယ်မှာ နေခဲ့ရသူ တာဝန်ထမ်းဆောင်ခဲ့ရသူ တစ်ယောက်အနေနဲ့ ရခိုင်ဒေသ ဘာဖြစ်လို့ ဖွံ့ဖြိုးမှုနောက်ကျရတယ်၊ ရခိုင်ဒေသခံတွေ ဘာဖြစ်လို့ မျက်စိပိတ်၊ နားပိတ် ဖြစ်နေရတယ်ဆိုတာကို ကိုယ်တွေ့မျက်မြင် ကြုံလာခဲ့သူပါ။ တီဗီမကြည့်ရ၊ ဂြိုဟ်တုမကြည့်ရ၊ ကွန်ပျူတာမသုံးရတဲ့ လူတွေရဲ့ဘ၀ဟာ ဒီနေ့လိုခေတ်မှာ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာ နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်ချင်းမစာတတ်ဘူးဆိုရင်လည်း တစ်ပတ်လောက်ပဲ တီဗီမကြည့်၊ စလောင်းမကြည့်၊ ကွန်ပျူတာမသုံးဘဲ နေကြည့်စေချင်ပါတယ်။ ပြောလိုတဲ့ လိုရင်းကတော့ မီတာခတွေ တိုးမြှင့်ကောက်ခံမှာကို ကျွန်တော်ကိုဉာဏ် လုံးဝသဘောမကျဘူး။ အစိုးရကို အမြဲတမ်း ကန့်လန့်တိုက်နေတဲ့ (ထိန်းကျောင်းတယ်ဆိုတဲ့ စကားလုံးနဲ့ မတန်ဘူးထင်လို့ မသုံးပါ) လွှတ်တော်က အခုကိစ္စမှာ နှာစေးမနေသင့်ဘူး။ ထိထိရောက်ရောက် တိုက်တွန်းတာ၊ မေးမြန်းတာတွေ လုပ်သင့်ပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေတွေကို တိုးမြှင့်ဖို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သဘောတူပါတယ်။ လုပ်သင့်တယ်လို့လည်း မြင်ပါတယ်။ သူ့ရာထူးနဲ့သူ ထိုက်တန်တဲ့ လစာရှိမှသာ (မက်လုံးရှိမှသာ) အဲဒီရာထူးအတွက် တာဝန်ယူမှု၊ တန်ဖိုးထားမှုတွေ ပိုလာမှာဖြစ်သလို အဲဒီရာထူးကို အသုံးချပြီး အကျင့်ပျက် ခြစားတာတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေအတွက်ပဲ စဉ်းစားခြင်းမပြုဘဲ အခြားသော ၀န်ထမ်းများအတွက်လည်း စဉ်းစားကြဖို့ လိုပါတယ်။ အခုဆိုရင် အပြင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေဟာ အင်မတန်မှ ကွာဟနေပါပြီ။ ဒါဟာ ၀န်ထမ်းတွေရဲ့ စိတ်ကို တစ်နည်းတစ်ဖုံ သိမ်ငယ်အောင် လုပ်နေသလိုပါပဲ။ အခုလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစာတွေကို တိုးမြှင့်ဖို့ လုပ်နေတယ်ဆိုတော့ အခုဆွေးနွေးမယ့် ဘဏ္ဍာရေးအသုံးစရိတ်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေတွေ တိုးမြှင့်တော့မယ့် ဆွေးနွေးမှုတွေ မြင်လာရတော့မယ်လို့ ယုံကြည်မိပါတယ်။ အခြားသော နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ လုပ်သားတွေအတွက်လည်း အနည်းဆုံးလုပ်ခလစာ ဥပဒေလေး အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် ကြိုးစားကြပါဦးလို့ လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ လွန်တာရှိရင် ၀န္ဒာမိပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်ပြီး၏။

Monday, November 04, 2013

ပုဒ်မ ၁၈ နဲ့ ပတ်သက်တဲ့ ကျွန်တော့်အတွေးတွေပါ


လူပြောသူပြော များနေတဲ့ ပုဒ်မ ၁၈ ကို ပယ်ဖျက်ဖို့အတွက် လွှတ်တော်မှာ လုပ်ဆောင်နေကြတယ် ဆိုတဲ့သတင်းတွေ ဖတ်ရပါတယ်။ အင်း... ဘယ်လိုပြောရမလဲ။ ကောင်းပါတယ်လား... ကြိုဆိုပါတယ်လား။ ကျွန်တော်က ပြောရင်လည်း မင်းက လူတတ်ကြီးလားတို့၊ ဘာတို့ ၀ိုင်းကစ်ကြဦးမယ်။ ကျွန်တော်တို့ မြန်မာတွေက ဘယ်လောက်များ ဥပဒေပါး မ၀သလဲဆိုရင် သူများပြောလို့သာ အဲဒီ ပုဒ်မ ၁၈ ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ မကောင်းဘူးဆိုပြီး ၀ိုင်းအော်ကြတာ။ တကယ်တမ်း အဲဒီ ပုဒ်မ ၁၈ ဟာ ဘယ်ဥပဒေက ပုဒ်မကို ပြောတာလဲလို့ အဲဒီလူတွေကို မေးကြည့်လိုက်။ ထားပါဗျာ... အဲဒါတွေ ပြောမနေတော့ပါဘူး။ ပြောလိုရင်းက ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးလိုက်ရုံနဲ့ ကြိုက်သလို ဆန္ဒပြလို့ရတယ်၊ ကြိုက်သလို စုဝေးလို့ရတယ်လို့ အယူမလွဲကြပါနဲ့လို့ ပြောချင်တာပါ။

သာမန်ပြော ပြောရမယ်ဆိုရင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ၃ ခု ရှိတယ်။
(၁) စုဝေးတာ၊ စီတန်းလှည့်လည်တာကို နှောင့်ယှက်ဟန့်တားတဲ့ လူတွေအပေါ် အရေးယူမယ့် ပြဋ္ဌာန်းချက်၊
(၂) ခွင့်ပြုချက်မယူဘဲ စုဝေးရင်၊ စီတန်းလှည့်လည်ရင် အရေးယူမယ့် ပြဋ္ဌာန်းချက် နဲ့
(၃) စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်တဲ့အချိန်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ရင် အဲဒီလူတွေကို အရေးယူမယ့် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။

အခု လွှတ်တော်မှာ ပယ်ဖျက်ဖို့ လုပ်နေတယ်ဆိုတာက နံပါတ် (၂) အချက်ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ စုဝေး၊ စီတန်းလှည့်လည်ရင် (တဲ့ပြောရရင် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြရင်၊ ဆန္ဒဖော်ထုတ်ရင်ပေါ့) အရေးယူမယ့် အချက်ကို ပြောတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့ ကွဲလွဲနေတဲ့အတွက်လို့ အင်တာဗျူးတွေမှာ နားထောင်ရတယ်။ ဘာမျှမပြောလိုပါဘူး။

ပုဒ်မ ၁၈ ကို ပယ်ဖျက်လိုက်ရင် အဲဒီဥပဒေဟာ သောက်တလွဲဥပဒေ ဖြစ်သွားပြီ။ ပုဒ်မ ၁၈ နဲ့ ချိတ်ဆက်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်တွေက အဲဒီဥပဒေမှာ အများကြီးပဲ။ ပုဒ်မ ၁၈ လေးတစ်ခု ပယ်ဖျက်ပြီး သူ့နောက်က ပုဒ်မတွေကို အစဉ် ပြန်ပြောင်းရုံနဲ့ကတော့ အဲဒီဥပဒေဟာ ဟာသဥပဒေ ဖြစ်လာမှာပါပဲ။ မြင်သာတဲ့ ဥပမာ တစ်ခုပေးရရင် ပုဒ်မ ၁၈ မှ မလိုတော့ရင် ပုဒ်မ ၁၀ နဲ့ ၁၁ က ဘာကိစ္စ အသုံးဝင်တော့မှာလဲ။ ခွင့်ပြုချက် ယူစရာမလိုဘဲ ဆန္ဒပြတယ်ဆိုမှတော့ သတ်မှတ်နေရာလည်း မရှိတော့ဘူး၊ သတ်မှတ်လမ်းကြောင်းလည်း မရှိတော့ဘူး။ သူရဦးအောင်ကိုလည်း ၂၀၁၅ နီးလာလေ သွေးပျက်လာလေ ဖြစ်နေသလား မပြောတတ်ဘူး။ ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး။

ပုဒ်မ ၁၈ မလိုတော့ဘူးဆိုရင် လုပ်ရမှာက အဲဒီဥပဒေကို ပြန်ရုပ်သိမ်းပြီး အသစ်ပြန်ရေးဆွဲတာပဲ။ ဆန္ဒဖော်ထုတ်လိုသူတွေ အနေနဲ့ ဘယ်လိုနေရာတွေကို ရှောင်ကြဉ်ရမယ်၊ အများပြည်သူကို အနှောင့်အယှက် မဖြစ်အောင် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ရမယ် အဲဒါတွေ ရေးပေါ့။ ပြီးမှ အဲဒါတွေ မလိုက်နာရင် ရင်ဆိုင်ရမယ့် ပြစ်မှုပြစ်ဒဏ်တွေကို ပြဋ္ဌာန်းပေါ့။ ဒါက ထွန်ကျူးတာလည်း မဟုတ်ဘူး၊ ရေခင်းပြတာလည်း မဟုတ်ဘူး၊ စာချတာလည်း မဟုတ်ဘူး။ ကျွန်တော်မြင်သမျှ ဉာဏ်မီသမျှနဲ့ ပြောကြည့်တာ၊ အကြံပြုကြည့်တာ။

အဲဒီိလိုမှ မဟုတ်ရင်တော့ မြန်မာပြည်နဲ့ အကိုက်ညီဆုံး ဥပဒေတစ်ခုကတော့
မိမိဆန္ဒရှိသည့် အချိန်တွင် မည်သည့်နေရာတွင်မဆို၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ ခွင့်တောင်းခံစရာ မလိုအပ်ဘဲ လွတ်လပ်စွာ ဆန္ဒပြနိုင်၊ လှည့်လည်အော်ဟစ်နိုင်သည်။ လုံခြုံရေး တာဝန်ရှိသူများကလည်း ဖမ်းချင်လျှင် ဖမ်းမည်၊ မဖမ်းချင်လျှင် မသိချင်ယောင် ဆောင်နေမည်။

အဓိကပြဿနာက ဆန္ဒပြတဲ့လူတွေက ခွင့်ပြုမိန့် မတောင်းချင်ဘူး။ ငြင်းပယ်တာတွေ၊ ကန့်သတ်တာတွေကို မလိုချင်ဘူး။ သူတို့ ဆန္ဒပြချင်တဲ့အချိန် ပြချင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ပြချင်တယ်။ လွှတ်တော်က ဒါကို ဖြည့်ဆည်းပေးချင်တယ်။ အင်း... ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက် ပြည်သူတွေက ဒင်းတို့တွေကြားမှာ ဘယ်လိုစိတ်ညစ်ရဦးမလဲ မသိပါဘူး။ ဆန္ဒဖော်ထုတ်တယ်ဆိုပြီး ကျွန်တော့်အိမ်ရှေ့မှာ ဟိုလူ့နာမည်အော်ပြီး အော်ဆဲလိုက်၊ ဒီလူ့နာမည်အော်ပြီး အော်ဆဲလိုက် လာလုပ်လို့ကတော့ အဲဒီကောင်တွေကို ထွက်ရိုက်မယ်။ ပြီးရင် ပုဒ်မ ၁၇ ကို ပယ်ဖျက်ပေးပါဆိုပြီး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ပစ်မယ်။ သမ္မတကြီးဆီကို စာရေးပစ်မယ်။ ဘာမှတ်နေလဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီတွင် ပြီး၏။

 
Web Statistics