Saturday, December 01, 2012

ကျွန်တော်နားမလည်သော မေးခွန်းများ


(က)
လက်ပံတောင်းတောင်စီမံကိန်းကို လူတွေဆန္ဒပြကြတဲ့ကိစ္စမှာ ဘုန်းကြီးတွေက ဘယ်ကနေ ပါလာကြတာလဲ။ လူ့ကိစ္စကို ဘာဖြစ်လို့ ၀င်ရှုပ်ကြတာလဲ။ ကျောင်းထိုင်ဆရာတော်ကြီးတွေက တားမြစ်ပါလျက်နဲ့ ဦးဇင်းတွေ၊ ကိုရင်တွေက ဘာဖြစ်လို့ သပိတ်စခန်းမှာ လာထိုင်နေရတာလဲ။

(ခ)
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းကို ဘာဖြစ်လို့ ကျူးကျော်ဝင်ရောက်ပြီး သပိတ်စခန်း ဖွင့်လှစ်ရတာလဲ။ ရည်ရွယ်ချက်ကဘာလဲ၊ မြှောက်ပေးတာက ဘယ်သူတွေလဲ။ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေတာ အစိုးရလား၊ အဲဒီသပိတ်စခန်းက လူတွေလား။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာအတွင်းကို ၀င်ရောက်တာဟာ တရားဥပဒေနဲ့ ညီမညီ ဒေါ်စုက ဘာမှမပြောတာ ဘာဖြစ်လို့လဲ။ သပိတ်စခန်းဖွင့်မှ အဲဒီ ပုဒ်မ ၁၄၄ ဆိုတာ ထုတ်ပြန်ကန့်သတ်ထားတာလား။

  
(ဂ)
မုံရွာမှာဖြစ်တဲ့ကိစ္စကို မန္တလေးက ကိုယ်တော်တွေက ဘာသွားလုပ်တာတုန်း။ မန္တလေးက ဘုန်းကြီးတွေကို မုံရွာကိုရောက်လာအောင် ဘယ်သူက တို့ပေးလိုက်တာလဲ၊ နောက်ကွယ်က ကြိုးကိုင်သူ၊ လှုံ့ဆော်သူ၊ မြှောက်ပေးသူဟာ ဘယ်သူလဲ။

  
(ဃ)
ဆန္ဒဖော်ထုတ်ချင်ရင်၊ လူစုလူဝေးနဲ့ စီတန်းလှည့်လည်ချင်ရင် ပြည်ထောင်စုလွှတ်တော်က လောလောလတ်လတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတာပဲ။ ဘာဖြစ်လို့ အဲဒီဥပဒေကို မလိုက်နာကြတာလဲ။ အရင်အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေက ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ ပြောတတ်ကြတဲ့လူတွေကို မေးချင်တယ်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဟာ အခု ၂၀၁၂ ခုနှစ်ကျမှ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အကြိတ်အနယ် ဆွေးနွေးခဲ့တဲ့ဥပဒေ၊ ဒီမိုကရေစီခေတ် ဥပဒေမဟုတ်ဘူးလား။

(င)
ရပ်/ကျေး အုပ်ချုပ်ရေးမှူးဥပဒေကို အစိုးရအဖွဲ့က လိုက်နာဆောင်ရွက်တာ အားနည်းတယ်လို့ လွှတ်တော်က ထောက်ပြတယ်၊ အမတ်တွေက ဝေဖန်တယ်၊ မီဒီယာတွေက အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့တကွ တိတိကျကျ ဖော်ပြရေးသားကြတယ်။ အမတ်အချို့ဆိုရင် ဘာပြောသလဲဆိုတော့ အစိုးရလုပ်နေပုံဟာ Rule of Law မရှိသလိုပါပဲတဲ့။ သိပ်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဟုတ်ပြီ... အဲဒီလိုပြောတဲ့ လွှတ်တော်အမတ်တွေပဲ အတည်ပြုပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို မလိုက်နာတဲ့ ပြည်သူတွေမှ ရေတွက်လို့တောင် မနိုင်ဘူး။ ဟိုမြို့မှာဖြစ်လိုက်၊ ဒီမြို့မှာဖြစ်လိုက်နဲ့ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်စိတ်ကူးပေါက်တဲ့အချိန် ထပြီး ဆန္ဒပြနေကြတာ အားလုံးအသိပဲ။ ဘယ်အမတ်ကများ၊ ဘယ်လွှတ်တော်ဥက္ကဋ္ဌကများ ပြည်သူတွေဟာ သူတို့တွေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မလိုက်နာဘူး၊ မလေးစားဘူး၊ ဥပဒေကို ချိုးဖောက်တယ်လို့ ဝေဖန်ဖူးတာ ရှိသလဲ၊ ဘယ်မီဒီယာကရော ဒီလိုလုပ်ရပ်တွေဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြဝေဖန်သလဲ။ အစိုးရအဖွဲ့အစည်းကလူမဟုတ်ရင်၊ ဌာနဆိုင်ရာတစ်ခုခုက ၀န်ထမ်းမဟုတ်ရင်၊ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေမဟုတ်ရင် မီဒီယာတွေရဲ့ သတ်မှတ်ချက်က ပြည်သူပဲ။ ဆင်းရဲတဲ့လူ၊ ဈေးရောင်းတဲ့လူ၊ တောင်းစားနေတဲ့လူ၊ ဆန္ဒပြနေတဲ့လူ အဲဒီလူတွေဟာ ပြည်သူတွေပဲ။ ပိုက်ဆံချမ်းသာရင် ပြည်သူမဟုတ်ဘူး၊ အစိုးရ၀န်ကြီးဆိုရင် ပြည်သူမဟုတ်ဘူး၊ ဌာနဆိုင်ရာဝန်ထမ်းဆိုရင် ပြည်သူမဟုတ်ဘူး၊ တပ်ကလူဆိုရင် ပြည်သူမဟုတ်ဘူး၊ ရဲဆိုရင် ပြည်သူမဟုတ်ဘူး၊ ကဲ... အဲဒါလား မီဒီယာတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုချက်။ သူတောင်းစားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊ ဆိုက်ကားနင်းတဲ့ကောင်ပဲဖြစ်ဖြစ်၊ တက္ကစီမောင်းတဲ့လူပဲဖြစ်ဖြစ် ဥပဒေကို မလိုက်နာတဲ့လူဟာ ဥပဒေကို ချိုးဖောက်သူပဲ။ ပြည်သူတွေတို့ ဘာတို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မြှောက်မပေးကြနဲ့။ အခု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြတဲ့လူတွေ၊ သပိတ်စခန်းဖွင့်တဲ့လူတွေဟာ ဥပဒေနဲ့ လုံးဝ (လုံးဝ) (လုံးဝ) (လုံးဝ) မညီဘူး။ အဲဒါကို ဘယ်သူထောက်ပြသလဲ။ အလကား ဖွတ်ကျား အမတ်တွေနဲ့ အလကား မီဒီယာတွေ။ ၀န်ကြီးဌာနက VOICE ကို တရားစွဲတော့ အော်လိုက်ကြတာများ ငယ်သံတောင်ပါတယ်။ အခု ဒင်းတို့ ကိုးကွယ်နေတဲ့ပါတီက ဦးဉာဏ်ဝင်းဆိုတဲ့ ခေါင်းဖြူသွားကျိုး သူငယ်ပြန်ကြီးက တရားစွဲတော့ ဘယ်တစ်ကောင်တစ်မြီးကမျှ အော်တာ မကြားရဘူး။ ဘယ်မီဒီယာကမျှ မဖြစ်သင့်ကြောင်း၊ ပြေလည်အောင် ဖြေရှင်းကြစေချင်ကြောင်း မရေးဘူး၊ မပြောဘူး၊ ဒါလားကွ စတုတ္ထမဏ္ဍိုင်။ အလကား ဆိတ်ဟိုဒင်းတွေ။

(စ)
ဒီနေ့ သပိတ်စခန်းဖွင့်၊ ဒီနေ့ ရဲတပ်ဖွဲ့က နှိမ်နင်းဆိုတာမျိုး လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ အားလုံးသိကြရဲ့လား။ နည်းအမျိုးမျိုးနဲ့ ဖြောင့်ဖြတယ်၊ နည်းအမျိုးမျိုးနဲ့ တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ဆုတ်ခွာဖို့ပြောတယ်။ နောက်ဆုံး မြန်မာ့ရုပ်မြင်သံကြားကနေတစ်ဆင့်ပါ ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ မဟုတ်ဘူးလား။ ရဲတပ်ဖွဲ့ကလည်း နေ့စဉ်နဲ့အမျှ သပိတ်စခန်းကနေ ထွက်ခွာဖို့ အသံချဲ့စက်တွေနဲ့ အော်နေတာပဲ၊ ကြေညာနေတာပဲ မဟုတ်ဘူးလား။ ဒီလောက် သတိပေးနေ၊ ဒီလောက် ပြောဆိုနေပါလျက်နဲ့ ခေါင်းမာပြီး လူစုမခွဲနိုင်တာ၊ ကိုယ့်ကျောင်းတိုက်ကိုယ် ပြန်မကြွနိုင်တာ ဘယ်သူတွေလဲ။

(ဆ)
ပြောတော့သာ ယာယီသပိတ်စခန်း၊ အထဲမှာရှိတဲ့ ရေသန့်ဗူးတွေ၊ စားစရာတွေ၊ အိပ်ရာတွေက တကယ့်ကို စာသင်ဆောင်ဘော်ဒါလား အောက်မေ့ရတယ်။ ဘယ်ကောင်တွေက ပံ့ပိုးပေးနေတာလဲ။ ဘယ်သူတွေက နောက်ကွယ်ကနေ မြှောက်ပေးနေတာလဲ။ (ဓာတ်ပုံတွေလည်း ပြန်ကြည့်ကြပါဦး၊ မီဒီယာတွေက မီးလောင်နေတဲ့ပုံတွေ၊ ဒဏ်ရာရနေတဲ့ပုံတွေကိုတော့ ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းလင်း မြင်သာအောင် ရိုက်ပြဖော်ပြကြတယ်။ ကျန်တဲ့ပုံတွေကိုတော့ ဘာဖြစ်လို့ မဖော်ပြကြသလဲဆိုတာ သူတို့ကိုသာ မေးကြည့်ကြတော့ဗျာ။ သပိတ်စခန်းကလူတွေ ပျော်တပြုံးပြုံးနဲ့ အပန်းဖြေခရီးထွက်သလို ထမင်းစားနေတဲ့ပုံတွေ၊ တရုတ်ဂွမ်းစောင် အထူကြီးတွေနဲ့ ဇိမ်ကျကျ အိပ်နေတဲ့ပုံတွေ၊ လူတွေအများကြီး အိပ်နေတဲ့ တဲအမိုးအကာအောက်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ပုံတွေ၊ စတဲ့ စတဲ့ ပုံတွေကို ဘယ်ဂျာနယ်မှာ ဖော်ပြတာ တွေ့ရသလဲ။)

(ဇ)
လက်ပံတောင်းကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်တယ်။ အန်အယ်လ်ဒီက အမျိုးသမီးပါပဲ။ လွှတ်တော်ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ သဘောတူလိုက်တယ်။ ဒါပေမယ့် သပိတ်စခန်းက လူတွေကိုကျတော့ ဆုတ်ခွာဖို့ မပြောနိုင်တာ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့မှာဖြစ်တဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ဖို့၊ ဆန္ဒပြတာလုပ်ဖို့ မလိုတဲ့အကြောင်း အဆိုတင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးက ဘာဖြစ်လို့ မပြောနိုင်ရတာလဲ။

(စ်)
ဒေါ်အောင်ဆန်းစုကြည်က မုံရွာကိုလာတာ ဘာအနေနဲ့လာတာလဲ။ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့လား။ ပါတီဥက္ကဋ္ဌ အနေနဲ့လား။ ကော်မတီဥက္ကဋ္ဌ အနေနဲ့လား။ စည်းရုံးရေးအနေနဲ့လား။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ လာရအောင်လည်း မုံရွာဟာ သူ့ဒေသ မဟုတ်ဘူး။ သူ့ဒေသက ကော့မှူး။ ကော်မတီ ဥက္ကဋ္ဌအနေနဲ့ လာတယ်ဆိုရင်လည်း သူ့ပါတီဝင်တွေ ခေါ်လာစရာမလိုဘူး။ ကော်မတီက အဖွဲ့ဝင်တွေ ပါရမယ်။ အခုတော့ စကားပြောတဲ့ စင်မြင့်ပုံစံတွေ၊ လမ်းတစ်လျှောက် ပြုမူဆောင်ရွက်ပုံတွေဟာ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းက စည်းရုံးရေးဆင်းတဲ့ ပုံစံမျိုးတွေချည်းပဲ။ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်။ ဟုတ်ပြီ၊ ပါတီဥက္ကဋ္ဌတစ်ဦး အနေနဲ့ လာတာဆိုရင် စစ်ကိုင်းမှာရှိတဲ့၊ မုံရွာမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခွင့် သူ့မှာမရှိဘူး။ အခုဟာက သောက်တလွဲဖြစ်နေတယ်။ သောက်သုံးမကျတဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေး အမြတ်ထုတ်တယ်လို့ပဲ မြင်တယ်။ ပါတီတံဆိပ်တွေ၊ ပါတီအလံတွေ တလူလူလွှင့်ထူပြီး ကိုယ်ပိုင်ကားနဲ့ နိုင်ငံရေးစည်းရုံးရေးထွက်သလို သွားတယ်။ ပြီးတော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ခေါ်တွေ့တယ်၊ ခေါ်မေးတယ်။ ပြောရင်လည်း ကော်မတီဥက္ကဋ္ဌဖြစ်တဲ့အတွက် မေးခွင့်ရှိတယ်လို့ ဖြေကြဦးမယ်။ ရူးနေလား။ အဲဒီလို မေးတဲ့အချိန်မှာ သူ့ဘေးမှာရှိနေတဲ့ လူတွေအကုန်လုံးက တံဆိပ်တပ်ထားတဲ့ လူတွေချည်းပဲ။ သူ့ကော်မတီကလူတွေက ဘယ်မှာသွားသေနေကြတာတုန်း။ ဦးသိန်းညွန့်ကြီးကလည်း အဲဒီလိုလုပ်တာဟာ သင့်လျော်၊ မသင့်လျော် ဘာမှ ဝေဖန်သံ မကြားရသေးဘူး။ ဒေါ်စုလုပ်ခဲ့တဲ့ အလုပ်တွေဟာ သူကိုယ်တိုင် ပြောပြောနေတဲ့ Rule of Law ဆိုတာနဲ့ ဖီလာဆန့်ကျင် ဖြစ်ကြောင်းပါလို့ပဲ ကျွန်တော်ကိုဉာဏ် ဝေဖန်ချင်ပါရဲ့ဗျာ။

  
(ည)
ဘုန်းကြီးတွေက လူအလုပ် ၀င်လုပ်တယ်။ လူတွေ ဆန္ဒပြတော့ ၀င်ပြတယ်။ လူတွေ သပိတ်စခန်းဖွင့်တော့ သူတို့ပါ ၀င်ထိုင်တယ်။ ဟော.. ဆန္ဒပြတဲ့လူတွေကို နှိမ်နင်းတော့ ဘုန်းကြီးတွေကို လုပ်တယ်တဲ့။ ဘုန်ကြီးတွေကို နှိပ်စက်တယ်တဲ့။ ရဲက ရဲအလုပ် လုပ်မှာပဲ။ သူတို့ နှိမ်နင်းတာ ဘုန်းကြီးတွေ လူတွေ မဟုတ်ဘူး။ ဥပဒေနဲ့ မညီညွတ်တဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းတာဖြစ်တယ်။ မီဒီယာတွေ ပြောတတ်ကြပါတယ်ဗျ။ ဘာတဲ့... တရားသူကြီး ရှေ့မှောက်ကိုရောက်ရင် သားသမီးဆိုတာ မရှိဘူး၊ တရားခံပဲရှိတယ်ဆိုလား။ အခုလည်း အဲဒီလိုပေါ့ဗျာ၊ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြသူပဲရှိတယ်၊ ဘုန်းကြီးပဲ၊ လူပဲ မရှိပါဘူး။ မယုံရင်စောင့်ကြည့်၊ နောက်ကျရင် သင်္ကန်းဝတ်တွေကိုပါ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပေးပါဆိုပြီး တောင်းဆိုလာကြလိမ့်မယ်။ စာဖတ်သူကရော ဘယ်လိုသဘောရသလဲခင်ဗျ။

(ဋ)
အခုအဖြစ်အပျက်ကြောင့် တကယ်နစ်နာတာ ဘယ်အရာတွေလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ အစိုးရလား၊ ပြည်သူတွေလား၊ တရုတ်လား၊ ဦးပိုင်လား၊ အခြားအရာလား။ ကျွန်တော့်အမြင်ကတော့ တစ်ခုပဲ။ ကျန်တာတွေကို ထည့်ကို မစဉ်းစားဘူး။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓသာသနာဟာ ညစ်နွမ်းသည်ထက် ညစ်နွမ်းလာရပြီ ဆိုတာပါပဲ။ အခုလို သပိတ်စခန်းတွေမှာ သံဃာတွေ ပါဝင်ပတ်သက်နေတဲ့အတွက် ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ဟာ ပိုမိုဂုဏ်တက်လာပါသလား၊ ပိုမို မြင့်မြတ်သွားပါသလား။ စဉ်းစားကြပါကုန်။ လူတွေကြားမှာ ဘုန်းကြီးတွေက လက်ပတ်တွေပတ်၊ ခေါင်းစည်းတွေစည်း၊ ဆိုင်းဘုတ်တွေကိုင်၊ ဓာတ်ပုံတွေကိုင်၊ မိုက်ကိုင်ပြီး ဟိုအော်ဒီအော်လုပ် ဒါတွေဟာ သာသနာတော်ကို ညစ်နွမ်းစေတာလား၊ ဂုဏ်တက်စေတာလား။ ကျုပ်တို့ဆီက သံဃာတွေလည်း ထိုင်းလို၊ တရုတ်လို၊ ဂျပန်လို၊ တိဘက်လို ဖြစ်လာပြီလို့ ပြောရင်လည်း ကျန်တဲ့ ဆရာတော်ကြီးတွေကို ထိပါးသလို ဖြစ်မှာစိုးရသေးတယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ သဘောကတော့ ရှင်းတယ်။ နိုင်ငံရေးလုပ်ချင်ရင် လူဝတ်လဲ၊ ဒါပဲ။ သင်္ကန်းဝတ်ထားပြီး ဟိုလူကို ထိုင်ကန်တော့လိုက်၊ ဒီလူကို ထိုင်ကန်တော့လိုက် လုပ်နေတဲ့ သင်္ကန်းဝတ်ကို ကျွန်တော်တို့က ဘယ်လိုစိတ်နဲ့ ကြည်ညိုရမလဲ။ သတ္တိသိပ်ရှိရင်၊ နိုင်ငံရေးစိတ် သိပ်ပြင်းပြရင် သင်္ကန်းတွေချွတ်ပစ်လိုက်ဗျာ။ နိုင်ငံရေးမှာ အဲဒီသင်္ကန်းတွေ  ပါလာရင် သိပ်ရှုပ်ထွေးတယ်။ သင်္ကန်းဝတ်ပြီး ဆန္ဒပြတာ၊ သပိတ်မှောက်တာ ဒီနိုင်ငံပဲ ရှိလိမ့်မယ်ထင်တယ်။ အင်း... တိဘက်ကို သိပ်အားကျတယ်၊ ခံယူချက် သိပ်ပြင်းထန်တယ်ဆိုရင်လည်း လုပ်ကြဗျာ။ တိဘက်ကတော့ သိတဲ့အတိုင်းပဲ သူများအရှို့ မခံဘူးဗျ။ ကိုယ့်ဘာသာကိုယ် ရှို့ကြတာ။


(ဌ)
လက်ပံတောင်းကြေးနီစီမံကိန်း ပတ်ဝန်းကျင်က ရွာသူရွာသားတွေဟာ အင်မတန်မှကို ပညာတတ်ကြမှန်း၊ ထူးချွန်ကြမှန်း အခုမှပဲ သိတော့တယ်။ ရိုးသားတဲ့၊ အေးဆေးတဲ့၊ ကိုယ့်ထမင်းကိုကိုယ် အေးအေးဆေးဆေး ရှာစားနေတဲ့ လယ်သမားတွေဆိုလား ဘာလား မီဒီယာတွေက ရေးကြပါတယ်ဗျာ။ ကျွန်တော်က သူတို့လောက် မပြောတတ်ဘူးဗျ။ အောက်က ဆိုင်းဘုတ်ကိုလည်း ကြည့်ပါဦး။ ပြောတော့ဖြင့် ရွာသူရွာသားတွေက ဆန္ဒပြကြတာတဲ့။ ကြည့်လည်း လုပ်ကြပါဦး အရပ်ကတို့ရေ။ တော်သေးတာပေါ့ တရုတ်ကုမ္ပဏီနဲ့ လုပ်မိလို့။ ရုရှားကုမ္ပဏီတို့၊ အာရပ်ကုမ္ပဏီတို့နဲ့ လုပ်မိရင်တော့ ရုရှားစာတွေ၊ အာရပ်စာတွေ ဖတ်ရဦးမလား သိပါဘူးဗျာ။ သိပ်တော်တဲ့ ရွာသားတွေပဲနော်။ ဘယ်သူကမျှ နောက်ကွယ်ကနေ မြှောက်ပေးတာ၊ ကူညီပေးတာ မဖြစ်နိုင်ပါဘူးနော်။ :D


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်၊ စနေနေ့။
မွန်းလွဲ ၁ နာရီ ၃၂ မိနစ်။ 

Friday, November 30, 2012

လက်ရှိအဖြစ်အပျက်များအတွက် ရင်လေးမိပါသည်


၁။ လက်ပန်တောင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒပြတဲ့ကိစ္စတွေ၊ ပါဖောမင့်လုပ်တာတွေ၊ သူတို့ဆီကို သွားတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ထုတ်ပြန်တဲ့ကြေညာချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မှတ်ချက်တွေ၊ ၀င်ရောက်လှုပ်ရှားမှုတွေ၊ လွှတ်တော်မှာ ပြောဆိုဆွေးနွေးမှုတွေ စတဲ့အချက်တွေကို ဂျာနယ်တွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် စုဆောင်းထားခဲ့မိတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေအနေ မကောင်းဘူးဆိုတာသိပေမယ့် အခုလောက်အထိ နိုင်ငံရေးအမြတ်ထုတ်မှု၊ အစိုးရကို အကြပ်ကိုင်မှု၊ မတည်မငြိမ်ဖြစ်အောင် လှုပ်ရှားမှုတွေ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ထို့အတူပဲ အစိုးရဘက်ကလည်း အခုလိုမျိုး နှိမ်နင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

၂။ မနေ့ကတစ်နေ့လုံး အချိန်ရတိုင်း လက်ပန်တောင်းကိစ္စနဲ့ပတ်သက်ပြီး တင်ပေးဖို့ ပို့စ်တစ်ခု ပြင်ဆင်ခဲ့တယ်။ ကိုယ့်အတွေးအမြင်တွေနဲ့ ရေးသားဖော်ပြရင် အဓိပ္ပါယ်ကောက် လွဲသွားနိုင်တဲ့အတွက် အင်တာနက်ပေါ်က သတင်းတွေအားလုံးကိုပဲ စုစည်းပြီး ကိုယ့်အတွေး၊ ကိုယ့်အရေး လုံးဝ (လုံးဝ) မပါတဲ့ ပို့စ်တစ်ခု စီစဉ်ခဲ့တာပါ။ ဒါပေမယ့် မနေ့က ဖတ်ရတဲ့ သတင်းတွေအရ အခြေအနေက တစ်မျိုးပြောင်းသွားပြီဆိုတာ သိလိုက်ရတယ်။ အဲဒါကြောင့် ပို့စ်ကို မတင်ဖြစ်သေးဘဲ ဆိုင်းငံ့ထားလိုက်ရတယ်။

၃။ တကူးတက အပင်ပန်းခံပြီး ပြုစုထားရတဲ့ အကြောင်းအရာတွေကို ကိုယ့်ဘလော့ဂ်မှာ တင်ပေးချင်တာ အမှန်ပါပဲ။ သို့သော်လည်း အခုဖြစ်နေတဲ့ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးပြီး နားလည်ရခက်လှပါတယ်။ အထိအခိုက်လည်း မခံသလို ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်လို့ မြင်မိပါတယ်။ ဒါကြောင့် ရေးချင်သမျှကို မရေးသေးဘဲ မြိုသိပ်ထားလိုက်ပါတယ်။ ဝေဖန်မှုတွေကို ကြောက်လို့မဟုတ်ပေမယ့် အခုလို အချိန်မျိုးမှာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောလို့သိပ်ကောင်းလှတာ မဟုတ်တာမို့ လက်ရှောင်နေလိုက်တာပါ။ ဒါပေမယ့် ရေးလို့ရတဲ့ အတိုင်းအတာအထိတော့ ရေးပါဦးမယ်။ ကိုယ့်အတွေး၊ ကိုယ့်အမြင်ကို ဖော်ထုတ်ဖို့အတွက် ဘယ်သူ့ကိုမျှ မထိခိုက်အောင် သေသေချာချာ ပြင်ဆင်ပြီး ရေးပါဦးမယ်။

၎။ လက်ရှိကျွန်တော့်သဘောထားကို မပြောလိုသေးပေမယ့် အောက်ကအချက်တွေကိုတော့ သတိပြုသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ စာဖတ်သူနဲ့ ကျွန်တော်နဲ့ အတွေးအမြင် မတူတာကို ကျွန်တော်နားလည်သလို စာဖတ်သူကလည်း နားလည်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းပါ။

(က) ပဋိပက္ခဖြစ်ပွားခဲ့သည့် အကြောင်းရင်း၊
(ခ) စတင်ဖြစ်ပွားသည်မှ ယနေ့အထိ အချိန်ကာလ၊
(ဂ) ထိုကာလအတွင်း လှုပ်ရှားမှုများ၊
(ဃ) အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုများ၊
(င) မီဒီယာတွေရဲ့ သတင်းဖော်ပြပုံများ၊
(စ) ပါတီတွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဆက်နွယ်နေမှု၊
(ဆ) ထောက်ပံ့ကူညီနေသူများ၊
(ဇ) သံဃာတွေ ပါဝင်ပတ်သက်နေပုံ၊
(ဈ) သပိတ်စခန်းအနေအထား ဓာတ်ပုံများ၊
(ည) နယ်မြေခံ တာဝန်ရှိသူများနှင့် သပိတ်စခန်း၏ ဆက်ဆံရေး၊
(ဋ) ကိုင်တွယ်ဆောင်ရွက်မှု၊
(ဌ) အင်တာနက်သတင်းမီဒီယာများနှင့် ပြည်တွင်းဂျာနယ်များ၏ သတင်းဖော်ပြမှုပုံစံ၊
(ဍ) နောက်ဆက်တွဲ သတင်းများ၊
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

Monday, November 26, 2012

ကိုယ့်နိုင်ငံရေး


ကျားကြီး၊ ၀က်ကြီး၊ ငှက်ကြီး၊ ရှူးပျံကြီး ဆိုတာတွေဟာ ပုံပြင်မှန်းသိတယ်။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ချစ်တဲ့လူ အရိုးဆံထိုးလုပ် ဆိုတာလည်း ဒဏ္ဍာရီမှန်း သိတယ်။ ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်စီးဖူးတဲ့ ငွေတာရီ ဒွေးမယ်နော်ဆိုတဲ့ ဇာတ်တွေက မှတ်စုအရ အမဲသား မစားတဲ့လူကို "ဒီကောင် ဇာတ်တူသား မစားဘူး" လို့ သမိုင်းရဲ့ သင်ခန်းစာအနေနဲ့ ၀င်ပြောတတ်ပါတယ်။ ကံရာဇာငယ်ကို လူလိမ်လို့ သိပါတယ်။ တကောင်းက ပြေအရောက် ဧရာဝတီလမ်းကို အကန်းတောင် သွားလို့ရတဲ့ခရီးလို့ သိပါတယ်။ အစာပြတ်ပြီး မိန်းမောနေသူက "လိမ္မာရစ်ကြ" လို့ မှာနိုင်မယ် မထင်ပါ။

ဗိုလ်အောင်ကျော် (၂၇ ဒီဇင်ဘာ ၁၉၁၆ - ၂၂ ဒီဇင်ဘာ ၁၉၃၈) သေဆုံးပြီး ၂၂ ဒီဇင်ဘာ ၁၉၄၀ ပြည့်မှာ ဖွင့်ပွဲလုပ်တဲ့ ကြေးရုပ်ဟာ Bronze Paint ကြေးရည်လူးထားတဲ့ သစ်သားရုပ် (တာရာ ၁၉၆၇၊ ၂၉၉) ဖြစ်တယ်လို့ ဖွင့်ပွဲနေ့ကပဲ သိပါတယ်။ ကြေးရုပ်အတွက် ငွေကို ဟိုအတွက် ဒီအတွက် သုံးလိုက်ရတယ် ဆိုတာမျိုးပြောတယ်။ ဦးထွန်းဝင်း (၁၉၁၇ - ၂၃ မတ် ၁၉၈၃) က ရကသ ငွေထိန်း၊ သူနဲ့ခင်လို့ နည်းနည်းသိလိုက်ရပါတယ်။

အရင်းရှင်စနစ်ရဲ့ နောက်ဆုံးအဆင့်ဟာ ဖက်ဆစ်ဖြစ်လေတော့ အင်္ဂလိပ်ကို မုန်းလို့ ဂျပန်နဲ့ ပြေးပေါင်းတာ လမ်းမှန်မဟုတ်ဘူးလို့ အဲဒီအခါကပဲ သိတယ်။ ဒါပေမယ့် Browderism ကိုတော့ လက်ခံလိုက်မိပါတယ်။ ကင်ပေတိုင်က ငါတို့ အာရှလူငယ်တွေကို ဖမ်းမယ်လုပ်တော့ အနောက်ရိုးမဘက်က ရွာတွေမှာ ပုန်းရပါတယ်။ အနောက်ရိုးမမှာ တို့ပြေတာနဲ့ ဖုန်းတထောင်းထောင်း ထသွားတယ်လို့ အပြောခံရပါတယ်။ ဆိုရှယ်လစ်နိုင်ငံ၊ ဆိုရှယ်လစ်စီးပွားရေးမှာ ကုန်ဈေးနှုန်း ညှိမယ်၊ တောင်ပေါ်တောင်အောက် တစ်ဈေးတည်း ဖြစ်ရမယ်ဆိုတုန်းကလည်း တောင်ပေါ်ကဈေး တောင်အောက်ရောက်မယ်ဆိုတာ သိလိုက်ပါတယ်။


[သန်းထွန်း၊ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

Saturday, November 24, 2012

မီဒီယာ၊ ကြော်ငြာ၊ ထောက်ခံစာ၊ ဆန္ဒဖော်ထုတ်မှုနှင့် ရင်ရှုပ်ကိစ္စများ


(၁)
မီဒီယာတွေအကြောင်းကို ပြောရတာလည်း မောလှပါပြီဗျာ။ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ကြည့်ပါတယ်။ ကိုဉာဏ်ဆိုတဲ့လူဟာ မီဒီယာသမားတွေကို အတိုက်အခံလုပ်၊ မကောင်းပြောနေတဲ့ လူတစ်ယောက်များ ဖြစ်မှန်းမသိ ဖြစ်နေပြီလားလို့ပါ။ ရေးခဲ့သမျှ၊ ပြောခဲ့သမျှတွေကို ပြန်ဖတ်ကြည့်၊ ပြန်တွေးကြည့်တော့လည်း အဲဒီသဘောတွေ ဖြစ်နေပါတယ်။ ကျွန်တော်ဟာ အစိုးရ၀န်ကြီးလည်းမဟုတ်၊ သမ္မတရဲ့အမျိုးအဆွေလည်းမဟုတ်၊ ကုန်ကုန်ပြောရရင် လက်ရှိအစိုးရအဖွဲ့ရော၊ ဌာနဆိုင်ရာတွေမှာပါ ကျွန်တော့်အမျိုးတွေတောင် မရှိပါဘူးဗျာ။ သာမန်ဝန်ထမ်းအဆင့်လောက်တော့ အလုပ်လုပ်နေသူတွေ ရှိပေသပေါ့။ လက်ရှိဌာနဆိုင်ရာတွေမှာ မန်နေဂျာတို့၊ ညွှန်မှူးတို့၊ ညွှန်ချုပ်တို့၊ ဒုဝန်ကြီးတို့ စတဲ့စတဲ့ ရာထူးကြီးကြီး အမျိုးအဆွေတွေ မရှိရကြောင်းပါ။ လူတိုင်းဟာ အမှားမကင်းတတ်ကြတာကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ရေးနေ၊ ပြောနေတာတွေမှာလည်း အမှားတွေ အများကြီး ပါနေမှာပါပဲ။ စာဖတ်သူတွေက ချင့်ယုံကြမှာပါပဲ။ ချင့်ချိန်ပြီး သုံးသပ်ကြမှာပါပဲ။ အဲဒီအတွက် သူတို့ပေးတဲ့ မှတ်ချက်အကုန်လုံးကို ကျွန်တော်လက်ခံပါတယ်။ မကောင်းရင်လည်း မကောင်းဘူး၊ မမှန်ရင်လည်း မမှန်ဘူးပေါ့။ ဒါက ပုဂ္ဂလိကကိစ္စ။ ကိုဉာဏ်ဆိုတဲ့ ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ကိစ္စ။ အခု ကျွန်တော်ပြောနေတာတွေက တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စ။ မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ပါလို့ သူတို့ကိုယ်တိုင် တကြော်ကြော် အော်နေတဲ့လူတွေက အလယ်မှာမရှိဘဲ တစ်ဘက်ဘက်ကို လိုက်ပြီးတော့ ရေးနေတယ်၊ ပြောနေတယ်၊ သတင်းတွေပေးနေတယ် ဆိုရင်တော့ ဒါဟာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖော်ပြတာပါပဲ။ ကျွန်တော်ကိုဉာဏ် တလွဲတွေရေးမိလို့ လူတွေဖတ်မိရင်တောင် တစ်နေ့ကို လူ ၃၀၀၊ ၄၀၀ ထက် မပိုပါဘူး။ လူ ၅၀၀ ပြည့်တယ်ဆိုတာ တကယ့်ကို ကြုံတောင့်ကြုံခဲပါ။ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ရုပ်သံတွေ မှားသွားရင်တော့ လူတွေသန်းနဲ့ချီပြီး သတင်းမှားတွေရ၊ အတွေးမှား၊ အမြင်မှားတွေဖြစ် ဖြစ်ကုန်ကြမှာပါပဲ။ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ မြန်မာ့မီဒီယာရဲ့ အနေအထားဟာ စိတ်ချလို့မရတဲ့အဆင့်မှာ ရှိနေပါတယ်။ ကိုယ့်သိက္ခာနဲ့ကိုယ် ရပ်တည်ပြီး မှန်မှန်ကန်ကန် လုပ်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းဆိုတာ ဘယ်မှာ ရှာရမှန်းတောင် မသိပါဘူး။ အရက်ကြော်ငြာကို PH7 ဆိုတဲ့ စာလုံးလေး ၃ လုံးထည့်ပေးပြီး တရားဝင်ကြော်ငြာပေး၊ ပိုက်ဆံယူနေကြတဲ့ မီဒီယာတွေ၊ နာမည်ကြီးချင်တဲ့ မိန်းကလေးငယ်လေးတွေဆီက ပိုက်ဆံယူပြီး မပေါ်တပေါ်ပုံတွေ ထည့်ပေးနေတဲ့ မီဒီယာတွေ၊ အစိုးရမကောင်းပြောရင်ပြီးရော ပို့ချင်တဲ့သတင်းပို့ ထည့်ပေးမယ်ဆိုတဲ့ မီဒီယာတွေ၊ အားကစားဂျာနယ်ထုတ်ပြီး ဘောလုံးပွဲလောင်းကစားကို လောင်းကြေးထည့်ပေးတဲ့ မီဒီယာတွေ၊ ကဲ... အဲဒီလို မီဒီယာတွေနဲ့ ဘယ်လိုများ ကျွန်တော်တို့ ရှေ့ခရီးဆက်ရမလဲဗျာ။

အောက်မှာတော့ မီဒီယာနဲ့ပတ်သက်တဲ့ ကာတွန်းတစ်ကွက်ကို ဖော်ပြပေးထားပါတယ်။ တွေးဆဆင်ခြင် ဝေဖန်သုံးသပ် ဆုံးဖြတ်ကြပါကုန်။


(၂)
ဒီအောက်ကကြော်ငြာလည်း အတော်ထူးဆန်းတယ်။ ဘယ်သူကများ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်လိုက်သလဲဆိုတာ စဉ်းစားစရာပဲ။ အများသိပြီးသား အကြောင်းအရာမို့ အထူးအထွေ မရှင်းပြတော့ပါဘူး။ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်မိတာ အမှန်ပါပဲ။ စီးပွားရေးလောက ဆိုတာကလည်း အဲလိုတွေ ရှိသေးပါလားဆိုပြီး သက်ပြင်းတွေ ချမိတယ်။ ကျွန်တော်တို့ လူမျိုးတွေက သူများနိုင်ငံနဲ့ မပြိုင်ဘူး ဘာမဟုတ်တဲ့ ဒီနိုင်ငံကျဉ်းကျဉ်းလေးထဲမှာပဲ အလကားနေရင်း ဈေးကွက်လုနေကြတယ်။ သူများထုတ်တဲ့ ပစ္စည်းတွေကို တင်သွင်းပြီး ကိုယ့်အတွက်ကျန်အောင် တင်ချင်တဲ့အမြတ်တင်ပြီး ရောင်းတဲ့လူချင်းအတူတူကို စားခွက်လုနေကြတာ၊ စားမာန်ခုတ်နေကြတာ မြင်ရတော့ မြန်မာ့ရှေ့ခရီးအတွက် တယ်ပြီး အားမရလှဘူးဗျာ။ စားသုံးသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ စွဲဆောင်စည်းရုံးပြီး ကိုယ်တွေစီးပွားတက်အောင် လုပ်စားနေကြတာကိုပဲ ဂုဏ်ယူနေကြတာကိုလည်း အံ့သြမိပါရဲ့ဗျာ။ ကြားဖူးတဲ့ဟာသတွေအရတော့ အလကားပေးရင် ဆင်ကိုတောင် သက်စေ့ယူလို့ ရမလားဆိုတဲ့ လူတွေများနေတော့ ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒါပေမယ့် အခြားနိုင်ငံတွေမှာလည်း ဒစ်(စ)ကောင့် ဆိုတာနဲ့ ၀ယ်သူတွေပြည့်နေတဲ့ ကုန်တိုက်ကြီးတွေ မြင်တွေ့ဖူးလေတော့ တို့မြန်မာတွေလည်း ခေတ်မီသဟဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူမိပါရဲ့ဗျာ။


(၃)
သတင်းစာမှာပါတဲ့ ကြော်ငြာတစ်ခုပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ပြောနေကြတာကတော့ ဟိုမင်းသမီးလေးရဲ့ ကြော်ငြာလို့ ပြောကြတာပါပဲ။ ကြော်ငြာထဲမှာပါတဲ့ အမျိုးသားရဲ့ နာမည်ကလည်း ဂျာနယ်တွေထဲမှာ မကြာခဏ ဖတ်ဖူးနေတဲ့ နာမည်ဖြစ်လေတော့ အင်း.. ဟုတ်မှာပါလို့ တွေးမိပါတယ်။ ဘယ်အချိန်ကတည်းက ဘယ်လိုလက်မှတ်ထိုးပြီး ဘယ်လိုဖြစ်ထားကြတယ်တော့ မသိပါဘူး။ အခုမှပဲ သတင်းစာမှာ ဟိုးလေးတကြော် ကြေညာမှပဲ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းကြမှန်း သိတော့တယ်။ အင်း... တယ်ရင်ရှုပ်ရပါလားနော်။ ရင်ရှုပ်တဲ့ ရုပ်ရှင်လို့ အဲဒါကြောင့် ပြောကြတာကိုး။ ကြော်ငြာတဲ့မမကတော့ လိုးရှင်းတောင် အလိမ်းပျက်ပါ့မလား မသိပါဘူးဗျာ။ မှတ်တမ်းတစ်ခုအနေနဲ့ တင်ပေးလိုက်တာပါ။ အထူးအထွေတော့ မရှိပါဘူး။ 


(၄)
ကျွန်တော် သိပ်သဘောကျမိတဲ့ ကာတွန်းပေါ့ခင်ဗျာ။ အဲဒါ အောက်ခြေမှာ အမှန်တကယ် ဖြစ်ပျက်နေတာပါပဲ။ ကျွန်တော်လည်း အဲဒီလိုမျိုး ထောက်ခံချက်တွေ မကြာခဏ တောင်းခဲ့ဖူးတော့ အောက်ကကာတွန်းကို ဖတ်လိုက်ရတဲ့အချိန်မှာ ဘယ်လိုမှကို မရယ်ပဲ၊ မပြုံးပဲ မနေနိုင်ဘူး။ ငါလည်း အဲဒီလိုတွေ ကြုံခဲ့ရတာပဲ၊ ဘာဖြစ်လို့ အဲဒီလိုမျိုး မတွေးမိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် စိတ်တိုမိသေးတယ်။ ကာတွန်းဆရာကို လုံးဝ လေးစားပါတယ်ခင်ဗျား။ ရုပ်ရှင်ဇာတ်ကားနာမည်တစ်ခုကို ယူပြောရရင်တော့ ဟတ်ထိတယ်... ဟတ်ထိတယ်ဟေ့ ပါပဲဗျာ။ အပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မနေဘဲ အောက်ခြေမှာ ဖြစ်နေတာတွေကိုလည်း အမှန်အတိုင်းမြင်အောင် လေ့လာကြပါဦးလို့ တာဝန်ရှိသူများကို တိုက်တွန်းလိုက်ပါရစေ။ အပေါ်က လူကြီးတွေက ဘယ်လောက်ကောင်းတဲ့ မူဝါဒတွေပဲ ချမှတ်ချမှတ် အောက်ခြေက အကောင်အထည်ဖော်တဲ့ လူတွေက မလိုက်နာရင်တော့ ဘာတစ်ခုမျှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ပြည်သူတွေ တကယ်ထိတွေ့နေရတာက အောက်ခြေက စာရေးတွေ၊ ရုံးအုပ်တွေ၊ မန်နေဂျာတွေ၊ တာဝန်ခံတွေပါ။ အဲဒီလူတွေ ကောင်းပါမှ ပြည်သူတွေ အဆင်ပြေမှာပါ။ စဉ်းစားပေးကြပါဦး တောင်းပန်ပါရစေ။


(၅)
မြန်မာပြည်မှာ အပေါများဆုံးက အခုဆိုရင် တွင်းထွက်တွေ မဟုတ်တော့ဘူးခင်ဗျ။ ဆန္ဒပြပွဲတွေ၊ စီတန်းလှည့်လည်မှုတွေ ဖြစ်နေပြီ။ ထစ်ခနဲရှိရင် ဆန္ဒပြမယ်၊ လူစုမယ်၊ လမ်းလျှောက်မယ် ဒါတွေချည်းပဲ။ ဒီလိုတွေ လုပ်တာဟာ ဒီမိုကရေစီကျင့်စဉ်ပဲလို့ ဘေးတီးပေးနေတဲ့ မြှောက်ပေးနေတဲ့ မီဒီယာတွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ နောက်ထပ် တာဝန်ရှိသူတွေကတော့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ လုပ်ကွက်ပေါ်ဖို့အတွက် ကြားထဲကနေ အရိုးခံနဲ့ မသိနားမလည်တဲ့ လူတွေကို ခုတုံးလုပ်ပြီး အခုလိုမျိုး စီတန်းလှည့်လည်တာတွေ၊ ဆူပူတာတွေ၊ ဆန္ဒပြတာတွေ မဖြစ်ဖြစ်အောင် မြှောက်ပေးလေ့ ရှိပါတယ်။ ငြင်းဆန်ချင်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ် ဘာတစ်ခွန်းမျှ ဖက်ပြိုင်ပြောဆိုနေမည် မဟုတ်ပါ။ အခုလတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အားလုံးကို လေ့လာကြည့်မိသူတိုင်း သိကြမှာပါ။ ပြည်ပမှာ နေတဲ့လူတွေက မီဒီယာတွေက သတင်းဖော်ပြချက်တွေကိုပဲ ဖတ်ရှုရတာပါ။ ကျွန်တော်တို့ ပြည်တွင်းမှာ နေတဲ့လူတွေက အတော်ကြီးကို စိတ်ညစ်လောက်အောင် ကြုံရပါတယ်။ ပြောရရင်လည်း တကယ့်ကို မကောင်းပါဘူးဗျာ။ အခုလက်ရှိ နောက်ဆုံးဖြစ်ပျက်နေတဲ့ မန္တလေးက ကျောင်းသားတွေ ဆန္ဒပြနေတဲ့ ကိစ္စကိုပဲ ကျွန်တော်ပြောပြပါ့မယ်။ ကျောင်းသားတွေက သူတို့ဖြစ်ချင်တဲ့အတိုင်း တကယ်ဆန္ဒပြနေတာ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ခုတုံးလုပ်ပြီး ပါတီကဆိုတဲ့လူတွေဟာ ခြေချင်းလိမ်ပြီး အမြတ်ထုတ်နေကြတာကတော့ ဘယ်လိုမှကို လက်ခံချင်စရာ မရှိပါဘူး။ မယုံရင်လည်း မန္တလေးမှာရှိတဲ့ အသိမိတ်ဆွေတွေကိုသာ လှမ်းမေးကြည့်ပါဗျာ။ ဖြစ်တာက ကျောင်းသားတွေ ကျောင်းရွှေ့တဲ့ကိစ္စ။ အဲဒီကိစ္စမှာ ဘာဖြစ်လို့ ဘေးကနေ တိုက်ပုံအနီတွေ၊ ပင်နီတွေ၊ ဒေါင်းတွေက ပါနေရသလဲဆိုတာ စာဖတ်သူတွေကတစ်ဆင့်ပဲ မေးကြည့်ခိုင်းလိုက်ကြပါဗျာ။ ပြီးရင်တော့ သူတို့တွေ အဲဒီဆန္ဒပြမှုမှာ မပါပါဘူးလို့ အရှက်မရှိ ငြင်းကြပါလိမ့်မယ်။ ဗဟိုကဆိုတဲ့ လူတွေကလည်း သူတို့မသိကြောင်း၊ မခိုင်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ အင်း... ခက်ပါ့၊ ခက်ပါ့။

အောက်က ကာတွန်းကတော့ လက်ရှိမြန်မာ့အခြေအနေတွေနဲ့ အတော်ကြီးကို ကိုက်ညီတဲ့ ကာတွန်းလို့ ပြောရမယ်ထင်ပါတယ်။ နောက်ဆိုရင် အဲဒီလိုမျိုး တကယ်များ ဖြစ်လာမလားလို့ တွေးမိပါတယ်။ နောက်တစ်ခု တွေးမိတာက အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ကလေးတွေအတွက် အတုယူစရာ စံနမူနာပြတွေ ဖြစ်သွားခဲ့ရင်တော့ အနာဂတ်အတွက် ရင်လေးမိကြောင်းပါ။ စာသင်ခန်းတွေ စွန့်ခွာပြီး လမ်းလျှောက်ဖို့ပဲ အားသန်နေတဲ့ ကျောင်းသားတွေ၊ သားသမီးတွေနဲ့ မတွေ့ရပါစေနဲ့လို့ပဲ ကျွန်တော်ကိုဉာဏ် ဆန္ဒပြုမိကြောင်းပါခင်ဗျား။ 






ကဲ... ဒီအပတ်တော့ ဒီမျှနှင့်ပဲ တော်ပါဦးမည်။ အချိန်လေးရခိုက် ကျွန်တော့်မှာ တေးထားသမျှတွေကို အလုံးအရင်းနဲ့ ရေးနေရတာမို့ တစ်နေ့တစ်နေ့ ပို့စ်တွေ အများကြီး ဖြစ်နေခဲ့ရင် နားလည်ပေးကြပါဗျာ။ အလုပ်တွေ ပြန်ပိလာတဲ့အခါ ပို့စ်တွေ မရေးဖြစ်မှာစိုးလို့ပါ။ မြန်မာ့သွေးပရိသတ်အားလုံးကိ အစဉ်လေးစားလျက် ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ စနေနေ့။
နေ့လည် ၁၀ နာရီ ၃၀ မိနစ်တွင်ပြီး၏။ 

Friday, November 23, 2012

၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ



၂၀၁၁ ခုနှစ်တွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာမင်းယုဝေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ပြည်သူသို့ အသိပေးခြင်းများ







နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးနေတဲ့ ၀န်ကြီးဌာနတွေက ပြန်လည်ဖြေရှင်းထားတဲ့ အကြောင်းအရာတွေပါ။ အင်မတန်မှကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေါင်းစဉ်တပ်ထားတာကိုက "ပြည်သူသို့ အသိပေးခြင်း" တဲ့။ ပြည်သူတွေကို သိစေချင်တဲ့အတွက် ၀န်ကြီးဌာနတွေက တလေးတစား အသိပေးတာကို အသိအမှတ်ပြုပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ပြတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စတုတ္ထမဏ္ဍိုင်ကြီးတွေက သတင်းပြန်လည်ရေးသားကြရာမှာ အားလုံးဖတ်ခဲ့ရတဲ့အတိုင်း ၀န်ကြီးဌာနတွေဟာ ဘယ်လိုအလွဲသုံးစားတွေလုပ်ခဲ့တယ်၊ ဘယ်ဌာနတွေ၊ ဘယ်ဌာနတွေမှာ ပမာဏဘယ်လောက်အထိ အလွဲသုံးစားမှု ပြုခဲ့တယ်ဆိုပြီး မျက်နှာဖုံးသတင်းတင်၊ စာလုံးကြီးတွေနဲ့ ပြူးနေအောင် တင်ပြခဲ့ကြပါတယ်။ ပြည်သူတွေကြားမှာလည်း အဲဒီသတင်းဟာ တကယ့်ကို စိတ်ဝင်စားစရာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို ၀န်ကြီးဌာနတွေက ပြန်ဖြေရှင်းတာကိုတော့ ဘယ်ဂျာနယ်ကမှ အရေးတယူ ပြန်ဖော်ပြတာ၊ အရေးတယူနဲ့ ပြန်ရှင်းပြတာ မတွေ့ရပါဘူး။ ဂျာနယ်တွေထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကပဲ အလွဲသုံးစားမှုတွေမှာ ပါဝင်ပတ်သက်နေသလိုလို၊ အဲဒီအလွဲသုံးစားမှုတွေကြောင့်ပဲ နိုင်ငံတော်ကြီးက ရှေ့ဆက်မတက်နိုင်တာလိုလို ရေးကြဖော်ပြကြပါတယ်။ ၀န်ကြီးဌာနတွေရဲ့ ပြန်လည်ဖြေရှင်းမှုတွေကို ဘယ်ဂျာနယ်ကများ တရေးတယူနဲ့ စာဖတ်သူတွေ နားလည်အောင်၊ အမြင်ရှင်းအောင် ပြန်ထည့်ပေးမလဲဆိုတာကို ကျွန်တော်ကိုဉာဏ် စောင့်ကြည့်လျက် ရှိကြောင်းပါခင်ဗျား။

Thursday, November 22, 2012

အမေရိကန်သမ္မတခရီးစဉ်၊ Sky Net နှင့် ကျွန်တော့်အတွေးများ


၁။ Sky Net ကို ကျေးဇူးအထူးတင်ကြောင်းပါခင်ဗျား။ အမေရိကန်သမ္မတကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စရောက်တာကနေ ပြန်ထွက်သွားတဲ့အထိ အထူးအစီအစဉ်တစ်ရပ်အဖြစ် တစ်နေ့လုံး တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့လို့ပါ။ ဘယ်လိုပင် လိုအပ်ချက်တွေ ရှိသည်ဖြစ်စေ တစ်နိုင်ငံလုံးက မြန်မာနိုင်ငံသားတွေကို အိုဘားမားရဲ့ သမိုင်းဝင်မြန်မာခရီးစဉ်ကို မြင်တွေ့ခံစားခွင့်ရအောင် စီစဉ်ပေးနိုင်ခဲ့တဲ့အတွက် သာဓုခေါ်လိုက်ပါတယ်ဗျာ။ ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်နိုင်ပါစေ။

၂။ အမေရိကန်သမ္မတရဲ့လေယာဉ် ရောက်တဲ့အချိန်ကျမှ လှေခါးနဲ့ကိုက်အောင်ညှိပြီး ကောဇောနီခင်းဖို့အတွက် လူတွေနဲ့ သယ်နေခင်းနေရတာကို မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ နည်းပညာကြောင့်လား၊ ငွေကြေးကြောင့်လားဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူများနိုင်ငံတွေမှာတော့ လေယာဉ်ရပ်တဲ့နေရာရယ်၊ လှေခါးရယ်၊ လျှောက်လှမ်းရယ်ဟာ သူ့ဟာနဲ့သူ ကွက်တိဖြစ်ပြီးသားလို့ ထင်မိတယ်။

၃။ အမေရိကန်သမ္မတကြီးကို လေဆိပ်ကနေ ကြိုတဲ့အချိန်မှာ မြန်မာဘက်က ဘယ်အမျိုးသမီးမှ မကြိုဆိုပါဘဲ အမေရိကန်သံအမတ်ကြီးရဲ့ ဇနီးက ဘာဖြစ်လို့ လာကြိုရသလဲဆိုတာကို နားမလည်ဘူး။

၎။ အမေရိကန်သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ နမ်းရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ကျွန်တော်တို့ အန်တီစုကြီးကလည်း ပြုံးလို့ရွှင်လို့ပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလုပ်ရပ်ကို လုံးဝကို ကန့်ကွက်ပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်မှာ ဆိုရင်တော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ အခုဟာက မြန်မာပြည်မှာဖြစ်လို့ပါ။ သတင်းသမားတွေ အများကြီး အဲဒီနေ့က အဲဒီခြံဝန်းထဲမှာ ရှိနေပါလျက်နဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ မပြောကြတာကတော့ လုံးဝကို အထင်သေးစရာပါပဲ။ သင်ဇာဝင့်ကျော် ပွင့်ပွင့်လင်းလင်း ၀တ်တာဟာ ဒေါ်စုအနမ်းခံရတာလောက် မဆိုးတာတော့ အမှန်ပါပဲ။ ယဉ်ကျေးမှုတို့ဘာတို့ ပြောမယ့်လူတွေကို ကျွန်တော်မေးချင်တာတစ်ခုကတော့ မြန်မာ့ယဉ်ကျေးမှုမှာ အဲဒီလိုလုပ်တာကို ခွင့်ပြုထားသလား၊ အဲဒီလို အနမ်းခံရတဲ့လူဟာ ကိုယ့်အမေဖြစ်နေရင်၊ ကိုယ့်အစ်မဖြစ်နေရင် ဘယ်လိုစိတ်ထားမလဲ ဆိုတာပါပဲ။ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုဆိုတာက လင်မယားချင်းတောင် လူမြင်ကွင်းမှာ အဲဒီလိုနမ်းတာကို ခွင့်ပြုထားသလားဆိုတာ ပြန်စဉ်းစားကြစေချင်ပါတယ်။ ဂျာနယ်တွေမှာ ဒေါ်စုကို ဝေဖန်တဲ့သတင်း ဘာဖြစ်လို့ မထည့်ရဲတာလဲဆိုတာ စိတ်ဝင်စားဖို့ မကောင်းဘူးလားဗျာ။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေတာဆို၊ ဒီမိုကရေစီ အခွင့်အရေးတွေကို အပြည့်အ၀ ကျင့်သုံးနေကြတာဆို၊ မြင်တာကို မြင်တဲ့အတိုင်း မရေးကြတော့ပါလားဗျ။ ကျွန်တော်ပြောနေတာက အိုဘားမားက ဒေါ်စုကို နမ်းတာဟာ မသင့်လျော်ကြောင်း၊ မကောင်းကြောင်းချည်းပဲ ရေးခိုင်းနေတာ မဟုတ်ပါဘူး။ တကယ်လို့ ဂျာနယ်တွေက ကောင်းတယ်လို့ ယူဆရင်၊ ဒီလို အနမ်းခံရတာဟာ ဂုဏ်ယူဖို့တောင် ကောင်းသေးတယ်လို့ ယုံကြည်ထားရင် အဲဒီအတိုင်း ရေးကြပေါ့ဗျာ။ အခုတော့... ကောင်းတယ်လည်း မရေးဘူး၊ မကောင်းဘူးလည်း မပြောဘူး။ ဆိတ်ဟိုဒင်းတွေလို့ပဲ ကျွန်တော်က နာမည်တပ်ပေးလိုက်ပါတယ်ဗျာ။ တစ်လက်စတည်း ဆက်ပြောပါရစေဦး။ ဂျာနယ်လစ်တွေက အစိုးရသတင်းစာက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ သတင်းကို ဘယ်လိုဖော်ပြတယ်၊ ဘယ်လိုထိန်ချန်တယ် စသဖြင့် စသဖြင့် ဝေဖန်တတ်၊ ပြောတတ်ပါတယ်။ ကဲ... အခု ဆင်ဆာလည်း တင်စရာမလိုတော့တဲ့ ကိုယ်ပိုင်ဂျာနယ်တွေကရော သတင်းမှန်သမျှကို လွတ်လွတ်လပ်လပ် ရေးကြသလားဆိုတာ ပြန်မေးကြည့်ကြပါဦးဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထွက်ရပ်ပေါက် မဟုတ်သလို၊ ဘုရားရဟန္တာ မဟုတ်တာလည်း အသေအချာပါပဲ။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်မှာ အမှားတွေ မရှိဘူးလား၊ ထောက်ပြစရာ၊ ဝေဖန်စရာ မရှိဘူးလား။ ဘယ်ဂျာနယ်မှာမှ အဲဒီလို အကြောင်းအရာမျိုးကို ရေးထားတာ မတွေ့မိလို့ မေးမိတာပါဗျာ။


၅။ သမ္မတကြီး ဘားရက်အိုဘားမားက သူစကားပြောတဲ့အခါ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတဲ့အတွက် ကျေးဇူးပါခင်ဗျား။ နှစ်ဦးနှစ်ဖက်အကြားမှာ ပြေလည်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တစ်ဖက်က မကြိုက်တဲ့စကားလုံးကို မသုံးခဲ့တာဟာ သံခင်းတမန်ခင်း ကျွမ်းကျင်မှုကို ပြသတာလို့ပဲ ကျွန်တော်က မြင်မိပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူက Myanmar လို့ ခေါ်နိုင်ပေမယ့် ကျွန်တော်တို့နိုင်ငံက အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးကတော့ ဒီနေ့အချိန်အထိ အင်္ဂလိပ်တွေပေးခဲ့တဲ့ Burma ဆိုတာကိုပဲ မက်မက်မောမော ဖြစ်နေတုန်းပဲခင်ဗျ။ ဒီလောက်ဆိုရင် အစိုးရနဲ့ အန်တီစုကြားမှာ ပြေလည်မှုကို တကယ်မလိုချင်တာ ဘယ်သူလဲဆိုတာ ရှင်းလောက်ပြီထင်ပါရဲ့ဗျာ။ မြန်မာနိုင်ငံ မင်္ဂလာပါဆိုတဲ့ ဘားရက်အိုဘားမားကိုလည်း မြန်မာနိုင်ငံသားတွေအားလုံးက ဘားရက်အိုဘားမား မင်္ဂလာပါလို့ နှုတ်ဆက်တဲ့အကြောင်း ဒီနေရာကနေ ပြောလိုက်ပါရစေ။

၆။  သမ္မတကြီး အိုဘားမားကလည်း ပထမဆုံးခရီးစဉ်မို့သာ တော်ပါသေးရဲ့။ မြန်မာပြည်သူတွေကို မိန့်ခွန်းပြောတာ နာရီဝက်လောက် ကြာတယ်ဆိုတော့ ကျွန်တော်ဖြင့် စဉ်းစားရ ခက်ပါဘိဗျာ။ ရန်ကုန်တက္ကသိုလ် ခန်းမထဲမှာ ရောက်နေတဲ့လူတွေဟာ သူ့နိုင်ငံသားတွေလို့များ မှတ်နေသလားလို့ တွေးမိပါရဲ့။ အကြောင်းပြချက်တွေ ဘယ်လိုပဲပေးပေး အရှေ့တောင်အာရှဒေသရဲ့ ပထ၀ီအနေအထားအရ အချက်အခြာအကျဆုံးနဲ့ အရေးပါဆုံး မြန်မာနိုင်ငံကို လွှမ်းမိုးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းလို့ပဲ မကောင်းမြင်စိတ်တစ်ဝက်၊ သံသယစိတ်တစ်ဝက်နဲ့ မြင်မိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်ပါးနပ်သလဲ၊ စဉ်းစားဉာဏ်ရှိသလဲ။ ဆင်ခြင်ဉာဏ်ရှိသလဲ ဆိုတာတွေက စကားပြောတော့မယ်လို့ ကျွန်တော်က မြင်မိကြောင်းပါဗျာ။

၇။ မြန်မာသမ္မတကြီး ဦးသိန်းစိန်က အမေရိကန်ကို သွားတဲ့အခါ သူ့လုံခြုံရေးအတွက်ဆိုပြီး အနံ့ခံခွေးတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ခေါ်သွားပြီး အမေရိကန်မှာ ရှာဖွေတာတွေ၊ ဘာတွေများ လုပ်ခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ တွေးကြည့်နေမိတယ်။ ကိုယ့်စိတ်ကူးထဲမှာ စိတ်ကူးယဉ်ပြီး ရုပ်ရှင်ရိုက်ကြည့်တာတော့ သိပ်မနိပ်လှဘူး။ ငါတို့ မြန်မာတွေ အတော်သဘောကောင်းတာပါလား၊ အတော်ကို လိုက်လျောနိုင်ကြပါလားလို့ တွေးမိပြီး ဂုဏ်ယူရမလို၊ စိတ်တိုရမလို၊ ထဆဲရမလို ဖြစ်မိပါရဲ့ဗျာ။

၈။ အမေရိကန်အလံတွေကို ကားလမ်းတွေပေါ်မှာ ပလူပျံနေအောင် လှုပ်ရမ်းပြီး ကြိုဆိုနေကြတဲ့ မြင်ကွင်းတွေကို မြင်ရတာတော့ တကယ့်ကို ရင်ထဲမှာ ခံစားရပါတယ်ဗျာ။ အံ့သြစရာကောင်းလိုက်တဲ့ မြန်မာနိုင်ငံရယ်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို အသည်းအသန် အတိုက်အခံလုပ်၊ အပုပ်ချ၊ ပျက်စီးအောင်လုပ်နေတဲ့ အချိန်တုန်းကများ နောက် ၂ နှစ်လောက် ကြာတဲ့အချိန်မှာ မြန်မာပြည်ကို အမေရိကန်သမ္မတ လာလိမ့်မယ်လို့ ပြောခဲ့ရင်၊ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အမေရိကန်အလံတွေ ပလူပျံလိမ့်မယ်လို့ ပြောခဲ့ရင် ဘယ်သူများ ယုံမလဲဗျာ။ အခုတော့လည်း အမေရိကန်အလံတွေကို နာရီချိန်သီးယမ်းသလို ဝှေ့ယမ်းနေကြတဲ့ လူတွေကိုကြည့်လိုက်တော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို တောပြောတောင်ပြော ပြောခဲ့တဲ့လူတွေချည်းပဲ။ အိုဘားမားကို ကြိုဆိုနေလိုက်တာများ သူတို့မဟုတ်တဲ့အတိုင်းပဲ။ အပင်စိုက်မယ်ဆိုတုန်းကတော့ အချဉ်ပင်လေးဘာလေးနဲ့၊ အသီးသီးတော့လည်း စားချင်တဲ့လူက များလိုက်ပါဘိသဗျာ။ ဘယ်အချိန်ကျရင် ဒီအသီးကို ချဉ်တယ်လို့ ပြောကြဦးမလဲလို့ တွေးနေမိတယ်။

၉။ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမား လေယာဉ်ပေါ်က ဆင်းလာတဲ့အချိန်မှာ ပန်းစည်းကမ်းခဲ့တဲ့ ကလေးမလေးကိုပါ။ ဘယ်သူလဲဆိုတာရယ်၊ အိုဘားမားနဲ့သူနဲ့ ဘာတွေများ အပြန်အလှန် ပြောခဲ့သလဲဆိုတာ အင်မတန်မှကို သိချင်နေမိတယ်။ ရုပ်သံမှာ ကြည့်ရတဲ့ပုံစံအရတော့ တကယ့်ကို အပြန်အလှန် ပြောနေကြပုံပါပဲ။ ပညာရဲရင့် ပွဲလယ်တင့်တယ်လို့ ထင်တာပါပဲ။ အင်း... ကိုမြတ်ခိုင်ကိုပဲ အားကိုးရတော့မယ် ထင်ပါရဲ့။ ဆရာမြတ်ခိုင်က အဲဒါမျိုးတွေ ၀ါသနာပါသကိုး။ မော်နီတာနဲ့ လျှပ်တစ်ပြက်ကို စောင့်ဖတ်လိုက်ဦးမယ်ဗျာ။ အဲဒီကလေးမလေးနဲ့ အင်တာဗျူးတွေဘာတွေ ထည့်ပေးမယ်လို့ မျှော်လင့်မိလို့ပါ။ အခြားနေရာတွေမှာ အဲဒီအကြောင်း ဖော်ပြထားတာရှိရင်လည်း ဖတ်ရတဲ့လူက ကျွန်တော်ကို လက်တို့လိုက်ကြပါဦးဗျာ။


၁၀။ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ အိုဘားမားက မိန့်ခွန်းပြောတဲ့ကိစ္စမှာ ဘာဖြစ်လို့ စကားပြောစင်မြင့်မှာ အမေရိကန်တံဆိပ်တွေ တပ်ထားရတာလဲ။ ဟုတ်တော့ မဟုတ်ဘူးထင်ပါရဲ့ဗျာ။ ကျွန်တော်တို့မြန်မာတွေက သိပ်ပြီးတော့ အလျှော့ပေးလွန်းရာ၊ အားနာလွန်းရာ၊ လိုက်လျောလွန်းရာ ကျမနေဘူးလားလို့ ကျွန်တော် မေးချင်တယ်။ အမေရိကန်မှာ ဦးသိန်းစိန် စကားပြောရင်ရော မြန်မာတံဆိပ်တပ်ပြီး ပြောခွင့်ရှိမလား။ ထိုင်ဝန်ကြီးချုပ် မြန်မာပြည်လာရင်လည်း သူစကားပြောမယ့်စင်မြင့်ကို ထိုင်းတံဆိပ် တပ်ပေးကြမှာလား။ ကျွန်တော်ဖြင့် လုံးဝကို အမြင်မတော် ဖြစ်မိကြောင်းပါဗျာ။ ဘယ်သူတွေက ဘယ်လိုစီစဉ်လိုက်သလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေပဲ သိလိမ့်မယ် ထင်ပါရဲ့ဗျာ။ အမေရိကန်သံရုံးကများ သူတို့လုပ်ချင်ရာ လုပ်ခဲ့တာလားလို့လည်း တွေးနေမိတယ်။ နောက်ခံမှာ အမေရိကန်အလံတွေနဲ့အတူ မြန်မာအလံလေးတွေ ရောနှောပြီး လွှင့်ပေးထားလို့သာ မြန်မာပြည်မှာမှန်း သိရတယ်။ :(


၁၁။  မိန့်ခွန်းပြောသွားတဲ့လူက တစ်ယောက်တည်း၊ ပြောတဲ့မိန့်ခွန်းကလည်း တစ်ခုတည်း၊ ပြောတဲ့နေရာကလည်း တစ်နေရာတည်း၊ ဒါပေမယ့် အိုဘားမားမိန့်ခွန်းကို မြန်မာဂျာနယ်တွေက ဘာသာပြန်ပြီး ဖော်ပြလိုက်ကာမှပဲ အိုဘားမားမိန့်ခွန်းမူကွဲတွေ ဖတ်လိုက်ရတော့တယ်။ မဆိုးပါဘူး... နှစ်မျိုးသုံးမျိုး သိရတာပေါ့လေ။ ဒါလည်း ကောင်းပါတယ်ဗျာ။ :D

၁၂။ ထုံးစံအတိုင်း ဂျာနယ်တွေကိုပဲ ကျွန်တော်ကိုဉာဏ် ဝေဖန်ရဦးတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီဂျာနယ်တွေကြောင့်ပဲ Transparency ဆိုတဲ့စကားကို နားနဲ့မဆံ့အောင်၊ မျက်လုံးနဲ့မဆံ့အောင် ကျွန်တော်ကြားခဲ့၊ ဖတ်ခဲ့ရလို့ပါ။ အခုတော့ အန်တီစုနဲ့ အိုဘားမားတို့ နှစ်ဦးတည်း ဘာတွေပြောခဲ့သလဲဆိုတာ ဘယ်သူမှ သိခွင့်မရပါလားဗျာ။ ပွင့်လင်းမြင်သာမှု အပြည့်ဆိုပါတော့။ ဟုတ်တယ်ဟုတ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ညတွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်တွင် အပြီးသတ်သည်။ 

Wednesday, November 21, 2012

မြန်မာ့အလင်းရဲ့ အယ်ဒီတာ့အာဘော် (၂၁-၁၁-၂၀၁၂)


ဒီနေ့ (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကတော့ လန်ထွက်နေတာပါပဲဗျာ။ မြန်မာသတင်းစာတွေကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက မကြာခဏ ပြောလေ့ရှိပါတယ်။ အသွင်သဏ္ဌာန်ပိုင်းမှာ သိသိသာသာ ပြောင်းလဲလာတာကို မြင်တွေ့ရတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ကတော့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိနေသေးပြီး သိသိသာသာကြီး ပြောင်းလဲသွားတာကိုတော့ မတွေ့ရသေးပါဘူး။ သတင်းစာကြီးတစ်စောင်လုံးမှာ ကဏ္ဍလေး ၃-၄ ခုလောက် ပြောင်းလဲသွားရုံနဲ့တော့ အနှစ်သာရပိုင်းတွေ ပြောင်းလဲနေပြီလို့ ပြောနိုင်မယ်မထင်ပါဘူး။ ငယ်ငယ်စာဖတ်တတ်ကတည်းက အဖေဖတ်နေကျ သတင်းစာကို ယူဖတ်ဖြစ်ရင်းနဲ့ ဒီနေ့အထိ ပုံမှန်ဖတ်ရှုနေသူ တစ်ဦးအနေနဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေအပေါ်မှာ သံယောဇဉ်ရှိတာ အမှန်ပါ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်စေချင်တာလည်း ကြာပါပြီ။ အခုတော့ စတင်ပြီး ပြောင်းလဲမှုတွေ လုပ်နေပြီဖြစ်တဲ့အတွက် အပြည့်အ၀ မဟုတ်ပေမယ့် အတန်အသင့်တော့ ကျေနပ်မိပါတယ်။ အခုအချိန်အထိ အရင်တုန်းက အတွေးအခေါ်တွေ၊ အမူအကျင့်တွေကို မပြောင်းလဲသေးနိုင်တာကိုလည်း ၀မ်းနည်းစွာ မြင်နေရပါသေးတယ်။ သတင်းစာမှာ ဒီပုံစံတွေပါရမယ်၊ ဒီလိုပဲဖော်ပြရမယ် ဆိုတဲ့ပုံစံခွက်ကို အခုအချိန်အထိ အပြည့်အ၀ မပြောင်းလဲနိုင်သေးပါဘူး။ ဖြည်းဖြည်းချင်းတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်နေကြောင်းပါ။

ကဲ လိုရင်းကို ဆက်ပါ့မယ်။ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကို ဖတ်ကြည်ပါဦးဗျာ။ ခေါင်းစဉ်တပ်ပုံနဲ့ နိဂုံးချုပ်ပုံတွေက တကယ့်ကိုမှ တကယ့်ကိုပါပဲ။ မြန်မာ့အလင်းကို ဖတ်နေတာမှ ဟုတ်ရဲ့လားလို့ တွေးမိပါရဲ့။ ဒီအတိုင်းဆိုရင်တော့ The VOICE တောင် ငုတ်တုတ်မေ့ပြီး ကျန်ခဲ့မယ်ထင်ပါရဲ့။ ပြည်သူ့ခေတ်ခေါင်းကြီးရေးတဲ့ ဆရာဖေမြင့်လည်း ဒီအယ်ဒီတာ့အာဘော်ကို ဖတ်ပြီးရင် ဘာတွေများ တွေးနေမလဲလို့ သိချင်မိပါရဲ့ဗျာ။ အားပေးဖတ်ရှုလိုက်ကြပါဦး။

Monday, November 19, 2012

ဘားရက်အိုဘားမားကို ကြိုဆိုပါ၏


အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မြန်မာ့မြေပေါ်မှာ စိတ်ကြည်ကြည်လင်လင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာ့အလှ၊ မြန်မာ့သဘာဝတွေကို ခံစားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမှန်အတိုင်း မြင်နိုင်ပါစေကြောင်းနဲ့ အပြုသဘောဆောင်သည့် ဆင်ခြင်သုံးသပ်မှုများဖြင့် မြန်မာ့ဒီမိုကရေစီရေစီးကို ပိုမိုအားသန်အောင် ကူညီနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ကြောင်းပါ...။


ပြောစရာများလွန်းလှတဲ့ အိုဘားမားရဲ့ မြန်မာခရီးစဉ်
ကျွန်တော့်မှာ အချိန်ရှားပါးမှုကြောင့် လက်ယားအောင် ရေးချင်နေခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ မနေနိုင်တော့လို့ အိပ်ချိန်တွေကိုရင်းပြီး ရအောင်ရေးလိုက်ပါတယ်။ အိုဘားမားလာမယ်လို့ ကောလာဟလတွေ ထွက်ပါပြီဆိုကလည်းက ကြားလိုက်ရတဲ့ အသံတွေဆိုတာ တကယ့်ကို စုံစီနဖာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမားဟာ မြန်မာပြည်ကို မလာသင့်သေးဘူး ဆိုတာပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ ဒုက္ခပါပဲဗျာလို့ပဲ တ,မိပါတယ်။ ဘယ့်နှယ်ကြောင့် သူ့ဟာသူ လာမယ့်ကိစ္စကို မလာသင့်ဘူးတို့၊ အချိန်မကျသေးဘူးတို့၊ အချိန်ကောင်းမဟုတ်ဘူးတို့၊ စောလွန်းတယ်လို့ ဖြစ်နေကြရတာတုန်းဗျ။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလိုပြောတဲ့လူတွေကို နားမလည်ပေါင်ဗျာ။ နားလည်တာတစ်ခုကတော့ မြန်မာတွေနားလည်တဲ့ နိုင်ငံရေးဆိုတာ တစ်မျိုးပါလား ဆိုတာပါပဲ။ အိုဘားမား မလာအောင် ကန့်ကွက်တာလည်း နိုင်ငံရေးပဲတဲ့။ ခက်ချေပြီဗျို့၊ ခက်ချေပြီ။ တော်ပါပြီဗျာ... သူများအကြောင်းပြောရတာ အသက်တိုတယ်။ စိတ်တိုရတာကိုးဗျ။ ကျွန်တော်ကိုဉာဏ်ရဲ့ အသက်တွေကို အလကားနေရင်း ကန့်လန့်တိုက်နေတဲ့ လူတွေအတွက်တော့ အတိုမခံတော့ပါဘူး။

ကိုဉာဏ်အမြင်၊ ကိုဉာဏ်အတွေး
ဟုတ်ကဲ့... ကျွန်တော့်အမြင်ကတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာခြင်းကို လုံးဝ(လုံးဝ) ပိုးစိုးပက်စက် ကြိုဆိုပါတယ်ခင်ဗျား။ အိမ်သာလို့ ဧည့်လာတယ်လို့ပဲ မှတ်ပါတယ်ဗျာ။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလိုပဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုပါ။ ကမ္ဘာ့အလယ်မှာ သူ့ဂုဏ်သိက္ခာနဲ့သူ ရပ်တည်နေတဲ့ နိုင်ငံတစ်ခုပါ။ သူများနိုင်ငံကို စစ်ပြုနေတဲ့၊ ရန်ရှာနေတဲ့ နိုင်ငံမဟုတ်ပါဘူး။ အာဖဂန်နစ္စတန်လို၊ ပါကစ္စတန်လို အကြမ်းဖက်သမားတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်ခုပါ။ ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့၊ သိပ်ကိုမြင့်မြတ်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေအောက်မှာ ကြီးပြင်းလာတဲ့ နိုင်ငံသားတွေနေထိုင်တဲ့၊ သဘာဝတရားတွေနဲ့ သိပ်ကိုလှပတဲ့၊ ပထ၀ီနိုင်ငံရေးအရ သိပ်ကိုအချက်အခြာကျတဲ့ နေရာမှာရှိနေတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီလိုနိုင်ငံကို အမေရိကန်သမ္မတတစ်ဦး လာတယ်ဆိုတာ ဘာများထူးဆန်းလို့လဲဗျာ။

ဂုဏ်ယူရမှာ ဘယ်သူလဲ 
ကျွန်တော့်သဘောဆိုရင်တော့ အခုခရီးစဉ်မှာ တကယ်တမ်း ဂုဏ်ယူရမှာက ကျွန်တော်တို့ မဟုတ်ပါဘူး။ မြန်မာပြည်ကို လာရောက်ခွင့်ရတဲ့၊ လာရောက်ခြေချခွင့်ရတဲ့၊ မြန်မာ့လေကို ရှူရှိုက်ခွင့်ရတဲ့၊ မြန်မာ့ရေကို သောက်သုံးခွင့်ရတဲ့၊ မြန်မာပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတဲ့ အိုဘားမားကသာ ဂုဏ်ယူရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဦးသန့်လို လူတော်တွေထွက်တဲ့နိုင်ငံ၊ ကမ္ဘာကျော် ပတ္တမြားတွေ၊ ကျောက်စိမ်းတွေ ထွက်တဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးက ငမ်းငမ်းတက်ဖြစ်နေကြတဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထွက်တဲ့နိုင်ငံ၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး ကျန်ရှိနေတဲ့ တစ်ခုတည်းသောနိုင်ငံ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစတဲ့ သဘာဝတရားရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံ၊ အစွန်းထွက်တောင်မရှိတဲ့ လူဦးရေပမာဏနဲ့ နယ်မြေဧရိယာကြီးမားလွန်းတဲ့၊ လူဦးရေများလွန်းတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရပ်တည် နေနိုင်တဲ့တိုင်းပြည်၊ ............။ ကဲ... ဒီလောက် ဂုဏ်ယူဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ကို ခြေချခွင့်ရတဲ့ အိုဘားမားဆိုတဲ့ လူသားတစ်ဦးဟာ ဘယ်လောက်များ ကံကောင်းလိုက်သလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့ဗျာ။ အိုဘားမား စိတ်အ၀င်စားဆုံးဖြစ်မယ့် အချက်တစ်ချက် ကျန်ပါသေးတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို အသိမ်မွေ့၊ အညင်သာဆုံး ပြုလုပ်နိုင်ခဲ့တဲ့ တိုင်းပြည်ဗျ။ ဒီတစ်ချက်တည်းနဲ့တင် မြန်မာပြည်ကိုလာပြီး ဂုဏ်ပြုသင့်တယ်လို့ မထင်ဘူးလားခင်ဗျ။

သတိပြုမိတာတွေ
အလည်အပတ်ခရီးစဉ် မဟုတ်လို့ထင်ပါရဲ့၊ သတင်းစာတွေမှာ အိုဘားမားအကြောင်း ဖော်ပြတာကို မတွေ့ရပါဘူး။ ပုံမှန်အားဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ခေါင်းဆောင်တစ်ဦးဦး လာတယ်ဆိုရင် သတင်းစာတွေမှာ အဲဒီခေါင်းဆောင်ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြလေ့ရှိလို့ပါ။ အခုတော့ အိုဘားမားအကြောင်းကို သတင်းစာမှာ ဖော်ပြထားတာ မတွေ့ရကြောင်းပါ။ နောက်တစ်ချက်ကတော့ လုံခြုံရေးပိုင်းဆိုင်ရာကို အရမ်းဂရုစိုက်နေတာ တွေ့ရတာပါပဲ။ စူပါပါဝါနိုင်ငံတစ်ခုရဲ့ အရှင်သခင် ဆိုတော့လည်း ဒီလောက်တော့ လုပ်ရမှာပေါ့လို့ပဲ တွေးမိပါတယ်။ ကျွန်တော်တို့ဆီက အတိုက်အခံတွေလိုမျိုး ပိုကိုပိုလွန်းတယ်လို့တော့ မမြင်မိပါဘူး။ သူ့နိုင်ငံသားတွေရဲ့ သူတို့သမ္မတအပေါ်မှာ တန်ဖိုးထားမှုလို့ပဲ မြင်ပါတယ်။ အဲဒီလိုနိုင်ငံသားတွေကို အုပ်ချုပ်ခွင့်ရတဲ့ အိုဘားမားအတွက်လည်း ဂုဏ်ယူရပါတယ်။ အစိုးရရဲ့ တရားဝင်သတင်းဌာနတွေ အားလုံးဟာ အိုဘားမား ဘယ်မှာတည်းမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်အချိန်ရောက်မယ်၊ ဘယ်အချိန်ပြန်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာကို သေသေချာချာ မထုတ်ပြန်တာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ သတင်းထိန်းချုပ်ထားတယ်လို့ပဲ မြင်မိပါတယ်။ (မှူးဇော်ကြီးကို သတိရမိတော့ ပြုံးမိပါတယ်။ သူ့ခမျာ ဘယ်လောက်တောင် ရေးချင်နေရှာမလဲလို့ တွေးမိပြီး ခပ်တိုးတိုးရယ်မိပါရဲ့။ :D ) အိုဘားမားလာတဲ့အတွက် လောလောဆယ် အကျိုးအရှိဆုံးလူတွေကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေနဲ့ မီဒီယာတွေပဲ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ အလံတွေ၊ အင်္ကျီတွေ၊ ပိုစတာတွေဆိုတာ ပလူကိုပျံနေတာပါပဲ။ အင်း... ငါးစာတွေ ချထားလိုက်ကြဦးကွ။ အင်တာနက်ပေါ်မှာကတော့ အရည်မရ အဖတ်မရ အိုဘားမားလာသင့်တယ်၊ မလာသင့်ဘူး ငြင်းခုန်နေကြလေရဲ့။ ဟိုဟိုဒီဒီ မငြင်းတဲ့လူတွေကလည်း အားအားလျားလျား အမေရိကန်သမ္မတစီးတဲ့ ကားအကြောင်းတို့၊ လေယာဉ်အကြောင်းတို့၊ ကိုယ်ရံတော်တပ်ဖွဲ့အကြောင်းတို့ ပြောနေလိုက်ကြတာများ အံ့သြဖို့တောင်ကောင်းတယ်။ ငါတို့မြန်မာတွေလည်း တစ်နေ့တစ်နေ့ မပျင်းရပါလားလို့ တွေးမိတော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိပါတယ်။

သူတို့နှစ်ဦးနဲ့တွေ့မယ်
အမေရိကန်သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့တွေ့ပါမယ်။ နောက်ပြီးရင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်။ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သတင်းဖော်ပြထားတဲ့အတိုင်း ပြောပြတာပါ။ ဘယ်နေရာတွေကို လည်ပတ်ဦးမယ် ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ရွှေတိဂုံစေတီတော်ကို သွားဖူးမလားလို့ ကျွန်တော်ကတော့ တွေးမိပါတယ်။ ရန်ကုန်မှာလည်း အထင်ကရ သွားစရာ၊ သွားလို့ကောင်းတာ အဲဒီနေရာပဲ ရှိတယ်လို့ မြင်မိလို့ပါ။ ထိုင်းနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုကို သွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရင်
ကိုယ့်ဆီက ကမ္ဘာကျော် မြန်မာသတင်းထောက်တွေ ပါးစပ်ထဲရှိသမျှ ဘာတွေမေးမလဲလို့ တွေးကြည့်နေမိပါတယ်။ စဉ်းစားမိသလောက်ကတော့.....
(၁) ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတာ စောလွန်းတယ်လို့ မထင်မိဘူးလား။
(၂) မြန်မာပြည်ကို မလာသင့်သေးဘူးလို့ ဝေဖန်နေကြပါလျက် ဘာဖြစ်လို့ လာခဲ့တာပါလဲ။
(၃) သမ္မတကြီး ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၄) ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၅) ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်မယ်ဆိုရင် အိုဘားမားအနေနဲ့ ဘယ်လိုသဘောရပါသလဲ။
(၆) ရခိုင်မှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က ၀င်ရောက်ဖြေရှင်းပေးဖို့ ရှိမလား။
(၇) မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။
(၈) လူကြီးမင်းရဲ့အဘိုးဖြစ်သူ မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာ သိပါသလား။
(၉) မြန်မာ့ဒီမိုကရေစီအတွက် အမေရိကန်က ဘယ်လိုအကူအညီတွေ ပေးသွားမှာပါလဲ။ 
(၁၀) အိုဘားမားအနေနဲ့ မြန်မာပြည်သူတွေကို ပေးချင်တဲ့ သတင်းစကားက ဘာများဖြစ်မလဲ။
(၁၁) အီရန်ကို စစ်တိုက်မလား သိချင်ပါတယ်။

ကဲ... ကျွန်တော်ကတော့ ထီထိုးလိုက်ပါပြီ။ မနက်ဖြန်၊ သဘက်ခါထွက်တဲ့ ဂျာနယ်တွေဖတ်ပြီး ထီတိုက်လိုက်ပါဦးမယ်။ ပျော်စရာတော့ အကောင်းသားခင်ဗျ။

ကြိုဆိုပါတယ် အိုဘားမား
အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားရဲ့ မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုလိုက်ကြောင်းပါ။ အပြောင်းအလဲတွေအတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်နေတဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ခရီးစဉ်လို့ပဲ မှတ်ယူပါတယ်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၃ နာရီ ၂၁ မိနစ်တွင်ပြီး၏။ 

Monday, November 12, 2012

Northern Star ဘယ်လဲ၊ ဘာလဲ။



တင်ပြချက် (၁)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁၂)
၁၁၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် -
        (က) ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊

တင်ပြချက် (၂)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၄၄)
၁၄၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်သည် ပုဒ်မ ၁၁၂ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။

တင်ပြချက် (၃)၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄)
၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည် -
         (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊

ဝေဖန်ချက် (၁)
သူရဦးရွှေမန်းဦးဆောင်သည့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ဆိုတဲ့အသုံးအနှုန်းကို လုံးဝကန့်ကွက်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ အရေးအသားတစ်ခုလို့ပဲ မြင်ပါတယ်။ ဘာကိုဆိုလိုတယ်ဆိုတာတော့ ဘုရားနဲ့ ရေးတဲ့သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သဘောရိုးနဲ့ ရေးထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြောင်းဖောက်တာလား၊ သွယ်ဝိုက်ပြီး နှိပ်ကွပ်တာလား ဆိုတာကတော့ ရေးတဲ့သူကိုပဲ မေးကြည့်ရင်ပိုကောင်းမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော့်အမြင်ကိုတော့ ရဲဝံ့စွာ ပြောရဲပါတယ်။ တမင်ရေးတဲ့ အသုံးအနှုန်းလို့ပဲ မြင်ပါတယ်၊ သူတို့ဂျာနယ်မှာ အခုနောက်ပိုင်း ဖော်ပြတဲ့ သတင်းတွေ၊ ဆောင်းပါးတွေအရ ဦးရွှေမန်းကို တမင်ကို မရောက်ရောက်အောင် ပို့နေကြသူတွေလို့ မြင်ပါတယ်။ ဦးရွှေမန်းနဲ့ သစ္စာခံတွေလို့ပြောရင် အနည်းငယ်အဓိပ္ပါယ် လွဲမှားနိုင်တဲ့အတွက် အဲဒီအသုံးအနှုန်းကို မသုံးတော့ပါဘူး။ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ကို ဦးဆောင်နေပြီး၊ ဦးခင်အောင်မြင့်သည် အမျိုးသားလွှတ်တော်ကို ဦးဆောင်နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတဲ့ကိစ္စပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်အရ လွှတ်တော်နှစ်ရပ်ယှဉ်ရင် ပါဝါကွာသလိုဖြစ်နေတဲ့အတွက် ဦးရွှေမန်းက ခြယ်လှယ်နေတာကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် အခုလို ရေးသားထားတာကိုတော့ ကျွန်တော်ကိုဉာဏ် လုံးဝ (လုံးဝ) သဘောမတူကြောင်းပါခင်ဗျား။ အလကားနေရင်း ဦးရွှေမန်းကို အတိုက်အခိုက်လုပ်နေတယ် ထင်မှာစိုးတဲ့အတွက် နောက်ထပ်ဥပမာတစ်ခု ထပ်ပေးပါ့မယ်။ လွှတ်တော်ဂျာနယ်ကို ထုတ်ဝေနေတာရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှာ ဘယ်သူက ရာထူးအားဖြင့် ကြီးသလဲဆိုတာ စာဖတ်သူတွေ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လွှတ်တော်ဂျာနယ်မှာ ဦးရွှေမန်းရဲ့ သတင်းကိုပဲ မျက်နှာဖုံးကနေ ဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ သတင်းကိုတော့ နောက်ကျောဆုံး သို့မဟုတ် ရှေ့ဖုံးမှာဆိုရင်တောင် ဦးရွှေမန်းသတင်းရဲ့ နောက်ကသာ ဖော်ပြကြပါတယ်။ ဒါဆိုရင် ကျွန်တော်ဘာကို ဆိုလိုသလဲဆိုတာ သဘောပေါက်ကြလိမ့်မယ် ထင်ပါရဲ့။ လွှတ်တော်အရေး ရင်လေးမိပါသေးရဲ့ဗျာ။ အခုလို မီဒီယာတွေကပါ လေပင့်လာပြီဆိုတော့ အင်း... ခက်ရချေရဲ့ဗျို့။

ဝေဖန်ချက် (၂)
အာဏာရပြည်ခိုင်ဖြိုးပါတီဆိုတဲ့ အသုံးအနှုန်းကို သဘောကို မကျဘူး။ ဘာဖြစ်လို့ အဲဒီစကားလုံးကို သုံးရသလဲဆိုတာ စဉ်းစားလို့မရဘူး။ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီလို့ သတ်မှတ်လို့ရမရဆိုတာ ပြန်လည်စဉ်းစားကြစေချင်တယ်။ သူများနိုင်ငံတွေမှာ အာဏာရပါတီလို့ သုံးနှုန်းကြတာကို ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အဲဒီအတိုင်း သုံးလို့ရမရဆိုတာ နှိုင်းယှဉ်သုံးသပ်ကြစေချင်တယ်။ အာဏာသုံးရပ်ရှိတဲ့အထဲမှာ ဥပဒေပြုရေးကလွဲရင် ကျန်တဲ့နှစ်ရပ်က ပါတီနဲ့ လက်ရှိတာဝန်တွေကို ခွဲခြားထားတယ်ဆိုတာ ဘာဖြစ်လို့ မျက်ကွယ်ပြုနေကြသလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ မီဒီယာတွေကပဲ သိသိကြီးနဲ့ ဇာတ်သွင်းနေကြတာလား၊ ကျွန်တော်ကပဲ မသိဆိုးဝါးစွာနဲ့ အဆိုးမြင်ဖြစ်နေတာလား ဆိုတာကတော့ မပြောတတ်တော့ပါဘူးဗျာ။

ဝေဖန်ချက် (၃)
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄) မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆိုတဲ့စကားရပ် ပါတယ်ဆိုတာကို မမေ့ကြစေလိုပါ။ အခုအရေးအသားတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုရာ ရောက်တယ်လို့ ကျွန်တော်ကိုဉာဏ်က မမီတမီဉာဏ်လေးနဲ့ မရဲတရဲလေး သတိပေးလိုက်ပါရစေခင်ဗျာ။

ရည်ညွှန်း - Northern Star ဂျာနယ်၊ အမှတ် (၁၉၀)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်၊ တနင်္လာနေ့။
မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်တွင်ပြီး၏။ 

Monday, November 05, 2012

ဖတ်မိတဲ့စာအုပ်တွေထဲက (၁)


(က)
ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီး ဟု ခေါ်တွင်ရခြင်းအကြောင်း
ဘုရားတည်တဲ့အခါ ၀ါးနဲ့ ငြမ်းဆင်ရတယ်။ အဲဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်ရတဲ့ဘုရားမို့ ခြောက်ထပ်ကြီး ခေါ်သည်။ ၀ါးငါးပြန်ဆင်တဲ့ ဘုရားကျတော့ ငါးထပ်ကြီး၊ စမ်းချောင်းနားက ကိုးထပ်ကြီးဘုရားကျတော့ ၀ါးကိုးပြန်ဆင်ရတာ။ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ၀ါးဆယ်ပြန် ငြမ်းဆင်ရလို့ ဆယ်ထပ်ကြီး။

(ခ)
ရာဘင်ဒြာနတ်တဂိုး မြန်မာပြည်ကို လာခဲ့ဖူးသည်

  1. ၁၉၁၆ ခုနှစ် မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ကြိမ်။ ရွှေတိဂုံဘုရားလမ်း၊ စိန်ရောင်ခြည်ဘုရားဝင်းအနီးရှိ အိန္ဒိယအမျိုးသား ဆရာဝန်ကြီး မေထာ၏တိုက်တွင် တည်းခိုသည်ဟု ထင်မှတ်ရသည်။
  2. ၁၉၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ကြိမ်။ ဂါးဒီးယမ်းသတင်းစာတိုက် အဆောက်အဦ၊ ၃၉၂/၃၉၆ ကုန်သည်လမ်းရှိ တိုက်အိမ်တွင် တည်းခိုသွားခဲ့သည်။


(ဂ)
ရဟန်းပြုသူ ၅ မျိုး

  1. သဒ္ဓါပဗ္ဗဇိတ - ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ
  2. ပညာပဗ္ဗဇိတ - ပညာကြောင့် ရဟန်းပြုသူ
  3. ဘယာပဗ္ဗဇိတ - အပြစ်ဘေးကြောင့် ရဟန်းပြုသူ
  4. မိရိုးဖလာပဗ္ဗဇိတ - မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ
  5. ဒုလ္လဘပဗ္ဗဇိတ - ရခဲသည့်ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူ


[ နန္ဒာမိုးကြယ်၊ မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ ၁၀၀ စာအုပ်မှ ]

Sunday, November 04, 2012

စိတ်၏အမိန့်၊ ပီမိုးနင်း



စိတ်မပျက်သမျှ စီးပွားဥစ္စာ ကျန်းမာခြင်းပါ ပျက်သော်လည်း ကြောက်စရာမရှိချေ။ စိတ်အားပျက်မှ အကုန်ပျက်၏။ "ပျက်လျှင်အစဉ် ပြင်လျှင်ခဏ၊ မသေမချင်း အားမလျှော့ရ၊ ဖြစ်ရမည်" ဟူသောစိတ်ကို အမြဲထားပါလေ။
အပျက်ကို မတွေးလေနှင့် မထင်လေနှင့်။ အတွေးအထင်သည် ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ဖြစ်လေသည်။ စိတ်ကြွယ်ဝမှ လူကြွယ်ဝ၏။ စိတ်မွဲလျှင် လူမွဲတတ်လေသည်။
အိပ်ရာထ မလေးစေရ၊ နိုးလျှင် ထတတ်သောအကျင့်ကို ဖြစ်စေရမည်။
အိပ်ပျော်ခါနီး၌ ငါအဘယ်အချိန်မှာနိုးမည်ဟု ပျော်သည့်တိုင်အောင် အမိန့်ပေးလေ။ သုံး လေးရက်လောက် ဤကဲ့သို့ လေ့ကျင့်လျှင် အနားမှာ နာရီကိုထား၍အိပ်။ မိန့်သောအချိန်မှာနိုးကြောင်း တွေ့ရှိရလိမ့်မည်။
အိပ်ရာမှ အထမြန်ခြင်းသည် Willpower ခေါ် စိတ်၏တန်ခိုး တိုးတက်ကြီးမားသောအလေ့ဖြစ်၏။
ညဥ့်အိပ်ရာဝင်ချိန်၌ အဘယ်အချိန်မှ ငါနိုးရမည်ဟူသော အမိန့်ကို မိမိ၏နား၌ ကြားလောက်အောင် ကျယ်လောင်သော အသံနှင့်လည်းပေးလေ၊ တကယ်အတည်ခိုင်မာစွာ အမိန့်ကိုပေးရမည်။ စိတ်မပါတပါနှင့် မပေးရ။
အိပ်ပျော်သည့်တိုင်အောင် ပေးသောအမိန့်များသည် အောင်မြင်ရ၏။ ပျင်းရိခြင်း၊ အပျော်တစ်ခုခုကြူးခြင်း၊ မကောင်းသောအကျင့် တစ်ခုခုရှိလျှင် ဆန့်ကျင်သောစကားဖြင့် မိမိကိုယ်ကိုယ် အိပ်ပျော်သည့်တိုင်အောင် အမိန့်ပေးရမည်။ ဥပမာ ပျင်းလျှင် ငါ ၀ီရိယရှိသည်ဟု အတည်တကယ် ယုံကြည်စိတ်ချစွာပြောလေ၊ လက်သီးမဆုပ် အံမကြိတ်ရ၊ ကိုယ်လက်ကို ပျော့ပြောင်းချမ်းသာစွာထား၍ ဆိုရမည်။ မ ဟူသော စကားမပါ၊ ဥပမာ - ငါမပျင်းတော့ဘူးဟု မဆိုရ။
ထချင်သောအချိန်မှာ ထနိုင်သော လေ့ကျင့်ခန်းကို အမိန့်ဖြင့်အောင်မြင်လျှင် စာဖတ်သူ၏ တန်ခိုးသည် တိုးတက်၍လာပြီဟု သိလေ။
မိမိကိုယ်ကိုယ် မကျန်းမာသူဟု စိတ်က စွဲမြဲစွာထားလျှင် မကျန်းမာဖြစ်ရမည်။ အိပ်ရာ၌ အိပ်ပျော်သည့်တိုင်အောင် ရောဂါတစ်ခုခုကိုထင်လျှင် ထိုရောဂါ ဖြစ်ပေါ်လာရ၏။ နေ့အခါ၌လည်း ရောဂါဝေဒနာမှစတဲ့ အနိဋ္ဌာရုံကို မထင်ရ၊ ပျက်စီးခြင်းကို မမြင်စေရ၊ မျှော်လင့်ကိုးစား မိမိ၏သတ္တိကို ယုံကြည်သောစိတ် အမြဲတိုးပွား၍ နေစေရမည်။
အချိန်မှန်အောင် ကြိုးစားလေ၊ အချိန်မှန်ဖို့ကို အမိန့်ပေးလေ။
စိတ်လေလွင့်ခြင်းသည် အချိန်မမှန်ခြင်းကို ဖြစ်စေ၏။ စိတ်အား ဆုတ်ယုတ်စေ၏။
မိမိ၏အလုပ်ကို သတ္တ၀ါတို့အား အကျိုးဆောင်သောအလုပ်ဟု အမြဲသဘောထားရမည်။
ရည်ရွယ်ချက်တစ်ခုကို အမြဲတည်စွာထား၊ ထိုရည်ရွယ်ချက်သို့ ပေါက်ရောက်စေမည့် အရာဟူသမျှကို ရှာကြံလုပ်ကိုင်လေ။
အောင်မြင်ခြင်းကို အဝေး၌မထားနှင့်၊ ယခု လက်ငင်းလုပ်သော အလုပ်တွေကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည်ဟု စူးစိုက်စွာလုပ်၊ စူးစိုက်စွာ အမိန့်ပေးလေ၊ အလုပ်တစ်ခုပြီးတစ်ခု အောင်မြင်ခြင်းသည် ရည်ရွယ်ချက်သို့ ရောက်စေသော လှေကားများ ဖြစ်ကြလေသည်။
အလုပ်တစ်ခုကိုလုပ်ရာ၌ အလုပ်၏အစိတ်အပိုင်းတွေ များစွာရှိ၏။ ထိုအလုပ်ကြီးတစ်ခုလုံး၏ အောင်မြင်ခြင်းဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းလေးတွေကို ရှေးဦးပထမ တစ်ခုပြီးတစ်ခု အောင်မြင်ဖို့ ကြိုးစားရမည်။
မိမိအလုပ်များ၌ အစီအစဉ်ရှိရမည်။ အစီအစဉ်မရှိလျှင် ရှုပ်ပွေ၍ နေလိမ့်မည်။ ရှုပ်ပွေအားကြီးလျှင် လုပ်လေရှုပ်လေ၊ အလုပ်သည် အရှုပ်ကို ရှင်းရ၏။
မိမိကိုယ်မိမိ ရိုသေရမည်။ ထိုအခါ ကမ္ဘာလောကသည် ပိုမို၍ ရိုသေလိမ့်မည်။

Monday, October 29, 2012

နိုင်ငံရေးအကြောင်းလား၊ အဲဒီအကြောင်းတော့ မပြောချင်သေးပါဘူးဗျာ


ပြိုင်ဆိုင်မှု ပြင်းထန်လှသည့်၊ ခါးသီးလှသည့်၊ အမုန်းတရားတွေ များလွန်းလှသည့်၊ နှစ်ဘက်အကြား အာဃာတများ မနည်းမနောရှိသည့်၊ အချင်းချင်း ဝေဖန်တိုက်ခိုက်နေတတ်သည့် ပြိုင်ဘက်များ ထိပ်တိုက်တွေ့ခဲ့ကြလေပြီ။ သူတို့အကြောင်းကို နည်းနည်းလေး ပြန်စောင်းငဲ့ကြည့်ချင်သည်။

အများက သတ်မှတ်ထားကြသည့် ကာလကြာရှည် မင်းမူခဲ့သူတွေက သူတို့ပြိုင်ဘက်ကို နည်းနည်းလေးမျှ ထီမထင်သည့် ဟန်ပန်ဖြင့် တွေ့ရသည်။ ဒီလိုပြိုင်ဘက်တွေနဲ့ ပြိုင်ရမှာကိုပင် သိပ်ပြီးတော့ မကျေနပ်ချင်လှ။ ပြိုင်ဘက်ဆိုသူတွေက မနေ့တစ်နေ့ကမျှ ပိုက်ဆံတွေ ပေါပေါသီသီ ထောက်ပံ့ပေးခဲ့တဲ့ ကြိုးကိုင်သူကြီးကြောင့် နေ့ချင်းညချင်း နောက်မှပေါက်တဲ့ ရွှေကြာပင်လို ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဒီကြားထဲ ဟိုဆု၊ ဒီဆုတွေက ရလိုက်သေးတော့ အဲဒီလူတွေအဖို့ မာန်တက်တာ မဆန်းလှချေ။ အဆိုးဆုံးက သူတို့ကပဲ ဒီလိုယှဉ်ပြိုင်မှုတွေ ပြင်းထန်လာအောင် လမ်းသစ်ထွင်ခဲ့သူတွေလိုလို၊ သူတို့ကပဲ ဒီယှဉ်ပြိုင်မှုတွေရဲ့ သော့ချက်တွေလိုလို ပြောဆိုကြခြင်းပင်။ သမ္ဘာရင့်၊ ၀ါရင့်ကြီးတွေကတော့ ထိုသို့မဟုတ်ချေ။ ဘာဆုတံဆိပ်တွေမျှ မရလျှင်ပင် သူတို့အတွက် နေရာဆိုတာက အဆင်သင့်ရှိပြီးသား။ သူတို့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမျှ မေ့ဖျောက်ပစ်လို့ မရသလို၊ ပစ်ပယ်ထားလို့လည်း ရကောင်းသည့် အရာမဟုတ်။ အထူးသဖြင့် သူတို့ကို အသေးစိတ် ညွှန်ကြားနေသည့်၊ လမ်းပြနေသည့်၊ ဦးဆောင်နေသည့် ခေါင်းဆောင်ကြီးကြောင့် သူတို့ကို အားလုံးက လေးစားကြရသည်၊ အသိအမှတ်ပြုကြရသည်။ သူ့ဦးနှောက်သည် နှယ်နှယ်ရရ မဟုတ်ချေ။ အပွဲပွဲ နွှဲလာခဲ့ပြီးသား၊ အောင်ပွဲအလီလီ ရလာခဲ့ပြီးသား၊ အတွေ့အကြုံပိုင်းနှင့် ယှဉ်မလား၊ အသက်အရွယ်နှင့်ပဲ ယှဉ်မလား၊ ရခဲ့ဖူးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ပဲ ယှဉ်မလား၊ သူ့ပြိုင်ဘက် အားလုံးထက် သူကအမြဲတမ်း သာနေခဲ့သည်။ သူ့ပြိုင်ဘက်တွေအတွက်တော့ သူသည် နတ်ဆိုးတစ်ကောင်၊ မိစ္ဆာတစ်ကောင် အသေအချာပင်။ သူ့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို ပြိုင်ဘက်တွေ ကြောက်ကြသည်၊ သူ့ငယ်သားတွေ၊ သူ့တပ်သားတွေကိုလည်း သူက အလုံးစုံ လွှမ်းမိုးထားသည်။ သူတို့အဖို့ ခေါင်းဆောင်ကြီးက သေဆိုသေ၊ ရှင်ဆိုရှင်။ ဒါကလည်း မဆန်းတော့ မဆန်းချေ။ သူနှင့် အဆင်မပြေသူ၊ သူ့ကို အာခံသူ မှန်သမျှကို သူက ရှင်းပစ်လိုက်သည်ချည်းပင်။ ဘယ်လောက်ပဲ စွမ်းသူဖြစ်ပါစေ၊ ဘယ်လောက်ပဲ အများက နှစ်သက်သဘောကျသူ ဖြစ်ပါစေ၊ သူနှင့် အဆင်ပြေအောင်ပေါင်း၊ မပြေလျှင်ဂျောင်းပဲ။ ထိုကဲ့သို့ လုပ်ရဲသည်ကလည်း အကြောင်းမဲ့မဟုတ်၊ သူ့မှာက သူ့ထက်ငါ လူစွမ်းကောင်းတွေက ဒုနှင့်ဒေး မဟုတ်လား။ ပြောရလျှင် ငယ်မွေးခြံပေါက်တွေ၊ ကောင်းကောင်းလေ့ကျင့်ပေးထား၍ လေ့ကျင့်သား ပြည့်ဝနေသူတွေ၊ နောက်ဆုံး ကုန်ကုန်ပြောရလျှင် နောက်အနှစ် ၂၀ လောက်အတွက်ထိ သူက တွက်ချက်ပြီး ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ သူက ကြိုတင်တွက်ချက်ထားပြီးသား။ လွဲလျှင် နည်းနည်းသာ၊ အားလုံးက သူတွက်ထားသည့်အတိုင်း သူဆင်ထားသည့်အတိုင်း ဖြစ်လာသည်ချည်းပင်။ ထို့ကြောင့်လည်း သူ့ကို ပြိုင်ဘက်အားလုံးက အမြန်ဆုံး ဇာတ်သိမ်းစေချင်ကြသည်၊ အမြန်ဆုံး ပျောက်သွားစေချင်ကြသည်။ သူကလည်း သူပင်၊ ဟိုနေ့ အနားယူတော့မလိုလို၊ ဒီနေ့ အနားယူတော့မလိုလိုနှင့်၊ သတင်းတွေသာ ထွက်လာသည်၊ ထိုင်ခုံပေါ်ကတော့ လုံးဝ နေရာမရွှေ့ချေ။ နောက်ဆုံးသတင်းများအရ အနားယူခဲ့လျှင်ပင် သူ့အဖွဲ့တွေကို သူက အကြံဉာဏ်တွေ ပေးဦးမည်၊ တစ်သက်တာ ဂုဏ်ထူးဆောင်အဖြစ် ရှိနေဦးမည်တဲ့။ သူ့အဖွဲ့တွေနဲ့ သူတို့ကို အားပေးသူတွေအတွက်တော့ တကယ့်မဟာသတင်း၊ ပြိုင်ဘက်တွေအတွက်တော့ သိတဲ့အတိုင်း အမင်္ဂလာသတင်းပေါ့။ ဒီနေရာမှာ ထူးခြားတာတစ်ခုက သူနှင့် သူ့ပြိုင်ဘက်တွေရဲ့ ခံယူပုံဖြစ်သည်။ သူက သူ့ကို တစ်ခုခုဖြစ်စေချင်ကြတာ၊ သူ့ကို မုန်းတီးကြတာ၊ သူ့ကိုဝေဖန်ကြတာကို ဖြစ်မြဲဖြစ်စဉ် သဘာဝအဖြစ် လက်ခံသည်။ ကျေကျေနပ်နပ် ခံယူသည်။ သို့သော် သူ့ပြိုင်ဘက်တွေက သူ့ကိုသာ ဝေဖန်လျှင် ဝေဖန်မည်၊ သူတို့ကို ဝေဖန်လျှင်တော့ နည်းနည်းလေးမျှ မနှစ်မြို့ကြချေ။ ဒါကလည်း အကြောင်းရှိသည်၊ သူက စိတ်ဓာတ်စစ်ဆင်ရေး ကောင်းသည်ကိုး။ သူမို့ စကားတစ်ခွန်း ပြောလိုက်၊ ဝေဖန်လိုက်လျှင် ပြိုင်ဘက်တွေအဖို့ အုန်းအုန်းကြွက်ကြွက် ဖြစ်ရသည်ချည်းပင်။

ကဲ.. ထားတော့။ ပြိုင်ဘက်အကြောင်း ပြောကြဦးမည်။ အထက်မှာ ပြောခဲ့သလိုပင် နောက်မှပေါက်သည့် ရွှေကြာပင်များ ဖြစ်ကြသည်။ အဓိကကတော့ ထောက်ပံ့ပေးမှုတွေကောင်း၊ ပိုက်ဆံတွေ ပေါပေါများများ ရနေ၍ သူတို့လုပ်ချင်တိုင်း လုပ်လို့ရနေသည်။ သူတို့ကို ထောက်ပံ့ပေးနေသည့် ပိုက်ဆံတွေနှင့် ပတ်သက်၍၊ သူတို့ကို ထောက်ပံ့နေသူနှင့် ပတ်သက်၍ အမြဲတစေ အငြင်းပွားရသည်။ ပိုက်ဆံရှိသူဆိုတော့ အားလုံးကို ပိုက်ဆံနှင့် မြူဆွယ်သည်ပေါ့။ ဟိုလူကလည်း သူတို့ဆီဝင်၊ ဒီလူကလည်း သူတို့နဲ့ပူးပေါင်း၊ သိတဲ့အတိုင်း ပိုက်ဆံမက်သူတွေပေါ့။ အထူးသဖြင့် သူတို့က နေရာလိုချင်ကြသည်။ ဒီအထဲကိုဝင်လျှင် ဒီနေရာကို ရမှဖြစ်မည်ဟု သူတို့က သန္နိဋ္ဌာန်ချထားကြပြီးသား။ နေရာမရလျှင်တော့ သူတို့တွေ ပူညံပူညံ လုပ်ကြသည်၊ ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်ဟု ခြိမ်းခြောက်ကြမည်၊ နုတ်ထွက်ကြမည်။ အခြားတစ်ဖက်ဖက်သို့ ကူးပြောင်းကြမည်။ သူ့ကိုယ်သူ အကောင်းဆုံးလူ၊ အတော်ဆုံးလူက ထင်နေသည့် လူတစ်ယောက် သူတို့ကို ဦးဆောင်ခဲ့သည်။ ထိုကာလများသည် သူတို့အတွက် ရွှေရောင်နေ့များ ဖြစ်ခဲ့သည်။ အောင်မြင်မှုတစ်ချို့ သူတို့ရရှိခဲ့သည်။ ပေါက်ကရ ပြောတတ်သော်လည်း သူ့ကို ပုဂ္ဂိုလ်ခင်နေသည့်အတွက် ဘယ်သူကမျှ အပြစ်မမြင်ခဲ့ကြ။ နောက်ဆုံးတော့ သူက အာဏာရှင်ဆန်ဆန် ဖြစ်လာခဲ့သည်။ ထောက်ခံသူတွေများလာ၊ အားပေးသူတွေများလာ၊ မြောက်ပေးသူတွေ များလာချေတော့ သူလည်း အနည်းငယ်တော့ ဘ၀င်မြင့်ချေမည်။ သူ့ကံကလည်း ကောင်းသည်ဟု ဆိုရမည်၊ သူလုပ်သမျှက ဖြစ်လာသည်၊ သူ့ပြိုင်ဘက်တွေအတွက် သူက ဦးစားပေးဖြစ်လာခဲ့သည်။ အထူးသဖြင့် ကာလရှည်ကြာ သက်တော်ရှည်ဂုရုကြီးကိုပင် သူက ထီမထင်သလို လုပ်လာသည်။ တချို့နေရာတွေမှာဆိုလျှင် သူကပင် အနိုင်ယူလိုက်သေးသည်။ နောက်ဆုံးတော့ သူ့အောင်မြင်မှုတွေကို သူကိုယ်တိုင် ယုံကြည်မှု လွန်ကဲတာလား၊ သူ့ကံကြမ္မာကပဲ အနိမ့်ပိုင်းကို ရောက်သွားတာလားမသိ သူလုပ်သမျှ အမှားအယွင်းတွေ ဖြစ်လာသည်။ အထူးသဖြင့် အခွင့်အရေး ရနိုင်ခဲသည့် ပွဲကြီးပွဲကောင်းတစ်ခုမှာ သူ့ကြိုးကိုင်သူအလိုကျ သူမလုပ်ပေးနိုင်ခဲ့။ အဲဒီအတွက် သူက ဘာမျှမဖြစ်သလို နေပြသည်။ သူ့ငယ်သားတွေက သူ့ကို ကွန်ပလိန်းတွေ တက်လာကြသည်။ သူ့အဖွဲ့ထဲမှာ ဟိုအုပ်စု၊ ဒီအုပ်စုဆိုတာတွေ အကွဲကွဲ ဖြစ်လာကြသည်။ နောက်ဆုံးတော့ မီးလောင်ရာလေပင့် ဆိုသလိုပင် သူ့ပြိုင်ဘက်တွေက သူ့ကို အလဲထိုးခဲ့ကြသည်။ သူ့ဘ၀ ခဏနားသွားရသည်။ နားတာကိုပင် အနိုင်နှင့် ပိုင်းနေသေးတော့သည်။ သူ့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်ကြီးကတော့ သက်တော်ရှည်နေဆဲ၊ အောင်ပွဲခံနေဆဲ၊ သူပြုစုပျိုးထောင်ထားသည်များကို ခံစားနေဆဲ၊ ပီတိဖြစ်နေဆဲ၊ ခရီးဆက်နေဆဲပင်။

အခုလည်း သူတို့တွေ ထိပ်တိုက်တွေ့ပြန်ချေပြီ။ နေရာအတွက် အပြိုင်အဆိုင်၊ အရိုးကျေကျေ၊ အရေခန်းခန်း ယှဉ်ပြိုင်ကြရမည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေအတွက်တော့ အခုအချိန်မှာ သူတို့ပြိုင်ဘက်က သူတို့ထက် သာသလိုဖြစ်နေတာကို မခံချင်ကြ၊ သူတို့မှာလည်း အစွမ်းတွေရှိတာကို ပြသချင်သည်။ သူတို့မှာ သမိုင်းကြောင်းရှိတာကို ထိန်းသိမ်းချင်သည်။ ပွဲက တကယ့်ပွဲကောင်းပင်။ တကယ်လည်း ပွဲက ကောင်းခဲ့ပါသည်။ သူတို့တွေရဲ့ ယှဉ်ပြိုင်မှုက ပညာသားပါသလို၊ သိပ်ပြီးလည်း အင်အားပါသည်။ ခက်သည်က အားပေးသူတွေက သက်တော်ရှည်ကြီးဘက်မှာ အနည်းငယ်သာ ရှိနေသည်။ သူတို့ပြိုင်ဘက်ကို အားပေးသူတွေက အဆမတန် များပြားနေသည်။ တော်ရုံတန်ရုံ စိတ်ဓာတ်နှင့်ဆိုလျှင်တော့ ဒီအားပေးသူတွေ၊ ရူးသွပ်သူတွေကြောင့် တွေဝေသွားနိုင်သည်၊ ဖျားသွားနိုင်သည်။ သို့သော် အဓိကက ရလဒ်ဖြစ်သည်၊ ဗျူဟာဖြစ်သည်။ သက်တော်ရှည်ကြီးက သိပ်ပြီးတော့ ပါးနပ်သည်။ အရင်ကလိုမျိုး အပြင်းအထန် တိုက်ခိုက်တာမျိုးတွေ မလုပ်ချေ။ စိတ်ရှည်လက်ရှည်နှင့် အများကို စောင့်ဖမ်းသည်။ အပိုင်ဆိုမှ သူက တိုက်ခိုက်သည်။ လက်ဝှေ့စကားနှင့်ဆိုလျှင် ချက်ကောင်းတွေကိုချည်း ရွေးပစ်သည်။ လက်သီးတရစပ် မထွက်ပေမယ့် ထွက်သမျှလက်သီးက ချက်ကောင်းကိုချည်းဖြစ်သည်။ အဲဒီတော့ ပြိုင်ဘက်တွေက မခံချင်တွေ ဖြစ်လာကြသည်၊ ရှူးရှူးရှဲရှဲတွေ ဖြစ်လာကြသည်။ ဥပဒေပတွေ ယှဉ်ပြိုင်လာကြသည်။ အားပေးသူတွေရဲ့ အားကိုးနဲ့ မိုက်ကြသည်ပေါ့။ သို့သော် ဥပဒေက ဥပဒေပဲဖြစ်သည် မဟုတ်လား။ ဥပဒေပတွေ လုပ်တာများလာတော့ သူတို့တွေ ဥပဒေရဲ့ စီရင်ခြင်းကို ခံကြရသည်။ တချို့တွေ သတိပေးခံရသည်၊ တချို့တွေ ခံဝန်နှင့်နေကြရသည်၊ တချို့တွေဆိုလျှင် ယှဉ်ပြိုင်ခွင့်ပင် ပိတ်ပင်ခံလိုက်ရသည်။ ထိုသို့ အလုပ်ခံရလေ သူတို့က ပိုပြီးတော့ တင်းမာလေဖြစ်သည်။ သူတို့ရဲ့ အခြေအနေမှန်ကို သူတို့တွေ မှန်အောင် မသုံးသပ်နိုင်ခဲ့၊ သူများကိုသာ တိုက်ခိုက်ဖို့ သည်းသည်းမည်းမည်း ဖြစ်နေခဲ့သည်။ ဒီအတွက် သူတို့မှာ ဟာပေါက်တွေ အများကြီး ရှိလာသည်။ ခေါင်းဆောင်လုပ်သူကလည်း အခြေအနေကို မထိန်းနိုင်သလို ဘေးကနေ ကူညီအကြံပေးသည့် လက်ထောက်တွေ၊ လူယုံတွေကလည်း ဘာအကြံတွေမျှ ထွက်မလာတော့။ သက်တော်ရှည်ကြီးကို ဝေဖန်တာ၊ မထိတထိပြောတာ၊ ပုတ်ခတ်တာတွေပဲ လုပ်လာကြသည်။ အဲဒီတော့ စကားများကြတာပဲ အဖတ်တင်သည်။ သက်တော်ရှည်ကြီးရဲ့ အဖွဲ့သားတွေ အပြင်းအထန် အလူးအလဲ ခံကြရသည်။ ဒါကိုပင် ပြိုင်ဘက်တွေက သူတို့တွေမမှားဘဲ တစ်ဖက်က မှားသလိုဖြစ်အောင် အားပေးသူတွေ၊ ပရိသတ်တွေကို တိုင်တည်ကြသေးသည်။ ပရိသတ်အားကိုးနှင့် မိုက်ပြကြသည်၊ ရမ်းပြကြသည်၊ ကြမ်းပြကြသည်။ သက်တော်ရှည်ကြီးက အကွက်စေ့သည်။ တစ်ဖက်ရဲ့ ဗျူဟာထဲကို နည်းနည်းလေးမျှ အ၀င်မခံချေ။ စိတ်ရှည်လက်ရှည်ထားသည်၊ ဇွဲကောင်းကောင်းနှင့် အခွင့်ကောင်းကို စောင့်သည်။ တစ်ဖက်က သွေးဆူတိုင်း သူ့လူတွေကို သွေးမဆူခိုင်း၊ တစ်ဖက်က ကြမ်းရမ်းတိုင်း သူလူတွေကို မရမ်းခိုင်း။ သမ္ဘာနှင့်ဝါနှင့် ထိန်းခိုင်းသည်။ လိုချင်သည့် ရလဒ်ရအောင် သူ့လူတွေကို ယှဉ်ပြိုင်ခိုင်းသည်။ သူ့လူတွေကလည်း ဒီလိုပြိုင်ဘက်တွေနှင့် ယှဉ်ပြိုင်လာတာ အံတိုနေပြီ ဆိုသည့်လူစားများဖြစ်သည်။ ထို့ကြောင့် ဘာမျှ အခက်အခဲမရှိ။ နောက်ဆုံးတော့ လိုချင်သည့် အနိုင်ရလဒ်က သူတို့လက်ထဲသို့ ရောက်လာခဲ့သည်။

သူတို့အတွက်တော့ ချိုမြိန်လှသည့် အောင်မြင်မှုပင်၊ အခြားတစ်ဖက်အတွက်တော့ ဘယ်လောက် ခါးသီးမည်ကို စာဖတ်သူတို့သာ စာနာကြည့်စေလိုပါသည်။ သေချာသည် မကြာမီ စကားသံတွေ၊ ဝေဖန်သံတွေ ထွက်လာဦးမည်။ တရားမျှတမှု မရှိဘူး၊ ဘက်လိုက်တယ်၊ သက်တော်ရှည်ကြီးကိုဆို ဆုံးဖြတ်သူတွေက အမြဲပစားပေးတယ်၊ မပြောရဲဘူး၊ မဆိုရဲဘူး၊ သူတို့ကိုတော့ နှိပ်ကွပ်တယ်၊ မလုပ်သင့်တာတွေ လုပ်တယ်၊ စသည်စသည်ဖြင့်ပေါ့။ ဒါကလည်း မထူးဆန်းပါချေ။ ဒီလောကမှာ ဒီရပ်ဝန်းမှာ ဒီလိုဖြစ်လာပြီဆိုလျှင် ဒီလိုပဲ စကားသံတွေ ထွက်လာစမြဲ ဖြစ်သည်ကိုး။ ဘယ်သူကမျှ အရှုံးကို ကျေကျေနပ်နပ် မခံယူလိုကြ။ တစ်ခုခုကိုတော့ အကြောင်းရှာလိုက်ရမှ နေသာထိုင်သာရှိသည်။ ဥပဒေအရ အရေးယူခံလိုက်ရတဲ့ လူတွေအတွက်တော့ စိတ်မကောင်းချေ။ သူတို့ခမျာ နောက်ပြိုင်ပွဲ ၂ ခုလောက်ကို လက်လွှတ်ကြရဦးမည်။ အင်း... ခက်တော့လည်း ခက်သည်။

လူတွေကလည်း သူတို့ရဲ့ ပြိုင်ဆိုင်မှုကိုပဲ စိတ်ဝင်စားသည်ကိုး။ အခုဆိုလျှင် တစ်ကမ္ဘာလုံးက သူတို့ရဲ့ ပြိုင်ဆိုင်မှုကို စောင့်ကြည့်ခဲ့ကြမှာ သေချာသည်။ အားပေးသူတွေ အသီးသီးအတွက် ၀မ်းသာမှုနှင့် ၀မ်းနည်းမှုတွေ ရရှိကြပေမည်။ သေချာသည်ကတော့ ဒီတစ်ခါပြိုင်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ နောက်ထပ် ပြိုင်ပွဲတွေ လာဦးမည်ဆိုသည်ပင်။ မကြာသော အချိန်အတွင်းမှာပင် သူတို့ ၂ ဖွဲ့ ပွဲကြီးပွဲကောင်း ထပ်တွေ့ကြဦးမည်။ ကျွန်တော်တို့ ရင်ခုန်စွာဖြင့် စောင့်မျှော်ကြည့်ရှုရဦးမည်ပင်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၄၄ မိနစ်တွင်ပြီး၏။

ရှင်းလင်းချက်။ မနေ့ညက ကြည့်ခဲ့ရသည့် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် သို့လော၊ သို့လော မတွေးကြစေလိုပါ။ နိုင်ငံရေးအကြောင်း ပြောခြင်းမဟုတ်ပါခင်ဗျား။ ဒါနဲ့ စကားမစပ် ညက ကျွန်တော့်မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရသွားတယ်ခင်ဗျ။ ကြည့်လို့ ကောင်းသလားမမေးနဲ့၊ လွှတ်ကောင်းဗျို့။ ကျုပ်ဖြင့် အဲဒီဘောလုံးပွဲကို ကြည့်ရတာ နှလုံးရောဂါ ရမတတ်ပါပဲ။ တကယ်ကောင်းတဲ့ပွဲဗျို့။ အဲဒါကြောင့်လည်း ဒီစာတွေကို ရေးဖြစ်တာပါ။ ဘောလုံးပွဲကရတဲ့ အတွေးပေါ့ဗျာ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ မှတ်ချက်တွေ ရေးလိုကလည်း ရေးသွားနိုင်ပါတယ်ခင်ဗျ။ မရေးလိုကလည်း သဘောတော်အတိုင်းပါခင်ဗျား။

Sunday, October 28, 2012

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၄၄ ဦး


၁။ ဦးသိန်းစိန်                          ဥက္ကဋ္ဌ
၂။ ဦးအောင်သောင်း                  အတိုင်ပင်ခံ
၃။ ဦးတင်ထွတ်                        အတိုင်ပင်ခံ
၎။ ဦးစိုးသာ                             အတိုင်ပင်ခံ
၅။ သူရဦးရွှေမန်း                      ဒု-ဥက္ကဋ္ဌ
၆။ သူရဦးအေးမြင့်                     ဒု-ဥက္ကဋ္ဌ
၇။ ဦးဌေးဦး                             ဒု-ဥက္ကဋ္ဌ
၈။ ဦးမောင်မောင်သိမ်း               အထွေထွေအတွင်းရေးမှူး
၉။ ဦးသိန်းဇော်                        တွဲဖက်အထွေထွေအတွင်းရေးမှူး
၁၀။ ဦးခင်အောင်မြင့်                 ဗဟိုအတွင်းရေးမှူး
၁၁။ ဦးသိန်းဆွေ                       ဗဟိုအတွင်းရေးမှူး
၁၂။ သူရဦးအောင်ကို                 ဗဟိုအတွင်းရေးမှူး
၁၃။ ဦးကျော်ဆန်း                     ဗဟိုအလုပ်အမှုဆောင်
၁၄။ ဦးသိန်းညွန့်                       ဗဟိုအလုပ်အမှုဆောင်
၁၅။ ဦးအုန်းမြင့်                        ဗဟိုအလုပ်အမှုဆောင်
၁၆။ ဦးအောင်မင်း                     ဗဟိုအလုပ်အမှုဆောင်
၁၇။ ဦးသိန်းအောင်                    ဗဟိုအလုပ်အမှုဆောင်
၁၈။ သူရဦးမြင့်မောင်                  ဗဟိုအလုပ်အမှုဆောင်
၁၉။ ဦးတင်နိုင်သိန်း                   ဗဟိုအလုပ်အမှုဆောင်
၂၀။ ဦးအောင်သိန်းလင်း              ဗဟိုအလုပ်အမှုဆောင်
၂၁။ ဦးသန်းဌေး                        ဗဟိုအလုပ်အမှုဆောင်
၂၂။ ဦးဘုန်းဆွေ                        ဗဟိုအလုပ်အမှုဆောင်
၂၃။ ဦးဉာဏ်ထွန်းအောင်             ဗဟိုအလုပ်အမှုဆောင်
၂၄။ ဦးစိုးနိုင်                            ဗဟိုအလုပ်အမှုဆောင်
၂၅။ ဦးစိုးသိန်း                          ဗဟိုအလုပ်အမှုဆောင်
၂၆။ ဦးမောင်မောင်ဆွေ              ဗဟိုအလုပ်အမှုဆောင်
၂၇။ ဦးအောင်ထွန်း                    ဗဟိုအလုပ်အမှုဆောင်
၂၈။ ဦးလှသိန်းဆွေ                    ဗဟိုအလုပ်အမှုဆောင်
၂၉။ ဦးမောင်ဦး                         ဗဟိုအလုပ်အမှုဆောင်
၃၀။ ဦးအောင်ကြည်                   ဗဟိုအလုပ်အမှုဆောင်
၃၁။ ဦးမောင်ရှိန်                       ဗဟိုအလုပ်အမှုဆောင်
၃၂။ ဦးသာအေး                        ဗဟိုအလုပ်အမှုဆောင်
၃၃။ ဦးရဲမြင့်                             ဗဟိုအလုပ်အမှုဆောင်
၃၄။ ဦးမြင့်ဆွေ                         ဗဟိုအလုပ်အမှုဆောင်
၃၅။ ဦးဉာဏ်ဝင်း                       ဗဟိုအလုပ်အမှုဆောင်
၃၆။ ဦးနန္ဒကျော်စွာ                    ဗဟိုအလုပ်အမှုဆောင်
၃၇။ ဦးမြညိမ်း                          ဗဟိုအလုပ်အမှုဆောင်
၃၈။ ဦးဇော်မြင့်ဖေ                     ဗဟိုအလုပ်အမှုဆောင်


ဗဟိုအကြံပေးအဖွဲ့
၁။ ဦးသောင်း
၂။ ဦးမောင်ပါ
၃။ ဦးလွန်းသီ
၎။ ဒေါက်တာချမ်းငြိမ်း
၅။ ဒေါက်တာကျော်မြင့်
၆။ ဒေါက်တာမြဦး

Source: Northern Star Journal, No.188, Oct 24, 2012, Page.4

Thursday, October 25, 2012

ကိုဉာဏ်မေး၍ ကိုဉာဏ်ဖြေသည်


အမေး။
ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။
အဖြေ။
ချီးခြောက်ရေနှူးပြီး အနာဟောင်းကို ပြန်ဆွနေကြတဲ့ကာလလို့ မြင်မိပါတယ်။

အမေး။
အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေကို ဘယ်သူက အဓိပ္ပါယ်ဖွင့်ဆိုပေးမလဲ။
အဖြေ။
ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဓိပ္ပါယ်ဖွင့်ကြပါလိမ့်မယ်။

အမေး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လုပ်ဆောင်မှုတွေအပေါ် အမြင်ကိုသိချင်ပါတယ်။
အဖြေ။
သူတို့ကို အကြံတစ်ခုပေးချင်ပါတယ်၊ အရင်တုန်းက ထင်ရှားခဲ့ဖူးတဲ့ ဆောင်ပုဒ်တွေကို စာသားပြောင်းပြီး ပြန်သုံးပါလို့။ နမူနာတွေ ရေးပြထားပါတယ်။
၁။ ပါတီတွင်း၊ ပါတီပ ဆန့်ကျင်သူများအား ဒီမိုကရေစီရန်သူအဖြစ် တံဆိပ်တပ် ချေမှုန်းကြ။
၂။ ဒေါ်စုသာအမိ ဒေါ်စုသာအဖ၊ ဘယ်သူပြောတာမှမယုံနဲ့ ဒေါ်စုပြောတာယုံ။
၃။  ဒေါ်စုအင်အားသည် အမေရိကားမှာသာ ရှိသည်။

အမေး။
လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ။
အဖြေ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဿနာပေါင်းစုံဖြေရှင်းရေးအဖွဲ့ ဖြစ်မှန်းမသိ ဖြစ်လာနေပြီလို့ မြင်တယ်။

အမေး။
မြန်မာပြည်မှာ အပေါများဆုံးက ဘာဖြစ်မလဲ။
အဖြေ။
စီတန်းလှည့်လည်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တိုင်စာတွေနဲ့ သမဂ္ဂတွေပါ။

အမေး။
မြန်မာပြည်မှာ အရှားပါးဆုံးက။
အဖြေ။
စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှု။

အမေး။
နန်းခင်ဇေယျာက မြန်မာပြည်ကိုယ်စားပြု အောင်မြင်ခဲ့တယ်ဆိုတော့ မြန်မာ့မော်ဒယ်လောကရဲ့ အနာဂတ်အလားအလာက ဘယ်လိုရှိနိုင်သလဲ။
အဖြေ။
အရင်တုန်းက တကူးတကနဲ့ ဟိုရှာဒီရှာ ရှာရတဲ့ဓာတ်ပုံတွေကို ပေါပေါများများနဲ့ တရားဝင် အားပါးတရ ကြည့်နိုင်တော့မယ်လို့ မြင်မိတယ်။

အမေး။
ကချင်ပြည်နယ်အရေးအပေါ် ခင်ဗျားရဲ့အမြင်က ဘယ်လိုရှိသလဲ။
အဖြေ။
ဘာလော့တယ်လီကို အသားဖြူဆေး ရောင်းသလို ဖြစ်နေတယ်လို့ပဲ မြင်တယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၆ နာရီ ၀၁ မိနစ်။ 

Wednesday, October 24, 2012

ကျွန်တော်ကိုဉာဏ်လည်း သမ္မတလုပ်ရဲတဲ့သတ္တိ ရှိပါသည်


ရင်းနှီးတဲ့လူတွေက အတန်တန် သတိပေးတဲ့ကြားက၊ အတန်တန် တားမြစ်တဲ့ကြားက အမြင်မတော်တာတွေ့တိုင်း ဝေဖန်လိုက်ရမှ၊ ထောက်ပြလိုက်ရမှ နေသာထိုင်သာရှိတဲ့ စိတ်ကလေးကို အခုထိ မပြင်နိုင်သေးဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ဘာသာကိုယ် တွေးမိပါရဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ရှိနေတာတွေထက် အမြင်မတော်တာတွေက ပိုများနေသလားလို့ပါ။ သူငယ်ချင်းတစ်ဦးကတော့ ဒဿနဆန်ဆန် ပြောခဲ့ဖူးပါတယ်။ သဘာဝတရားကြီးဆိုတာ သူ့ဟာနဲ့သူ နေသားတကျ ရှိပြီးသား၊ အစီအစဉ်တကျ ရှိပြီးသားတဲ့။ အဲဒီလို ရှိနေတာတွေကို ကမောက်ကမတွေဖြစ်အောင်၊ တလွဲတချော်တွေဖြစ်အောင် လူတွေကပဲ လုပ်တာတဲ့။ သဘာဝအတိုင်း သူ့ဟာသူ ရှိနေရင် ဘယ်အရာမှ အမြင်မတော်တာ မရှိဘူးတဲ့။ ကျွန်တော်က ခပ်ထုံထုံလူဆိုတော့ သူပြောတာတွေကို နားလည်တစ်ချက်၊ နားမလည်တစ်ချက်ပေါ့။ ထားပါလေ။ အခုတော့ ကိုယ့်ဘာသာကိုယ် သေသေချာချာ ဆန်းစစ်ပြီး အဖြေတစ်ခု တွေ့လိုက်သလိုပါပဲ။ ကျွန်တော်ဟာ အဆိုးမြင်သမားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေတာကိုး။ လောကကြီးမှာ ကောင်းတဲ့အရာတွေ ဒီလောက် ပြည့်နှက်နေတဲ့ဟာကို မဖြစ်စလောက်ပဲရှိတဲ့ ကမောက်ကမတွေ၊ အမှားတွေ၊ အမြင်မတော်တာတွေကိုမှ အလုပ်တစ်ခုလုပ်ပြီး အရေးတယူ လုပ်နေမိတာကိုး။ ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုထဲကအတိုင်း ဆိုရင်တော့ စာရွက်ဖြူပေါ်မှာ မင်တစ်စက် ပေနေတာကိုသာမြင်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးဖြူနေတာကို လျစ်လျူရှုတတ်တဲ့ လူတစ်မျိုးဖြစ်မှာပေါ့။ အဲဒါကြောင့် အခုရေးမယ့်စာတွေဟာ စာရွက်တွေပေါ်က မင်စက်ကလေးတွေရဲ့ အကြောင်းသာဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။ မင်စက်တွေဟာ အရောင်အမျိုးမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အနီ၊ အနက်၊ အစိမ်း၊ အပြာ၊ စသည်ဖြင့်ပေါ့လေ။ ကဲ... ကျွန်တော် အဆိုးမြင်သမားကြီးရဲ့ အမြင်တွေကို ဖတ်ကြည့်ပေးကြပါဦးဗျာ။

သမ္မတလောင်း၊ သမ္မတလောင်း၊ သမ္မတလောင်း
ခေါင်းစဉ်ကိုဖတ်ပြီး အမေရိကန်နိုင်ငံအကြောင်း ပြောတော့မယ်လို့ မမှတ်လိုက်ကြပါနဲ့ခင်ဗျ။ အိုဘားမားနဲ့ မစ်ရွန်းနေ စကားစစ်ထိုးတာ သူတို့ကိစ္စပဲ၊ ကျွန်တော်တို့နဲ့ အနေသာကြီး။ အဲဒီအကြောင်းကို စကားထဲ ထည့်ပြောမနေဘူး။ ကျွန်တော်ပြောချင်တာက ၂၀၁၅ ခုနှစ် ကိစ္စ၊ ၂၀၁၅ ခုနှစ် ကိစ္စ။ အခုမှ ၂၀၁၂ ခုနှစ်ပဲ ရှိသေးတယ်... ၂၀၁၅ ခုနှစ်မှာတော့ ဘယ်လိုတွေဖြစ်နိုင်တယ်၊ ဘယ်လိုဖြစ်သင့်တယ် စတဲ့စတဲ့ နိုင်ငံရေး ခန့်မှန်းချက်တွေက လှိုင်လှိုင်ကြီးကို ထွက်နေကြပြီ။ မြန်မာ့နိုင်ငံရေးရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုလို့ မြင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးရှင် ကိုရွှေမီဒီယာတွေရဲ့ နှပ်ကြောင်းပေးတာ၊ မြောင်းသွယ်တာတွေက အံ့သြစရာ ကောင်းလောက်တယ်။ ၂၀၁၅ ခုနှစ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။ အနာဂတ်ဆိုတာ ဘယ်သူမှ မပိုင်ဘူးလေ။ ဒါပေမယ့် ဂျာနယ်စာမျက်နှာတွေထက်မှာတော့ အမိန့်ကြော်ငြာစာ မထွက်သေးတာကလွဲရင် ၂၀၁၅ ခုနှစ်အတွက် အစိုးရက ဖွဲ့ပြီးသလောက် ဖြစ်နေပြီ။ သူတို့လိုချင်တဲ့ အစိုးရဖြစ်ဖို့အရေး လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုတောင် ပြင်သင့်သလေး၊ ဘာလေးနဲ့ နှပ်ကြောင်းတွေ ပေးနေလိုက်ကြတာများ ရယ်တောင်ရယ်ချင်သေးတော့တယ်။ ပထမအချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလုပ်မလားတို့၊ သမ္မတဖြစ်နိုင်တယ်တို့ဆိုတာ မီဒီယာတွေရဲ့ ဖွလုံး၊ ဆွလုံး၊ ထွင်လုံး၊ ဂွင်လုံးတွေပါ။ အမှန်တရားကို မျက်မှောက်ပြုမယ်ဆိုရင် အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ မကိုက်ညီသေးပါဘူး။ အလို... ကျွန်တော်က ဒီလိုရေးတာကို ဖတ်ရတော့ ခင်ဗျားက ဘယ်လိုဖြစ်ပြီး စိတ်တွေတိုနေရတာတုန်း။ အခုလို ပြောနေတယ်ဆိုတာ ကျွန်တော့်ဘာသာ ပြောချင်ရာကို ရမ်းသန်းပြောနေတာ မဟုတ်ဘူးဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အလိုတော်အတိုင်း ပြောနေတာလေ။ ခင်ဗျားတို့ပဲ Rule of the Law ဆိုတဲ့စကားကို အမြင်ကတ်လောက်အောင် ပြောခဲ့ကြတာမဟုတ်လား။ အခုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အထွတ်အထိပ်ဥပဒေကို ဟိုပြောဒီပြော ပြောချင်နေပြီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ (ကျွန်တော်ပြောတာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးတော့ မကြားစေနဲ့ပေါ့ဗျာ) သူ့ကိုတော့ သားသားကြောက်ကြောက်၊ သူက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးကိုတောင် မြောင်းထဲပို့ပစ်နိုင်စွမ်းရှိတဲ့လူလေ။ သားသားပြောတဲ့အထဲမှာ သူမပါဘူး။ :D ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ထိုက်သလား ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် လုံးဝကို သဘောမတူပါဘူး။ အဲဒီလိုပြောတော့ ကျွန်တော်သဘောမတူတာနဲ့ပဲ ကြီးတော်စုက သမ္မတ မဖြစ်တော့သလိုလို ဖြစ်ဦးမယ်။ ကျွန်တော်က သဘောတူလည်း ကြီးတော်စုက သမ္မတ မဖြစ်နိုင်သေးဘူးဗျ။ ဂျာနယ်တွေက ဒီလောက် ဟောကိန်းတွေ၊ ဆွယ်ကိန်းတွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော်လည်း ဘယ်နောက်ကျန်ခဲ့လို့ ဖြစ်မလဲဗျ။ ကျွန်တော့်ရဲ့ ရှေ့ဖြစ်အဟောကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဗျ။ မှန်မမှန်တော့ အခု မငြင်းပါနဲ့ဗျာ။ စောင့်ကြည့်ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တဲ့နေ့ကျရင် ကျွန်တော်ကိုဉာဏ်ရဲ့ နိုင်ငံရေးခန့်မှန်းချက်ဟာ တက်တက်စင် လွဲခဲ့ပါတယ်လို့ ပြန်ပြီးတော့ ၀န်ခံရေးသားပါ့မယ်ဗျာ။ အခုတော့ ဆောရီးပဲ။ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကလက်ခံရင် သမ္မတအဖြစ် လက်ခံသွားမယ်ဆိုတဲ့ စကားကိုလည်း ရယ်ချင်တယ်ဗျ။ အိုး.... ရယ်ချင်တယ်ဆိုတာ သမ္မတကြီးကို ပြောတာမဟုတ်ဘူး။ အဲဒီစကားအပေါ်မှာ Feeling တက်နေတဲ့လူတွေကို ပြောတာပါဗျာ။ သမ္မတကြီးက နိုင်ငံရေးသမားလေဗျာ။ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးစကားပဲ ပြောရမှာပေါ့။ ဒီလောက်တော့ ကျွန်တော်တို့တွေ နားလည်ထားသင့်တယ်။ အဲဒီလောက်မှ နားမလည်ရင်တော့ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူးတယ်၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတယ်ဆိုပြီး မီဒီယာတွေရဲ့ မြှောက်လုံး၊ ပင့်လုံးတွေကြားမှာ ကျွန်တော်တို့ ပြည်သူတွေဟာ အောက်ခြေတွေလွတ်ပြီး အတွေးမှား၊ အပြောမှား၊ အလုပ်မှားတွေ ဖြစ်နေကြဦးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အောက်ကလူတွေ၊ ဘေးကလူတွေရဲ့ စကားဒဏ်ကို အတော်ကြီး ခံလိုက်ရရှာတယ် ထင်ပါရဲ့။ သူ့ဟာသူ နိုင်ငံခြားက ပြန်လာတဲ့ခရီးစဉ် ရှင်းလင်းပွဲမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သမ္မတလုပ်ရဲတဲ့ သတ္တိရှိပါတယ်လို့ ပြောရတဲ့အထိ ဖြစ်သွားရတယ်။ ကျွန်တော့်အမြင်ကတော့ ဒေါ်စုကလည်း ရိုးရိုးလေး ပြောတာပါပဲ။ သူ့မှာ လုပ်မယ်ဆိုရင် လုပ်ရဲတဲ့သတ္တိ ရှိတယ်လို့ ပြောတာပဲလေ။ ဒါကိုများ ဘာဖြစ်လို့ အဲဒီလောက် သည်းသည်းလှုပ် ဖြစ်နေရသလဲဆိုတာ ကျွန်တော်ဖြင့် နားကိုမလည်နိုင်ဘူး။ ကျွန်တော်ကိုဉာဏ်လည်း သမ္မတလုပ်ရဲတဲ့သတ္တိ ရှိပါတယ်ဗျ။ အခုတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း ဒေါ်စုလိုပဲ အခုအချိန်မှာ သမ္မတအရည်အချင်းနဲ့ မကိုက်ညီသေးဘူးဗျ။ ကျွန်တော်ကတော့ အသက်ကန့်သတ်ချက် အရည်အချင်းနဲ့ မကိုက်ညီတာပါဗျာ။ :D ဒါပေမယ့် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ ကျွန်တော်ရော သမ္မတမဖြစ်နိုင်တာချင်း အတူတူပဲဗျ။ ကျုပ်ရေးတာတွေဖတ်ပြီး စိတ်တွေတို၊ အပြစ်တွေတင်မနေနဲ့ဦး။ မှိုတက်လို့ အမှိုက်ပုံထဲကိုရောက်နေတဲ့ ကိတ်မုန့်နဲ့ ပေါင်မုန့်မှာ ဘယ်သူကများ ပိုပြီး အဖိုးတန်နေသေးသလဲဗျာ။ :D သဘောကိုပြောတာပါနော်။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြည်သူတွေက လက်ခံရင် နောက်တစ်ဆက် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်လို့ ပြောတာကလည်း သိပ်ကို ပညာပါတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်နားမလည်တာက အဲဒီစကားကို ဘာသာပြန်တဲ့လူတွေကိုပါ။ မြန်မာလို ပြောတဲ့ဟာကို မြန်မာတွေက နားလည်ပုံဟာ အတော်ကြီးကို စိတ်ဝင်စားစရာကောင်းတယ်။ အစကတော့ အဆိုးမြင်သမားဟာ ကျွန်တော်တစ်ယောက်တည်းလို့ အောက်မေ့နေတာ။ အခုမှပဲ ကျွန်တော့်လို အဆိုးမြင်သမားတွေ ဒုနဲ့ဒေး ရှိသေးမှန်း သိရတော့တယ်။ သမ္မတကြီးကို ဝေဖန်လိုက်ကြတာများ သောသောကိုညံနေတာပဲ။ ပြည်တွင်းမီဒီယာတွေရော၊ ပြည်ပမီဒီယာတွေရောပေါ့။ ကျုပ်ဖြင့် ရယ်လိုက်ရတာ အမောပါပဲ။ လက်ရှိသမ္မတကြီးက အဲဒီလိုပြောတော့ သမ္မတကို လူထုက တိုက်ရိုက်ရွေးရာမဟုတ်ဘူးတို့၊ အဲဒီလို ပြောတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူးတို့၊ ပြောတတ်လိုက်ကြတာဗျာ။ ခင်ဗျားတို့ဟာက ကြည့်လည်းလုပ်ကြပါဦးဗျ၊ ဦးသိန်းစိန်ကိုကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဇလုတ်တိုက်တယ်၊ ဒေါ်စုကျတော့ ဖွဲ့စည်းပုံကိုတောင် ပြင်ပေးဦးမတဲ့။ ဟားဟားဟား၊ အတော်နောက်တဲ့လူတွေ။ သေချာတာကတော့ အခုအချိန်မှာ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်၊ ဒါပါပဲဗျာ။ သြော်... မေ့သွားလို့ဗျ၊ ကျုပ်တို့ မြန်မာမီဒီယာတွေ ရေးနေကျအတိုင်း ရေးမှပြောမှဖြစ်မယ်။ ဘာတဲ့၊ ဒေါ်အောင်ဆန်းစုကြည်သည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဆိုလား။ ထားပါတော့ဗျာ။ ပြောချင်တာကို ဆက်ရအောင်ပါ။ ဦးသိန်းစိန်ပြောတဲ့ ပြည်သူလူထုက လက်ခံရင် သမ္မတအဖြစ် ဆက်လုပ်ပါ့မယ်ဆိုတာ အဲဒါ အမှန်ပဲလေ။ လူထုက တိုက်ရိုက်ရွေးချယ်တာ မဟုတ်ပါဘူးတို့၊ ဘာတို့ညာတို့ ပြောနေတဲ့လူတွေရဲ့ စကားကို နားယောင်မနေပါနဲ့ဗျာ။ ကျွန်တော်ကိုဉာဏ်က အဲဒီစကားဟာ အမှန်ဖြစ်ကြောင်း သက်သေပြမယ်။ ဒီနေရာမှာ အဲဒီစကားကို ရှင်းပြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုလည်း ရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ နှစ်ခုလုံးက ဆက်စပ်နေတာမို့ပါ။ တစ်နည်းပြောရရင် သမ္မတကြီးရော၊ ဒေါ်စုရောဟာ နိုင်ငံရေးသမားပါး ၀ကြတယ်လို့ ပြောနိုင်တာမို့ပါ။ ဒီလိုဗျ၊ သမ္မတကို မြန်မာပြည်သူလူထုက တိုက်ရိုက်မရွေးချယ်နိုင်ဘူး။ အဲဒါမှန်တယ်၊ ထားလိုက်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေက ကိုယ်စားလှယ်တွေ ရွေးချယ်ပေးရဖို့ရှိတယ်။ ကိုယ့်မြို့နယ်အတွက်၊ ကိုယ့်ဒေသအတွက် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရမှာဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ပဲ။ ရွေးကောက်ပွဲမှာ ကိုယ်သဘောကျတဲ့လူကို မဲပေးရမယ်ပေါ့ဗျာ။ တစ်ချို့က လူကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။ တစ်ချို့က ပါတီကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နိုင်တာ အဲဒီနှစ်မျိုးပဲရှိတယ်။ အဲဒီနှစ်မျိုးထဲမှာပဲ လက်ရှိအချိန်အထိ အားကောင်းကောင်းနဲ့ လွှမ်းမိုးနေဦးမှာက ပါတီကို မဲပေးခြင်းပဲ။ ကိုယ်စားလှယ်က ဘယ်သူလဲ၊ ဘယ်ကလာသလဲ၊ ဘယ်လိုရှိသလဲ ဆိုတာကိုမကြည့်ဘဲ ဘယ်ပါတီကို ကိုယ်စားပြုသလဲဆိုတဲ့ အမြင်တွေနဲ့ မဲပေးကြဦးမယ်။ အဲဒီတော့ မဲအများဆုံးရတဲ့ ပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံး ဖြစ်မယ်လေ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးပေးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေဟာ သူတို့သဘောကျတဲ့လူကို ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်ကြမှာပါပဲ။ အဲဒီအထဲကမှ ဒီမိုကရေစီ ထုံးစံအတိုင်း လွှတ်တော်တစ်ရပ်စီအတွက် ဒုတိယသမ္မတလောင်း တစ်ဦးကို မဲအနည်းအများနဲ့ ဆုံးဖြတ်ပေးလိမ့်မယ်။ အများစုအနိုင်ရထားတဲ့ ပါတီဟာ မဲအများဆုံးဖြစ်မှာ သင်္ချာသဘောအရ အားလုံးသိပြီးသားပဲ။ အဲဒီတော့ အများစုအနိုင်ရတဲ့ ပါတီက တင်တဲ့လူဟာ လွှတ်တော်တစ်ရပ်စီရဲ့ ဒုတိယသမ္မတလောင်းတွေ ဖြစ်လာမှာပဲ။ လွှတ်တော်နှစ်ရပ်ကတင်တဲ့ ဒုတိယသမ္မလောင်းတွေရယ်၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ကတင်တဲ့ ဒုတိယသမ္မတလောင်းရယ်၊ အဲဒီ သုံးဦးထဲကမှ တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မယ်။ ရွေးချယ်မယ်ဆိုတာ မဲအနည်းအများနဲ့ ဆုံးဖြတ်မယ်ပေါ့ဗျာ။ အဲဒီတော့ ဘယ်သူအနိုင်ရမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ပါတီတွေကလည်း ဒုတိယသမ္မတလောင်း တင်တဲ့အခါ သူတို့ပါတီရဲ့ ခေါင်းဆောင်ကိုပဲ တင်ကြမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နေတာ မြန်မာပြည်လေဗျာ၊ အမေရိကန်ပြည်ထောင်စုမှ မဟုတ်တာပဲ။ မဟုတ်ဘူးလား။ ကျွန်တော်နားလည်သလို ပုံဆွဲထားတာကို အောက်မှာကြည့်နိုင်ပါတယ်။

သြော်... တစ်ခုသိထားဖို့ ရှိတာကတော့ မဲအများစု အနိုင်ရတယ် ဆိုပေမယ့်လည်း ကိုယ်တွေ ရွေးချယ်ပေးတဲ့ ဒုတိယသမ္မတလောင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ နဲ့ ညီညွတ်ဖို့လည်း လိုသေးတယ်ဗျ။ အဲလိုမှ မဟုတ်ရင်တော့ ...........။


ကျွန်တော့်အမြင်ကတော့ သမ္မတ၊ ဒုတိယသမ္မတွေအတွက် သတ်မှတ်အရည်အချင်းထဲမှာ ထောက်ပြစရာ ဘာမျှမတွေ့မိပါဘူး။ ကိုယ့်နိုင်ငံရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မယ့် လူတစ်ယောက်ကို အရည်အချင်းလေး ၇ ချက်နဲ့ပဲ ကန့်သတ်ထားတာကိုတောင် မကျေမနပ် ဖြစ်မိသေးတော့တယ်။ တကယ်ဆိုရင် နိုင်ငံတစ်ခုကို ဦးဆောင်မယ့်လူဟာ ဒီထက်ပိုပြီး အရည်အချင်း ပြည့်သင့်တယ်လို့ ထင်မိတာပါပဲ။ ဥပမာအားဖြင့် ပညာအရည်အချင်း ကန့်သတ်ချက် ထည့်တာမျိုးပေါ့။ ပညာခေတ်ပါလို့ တဖွဖွ ပြောနေကြပေမယ့်လည်း အဲဒါကို သိပ်ပြီးတော့ အလေးအနက်ထားပုံ မရကြသေးပါဘူး။ ဒေါ်စုကလည်း သူ့ကို ကန့်သတ်ထားတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးနေတယ် ထင်ပါရဲ့။ အခြားအချက်တွေ ပြင်ဖို့ကိုတော့ တစ်ခုမှကို ပြောတာမတွေ့မိဘူး။ ပုဒ်မ ၅၉ (စ) ကိုပဲ ပြင်ဖို့လုပ်နေတာ တွေ့ရတယ်။ ပြောကို မပြောချင်တော့ဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ ပုဒ်မ ၅၉ (ဂ) ကို ပြင်ရမယ်လို့ တစ်ခါမျှ ပြောဆိုဖူးခြင်း မရှိပါခင်ဗျ။ ဒီအချက်ဟာ လူငယ်တွေကို ကန့်သတ်ထားတာ၊ ခွဲခြားထားတာပဲလို့လည်း တစ်ခါမျှ အပြစ်မမြင်ခဲ့ဖူးပါ၊ တစ်ခါမျှလည်း မကောင်းမပြောခဲ့ဖူးပါ။ ကဲ.... သမ္မတလုပ်ရဲတဲ့ လူချင်းအတူတူ ကျွန်တော်နဲ့ဒေါ်စုက အဲဒီလို ကွာတယ်ဗျ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။ 

စာကြွင်း။ ကျွန်တော်ရေးတဲ့စာတွေကိုဖတ်ပြီး ကျွန်တော့်ကို တစ်မျိုး မထင်ကြပါနဲ့ဦးဗျာ။ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးသူ မဟုတ်သလို၊ ဦးသိန်းစိန်လုပ်သမျှကို မှန်ပါတယ်လို့ ခေါင်းညိတ်နေတဲ့လူလည်း မဟုတ်ပါဘူး။ ကျွန်တော်မြင်သမျှ၊ တွေးမိသမျှကို အရင်းအတိုင်း ပြန်လည်ရင်ဖွင့်ခြင်းလို့ နားလည်ပေးကြပါကုန်။ နားမလည်လျှင်လည်း လွတ်လပ်စွာ ဆဲနိုင်၊ ဝေဖန်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ကျွန်တော်လည်း သူ့ကို ချစ်ပါတယ်ဗျာ၊ ခင်ဗျားတို့လောက်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ :D

 
Web Statistics