လက်ရှိ အခြေအနေကိုကြည့်မယ် ဆိုရင် တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ဖြိုခွင်း ခံရတဲ့အတွက် လူသေဆုံးမှုတွေဖြစ်ခဲ့ပြီး စီမံကိန်း ရပ်စဲရေး တောင်းဆိုသံတွေလည်း တစ်ကျော့ပြန်ဖြစ်လာပါတယ်။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ယခင်ကိုးကန့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ် တဲ့ ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီး မီဒီယာအထက်မှာ ပြန်ပေါ် လာတာတွေ့ရသလို သူ့ရဲ့တစ်ချိန်က လောက်ကိုင်ဒေသ ကို ပြန်သိမ်းမယ်ဆိုတဲ့အသံတွေလည်း ထွက်ပေါ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို အစိုးရတပ် မတော်ကနေ ဖမ်းဆီးမှုတွေလည်း ပေါ်ပေါက်လာခဲ့ ပါတယ်။ သစ်ကိစ္စမှာဆိုရင်လည်း ပြေလည်အောင်ဖြေ ရှင်းဖို့ တရုတ်ဘက်က ပြောဆိုလာတာတွေလည်း ရှိ နေပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုဖျက်သိမ်းဖို့ တောင်းဆိုလာတာ၊ ထိခိုက်အောင် ကြိုးပမ်းလာတာတွေရဲ့ အကျိုးဆက် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုတွေအဖြစ် ရှုမြင်ကြတာတွေလည်း ရှိပါတယ်။
၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာရဲ့ စူပါပါဝါဖြစ်လာတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံသင့်တယ်။ ဘယ်အရာတွေကို ရှောင်ကြဉ်သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ စာရေးဆရာဦးကျော်ဝင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတွေအကြား နိုင်ငံတကာဆက်ဆံရေးကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ပေါင်း ၂ဝကျော်ကာလအတွင်း တရုတ်နိုင်ငံနဲ့ဆက်ဆံရေး တ အားကောင်းခဲ့တာတွေ့ရတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ဆက် ဆံရေးက ကောင်းမွန်ခဲ့တာမရှိဘူး။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ အနောက်နိုင်ငံနဲ့ဆက်ဆံရေး ကောင်းမွန်လာအောင် ကြိုးစားတာတွေ့ရတယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ကတော့ ပုံမှန်ဆက်ဆံရေးရှိတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောရမှာဖြစ်ပေမယ့် တစ်ခါတစ်ခါကျရင်လည်း မြန်မာအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်လာတဲ့အပေါ်မှာ စိုးရိမ်မှုရှိတဲ့ အခြေအနေမျိုးတွေ တွေ့လာရတယ်လို့ လေ့လာသူတွေက ဆိုကြတယ်။ လက်ရှိအခြေအနေမှာ တရုတ်နဲ့မြန်မာတို့ အကြားက ဆက်ဆံရေးက ကောင်းမွန်မှုရှိနေတာ တွေ့ရသလား။ ဘယ်လိုအခြေအနေ ရောက်နေသလဲဆိုတာကို အရင်ဆုံး စပြီး ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ အရင်အစိုးရလက်ထက်အခြေအနေက စ ပြောတာပေါ့။ အဲဒီကာလတုန်းက မြန်မာအစိုးရရဲ့ အဓိကပြဿသနာက နိုင်ငံတကာက ဝိုင်းပယ်ခံထားရတဲ့ အနေအထား။ သူကလည်း ရေနစ်တဲ့ လူလိုပဲ။ သူ့ရဲ့ ရပ်တည်ရှင်သန်မှုအတွက် ကောက်ရိုးတစ်မျှင်ကအစ သူ့ ရဲ့ အားကိုးရာပဲ။ တရုတ်ပြည်ကျတော့ သူ့ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက သိပ်မြင့်တယ်ဗျ။ အမေရိကန်နဲ့ ဥရောပတို့ ကြုံခဲ့တဲ့နှုန်းထက် ပိုမြင့်တယ်။ ပျမ်းမျှ တစ်နှစ်ကို ခုနစ်ရာခိုင်နှုန်းနဲ့ ရှစ်ရာခိုင်နှုန်းလောက် အထိကို မြင့်တယ်။ အဲဒီတော့ အဲဒီလောက်မြင့်တဲ့ စီးပွားရေး မြန်နှုန်းကို ဖြည့်ပေးနိုင်တဲ့ ကုန်ကြမ်းနဲ့ လောင်စာဆီက သူ့ ပြည်တွင်းမှာ မလုံလောက်တော့ဘူး။ အဲဒီတော့ သူ့အတွက် ကုန်ကြမ်းလောင်စာက သိပ်အရေးကြီးလာတယ်။ ဒီကုန်ကြမ်းလောင်စာကို ဈေးပေါပေါနဲ့ ရနိုင်မယ့် အရင်းမြစ်တစ်ရပ်က ဘာလဲဆိုတော့ မြန်မာဖြစ်နေတယ်။ ဒါက လတ်တလော လိုအပ်ချက်ပေါ့။ တောက်လျှောက် လိုအပ်ချက်က တရုတ်ရဲ့ ပြသနာက အမေရိကနဲ့ မတူတာက အမေရိကက သမုဒ္ဒရာနှစ်စင်း ရှိတယ်။ အကျိုးဆက်က ယေဘုယျအားဖြင့် ဖွံ့ဖြိုးမှုက တစ်ပြေးညီတယ်လို့ ပြောလို့ရတယ်။ တရုတ်အဖို့ကတော့ ကမ်းရိုးတန်းဒေသပဲ ဖွံ့ဖြိုးလာပြီး ကုန်းတွင်းပိတ်က အရေးကြီးတယ်။ ဒါကြောင့် ဒုတိယသမုဒ္ဒရာ ရှာပုံတော် ဖွင့်လာတယ်။ ဒီ မတိုင်ခင်ကတော့ ပစိဖိတ်သမုဒ္ဒရာကိုပဲ အားကိုးရတာပေါ့။ သူ့ရဲ့ပို့ကုန်သွင်းကုန်တွေကိုလည်း ပစိဖိတ်လမ်းကြောင်းကိုပဲ အားကိုးနေရတာ။ ဒီပစိဖိတ်ကလည်း အချိန်မရွေး ပျက်သွားနိုင်တယ်။ ပစိဖိတ်ကို လွှမ်းမိုးထားတာက အမေရိကန်ရေတပ်။ တရုတ်အတွက် သိပ်အရေးကြီးတာတစ်ခုက ဒုတိယသမုဒ္ဒရာ ရှာဖို့လမ်းကြောင်း ဒီလမ်းကြောင်းကလည်း နဂိုကတည်းက တရုတ်အနေနဲ့ လုပ်ဖို့ရှိတယ်ဆိုတာ ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာပြည်ကိုဖြတ်ပြီးမှ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ရဖို့။ ဒီထွက်ပေါက် ရဖို့ကလည်း တရုတ်အတွက် အရေးကြီးတယ်။ လက်ရှိတရုတ်ရဲ့စီးပွားရေးကို ထိန်းထားနိုင်ဖို့အတွက်က မြန်မာပြည်က သိပ်ပြီးကို အရေးကြီးလာတယ်။ တရုတ်က အဲဒီအချိန်မှာ မြန်မာပြည်ကို အပူတပြင်း လိုအပ်တယ်။ မြန်မာပြည်ကလည်း ရေနစ်နေတယ်ဆိုတော့ ဒီအနေအထားအောက်မှာ အထူးသဖြင့် တရုတ်နဲ့ မြန်မာအကြား စီးပွားရေး ဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့် ရောက်သွားတယ် ထင်ပါတယ်။ သို့သော် ဒီအနေအထားကြီးက လက်ရှိအခြေအနေမှာ တစ်စုံတစ်ရာ ပြောင်းသွားတယ်။ မြန်မာပြည်က ခေါင်းဆောင်တွေဘက်ကလည်း တစ်စုံတစ်ရာ စဉ်းစားထားဟန် ရှိကြတယ် ထင်ပါတယ်။ ICG အဖွဲ့ကလည်း ထောက်ပြထားတယ်လေ။ မြန်မာဟာ တရုတ်အပေါ် တစ်ဖက်သတ် မှီခိုထားတဲ့ အနေအထားကို သိပ်မကြိုက်ဘူး။ အဲဒါလည်း ဖြစ်နိုင်မယ်ထင်တယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ အပေါ်ယံ အဆင်ပြေသလို ရှိပေမယ့် နောက်ပိုင်းမှာ အဆင်မပြေဘူး။ နယ်စပ်ပြသနာ ရှိတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးရှိတယ်။ အဲဒီတော့ သိပ်အဆင်ပြေလှတယ်တော့ မဟုတ်ပါဘူး။ တရုတ်အပေါ်မှာ နောက်ပိုင်း တစ်ဖက်သတ် မှီခိုရတဲ့ အခြေအနေကို မြန်မာရဲ့ တပ်မတော်ခေါင်းဆောင်တွေက သိပ်ပြီးတော့ သဘောကျဟန် မတူဘူး။ အိုင်စီဂျီ က အဲဒီအတိုင်းကို ကောက်ချက်ချတယ်။ တရုတ်ကို အလွန်အကျွံ မှီခိုရမှုကို လျှော့ချဖို့ဆိုရင် အနောက်နဲ့ ဆက်ဆံဖို့လိုတယ်။ အဲဒီလို ဆက်ဆံဖို့ဆိုရင် ပြောင်းလဲရေး က မလုပ်လို့ မဖြစ်ဘူးဆိုတာ သိထားတော့ ဒီကိစ္စဟာ ပြုပြင်ပြောင်းလဲဖို့အတွက် စေ့ဆော်မှုတစ်ခု ဖြစ်နိုင်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ အလှည့်အပြောင်းက ဒါနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ICG အဖွဲ့က ကောက်ချက်ချ ထားတာလည်းရှိတော့ အရင်လို isolated အနေအထားတော့ မဟုတ်တော့ဘဲ အမေရိကန်နဲ့ အနောက်အုပ်စုနဲ့ တစ်စုံတစ်ရာ ဆက်ဆံရေးလမ်းကြောင်း ပွင့်လာတာပေါ့။ အဲဒီအပေါ်မှာ တရုတ်ဘက်ကလည်း စိုးရိမ်ပူပန်မှု ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရသစ် လက်ထက်ကစလို့ တရုတ်မြန်မာ ဆက်ဆံရေးဟာ အရင်အစိုးရ လက်ထက်ကလောက်တော့ မကောင်းဘူးထင်တယ်။
မေး။ ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်နေဆဲပဲ။ ဒါပေမဲ့ တော်တော်များများက ၂ဝ၁ဝ ရှေ့ပိုင်းက ရင်းနှီးမြှုပ်နှံခဲ့တာတွေ ဖြစ်နေတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ဂျပန်ဝင်လာတယ်။ အနောက်နိုင်ငံတွေ ကလည်း ဝင်လာတာရှိတော့ တရုတ်အနေနဲ့ကတော့ အရင်က သူ့အနေနဲ့ သီးသန့်ဆိုသလို ရနေတဲ့ အနေအထားကနေ ခု လို ပြိုင်ဘက်တွေ ပေါ်လာတဲ့အချိန်မှာ သူ့အနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိလာနိုင်သလဲ။ နောက်တစ်ချက်ကတော့ တစ်ပြိုင်နက်တည်းမှာလိုပဲ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ လူထုကနေ ကန့်ကွက်မှုတွေ များလာတဲ့အချိန်မှာ အဲဒီအကျိုးဆက်ကရော ဘာတွေများ ဖြစ်နိုင်သလဲ။
ဖြေ။ ။ စောစောက ပြောသလိုပေါ့ဗျာ။ အရင်က တရုတ်မြန်မာချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ်တော်တော် များများမှာ မြန်မာက အောက်ကြေးနဲ့ပဲချုပ်ခဲ့ရတာ။ တရုတ်က သိပ်သဘောကျတာပေါ့။ သို့သော် အရင်အချိန်ကတော့ ကျွန်တော်တို့ လူထုကလည်း မကျေနပ်ချက်တွေကို ဖော်ထုတ်ဖို့ အခွင့်မသာဘူး။ နိုင်ငံတကာကလည်း အဆက်ဖြတ်ထားတယ်။ အခုတော့ အပြောင်းလဲတွေက တစ်စုံတစ်ရာ ဖြစ်လာခဲ့ပြီဆိုတော့ ဒီမျှတမှု မရှိတဲ့ စာချုပ်တွေကို ဝေဖန်မှုတွေ ရှိလာတယ်။ နိုင်ငံတကာနဲ့လည်း အဆက်အသွယ် ရလာပြီဆိုတော့ ရှေ့ဆက်ပြီးတော့ တစ်ဖက်သတ်ကျတဲ့ စာချုပ်တွေ ချုပ်ဆိုဖို့ကတော့ မလွယ်တော့ဘူး ထင်တယ်။ အဟောင်းတွေကိုလည်း ဆက်အကောင်ထည်ဖော်ဖို့က တော်တော်များများ ပြသနာရှိတယ်။ အထူးသဖြင့် မြန်မာအစိုးရက မလွှဲမရှောင်သာ စဉ်းစားရမှာက ပြည်သူလူထုက လက်မခံဘူးဆိုတာကို ဖြစ်တယ်။ ဒီအနေအထားတွေအောက်မှာ ရှေ့ဆက် ဆိုးဆိုးရွားရွား ဖြစ်မသွားပေမယ့် အရင်ကလောက် မကောင်းနိုင်တော့ဘူး။ ဒါကြောင့် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက အရင်ကလောက် မကောင်းနိုင်တော့ဘူး။ အဲဒီတော့ အရေးကြီးတာက ဟာသွားတဲ့ ရင်းနှီးမြှုပ်နှံမှု နေရာတွေမှာ ဘယ်က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖြည့်ရမလဲဆိုတာ စဉ်းစားရမယ် ဒါကတစ်ချက်။ နောက်တစ်ချက်က တရုတ်နဲ့ လွန်သွားခဲ့တဲ့ စာချုပ်ဟောင်းတွေကိုရော ဘယ်လို ရင်ဆိုင်ကြမလဲ။ လုံးဝ ဖျက်သိမ်းပစ်မှာလား။ ဒါမှမဟုတ် ဒီအတိုင်း ဆက်သွားမလား။ ဒါမှမဟုတ် တတ်နိုင်သလောက် စေ့စပ်ညှိနှိုင်းပြီးတော့ အထိုက်အလျောက် မျှတအောင် စာချုပ်တွေကို ပြင်ပြီးမှ သွားမလား။ သုံးခုရွေးစရာ ရှိတာပေါ့လေ။ ပြည်သူ့ဆန္ဒကတော့ လုံးဝဖျက်သိမ်းဖို့မှာ ရှိလိမ့်မယ်ထင်တယ်။ အရင်အစိုးရနဲ့ ချုပ်ဆိုစဉ်က အကျိုးစီးပွား တစ်စုံတစ်ရာရှိတဲ့ အင်အားစုတွေဘက်ကတော့ ဘာမှ မပြောင်းလဲဘဲ ဒီအတိုင်း ဆက်သွားဖို့ လိုလားမှာပဲ။ နှစ်ခုစလုံးက အန္တရာယ်ရှိတယ်။ ပထမတစ်ခု လုံးဝဖျက်သိမ်းတာမျိုး လုပ်လိုက်ရင် ကျွန်တော်တို့က တရုတ်ပြည်က လာနိုင်တဲ့ ပထဝီနိုင်ငံရေး အန္တ ရာယ်တွေ ကြုံရလိမ့်မယ်။ နောက်တစ်ခါ စာချုပ်တွေအတိုင်း အပြောင်းအလဲမရှိဘဲ ဆက်သွားမယ်ဆိုရင် လူထုရော တိုင်းပြည်ပါ သိပ်နစ်နာတယ်။ ပေါက်ကွဲသင့်တဲ့ အခြေအနေ ဖြစ်နိုင်တယ်။ အဲဒီတော့ ကြားအဖြေတစ်ခု အနေနဲ့ တတ်နိုင်သမျှ ညှိနှိုင်းပြီး စာချုပ်တွေကို ပြင်ဆင်ချုပ်ဆိုတာတွေ ဖြစ်နိုင်သလောက် မျှတအောင်လုပ်ပြီး ဆက်သွားရအောင် လုပ်ရလိမ့်မယ်။ ချုပ်ပြောရင်တော့ လက်ပံတောင်း အစီရင်ခံစာမျိုးနဲ ပြောင်းတာ အသင့်တော်ဆုံးပဲ။
မေး။ ။ လက်ပံတောင်းအနေနဲ့ပြောရရင် အစီရင်ခံစာကတော့ ဟုတ်တယ်။ အကောင်ထည်ဖော်ရာမှာ နှောင့်နှေးတဲ့အတွက် ပြဿနာတွေ ပဋိပက္ခတွေ ဖြစ်နေရတာတွေရှိတယ်လို့ ဆိုကြတယ်။ အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းသင့်သလဲ။
ဖြေ။ ။ကျွန်တော့်အမြင်ပြောရရင်တော့ လက်ပံ တောင်းအစီရင်ခံစာညွှန်းတဲ့လမ်းကြောင်းဟာ ဖြစ်သ မျှ အခြေအနေမှာ အကောင်းဆုံးလမ်းကြောင်းလို့ ကျွန် တော်ထင်တယ်။ ဒါပေမဲ့ ဖြစ်သမျှ အခြေအနေတွေ ပြ ဿနာတွေကို အပြီးပြတ် မဖြေရှင်းနိုင်ရတာကတော့ လက်ပံတောင်းအစီရင်ခံစာ အကောင်ထည်ဖော်ရေး ကော်မတီမှာ ပိုတာဝန်ရှိလိမ့်မယ် ထင်တယ်။ ဘယ်အ ပိုင်းမှာ အားနည်းသလဲ တစ်ဖက်က ဒေသခံတွေ မကျေ နပ်တာက ဘာလဲ။ အထူးသဖြင့် မြေယာပြဿနာ။ မြေယာတွေ သိမ်းခံရတာ ဟုတ်တယ်။ ထိုက်သင့်တဲ့လျော်ကြေး ပေးရမယ်။ လျော်ကြေးဆိုတဲ့နေရာမှာ ငွေကြေး ပေးရုံနဲ့ လုံလောက်ချင်မှ လုံလောက်မယ်။ မြေဈေးတွေက တက်နေတာကိုး။ မြေယာအစားပေးမှုတွေ ရှိသလား။ ဒါတွေကိုတော့ ပြန်စိစစ်ဖို့လိုလိမ့်မယ်။ အစီရင်ခံစာညွှန်း တာကို လက်တွေ့မှာ ပီပီပြင်ပြင်အကောင်ထည်ဖော် ဖို့လိုတယ်။ ဒေသခံတွေဘက်ကလည်း ဖျက်သိမ်းရေး ဆိုတာထက် စေ့စပ်ညှိနှိုင်း အဖြေရှာရေးကို မျက်နှာမူဖို့ လိုလိမ့်မယ်။ နှစ်ဖက်စလုံး တင်းကြရင်တော့ ပြေလည်မှု ဘယ်တော့မှ ရမယ်မထင်ဘူး။
မေး။ ။ လက်ပံတောင်းကိစ္စ ပေါ်လာပြီး မကြာခင်မှာပဲ ကချင် ပြည်နယ်ဘက်မှာ သစ်ကိစ္စတွေ ပေါ်လာတယ်။ တစ်ဖက်ကလည်း တရုတ်တွေ အဖမ်းခံရသလို အစိုးရကလည်း ကေအိုင်အိုလို အဖွဲ့အစည်းကို အပြစ်တင်တယ်။ နောက် ထပ်ပြီးတော့ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် က တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုနဲ့ အင်တာဗျူးလုပ်ပြီး မီဒီယာအထက် ပြန်ရောက်လာတယ်။ ဒီကိစ္စတွေက တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးတွေနဲ့ ဆက်စပ်နေတဲ့သဘောလား။
ဖြေ။ ။ အတိအကျကတော့ အချက်အလက်အပြည့် အစုံမရှိတော့မပြောနိုင်ဘူး။ မှန်းဆချက်အရတော့ ပတ်သက်လိမ့်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၃ တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားပြီးတဲ့နောက် ပျက်ခါစ ဖဆပလ ခေါင်းဆောင်ဟောင်း ဦးဗဆွေ ပြောဖူးတာရှိတယ်။ မြန်မာပြည် ပြည်တွင်းစစ် ရပ်စဲရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ပေါ့။ အဲဒီတုန်းကတော့ စစ်အေးခေတ်ဆိုတော့ အဲဒီခေတ်က အခြေအနေကို မူတည်ပြောတာပေါ့။ အရှေ့အုပ်စု အခြေအနေ မပြောင်းသရွေ့ လက်နက်ကိုင်တွေနဲ့ ပြသနာရှင်းဖို့ ခက်ပါလိမ့်မယ်ပေါ့လေ။ အနောက်အုပ်စု မူဝါဒ မပြောင်းသရွေ့လည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေနဲ့ ပြသနာတွေကို ရှင်းဖို့ခက်လိမ့်မယ်လို့လည်း သူက ပြောခဲ့တယ်။ အဲဒီစကားပြောခဲ့တာက စစ်အေးခေတ်ပေါ့ဗျာ။ အခုက စစ်အေးခေတ် မရှိတော့ဘူးဆိုပေမဲ့ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုတွေကလည်း ရှိနေတယ်။ တချို့ကတောင် ဒုတိယစစ်အေး အန္တရာယ်လို့တောင် ပြောနေကြတာတွေ ရှိတယ်။ ကျွန်တော်ကတော့ အဲဒီအယူအဆတွေ အခုထိ အသက်ဝင်နေဆဲလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်အစိုးရ လက်ထက်က အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရာမှာ ကေအင်န်ယူက ကျန်နေခဲ့တယ်။ တစ်ခါ အဲဒီတုန်းက ကျွန်တော်တို့နဲ့ အနောက်အစိုးရနဲ့ ဆက်ဆံရေး မကောင်းဘူး။ အခုတစ်ခါ ကြည့်ပြန်တော့ အဓိက အဖုအထစ် ဖြစ်တာက ကေအိုင်အေ။ အဲဒီမှာလည်း တရုတ်ပြည်နဲ့ ဆက်ဆံရေးက တစ်စုံတစ်ရာ ယိုယွင်းလာတာက ရှိတယ်။ ဒါတွေကို ဆက်စပ်ကြည့်မယ်ဆိုရင် ပထဝီနိုင်ငံရေး သက်ရောက်မှုဖြစ်နိုင်တယ်။ တရုတ်ပြည်က သစ်လာထုတ်တာတွေကို အစိုးရက ကိုင်တွယ်လိုက်တဲ့ကိစ္စတို့ ကိုးကန့်ခေါင်းဆောင်ကို ပွဲထုတ်လာတာ လက်ပံတောင်းမှာ အရေးအခင်း ပြန်ပေါ်လာတာတွေက ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် နိုင်ငံရေးအရ တစ်ဖက်နဲ့ တစ်ဖက် တွန်းထိုးကစားကြတာတွေလည်း ဖြစ်နိုင်တယ် ထင်တယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ပထဝီနိုင်ငံရေးအရတော့ ပတ်သက်လိမ့်မယ် ထင်တယ်။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နယ်မြေအလိုက် ခွဲခြားကြည့်မယ်ဆိုရင် တောင်ပိုင်းအဖွဲ့တွေက ငြိမ်သွားတယ်။ မြောက်ပိုင်းအဖွဲ့တွေက တစ်စုတစ်စည်းတည်းလို ပြန်ဖြစ်လာတယ်။ ပထဝီနိုင်ငံရေး ကိစ္စတွေရှိတယ်။ အမျိုးသားနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေရှိတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း ၆ဝ ကျော်ကြာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု တိုက်ပွဲတွေကလည်း ရှိနေတော့ အဲဒီအနေအထား တစ်ရပ်မှာ အစိုးရအနေနဲ့ ဘယ်လိုမူဝါဒတွေချမှတ်ပြီး အကောင်ထည်ဖော် ဖြေရှင်းသင့်သလဲ။ ပြည်တွင်းစစ် မီးငြိမ်းဖို့ အပါအဝင်ပေါ့လေ။
ဖြေ။ ။ အမှန်ကတော့ သမားရိုးကျ အတွေးအမြင်ပါ ပဲ။ ဒါပေမဲ့ လက်တွေ့ကျတယ်လို့ ထင်တယ်။ ပြင်ပအန္တ ရာယ်ကို အကောင်းဆုံး ကာကွယ်နည်းက ပြည်တွင်း ပြဿနာကိုဖြေရှင်းပြီး ပြည်တွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်တာလို့ ထင်တယ်။ အဲဒီတော့ ကျွန်တော် တို့အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်နိုင်မယ် ပြည်တွင်းစစ်မီးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် ပြင်ပကလာနိုင်မယ့်ပထဝီနိုင်ငံရေး သက်ရောက်မှုတွေကို အလွယ်တကူ ကျော်လို့ရမှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်က ပဋိပက္ခတန်းလန်းနဲ့ ဆိုလို့ရှိရင် တရုတ်ပြည်မှ မဟုတ်ဘူး။ ဘယ်နိုင်ငံကနေပဲဖြစ်ဖြစ် သူတို့ရဲ့ ကစားမှုတွေကို ကျွန်တော်တို့ ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အရင်အာရုံစူးစိုက်ပြီး လုပ်သင့်တာကတော့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ။
မေး။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ကိစ္စမှာ ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းတာက ဖက်ဒရယ်ပြည်ထောင်စုလို ကိစ္စတွေဖြစ်တယ်။ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ဗဟိုချုပ်ကိုင်မှုကနေ ဖြေလျှော့ပေးခြင်း Decentralization လုပ်ဖို့တို့ ပြည်နယ်တွေ တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကနေ ရွေးဖို့ စတဲ့ ကိစ္စတွေမှာတောင် ခက်ခဲနေတဲ့ အနေထားမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ နီးစပ်နိုင်ပါ့မလား။
ဖြေ။ ။ အဲဒီတော့ ဖက်ဒရယ်ဆိုတဲ့ကိစ္စပေါ့။ ယေဘု ယျကတော့ လက်ရှိအစိုးရ ခေါင်းဆောင်တွေကော လူ မျိုးစုခေါင်းဆောင်တွေကော ဖက်ဒရယ်ကို လက်ခံတယ် ဆိုတာတော့ တူညီချက်ရှိသွားပါပြီ။ သို့သော် ဘယ် လိုဖက်ဒရယ်မျိုးလဲ ဆိုတာကတော့ အငြင်းပွားမှုတွေရှိ နေပါတယ်။ ဒါကတော့ ညှိဖို့လိုလိမ့်မယ်။ သီအိုရီအရ ကို အငြင်းပွားမှုရှိတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ဆောင်း ပါးတစ်ပုဒ်ပေါ့။ ကြာပါပြီ။ Journal of Democracy မှာပါတာကြာပါပြီ။ ဆောင်းပါးနာမည်က Federalism US Model ဆိုတာ။ အခုနောက်ပိုင်း စစ်အေးခေတ် နောက်ပိုင်းမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ကြိုးစားလာ ကြတာက နိုင်ငံတော်တော်များများက အမေရိကန်ပုံစံ ဖက်ဒရယ်ကိုသွားပြီး မျက်စိကျကြတယ်။ US ရဲ့ ကနဦး မော်ဒယ်ပေါ့ဗျာ အတိအကျပြောရရင်တော့ Coming together Federalism ပေါ့ဗျာ။ ဒါကဆိုလိုတာကတော့ ပေါ်ပေါက်လာတာကတော့ မူလပုံစံကိုမူတည်ပြီးတော့ ခွဲတဲ့နည်းလမ်းပါ။ သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စု က တစ်သီးတစ်သန့်လွတ် လပ်တဲ့ ပြည်နယ်တွေ ကိုလိုနီဟောင်းပြည်နယ်တွေက စတာ။ အဲဒီအထဲမှာ ပြည်နယ်တချို့က Confederation နဲ့သွားချင်တယ်။ တချို့က ဖက်ဒရေးရှင်းနဲ့သွားချင်တယ်။ အဲဒီပဋိပက္ခကို စေ့စပ်ညှိနှိုင်းမှုနဲ့ ဖြေရှင်းတော့ အဖြေရ တယ်။ တစ်နည်းပြောရရင်တော့ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်းဂိုဏ်းအကြား ဆွေးနွေးညှိနှိုင်းပြီးမှရတဲ့ အဖြေ။ အဖြေရဲ့ထူးခြားချက်က ကြားအဖြေမရရင် ပြည် နယ်တွေခွဲထွက်နိုင်တဲ့ အန္တရာယ်ရှိတော့ တစ်ဖက်က အလျှော့ပေးစေ့စပ်ရတာရှိတယ်။ ဒီတော့ အဲဒီမှာ Decentralize Federal ပေါ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် တွေ ပိုပေးရတဲ့ပုံစံပေါ့။ အတူယှဉ်တွဲနေထိုင်ရေး coming together federal ဆိုပြီး ဒီပုံစံကို နာမည်ပေးကြတယ်။ တော်တော်များများက US မိုဒယ်အတိုင်း လိုက်ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့လို လူမျိုးပေါင်းစုံစုစည်းနေ ထိုင်နေကြတဲ့ တိုင်းပြည်တွေမှာ တစ်ခါတစ်ခါ coming together မိုဒယ်နဲ့ ကိုက်ချင်မှ ကိုက်လိမ့်မယ်။ အဲဒီတော့ Alternative အနေနဲ့ ဘာစဉ်းစားလဲဆိုတော့ အဲဒါက အိန္ဒိယမိုဒယ်ပေါ့။ Holding together ပေါ့။ လူမျိုးစု အင်အားစုတွေမှာလည်း လက်နက်ကိုင်အင်အားစုတွေ ရှိနေချိန်မှာ တစ်ပြည်ထောင်စနစ် ကျင့်သုံးလိုက်ရင် ပြည် တွင်းစစ်တို့ ပဋိပက္ခတို့ ဖြစ်နိုင်တယ်ဆိုတာ အိန္ဒိယမှာ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေက သဘောပေါက်တယ်။ ဒါကြောင့် သူကလည်း Unitary မသုံးဘဲ ဖက်ဒရယ်သုံးတယ်။ အများစုလူမျိုးစုက ဦးစီးဦးဆောင် လုပ်သွားတဲ့အတွက်ကြောင့် သူဟာ အမေရိကန်ပုံစံနဲ့ မတူဘူး။ Decentralize မဟုတ်ဘဲ Centralize ပုံစံနဲ့ သွားတယ်။ အတူပေါင်းစည်းရေး ဖက်ဒရယ်လို့ သတ်မှတ်ကြတယ်၊ အဲဒီပုံစံမျိုးနဲ့ သွားတာက လက်တွေ့မှာ ပိုပြီး နီးစပ်နိုင်လိမ့်မယ် ထင်တယ်ဆိုတဲ့ ယူဆချက်တစ်ခု ရှိတယ်။ ဒါကတော့ သီအိုရီဆန်တာပေါ့။ အကျေအလည် ဆွေးနွေးကြမယ်ဆိုရင်တော့ ဘယ်လိုဖက်ဒရယ်လဲ ဆိုတာ ရမယ်ထင်ပါတယ်။ လက်တွေ့ကျကျ ပြောရရင်တော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့လေ။ ဖက်ဒရယ်သဘော ဆောင်တာတွေပါတယ်။ power sharing အဲဒီလို ပြောရရင်တော့ အခွန်နဲ့ ပတ်သက်တဲ့ ဇယားတွေလည်း ပါတာပေါ့လေ။ သဘာဝအရင်းအမြစ် သယံဇာတ ခွဲဝေမှုကတော့ မပါဘူး၊ အမှန်တော့ ပါသင့်တယ်ပေါ့လေ။ power sharing နဲ့ ပတ်သက်လို့ တရားဝင် ဖော်ပြထားတဲ့ အချက်တွေပါတယ်။ ဒါဟာ ဖက်ဒရယ်ရဲ့ လက္ခဏာတစ်ရပ်ပဲ။ ဒါပေမဲ့ အာဏာခွဲဝေမှုကို ဖော်ပြထားတဲ့ ဇယားတွေပေါ့ အဲဒီ ဇယားတွေက လူမျိုးစုအမြင်အရ တစ်ဖက်စောင်းနင်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါတွေကို ပေးထားချက်အရ ယူပြီးတော့ နှစ်ဖက်ညှိနိုင်ရင် နှစ်ဖက်သဘောတူတဲ့ အာဏာခွဲဝေမှု ရနိုင်ပါတယ်။ တိတိကျကျပြောရရင် ဇယား (၁)၊ (၂)နဲ့ ဇယား (၅) အခွန်ကောက်ခံခွင့်နဲ့ ပတ်သက်တဲ့ ဇယားတွေ။ သို့သော် ဟာနေတာက သယံဇာတခွဲဝေမှု မပါဘူး။ အဲဒါက ၂ဝဝ၈ လည်း မပါခဲ့ဘူး။ ၄၇ ဖွဲ့စည်းပုံမှာလည်း မပါခဲ့ဘူး။ အဲဒီ resources sharing ကို ကျွန်တော်တို့ ကြားသိသလောက်ကတော့ လက်ရှိခေါင်းဆောင်တွေ တင်းတင်းမာမာ ခုခံတဲ့သဘော မရှိဘူး။ ခုနက အာဏာခွဲဝေမှုမှာ Resources share တွေ ဇယားတွေကို အကျေအလည် ဆွေးနွေးပြီးရင် ညှိနှိုင်းလို့ရမယ် ထင်ပါတယ်။ နောက်တစ်ခုကတော့ အနည်းငယ် အငြင်းပွားမှုဖြစ်နိုင်မယ် ထင်ပါတယ်။ ပြည်နယ် (သို့မ ဟုတ်) တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သမ္မတက ခန့်တဲ့ကိစ္စပါ။ လူမျိုးစုတွေရဲ့ အမြင်မှာ ဒါဟာ တစ်ပြည်ထောင် စနစ်ဘက်ကို ပြန်လည်သွားတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒီကိစ္စ အတွက်လည်း နိုင်ငံတကာ အတွေ့အကြုံတွေကို အခြေခံပြီး တီထွင်မှုရှိရှိ စဉ်းစားပြီး ကိုယ့်တိုင်းပြည်နဲ့ ပြေလည်မှုရှိမယ့် နည်းလမ်းကို ရှာနိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ အိန္ဒိယမှာ ပြည်နယ်လွှတ်တော်ကပဲ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးခွင့်ပေးတယ်။ တစ် ဖက်က ဗဟိုအစိုးရကလည်း ဗျူရိုကရေစီနဲ့ ထိန်းထားတယ်။ သို့သော် ဒါက နည်းတစ်နည်းပေါ့။ တခြားနည်းတွေလည်း ရှိတယ်။ ပြောချင်တာက လက်တွေ့ကျကျ စဉ်းစားရင် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်လို့ ရနိုင်ခြေရှိတဲ့ အချက်တွေကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ပေးလိုက်နိုင်ရင် ပိုကောင်းမယ် ထင်တယ်။ ကျန်တဲ့ Controlersial issue တွေ အဖြေရဖို့ ခက်တာတွေကိုတော့ အလွတ်သဘော ညှိပြီး အချိန်တစ်ချိန်ကျမှ ပြန်စဉ်းစားတာ ကောင်းလိမ့်မယ်။ တပ်ကိစ္စတွေ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါင်းစည်းရေးကတော့ အဆင့်တွေရှိတယ်။ အခုသွားနေတာက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဒီမှာ တစ်ခံနေတာ။ ဒါပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ။ ဒီမှာ တစ်ခံနေ တာ။ လုပ်ရမှာက အရေးကြီးတဲ့ နိုင်ငံရေးပြသနာတွေ ရှင်းကြရမှာ။ အဲဒါတွေ ရှင်းပြီးလို့ တတိယအဆင့် ရောက်မှပဲ တပ်ပေါင်းစည်းရေး ကိစ္စတွေ လုပ်ရမှာ။ တပ်ပေါင်းစည်းရေးက နိုင်ငံတကာ အတွေ့အကြုံအရပြောရင် အနည်းဆုံး ဆယ်စုနှစ်ချီ ကြာနိုင်တယ်။ အဲဒီဟာတွေကို အဆောတလျင် မကိုင်တွယ်ဖို့ လိုလိမ့်မယ်။ အရင်ဆုံး အပစ်ရပ်ရမယ်။ အကုန်လုံး မရနိုင်ရင်တောင် ရသလောက်နဲ့ လက်မှတ်ထိုး ဆွေးနွေးပွဲ စရလိမ့်မယ်။ မထိုးနိုင်သူတွေကိုလည်း ပစ်မထားသင့်ဘူး။ လေ့လာသူတွေ အနေနဲ့ တက်ခိုင်းသင့်တယ်။ ပြေလည်နိုင်စရာရှိတဲ့ ဖွဲ့စည်းပုံနဲ့ ဆက်စပ်နေတာတွေကို အရင်လုပ်ပါ။ အဲဒါပြီးမှ DDR ကိုသွားတာ အကောင်းဆုံးပါပဲ။ ခုက ကျွန်တော်တို့က အခက်ခဲဆုံး အချိန်ယူရဆုံးကို အရင်ဆုံး စတင်သလို ဖြစ်နေတယ်။ လက်တွေ့မှာ အခက်အခဲ ရှိလိမ့်မယ်ထင်တယ်။ နိုင်ငံရေးမှာ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ကွင်းဆက်ကလည်း အရေးကြီးတယ်။ ဘယ်အချိန် ဘာလုပ်မယ်ဆိုတဲ့ Timeline ကလည်း အရေးကြီးတယ်ထင်တယ်။
မေး။ ။ လက်ရှိအနေအထားမှာ ပထဝီနိုင်ငံရေးအရကြည့်မယ် ဆိုရင်လည်း တရုတ်နဲ့နီးစပ်တဲ့ UWSA 'ဝ'လို အဖွဲ့တွေလည်း ရှိနေတယ်။ သူတို့ကလည်း ပစ်တာ မပစ်တာ အင်အားကလည်း တောင့်တင်းပြီး တစ်စုံတစ်ရာ ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမှာလည်း ရှိနေတယ်။ နောက်တစ်ချက်က အခု ကချင်မှာဖြစ်ခဲ့တဲ့ သစ်ပြသနာတွေမှာဆိုရင် ပြေပြေလည်လည် လုပ်ဖို့ဆိုပြီး တရုတ်ဘက်က သတိပေးတာမျိုးတွေ တွေ့ရတယ်။ အဲဒီ အနေအထားမှာရော သူ့ အနေနဲ့ ဘာကြောင့် ဒီလိုပြောလာတာတွေ ဖြစ်နိုင်သလဲ။ ဒါမှမဟုတ် ဒီနိုင်ငံက အရင်လိုပဲ ငါတို့ အထက်စီးနဲ့ ဆက်ဆံလို့ရတယ်ဆိုတဲ့ အနေထားမျိုးနဲ့ ဆက်ဆံတာမျိုးရော မဖြစ်နိုင်ဘူးလား။
ဖြေ။ ။ တရုတ်ရဲ့လိုအပ်ချက်ဆန္ဒကတော့ မှန်းဆ ကြည့်ရင် အနိမ့်ဆုံး လိုလားချက်ကတော့ သူမြန်မာပြည် အစိုးရကို အပြည့်မယုံဘူး။ အဲဒီအတွက် တရုတ်ပြည်နဲ့ မြန်မာနိုင်ငံကြားထဲမှာ ကြားခံနယ်မြေ Buffer zone တွေကို လုံခြုံစိတ်ချမှု အနေနဲ့ ရှိစေချင်တယ် ထင်ပါတယ်။ ဒါက သူ့ရဲ့အနိမ့်ဆုံး လိုလားချက်ပေါ့။ ဒီထက်မြင့်တဲ့ လိုလားချက်ကတော့ အရင်တုန်းက အနေအထားလိုပဲ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြီး မြန်မာနိုင်ငံက သူ့အတွက် လိုအပ်တဲ့ သယံဇာတနဲ့ လောင်စာကို ပေါပေါလောလောနဲ့ ရချင်တဲ့ ဆန္ဒလည်း ရှိနိုင်ပါတယ်။ အနိမ့်ဆုံး အချက်တော့ လောလောဆယ်မှာ အလောတကြီး မကိုင်တွယ်သင့်သေးဘူး။ တည့်တည့်ပြောရရင်တော့ အခု 'ဝ' UWSA ပေါ့။ 'ဝ'ဟာ Buffer သဘောမျိုး ဖြစ်နေတယ်။ လောလောဆယ် ကောင်းသည် မကောင်းသည် စံတွေနဲ့ ထည့်မတွက်ဘဲနဲ့ လောလောဆယ် ဒီအတိုင်း ထိန်းထားပြီး ဆက်သွားရမယ်။ စီးပွားရေး ဆက်ဆံမှုတွေမှာလည်း တစ်ဖက်စောင်းနင်းဖြစ်အောင် မလုပ်ဘဲနဲ့ ထိန်းထိန်းသိမ်းသိမ်း ညှိသွားရမယ် ထင်တယ်။ တရုတ်ဘက်က ဖြစ်နိုင်ခြေရှိတဲ့ လိုလားချက် Demand တွေကို စဉ်းစားကြည့်ပြီး ကျွန်တော်တို့ဘက်က ဘယ်လိုပြင်ဆင် သင့်သလဲဆိုတာကို စဉ်းစားကြည့်တာပါ။
မေး။ ။ ဒီကြားထဲမှာမှ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ညှိညှိနှိုင်းနှိုင်းမဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ဒီသစ်ထုတ်တဲ့ကိစ္စမှာမိတဲ့ တရုတ်တွေကိုပဲ အပြစ်ပေး ဖို့ဆိုပြီး မီဒီယာတစ်ခုကရေးသားတာတွေ့ရတယ်။ တစ်ဖက်မှာလည်း ဒီကိစ္စတွေက အာဏာပိုင်တွေနဲ့လည်း ပတ်သက်နိုင်တယ်။ မပတ်သက်နိုင်ဘူး ဆိုတာလည်း ယတိပြတ်မပြောနိုင်ဘူး။ တရားမဝင် နယ်စပ်ဖြတ်ကျော် ကိစ္စတွေ၊ မူးယစ်ကိစ္စတွေလည်း ရှိနေသလို တစ်ဖက်မှာလည်း တရုတ်နိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ပြောင်းရွှေ့အခြေချ နေထိုင်နေတာ နိုင်ငံသားတွေ ဖြစ်လာတာကလည်း အများကြီးပဲ။ ဒီအနေအထားတွေ အပေါ်မှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို ခြိမ်းခြောက် မခံချင်ဘူးဆိုရင် ဖြစ်နေတဲ့ ပြသနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့်သလဲ။
ဖြေ။ ။ အစိုးရရဲ့ ပါဝါပေါ်လစ်တစ်ပေါ့ဗျာ။ Power politic မှာ ညှိနှိုင်းတာဆိုရင်တော့ Soft power ပေါ့လေ။ အလုပ်ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ တစ်ခါတစ်ခါ Hard power နဲ့ ပေါင်းစပ်ပေးရတာလည်း ရှိမှာပေါ့။ ဘယ်လို အချိုးညီအောင် ပေါင်းစပ်မလဲ Smart power ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာက အဓိကကျတာပါ။ ဒါတွေက နည်းတွေမရှိဘူးဗျ။ ဖြစ်နိုင်ခြေရှိတာကို လည်း ထည့်တွက်ရမယ်။ ရနိုင်တဲ့အကျိုးကျေးဇူးတွေ လည်း ထည့်တွက်ရမယ်။ အဲဒီလို ဘက်စုံထည့်တွက် ပြီးတော့မှ Hard power နဲ့ Soft power ကိုပေါင်းစပ် နိုင်ရင်တော့ Smart power ဖြစ်မယ်။ ဒီနည်းနဲ့ပဲကျော် လို့ရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူရဲ့ဆန္ဒကတော့ အရိုးခံအတိုင်းစဉ်းစားတယ်။ မခံချင်စိတ်က များတယ်။ အဲဒီအတိုင်းတော့ အစိုးရအနေနဲ့သွားလို့ရမယ်မထင်ဘူး။
မေး။ ။ ၂ဝ၁ဝနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ အမေ ရိကန် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလာသ လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း သတိထား ရမယ့်သဘောမျိုးဖြစ်လာတယ်။ တစ်ဖက်ကကြည့်ရင် လည်း တရုတ်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဂျပန်တို့ ဘာတို့ ဆိုရင်လည်း မြန်မာနိုင်ငံမှာ အလုံးအရင်းနဲ့ ဝင်ရောက် ရင်းနှီး မြှုပ်နှံလာတာ တွေ့ရတယ်။ မြန်မာအနေနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာရော ကိုယ့်ရဲ့ လုံခြုံရေးအရရော၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအရရော အားလုံး ဟန်ချက်ညီ ကောင်းမွန်ဖို့ အတွက်ဆိုရင် ဘယ်လိုဆောင်ရွက်သင့်သလဲ။
ဖြေ။ ။ ကျွန်တော်က အဲဒါကို သိပ်ထွက်တာ မကြာသေးတဲ့ ဟင်နရီကစ်ဆင်းဂျားရဲ့စာအုပ်ဖတ်ကြည့်ရင်းနဲ့ ကျွန်တော် စဉ်းစားမိတာလေးတွေပေါ့။ World Order သူ့ရဲ့အယူအဆက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ There is no world order ကမ္ဘာ့အစီအစဉ် ဆိုတာမရှိဘူး။ အရင်ရှိခဲ့တဲ့ ကမ္ဘာ့အစီစဉ်တွေအားလုံး က ကိုယ့်တစ်ဦးချင်းရဲ့စံနှုန်းတွေနဲ့ တစ်ကမ္ဘာလုံးကို လိုက်နာအောင် ကြိုးပမ်းကြရမယ့် အစီအစဉ်တွေ၊ ဖြစ်စဉ်တွေပဲ။ ဒီကနေ့ကာလမှာ အဲဒါမျိုးတွေ လုပ်လို့မရတော့ဘူး။ အဲဒီတော့ ဒီကနေ့ကာလရဲ့လိုအပ်ချက်က တစ်ကမ္ဘာလုံး လက်ခံနိုင်တဲ့ World Order တစ်ခုပေါ်ဖို့ ဒါကလည်း အချိန်တို တစ်ခုအတွင်းမှာ မဖြစ်နိုင်ဘူး။ ကာလတစ်ခုအတွင်းမှာ တည်ဆောက်ယူရမယ်။ ဒီကြားကာလမှာ ဘယ်လိုသွားကြမလဲ။ ပုံသေနည်းတွေ မရှိပါဘူးတဲ့။ Case by case ပဲ စဉ်းစားဖို့ လိုလိမ့်မယ်တဲ့။ တည့်တည့်ပြောရင် အုပ်စုသဘော မဆောင်တဲ့ ပုံသေမဟာမိတ် မထားတဲ့ အရှင်ဆက်ဆံရေးမျိုး ဖြစ်ဖို့လိုလိမ့်မယ်။ ပြောချင်တာကတော့ ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုတွေထဲမှာ ပါးပါးနပ်နပ် ကစားဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေဟာ ဝံပုလွေတွေ ကြားထဲမှာ ကနေတဲ့ သဘောမျိုး ရှိတယ်။ ဘယ်ဝံပုလွေနဲ့မှ ရန်ဖြစ်လို့ မဖြစ်သလို ဘယ်ဝံပုလွေနဲ့မှလည်း သိပ်ပူးလို့ မဖြစ်ဘူး။ ကြားထဲမှာ ပါးပါးနပ်နပ်နဲ့ ကခုန်နိုင်ဖို့ လိုလိမ့်မယ်လို့။ အရပ်စကားနဲ့ ပြောရရင်တော့ ဝိုင်းဝန်းပိုးပန်းသူတွေ များနေတဲ့ အပျိုအရွယ်ကလေးပေါ့။ ဘယ်သူ့ဘက်မှ မယိုင်ဘဲနဲ့ ကိုယ့်ရဲ့အပျိုရည်လည်း ထိန်းရင်းနဲ့ အီစီကလီ လုပ်တတ်ဖို့ လိုလိမ့်မယ်။ ဒါဟာ ဒီပလိုမေစီသဘောလို့ ကျွန်တော် နားလည်တယ်။ ဒီအတိုင်းပဲ သွားလို့ရလိမ့်မယ် ထင်တယ်။ အတိအကျ ဘာလုပ်ပါဆိုတာကတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး၊ ပြောခွင့်လည်း မရှိပါဘူး။
------------------------------------------------------------------------------------------------------------------ The Flower News ဂျာနယ်မှ စိုင်းထွန်းအောင်လွင် တွေ့ဆုံ မေးမြန်းသည်။

No comments:
Post a Comment