Monday, May 19, 2014

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...



ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်းကတ်နေသူများက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင်နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်) ထောင်းခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ်ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင် ဘာတွေများ ရေးထားပါလိမ့်ဟူသော စူးစမ်းစိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့်မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော်သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေလိုပါသည်။

ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေချင်သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွားချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားနိုင်ကြပါသည်။

ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု တော်သည်ကို ကျွန်တော် အသိအမှတ်ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလိုသူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစုဝင်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။ (ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူးသတ်မှတ်ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့်ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူးဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရလျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီးများသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတောကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့်ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ... မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။ အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၀၇ မိနစ်တွင်ပြီး၏။

Sunday, May 18, 2014

လက်ရှိမြန်မာ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေကို မုန်းတယ်...


လက်ရှိပါတီတွေအားလုံးကို ကျွန်တော် အယုံအကြည် မရှိဘူး...
အားလုံးဟာ ကိုယ့်ပါတီ အောင်နိုင်ရေး၊ အာဏာရရေးအတွက် ဘယ်နည်းကိုသုံးရသုံးရ သုံးမယ်ဆိုတဲ့ လူတွေချည်းပဲလို့ မြင်တယ်...
လက်ရှိ အာဏာရပါတီလည်း မဖြူစင်သလို၊ အတိုက်အခံပါတီတွေလည်း မရိုးသားဘူး...
အားလုံးရဲ့ တူညီချက်ကတော့ အရမ်းရိုးသားလွန်းတဲ့၊ အတွေ့အကြုံ နုနယ်လွန်းသေးတဲ့၊ ခံစားချက်ဦးစားပေးတဲ့ ပြည်သူတွေကို ခုတုံးလုပ်တာပါပဲ...
သူတို့အချင်းချင်း တွေ့ဆုံညှိနှိုင်းဖြေရှင်းလို့မရ၊ သဘောတူညီချက်မရ၊ လက်တွဲလို့မရ၊ သင်ပုန်းချေလို့မရ၊ ....မရ... စတဲ့ အခြေအနေတွေအားလုံးကို တိုင်တည်ဖို့အတွက်ပဲ ပြည်သူကို အသုံးချတယ်...
လက်ရှိအာဏာရပါတီရော အတိုက်အခံပါတီတွေရာ ပြည်သူတွေက တကယ်တောင်းဆိုလို့ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့အလုပ် တစ်ခုမျှ မရှိဘူး...
သူတို့လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ပြည်သူ့ဆန္ဒဆိုပြီး ကြွေးကြော်ကြ၊ လှုံ့ဆော်ကြ လုပ်နေကြတယ်...
ပြည်သူတွေက ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတို့၊ ပြည်သူတွေက သိပ်ပါးနပ်တယ်တို့၊ ပြည်သူတွေရဲ့ အသိရေချိန်က ကြောက်စရာကောင်းတယ်တို့၊ ပြည်သူတွေက အခြေအနေနဲ့ အချိန်အခါကို သဘောပေါက်တယ်တို့၊ စတဲ့ စတဲ့ စကားလုံးတွေဟာ ပါတီတွေအားလုံးက မုသားသုံးပြီး ပြောနေကြတဲ့ အလိမ်အညာ စကားတွေသာဖြစ်တယ်....
တကယ်တမ်း ပြည်သူတွေက နဝေတိမ်တောင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဝေခွဲမရ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက နားမလည်နိုင် ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်...
တကယ်တမ်း ပြည်သူတွေက လမ်းပျောက်နေကြတယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က အခုအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာစေချငတယ်...
တကယ့်ပြည်သူ့ဆန္ဒအမှန်က စီးပွားရေးအခွင့်အလမ်းတွေ အခုအခြေအနေထက် ပိုကောင်းလာစေချင်တယ်....
တကယ့်ပြည်သူ့ဆန္ဒအမှန်က သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်လေး လုပ်ကိုင်စားသောက်ပြီး စားဝတ်နေရေး အဆင်ပြေပြေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရမယ့် ဘ၀မျိုးကို လိုချင်တယ်....
ပြည်သူတွေက ဘာဥပဒေတွေကြောင့် ဘာတွေဖြစ်နေတယ်ဆိုတာ စိတ်မ၀င်စားဘူး....
ဘယ်ပါတီနဲ့ ဘယ်ပါတီ အားပြိုင်နေကြတယ်၊ ရန်စောင်နေကြတယ်ဆိုတာကို ပြည်သူတွေက သေချာမသိဘူး...
ဖွဲ့စည်းပုံကို မပြင်ရင် ဘာတွေဖြစ်မှာလဲဆိုတာလည်း ပြည်သူတွေ သေသေချာချာ နားမလည်ဘူး....
ဘာကြောင့် ပြင်ချင်တယ်ဆိုတာလည်း ပြည်သူတွေ မသဲကွဲဘူး....
လက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေးကြပ်တည်းမှုတွေ၊ နိမ့်ကျတဲ့ လူနေမှုအဆင့်အတန်းတွေ၊ မပြည့်စုံ မလောက်ငှတဲ့ ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှုစနစ်တွေကနေ ကင်းလွတ်ချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပဲ...
အဲဒီတော့ အဲဒီလိုဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတဲ့လူ၊ စည်းရုံးတဲ့လူကို သူတို့ယုံကြည်မှာ၊ အားကိုးမှာ သဘာဝပဲ...
ကိုယ့်ကို ထောက်ခံတဲ့ ပြည်သူတွေဟာ အသိပညာ မြင့်မားကြသူတွေ ဖြစ်ကြပြီးတော့...
အခြားပါတီတွေကို ထောက်ခံတဲ့လူတွေကတော့ အလကားကောင်တွေ၊ ဦးနှောက်မရှိတဲ့ ကောင်တွေလို့ မြင်နေကြတာဟာ ပါတီတွေအနေနဲ့ ပြည်သူတွေကို တကယ်ပဲ လေးစားတာ၊ အားကိုးတာ၊ ယုံကြည်တာ ဟုတ်ရဲ့လားလို့ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ မေးခွန်းထုတ်စေချင်တယ်....
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေကို အခုအချိန်မှာ မဆွေးနွေးချင်သေးဘူး....
အချိန်မကျသေးဘူးလို့ ယုံကြည်တယ်....
မယုံကြည်တဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ဘူး... ငြင်းခုန်မှုလည်း မလုပ်ချင်ဘူး....
ပြောချင်တာတစ်ခုကတော့ တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေးတွေနဲ့ ခပ်ကင်းကင်း နေစေချင်တယ်...
ပါတီနိုင်ငံရေးဟာ အရမ်းကို ရှုပ်ထွေးလွန်းသလို၊ အရမ်းလည်း ညစ်ပတ်လွန်းတယ်...
တပ်မတော်ရဲ့ သဘောသဘာဝက ရှင်းလင်းပြတ်သားတဲ့ မူဝါဒနဲ့ ရပ်တည်ရတာမျိုးဖြစ်တယ်...
ပါတီနိုင်ငံရေးနဲ့ တပ်မတော်ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ မြင်မိတယ်....
ပါတီတွေက တပ်မတော်ကို အသုံးချချင်ကြလိမ့်မယ်...
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တပ်မတော်လောက် စုစည်းညီညွတ်တဲ့ အဖွဲ့အစည်း မရှိသေးလို့ပဲ...
စည်းကမ်း၊ စိတ်ဓာတ်၊ စည်းလုံးမှုတွေမှာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကို မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့အစည်းမှ လိုက်မမီဘူး...
အဲဒါကို ပါတီတွေအားလုံး နားလည်တယ်၊ သိတယ်....
လက်ရှိတပ်မတော်ဟာ ဟိုးအရင်တုန်းကလို ၃ ယောက်ပေါင်း ၄ တန်းတို့၊ ၄ ယောက်ပေါင်း ၆ တန်းတို့ဆိုတဲ့ တပ်မတော်မျိုး မဟုတ်တော့ဘူး....
အဲဒီတော့ ပါတီတိုင်းက တပ်မတော်ရဲ့ ထောက်ခံမှု၊ ကာကွယ်ပေးမှုကို လိုချင်ကြမှာပဲ..
မရတဲ့ပါတီက တပ်မတော်ကို သွေးခွဲဖို့ ကြိုးစားမယ်၊ ပြည်သူနဲ့ ရန်တိုက်ပေးမယ်...
ဒါတွေဟာ ဘာမျှ ထူးဆန်းတဲ့ သဘောတရားတွေ မဟုတ်ဘူး....
အဲဒါကို တပ်မတော်ခေါင်းဆောင်ပိုင်းက နားလည်ဖို့လိုတယ်...
ပြည်သူတွေအနေနဲ့ စစ်သားဘ၀ကို နားလည်ဖို့လိုတယ်...
အမိန့်နဲ့ဆောင်ရွက်ရတဲ့ စစ်သားဘ၀ကို နားမလည်နိုင်သ၍ ပါတီတွေက ပြောသမျှ အဟုတ်ထင်နေမှာပဲ...
ပါတီတွေက မြောက်ပေးတိုင်း စစ်သားဆိုတာ သုံးစားမရတဲ့လူတွေလို့ မထင်မှတ်စေချင်သလို...
ပါတီတွေက လိုအပ်လို့ပြောဆိုတဲ့ စစ်သားဆိုတာ ဘယ်လိုဘယ်ဝါ ဆိုတာတွေကိုလည်း တစ်ထစ်ချ မမှတ်ယူစေချင်ဘူး...
တပ်မတော်မှာမှ မဟုတ်ဘူး... နေရာတိုင်း အဖွဲ့အစည်းတိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာပဲ...
တပ်မတော်ဟာ လူသားတွေနဲ့ ဖွဲ့စည်းထားတာမို့ အမှားအယွင်းလုပ်တဲ့ လူသားတွေ တပ်မတော်မှာ ပါဝင်နေမှာ အသေအချာပဲ...
အဲဒါကို ပြည်သူတွေက နားလည်ဖို့လိုတယ်...
ဘယ်စစ်သားက ဘယ်လိုယုတ်မာတာ... ဘယ်စစ်သားက ဘယ်လိုဆိုးသွမ်းတာ... စသဖြင့် မကောင်းတဲ့ အချက်လေးတွေကို ထောက်ပြပြီး တပ်မတော်ဆိုတာ သုံးစားမရဘူးလို့ ပါတီတွေက ပြောလာခဲ့ရင် ချင့်ချိန်ကြစေချင်တယ်...
တပ်မတော်အင်အား ဘယ်လောက်ရှိလဲဆိုတာ ကျွန်တော်မသိဘူး...
ဒါပေမယ့် သိန်းဂဏန်းတော့ ရှိမှာပဲ...
တပ်မတော်သား လူသိန်းဂဏန်းထဲက တပ်မတော်သား တစ်သောင်းလောက်က မြန်မာပြည် တစ်နံတစ်လျားမှာ ခိုးဆိုးသောင်းကျန်း၊ လူသတ်၊ မုဒိန်းကျင့်၊ အကျင့်ပျက် လုပ်နေတယ်ဆိုရင် အဲဒီ တပ်မတော်ကို မကောင်းဘူးလို့ ပြောလာခဲ့ရင် ကျွန်တော်လက်ခံချင်သေးတယ်...
အဲလိုမှ မဟုတ်ဘဲ... လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်က စည်းကမ်းဖောက်ဖျက်ပြီး ကျူးလွန်နေကြတာတွေကို မုဒိန်းတပ်မတော်တို့၊ လူသတ်တပ်မတော်တို့ ကင်ပွန်းတပ်နေကြမယ်ဆိုရင် အပြစ်မရှိတဲ့ စစ်သားတွေစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ တွေးကြည့်စေချင်တယ်...
အဲဒါမျိုးဟာ ပြည်သူနဲ့တပ်မတော် စည်းရုံးရေးပျက်ပြားစေသလို၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေကြား ယုံကြည်မှု ပျောက်ဆုံးစေတယ်...
တပ်မတော်အနေနဲ့ ဘယ်ပါတီဘက်မျှ မလိုက်ဘဲ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရင်း သိက္ခာရှိရှိ နေဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်...
ပါတီတွေ အပြိုင်အဆိုင် စစ်ကြေညာတာ အကြောင်းမဟုတ်ဘူး...
တကယ်တမ်းဖြစ်လာလို့ ခံကြရတာက ပြည်သူတွေ...
တကယ်တမ်းဖြစ်လာလို့ ပင်ပန်းကြရမှာက တပ်မတော်...
မြန်မာ့နိုင်ငံရေးမှာ တစ်ခုခုဖြစ်လာရင် ခိုင်ခိုင်မာမာ အားကိုးစရာ အဖွဲ့အစည်းဟာ တပ်မတော်ပဲရှိတယ်...
အဲဒီလိုပြောလို့ ကျွန်တော့်ကို တပ်မတော်လော်ဘီလို့ ပြောရင်လည်း ခံပါတယ်...
မျက်စိတ်ဖွင့်ပြီး စဉ်းစားကြည့်ရင် ကျွန်တော်ဘာကို ဆိုလိုမှန်း အားလုံးသိပါတယ်....
လက်ရှိမြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ဘေးဖယ်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်မှန်သမျှဟာ ပုစ္ဆာရဲ့ ပေးထားချက်ကို နားမလည်တာ၊ နိုင်ငံရေးပါးမ၀တာလို့ ကျွန်တော်က မှတ်ယူပါတယ်...
တဆိတ်ရှိရင်... အခြားနိုင်ငံတွေနဲ့ လာလာမနှိုင်းပါနဲ့...
ကျွန်တော်တို့ကြုံခဲ့ရတဲ့၊ ကြုံနေရတဲ့ အခြေအနေဟာ ဘယ်နိုင်ငံနဲ့မှ မတူပါဘူး...
မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ...
မြန်မာပြည်မှာ အမြင်မတူ၊ ပူးပေါင်းလို့မရ၊ လက်တွဲလို့မရတဲ့ လက်ရှိပါတီပေါင်း ဘယ်လောက်ရှိသလဲဆိုတာ အရင်သိအောင် ကြိုးစားကြပါ....
မြန်မာ့နိုင်ငံရေးကို အခြားနိုင်ငံရေးပုံစံခွက်တွေနဲ့ ထည့်ပြီးတော့ ကြည့်နေသ၍ တလွဲတွေပဲ ဖြစ်နေပါဦးမယ်....
ပြည်သူတွေကို လမ်းပေါ်မထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို မဆူပူခိုင်းပါနဲ့တော့...
ပြည်သူတွေကို ဒေါသမထွက်ခိုင်းပါနဲ့တော့...
ပြည်သူတွေကို လက်သီးလက်မောင်း မတန်းခိုင်းပါနဲ့တော့....
နိုင်ငံရေးပါတီများအားလုံး ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုသည့်အကြောင်းနှင့် တပ်မတော်အနေဖြင့် ကြားထဲမှ မှန်မှန်ကန်ကန် ရပ်တည်ပေးစေလိုသည့်အကြောင်း ဤနေရာမှ တောင်းပန်လိုက်ပါသည်....
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင်ပြီး၏။

Saturday, May 17, 2014

ဒေါ်စုရဲ့ စကားများအတွက် စိုးရိမ်မိပါသည်


ဒီနေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်အဖွဲ့တို့ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ်ဆိုတဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ အွန်လိုင်းပေါ်မှာ ဖတ်ရပါတယ်။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင် လိုက်ရှာနေပေမယ့် အခုထိ နားမထောင်ရသေး၊ မမြင်ရသေးတဲ့အတွက် ကိုယ်တိုင်မြင်ကြားတာ မဟုတ်ဘဲ အခြားလူများ ရေးသားတင်ပြထားတာတွေကိုသာ ဖတ်ရှုရသေးကြောင်း ပထမဆုံး ၀န်ခံပါရစေ။ ရေးသားတင်ပြတဲ့ ပုဂ္ဂိုလ်အချို့ဟာ NLD အတွင်းသတင်းတွေကို အမြဲတစေ ခရေစေ့တွင်းကျ တင်ပြရေးသားနေသူတွေဆိုတော့ ယုံကြည်လောက်သော သတင်းရင်းမြစ်တွေအဖြစ် မှတ်ယူမိတာကြောင့် ဒီပို့စ်ကို ရေးပါတယ်။

အားလုံးလည်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်တွေကို ဖတ်ပြီးသား ဖြစ်ကြမယ်လို့ ယုံကြည်တဲ့အတွက် ဘာပြောခဲ့တယ်၊ ညာပြောခဲ့တယ် ဆိုတာတွေကို အသေးစိတ် မပြောလိုပါဘူး။ လိုရင်းကိုပဲ ပြောရမယ်ဆိုရင် အဲဒီလို ပြောဆိုခဲ့တာတွေအတွက် အရမ်းပင် စိုးရိမ်မိကြောင်း ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို ဖွင့်ဟပါရစေ။

ထိုင်းနိုင်ငံမှာ ဖြစ်နေသလိုမျိုး လူထုတွေ လမ်းပေါ်တက်ပြီး အစိုးရကို ဖိအားပေးတဲ့ပုံစံဖြစ်အောင် ကြိုးပမ်းနေတယ်ဆိုရင်တော့ ဒေါ်စုကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတာ အခြေခံဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေကို သဘောမကျတဲ့အတွက် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း မလိုက်နာနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါဟာ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစားကြစေလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအသက်ဝင်နေတဲ့ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ ဥပဒေအားလုံးရဲ့ အထွဋ်အခေါင် ဖြစ်ပါတယ်။ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး စသဖြင့် မဏ္ဍိုင်သုံးရပ် ရှိနေတယ်ဆိုတာ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ စုဝေးခွင့် ရှိတယ်ဆိုတာ၊ ပါတီစုံနိုင်ငံရေးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ၊ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ အာမခံချက်တွေကြောင့် ဖြစ်ပါတယ်။

အခြေခံဥပဒေမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတိုင်း သိရှိသလို၊ တာဝန်ရှိသူတွေကလည်း ပြင်ဆင်သင့်တဲ့ အချက်တွေ ရှိပါတယ်လို့ ၀န်ခံသဘောတူထားကြပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးကို အစအဆုံး ပြင်ဆင်ပစ်မယ်၊ သဘောမကျတဲ့ အချက်တွေ အကုန်လုံးကို ကိုယ်တွေစိတ်ကြိုက် ပြင်ပေးရမယ် ဆိုတာကတော့ နိုင်ငံရေးမဆန်ဘူးလို့ ကျွန်တော်က မြင်မိတာပါပဲ။

ဒေါ်စုအနေနဲ့ လက်ရှိပကတိ အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သုံးသပ်မှု မလုပ်နိုင်တာလား၊ တမင်ပဲ မြောက်ပေးမှုတွေကြား၊ ကြိုးဆွဲမှုတွေကြားမှာ ခေါင်းမာစွာ ဆက်တိုးနေတာလားဆိုတာ နားမလည်နိုင်ပါ။ NLD သည် လက်ရှိအာဏာရပါတီ မဟုတ်ပါ။ ထိုအချက်ကို မမေ့စေလိုပါ။ အတိုက်အခံသည် အတိုက်အခံသဘောသာ ဆောင်စေလိုပါသည်။ နိုင်ငံရေးကပ်ဆိုးများ၊ နိုင်ငံရေးမုန်တိုင်းများနှင့် မကြုံရဘူးဆိုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အထိုက်အလျောက် အာဏာရလာနိုင်ပါသည်။ ယခင်ကကဲ့သို့ အပြတ်အသတ်၊ တောင်ပြိုကမ်းပြို၊ ပက်ပက်စက်စက် နိုင်လိမ့်မည်ဟူသည်မှာ မသေချာသော အခြေအနေတစ်ရပ် ဖြစ်သည်ကို ဒေါ်စုကိုယ်တိုင် သိရှိနေပါသည်။ ယခုလို အတိုက်အခံ အခြေအနေမျိုးမှာပင် ထိုမျှအထိ သဘောထား တင်းမာနေပါလျှင် အာဏာရရှိသွားပါက ယခုထက် ပိုမိုတင်းမာသော အနေအထားမျိုး ဖြစ်လာနိုင်ပါသည်။

လိုရင်းကို ပြန်ဆက်ရလျှင် ဒေါ်စုသည် တပ်မတော်နှင့် ပြည်သူကို အတိအလင်းပင် ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းပေါ်သို့ တင်ပေးနေပါသည်။ ပြည်သူနှင့် တပ်မတော်ကို အတိအလင်း သွေးခွဲနေပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းလှသည်မဟုတ်ပါ။ တွေးကြည့်လေ စိုးရိမ်ရလေ ဖြစ်ပါသည်။ တကယ်တမ်း ဖြစ်လာပြီဟေ့ဆိုလျှင် နစ်နာကြရသည်က ပြည်သူများ ဖြစ်ကြပါသည်။ ပြည်သူကို နောက်ထပ် ၈၈ အဖြစ်ဆိုးမျိုးထဲသို့ တွန်းမပို့ကြရန် တောင်းပန်လိုပါသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသည့် ဒေါ်စုအနေဖြင့် မိမိနိုင်ငံ တပ်မတော်နှင့် မိမိပြည်သူများကို ရန်တိုက်ပေးခြင်းဖြင့် မည်သည့် နိုင်ငံရေးအကျိုးအမြတ်များ ရရှိနိုင်သနည်းဟု မေးခွန်းထုတ်လိုပါသည်။ ၂၀၁၅ ခုနှစ်တွင် မိမိအာဏာရရှိရေးအတွက် မဖြစ်နိုင်တော့သည့် အခြေအနေတစ်ရပ်အပေါ် မကျေနပ်သည့် စိတ်အခံဖြင့် နိုင်ငံရေးအသိ နည်းပါးနေသေးသည့် ပြည်သူများကို စစ်တုရင် နယ်ရုပ်များပမာ သဘောထား၍ ကစားကွက် မရွှေ့သင့်တော့ပါကြောင်း တောင်းပန်လိုပါသည်။

အချိန်အားရလျှင် ကျွန်တော့်အမြင်များကို ထပ်မံ၍ သီးသန့်ရေးသားလိုပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ် မေလ ၁၇ ရက်၊ စနေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Tuesday, April 22, 2014

Tuesday, April 15, 2014

Greatest Speech Ever Made Charlie Chaplin



I’m sorry but I don’t want to be an Emperor – that’s not my business – I don’t want to rule or conquer anyone. I should like to help everyone if possible, Jew, gentile, black man, white. We all want to help one another, human beings are like that.
We all want to live by each other’s happiness, not by each other’s misery. We don’t want to hate and despise one another. In this world there is room for everyone and the earth is rich and can provide for everyone.
The way of life can be free and beautiful.
But we have lost the way.
Greed has poisoned men’s souls – has barricaded the world with hate; has goose-stepped us into misery and bloodshed.
We have developed speed but we have shut ourselves in: machinery that gives abundance has left us in want. Our knowledge has made us cynical, our cleverness hard and unkind. We think too much and feel too little: More than machinery we need humanity; More than cleverness we need kindness and gentleness. Without these qualities, life will be violent and all will be lost.
The aeroplane and the radio have brought us closer together. The very nature of these inventions cries out for the goodness in men, cries out for universal brotherhood for the unity of us all. Even now my voice is reaching millions throughout the world, millions of despairing men, women and little children, victims of a system that makes men torture and imprison innocent people. To those who can hear me I say “Do not despair”.
The misery that is now upon us is but the passing of greed, the bitterness of men who fear the way of human progress: the hate of men will pass and dictators die and the power they took from the people, will return to the people and so long as men die [now] liberty will never perish…
Soldiers – don’t give yourselves to brutes, men who despise you and enslave you – who regiment your lives, tell you what to do, what to think and what to feel, who drill you, diet you, treat you as cattle, as cannon fodder.
Don’t give yourselves to these unnatural men, machine men, with machine minds and machine hearts. You are not machines. You are not cattle. You are men. You have the love of humanity in your hearts. You don’t hate – only the unloved hate. Only the unloved and the unnatural. Soldiers – don’t fight for slavery, fight for liberty.
In the seventeenth chapter of Saint Luke it is written ” the kingdom of God is within man ” – not one man, nor a group of men – but in all men – in you, the people.
You the people have the power, the power to create machines, the power to create happiness. You the people have the power to make life free and beautiful, to make this life a wonderful adventure. Then in the name of democracy let’s use that power – let us all unite. Let us fight for a new world, a decent world that will give men a chance to work, that will give you the future and old age and security. By the promise of these things, brutes have risen to power, but they lie. They do not fulfil their promise, they never will. Dictators free themselves but they enslave the people. Now let us fight to fulfil that promise. Let us fight to free the world, to do away with national barriers, do away with greed, with hate and intolerance. Let us fight for a world of reason, a world where science and progress will lead to all men’s happiness.
Soldiers – in the name of democracy, let us all unite!

Saturday, March 29, 2014

Population and Housing Census 2014




ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်သည်ဖြစ်စေ ယနေ့ည သန်းခေါင်ယံအချိန်တွင် စတင်မည့် သန်းခေါင်စာရင်း ကောက်ယူခြင်းအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။ အခြားအကျိုးကျေးဇူးတွေ ဘာတွေညာတွေကို ကျွန်တော် သိပ်ပြီးတော့ နားမလည်ပါ။ အနည်းဆုံးတော့ မြန်မာနိုင်ငံတွင် လူဦးရေ ဘယ်လောက်ရှိသည်ကို အနီးစပ်ဆုံး အမှန်ကန်ဆုံး သိရှိလာမည် ဖြစ်သဖြင့် စိတ်လှုပ်ရှားရပါသည်။ ထို့ပြင် တစ်နွှယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ စာတတ်မြောက်မှုနှုန်းကိုလည်း အနီးစပ်ဆုံး သိခွင့်ရမည်ဖြစ်ရာ CIA World Fact Book မှ အချက်အလက်များနှင့်သာ ကျေနပ်ခဲ့ရသည့်ဘ၀မှ အနည်းငယ် တိုးတက်လာပြီဟု ဆိုနိုင်ပါကြောင်း။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ချောမောစွာ ပြီးမြောက်နိုင်ပါစေဟု ......။

သန်းခေါင်စာရင်း ဆိုရာတွင် လူ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များ ပါဝင်သည်။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ-ခ)

သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြား မည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုရ။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၁၅)

ပုဒ်မ ၁၆ က ဒီလိုဆိုတယ်။ (အချို့သော ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့လူတွေ၊ အဲလို လုပ်ဖို့အတွက် မြောက်ပေးနေတဲ့လူတွေ သေချာဖတ်သင့်တယ်။ နောက်တော့မှ ဥပဒေအရ အရေးယူတော့ နှိပ်ကွပ်တယ်တို့၊ ဘာဖြစ်တယ်တို့၊ ညာဖြစ်တယ်တို့ အသံမထွက်ကြလေနှင့်။ အမောင် မီဒီယာတို့ကလည်း ယခုလို ဥပဒေတွေ ပြဋ္ဌာန်းထားသည်ကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟုပင် ထင်ပုံမပေါ်ချေ။ ဘယ်ဂျာနယ်ကမျှ သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်တာဟာ၊ မမှန်မကန် ဖြေဆိုတာဟာ ဥပဒေနှင့် မညီညွတ်ကြောင်း၊ အရေးယူခံရနိုင်ကြောင်း လေသံမဟရဲကြပါဘူး။ နိုင်ငံကို တည့်မတ်ချင်တယ်လို့သာ ပါးစပ်က အော်နေကြတယ်၊ စောင်ရေကျမှာနဲ့ ယှဉ်လာတော့ ကိုယ့်စီးပွားရေးကိုပဲ ကြည့်ကြတာပါပဲ။)


ဒီပုဒ်မကို ဖောက်ဖျက်ရင် ရရှိနိုင်တဲ့ ပြစ်ဒဏ်တွေက တစ်လထက်မပိုသော ထောင်ဒဏ်၊ ဒါမှမဟုတ် ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် သိရှိရသော တစ်ဦးတစ်ယောက်၏ ကိုယ်ရေးအကြောင်းအရာကို ထုတ်ဖော်ခြင်းမပြုရ။
(လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ-ဂ)

အဲဒီပုဒ်မ ၁၇ ကို ဖောက်ဖျက်ကျူးလွန်တဲ့ စာရင်းစစ် ဒါမှမဟုတ် စာရင်းကောက်တွေ ရရှိနိုင်တဲ့ ပြစ်ဒဏ်က အပေါ်က ပုဒ်မ ၁၆ ကို ကျူးလွန်ရင် ရမှာတွေနဲ့ အတူတူပဲဗျ။ အဲဒါကိုတော့ နည်းနည်းသဘောမကျ ဖြစ်မိတယ်။ အတွေးပိုတာလည်း ဖြစ်ကောင်းဖြစ်မှာပါလေ။ ဒီလိုပါ။ တချို့အချက်အလက်တွေကို လက်သိပ်ထိုးပြီး တစ်ဦးတစ်ယောက်ဆီမှာ ရောင်းစားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာပါ။ ထောင်ဒဏ်တစ်လ ဆိုတာက အမှုရင်ဆိုင်တဲ့ ကာလတွေနဲ့တင် ပြည့်သွားမယ်ထင်တာပဲ။ ဒါမှမဟုတ် ငွေဒဏ် ကျပ်ငါးသောင်းဆိုတော့ရော အဲဒီပမာဏက ထိရောက်ရဲ့လား။ စီးပွားရေးသမား တစ်ယောက်ယောက်ရဲ့ အချက်အလက်တွေကို ငွေပမာဏ တစ်ခုခုနဲ့ ရောင်းစားမယ်ဆိုရင်ရော။ မဖြစ်နိုင်ဘူးလား။ ထားပါလေ... လွှတ်တော်အမတ်မင်းတွေက ကျွန်တော့်ထက် အများကြီး ပိုသိပါတယ်။ သူတို့က ဒီအတိုင်း ဖြစ်သင့်တယ်ထင်လို့ တစ်ညီတစ်ညွတ်တည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျွန်တော်က အလကားနေရင်း ထိုင်ပြီးတော့ ဝေဖန်နေလို့ မသင့်ပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပဲ။ စိတ်ဝင်စားဖို့တော့ ကောင်းတာအမှန်ပဲ။

Friday, March 28, 2014

စိတ်ပူမိတယ်.....



အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုလှုပ်ရှားမှုတွေ ပါဝင်လာအောင် ဆော်သြလာကြတာ၊ စည်းရုံးလာကြတာကို ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (လမ်းပေါ်နိုင်ငံရေး အလိုမရှိ၊ ဥပဒေအတိုင်း ဆောင်ရွက်ပါ။)

မြစ်ဆုံကိစ္စဟာ နိုင်ငံရေးအမြတ်ထုတ်စရာတစ်ခု၊ နိုင်ငံရေးတိုက်ကွက်တစ်ခု ဖြစ်လာတာကိုလည်း ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (နိုင်ငံရေးလုပ်စားများ သတိထား)

၂၁ ရာစုခေတ်ကြီးထဲမှာ တောင်သူလယ်သမားတွေနဲ့ အစိုးရတို့ ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းဖြစ်အောင် ဘေးကနေ ၀င်ပြီးတော့ လမ်းကြောင်းပေးနေ၊ မြောက်ပေးနေကြတာတွေကို မြင်နေရတဲ့အတွက်လည်း ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (တောင်သူတွေကို နယ်ရုပ်အဖြစ် အသုံးချနေတာ အခုရပ်)

လက်ဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို တရားဝင် လာဘ်ပေးလာဘ်ယူ ခွင့်ပြုသယောင်ယောင် ၀ါဒဖြန့်ကြပြီး နိုင်ငံရေးသတ်လုံးတစ်ခုအဖြစ် လွဲမှားစွာ ပြောဆိုဝေဖန် နေကြတာကိုလည်း ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (အစိုးရလုပ်သမျှ ဆန့်ကျင်ကြဆိုတဲ့ အမွေဆိုး မထားခဲ့စေလိုပါ)

မီဒီယာကို အသုံးချပြီး တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင် အပုပ်ချ၊ တိုက်ခိုက်၊ ဝေဖန်၊ ခြေထိုး လုပ်နေကြတာတွေ မြင်နေ၊ ကြားနေ၊ ဖတ်နေရတဲ့အတွက်လည်း ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (စတုတ္ထမဏ္ဍိုင် ဘာလဲ၊ ဘယ်လဲ)

ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြည်သူတွေအတွက် မပြင်မဖြစ် ပြင်ဆင်ရမယ့် ဥပဒေတွေ၊ အသစ်ပြဋ္ဌာန်းရမယ့် ဥပဒေတွေ ရှိနေမှန်း သိနေပါလျက် အုပ်ချုပ်ရေးပိုင်းမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့ပဲ ကြိုးပမ်းနေကြတာတွေကို မြင်တွေ့ကြားသိနေရလေတော့ ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (ချိန်ခွင်လျှာညှိပါ၊ တန်းမညှိပါနှင့်)

ကိုယ့်အိမ်နီးချင်းကို အဆင်ပြေအောင် ဆက်ဆံပေါင်းသင်းပြီး သူ့ဆီကနေ ကိုယ့်အတွက် အကျိုးရှိအောင် ကြံဆောင်ကြိုးပမ်းကြရမယ့်အစား "တရုတ်ဟူသမျှ ဆန့်ကျင်ကြ" ဆိုတဲ့ အယူအဆကို ကိုင်ဆွဲပြီး တစ်ဘက်စွန်း ရောက်နေကြသူတွေကို မြင်နေတွေ့နေရတော့ နိုင်ငံတကာဆက်ဆံရေးကို နားမလည်တာပဲလား၊ ၀ါးလုံးခေါင်းထဲမှာပဲ လသာနေကြတာပဲလားလို့ တွေးမရဖြစ်ရင်း ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (US က China နဲ့ သင့်မြတ်အောင် ကြိုးပမ်းနေချိန်မှာ မြန်မာတွေက ဘာလုပ်တာလဲ)

ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တပူးတွဲတွဲ ဖြစ်နေတာကို ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (မည်သူ့ကို မည်သူကမျှ အသုံးချခြင်း မဖြစ်စေလိုပါ)

ရခိုင်ပြည်နယ်မှာ INGOs, NGOs တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆန့်ကျင်နေကြတာကို မြင်နေရတော့ ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (နိုင်ငံ့ပုံရိပ်ကို ငဲ့ကြစေလိုပါသည်)

နိုင်ငံရေးမှာ ဘာသာရေး စွက်ဖက်လာတာ၊ သံဃာတွေ စိတ်ဝမ်းကွဲလာတာကို ကျွန်တော်ကိုဉာဏ် စိတ်ပူမိတယ်။ (ကျွန်တော့်ကို ပက်ပက်စက်စက် ဆဲနိုင်ကြပါပြီ)

ဆန္ဒပြပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာတာကို မြင်တွေ့ကြားသိနေရသည့်အတွက် ကျွန်တော်ကိုဉာဏ် စိတ်ပူမိပါသည်။ (နောက်ထပ် ရှစ်လေးလုံး မကြုံချင်တော့ပါ)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၂၈ မိနစ်တွင်ပြီး၏။

Thursday, March 27, 2014

တပ်မတော်နေ့အတွေး (၂၀၁၄ ခုနှစ်)



ယနေ့ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၆၉) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါသည်။ ယခင်က ဖက်ဆစ်တော်လှန်ရေးနေ့ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ဖူးပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရက တပ်မတော်နေ့ဟု ပြောင်းလဲပြင်ဆင် သုံးနှုန်းခဲ့သည်ဟုလည်း ဖတ်ဖူးမှတ်ဖူးပါသည်။ ထိုကဲ့သို့ ပြောင်းလဲခဲ့မှုနှင့် ပတ်သက်၍မူ ဤနေရာတွင် အငြင်းမပွားလိုပါ။ ကျွန်တော်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုသည်ထက် တပ်မတော်နေ့ ဆိုသည်ကို ပို၍ သဘောကျပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက လွတ်လပ်ရေးအတွက် အလှည့်အပြောင်းတစ်ရပ် ဖြစ်စေခဲ့သည့် တော်လှန်ရေးတစ်ရပ်ကို စိတ်တူကိုယ်တူ ဆင်နွှဲခဲ့ကြသည့် အထင်ကရ အမှတ်ထင်ထင် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုကို ယခုကဲ့သို့ တလေးတစား တန်ဖိုးထား၍ ကျင်းပခဲ့ကြခြင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါသည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့ အချိန်အခါ သမယ၀ယ် လွတ်လပ်ရေးကြိုးပမ်းကာလ သမိုင်းတစ်လျှောက်၊ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီး တောက်လောက်နေချိန် ကာလတစ်လျှောက်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်လာသည့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည့် ကာလတစ်လျှောက် မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူများအတွက် မဖောက်မပြန်၊ မယိုင်မလဲ ရပ်တည်ကာကွယ်ပေးခဲ့သည့် မြန်မာ့တပ်မတော်နှင့် အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်အင်္ဂါ စသည် စသည်ဖြင့် စွန့်လွှတ်၍ ကာကွယ်ပေးခဲ့ကြသည့် တပ်မတော်သားအားလုံးကို ဦးညွတ်ဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍသာ မရှိခဲ့လျှင် မြန်မာ့လွတ်လပ်ရေး ဆိုသည်မှာ အိပ်မက်ပင် မက်လို့ရမည် မဟုတ်ခဲ့ပါ။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီး တဟုန်းဟုန်း တောက်လောင်၍ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဖြစ်ခဲ့ချိန်တွင် မြန်မာ့တပ်မတော်သာ စွမ်းရည်ကင်းမဲ့ခဲ့လျှင်၊ မြန်မာ့တပ်မတော်သာ အင်အားချည့်နဲ့ခဲ့လျှင်၊ မြန်မာ့တပ်မတော်သာ ပြည်သူတို့ကို သစ္စာပျက်ယွင်းခဲ့လျှင် ယနေ့မြန်မာနိုင်ငံ ဆိုသည်မှာ မည်ကဲ့သို့ ဖြစ်လာနေမည်နည်း ဟူသည်ကို ဖြေဆိုရန် ခက်ခဲလှပါသည်။ အမေရိကန်က ကျောထောက်နောက်ခံ ပြုထားခဲ့သည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူ  ကူမင်တန်တို့၏ ကျူးကျော်မှုကို ခံရချိန်တွင် မြန်မာ့တပ်မတော်ကသာ အသက်သွေးချွေး စတေး၍ တိုင်းပြည်ကို ရွပ်ရွပ်ချွံချွံ ကယ်တင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲက တစ်ခုဖြစ်သည်ဟု တင်စားကြသည့် မြန်မာ့နိုင်ငံရေးတွင် မြန်မာ့တပ်မတော်သာ မယိမ်းမယိုင် ရပ်တည်ခဲ့ခြင်း မရှိပါလျှင် အမျိုးစုံလင် များပြားလှသည့် လက်နက်ကိုင် အဖွဲ့အမျိုးမျိုးကြောင့် မြန်မာ့မြေပုံသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပြီ ဖြစ်ပါသည်။

ဒီမိုကရေစီ အရေးတော်ပုံကြီးဟု အားလုံးက တင်စားရည်ညွှန်းကြသည့် ၁၉၈၈ ခုနှစ် အခြေအနေကို ပြန်လှန် သုံးသပ်ကြည့်လျှင်လည်း အဆိုပါ အဖြစ်အပျက်ကို ဖန်တီးသူမှာ မြန်မာ့တပ်မတော် မဟုတ်ပါ။ အဆိုပါ အဖြစ်အပျက်ကို သွေးထိုးလှုံ့ဆော်သူမှာ မြန်မာ့တပ်မတော် မဟုတ်ပါ။ အဆိုပါ အဖြစ်အပျက်ကြီးကို မည်သို့ပင် နာမည်ပေး ကင်ပွန်းတပ်သည်ဖြစ်စေ၊ မည်သို့ပင် သတ်မှတ်သည်ဖြစ်စေ၊ ထိုအချိန်က မင်းမဲ့စရိုက်များ နိုင်ငံနှင့်အ၀န်း ပျံ့နှံ့လျက် ပြည်သူအားလုံး ကျီးလန့်ဆန်စား ဖြစ်နေခဲ့ရချိန်၊ လမ်းမများပေါ်တွင် ဥပဒေကင်းမဲ့လျက် မိမိစိတ်ကြိုက် လူသတ်၊ နှိပ်စက်၊ ဖျက်ဆီး၊ လုယက် ဖြစ်နေခဲ့ချိန်၊ ပြည်ပနိုင်ငံတစ်ခုက အချိန်ကိုက် ဆိုသလိုပင် စစ်ရေယာဉ်များဖြင့် လာရောက်၍ စစ်အင်အားပြ ခြိမ်းခြောက်၍ မြန်မာ့အချုပ်အခြာအာဏာကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်လာခဲ့ချိန်တွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူထုခေါင်းဆောင်က ရဲရဲဝံ့ဝံ့ ရပ်တည်ကာကွယ်ခဲ့ပါသနည်း။ မြန်မာနိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် မည်သူက အာမခံချက် ပေးနိုင်ခဲ့ပါသနည်း။ မြန်မာ့တပ်မတော်သာ အင်အားမတောင့်တင်းခဲ့ပါလျှင်၊ အရေးကြုံလျှင် သက်လုံမကောင်းခဲ့ပါလျှင်၊ ပြည်သူအတွက် မဆုံးဖြတ်ခဲ့ပါလျှင် မြန်မာ့နိုင်ငံရေးကို မျှော်တွေးကြည့်ရန် ရင်လေးလှပါသည်။

တပ်မတော်အစိုးရအဖြစ် တာဝန်ယူခဲ့ချိန်တွင် နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည် ဆိုသည်မှာ အငြင်းပွားဖွယ် မရှိပါ။ သို့သော် အမှားအယွင်းတွေ အများကြီး လုပ်ခဲ့သည်ကိုလည်း ကျွန်တော်တို့ လက်ခံရပါမည်။ အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်များ ရှိခဲ့သောကြောင့် မလိုလားအပ်သည့် အဖြစ်အပျက်များ၊ နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် ဆိုခဲ့ပါ အဖြစ်အပျက်များကို ယထာဘူတကျကျ သုံးသပ်ပါလျှင် တပ်မတော်က ကျူးလွန်ခဲ့ခြင်း မဟုတ်ဘဲ ဦးဆောင်ခဲ့သူ၊ စီမံခန့်ခွဲပိုင်ခွင့်ရှိခဲ့သူ လူပုဂ္ဂိုလ်အချို့ကသာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း မြင်နိုင်ပါသည်။ တပ်မတော်အစိုးရကို နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည့်အတွက် ဝေဖန်စရာ ရှိပါသည်။ တစ်ဖက်တွင်လည်း တပ်မတော်အစိုးရ ဦးဆောင်ခဲ့စဉ် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဦးဆောင်နိုင်လောက်သည့်၊ အားလုံးအတွက် လက်ခံလောက်သည့်၊ တိုင်းပြည်နှင့် ပြည်သူလူထုကို တာဝန်ယူခေါင်းဆောင်နိုင်မည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်းကိုလည်း လက်ခံရပါမည်။ ရှိခဲ့သည်ဟု လူပုဂ္ဂိုလ်အချို့ကို ရည်ညွှန်းလိုပါက မြန်မာ့နိုင်ငံရေး အခြေအနေ၊ လုံခြုံရေးအခြေအနေ စသည်တို့နှင့် သေသေချာချာ ချိန်ထိုး၍ သုံးသပ်ကြည့်စေလိုပါသည်။ တပ်မတော်အစိုးရတစ်ရပ် နှစ်ပေါင်း များစွာကြာအောင် နိုင်ငံတော်ကို ဦးဆောင်ခဲ့ခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း မနှစ်မြို့ပါ။ သို့သော် သူတို့ ဦးမဆောင်ခဲ့လျှင် မည်သူဦးဆောင်မည်နည်း ဟူသည့်အဖြေကိုလည်း ကျွန်တော် မဖြေတတ်ပါ။

လက်ရှိကာလအချိန်ကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဖူးပွင့်စအချိန်၊ အားယူစအချိန်အဖြစ် အားလုံးက မှတ်ယူကြပါသည်။ ကိုယ့်ဖဲကိုချိုး၊ ကိုယ့်ဖဲကိုယ်ဝေ လုပ်သည်ဟုပဲ ပြောပြော၊ ဇာတ်တိုက်၍ ကခဲ့သည်ဟုပဲဆိုဆို၊ ယခုအပြောင်းအလဲအတွက် တပ်မတော်အစိုးရကို အံ့သြတကြီး ဖြစ်ရသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။ အများက ရည်ညွှန်းခဲ့ကြသည့် စစ်အုပ်ချုပ်ရေး တစ်နည်း စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ဆီသို့ ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ဖြင့် ကူးပြောင်းပေးခဲ့သည့် တပ်မတော်အစိုးရ၏ လုပ်ဆောင်မှုကို ပြည်တွင်းမှ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက လက်ခုပ်မတီးနိုင်ကြပါသော်လည်း ပြည်ပနိုင်ငံများနှင့် ပညာရှင်များကမူ အသိအမှတ်ပြု ချီးကျူးခဲ့ကြသည်ကို သတိထားကြစေလိုပါသည်။ နိုင်ငံတော်အာဏာကို ကာလကြာရှည် တာဝန်ယူခဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်၍ ၀ိဝါဒ ကွဲပြားကြပါလိမ့်မည်။ အာဏာကို လက်မလွှတ်လိုသောကြောင့်ဟု မုန်းတီးသူတို့က ဆိုကြပါလိမ့်မည်၊ နိုင်ငံကို စိတ်မချသောကြောင့်ဟု ချစ်ခင်သူတို့က ဆိုကြပါလိမ့်မည်။ ထို့အတွက်မူ ကျွန်တော်က အဆုံးအဖြတ် မပေးလိုပါ။ စာဖတ်သူတို့၏ အတွေးအမြင်အတိုင်း၊ ထင်မြင်ချက်အတိုင်း ဖြစ်စေလိုပါသည်။

လက်ရှိအချိန်ကာလ တပ်မတော်ကို လေ့လာကြည့်လျှင် တပ်မတော်အတွင်း ပြောင်းလဲမှု အများအပြား ပြုလုပ်နေသည်ကို မြင်နိုင်သိနိုင်ပါသည်။ တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိနေသည်ဖြစ်ရာ အဆိုပါ အချက်သည် တပ်မတော်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ မိမိက တပ်မတော်အစိုးရအဖြစ် တာဝန်ယူ၍ အုပ်ချုပ်နေရသည့် အချိန်အခါ မဟုတ်ဘဲ အရပ်သားအစိုးရအောက်တွင် အဆိုပါတာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်ရာ တပ်မတော်အကြီးအကဲနှင့် ထိပ်တန်းအရာရှိကြီးများ၏ စိတ်စေတနာနှင့် နိုင်ငံရေး အမြော်အမြင်တို့သည် အရေးကြီးလှပါသည်။ သေချာသည်ကတော့ လက်ရှိအကြီးအကဲသည် တပ်မတော်ကို ယခင်ကထက် စည်းကမ်းပြည့်ဝအောင်၊ အင်အားတောင့်တင်းအောင်၊ လူထုထောက်ခံမှုရအောင် ကြိုးပမ်းနေသည်ကို မြင်တွေ့ရခြင်း ဖြစ်ပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေလိုသည့် ဆန္ဒ အမှန်ပင်ရှိကြောင်းလည်း သူ၏ တရားဝင် မိန့်ခွန်းများ၊ ပေါက်ကြားလာသော ပြောစကားများအရ သိရှိခဲ့ရပြီး ဖြစ်ပါသည်။ ထို့အတွက် သံသယရှိရန် မလိုပါ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို ကြည့်လျှင်လည်း တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း လုပ်ဆောင်မှုများကိုကြည့်၍ ကောက်ချက်ဆွဲရပါလျှင် တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဦးဆောင်လမ်းညွှန်မှုကို နာခံလျက်ရှိသည်ဟု သုံးသပ်နိုင်ပါသည်။ ထိုအချက်သည် မြန်မာ့နိုင်ငံရေးအတွက် ကောင်းမွန်သည့်အချက်၊ ကြိုဆိုရမည့်အချက်၊ လက်ခုပ်တီးရမည့်အချက်ဟု ကျွန်တော်က မြင်ပါသည်။ တပ်မတော်သည် သီးခြားအဖွဲ့အစည်း တစ်ခုအဖြစ် ရည်တည်လိုသည့် သဘောထားရှိစေလိုကာမူ နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုအောက်တွင် ရှိနေသည့်ဆိုသည့်အချက်က ဒီမိုကရေစီနည်းကျသလို၊ ဖြစ်သင့်သည့် ကိစ္စတစ်ရပ်ဟုလည်း မြင်ပါသည်။

လက်ရှိတပ်မတော်ကို ဦးဆောင်နေကြသူများသည် သွေးသစ်များ ဖြစ်ကြပါသည်။ ၁၉၈၈ ခုနှစ်အပြီး နိုင်ငံတော်အာဏာကို ထမ်းဆောင်ခဲ့ကြသူများ ယခုတပ်မတော်တွင် မရှိတော့ပါ။ ယခင် တပ်မတော်အစိုးရလက်ထက်က အဆုံးအဖြတ်ပေးခဲ့သည့် နေရာများတွင် ရှိနေခဲ့ကြသူများ ယနေ့ တပ်မတော်ထဲတွင် မရှိကြတော့ပါ။ ယနေ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသည့် အကြီးအကဲနှင့် ထိပ်တန်းအရာရှိကြီးများသည် မျိုးဆက်သစ်များ ဖြစ်ကြပါသည်။ သူတို့အနေဖြင့် တစ်ချိန်က တပ်မတော်အစိုးရ၏ အာဏာပါဝါကို တမ်းတနေစရာ မရှိသဖြင့် နောက်ကြောင်းပြန်လှည့်အောင် ကြိုးပမ်းကြမည်ဟု သံသယထား၍ မုန်းတီးနေခြင်းများသည် ယုတ္တိမတန်လှဟု ကျွန်တော်မြင်မိပါသည်။

တပ်မတော်အကြီးအကဲနှင့် ထိပ်တန်း တပ်မတော်ခေါင်းဆောင်များ အနေဖြင့် မြန်မာ့တပ်မတော်ကို ပြည်သူက ထောက်ခံသော၊ ချစ်ခင်သော၊ အားကိုးသော၊ ယုံကြည်သော တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးပမ်းချင်လိုစိတ်ရှိကြောင်း ကျွန်တော်ယုံကြည်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဂုဏ်သိက္ခာရှိရှိ ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း မြင်နေရပါသည်။ ပြည်တွင်းစစ်မီး ချုပ်ငြိမ်း၍ နိုင်ငံတည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ရည်သန်စိတ်ဆန္ဒ ပြင်းပြနေကြောင်း အထင်အရှား မြင်နေတွေ့နေရပါသည်။ တပ်မတော်အပေါ် အရိပ်ထိုးနေသည့် ယခင်ကာလမှ အဖြစ်အပျက်ဆိုးများ၊ အရိပ်မည်းများကို လက်ရှိ တပ်မတော်ခေါင်းဆောင်များက ချေဖျက်နိုင်အောင် ကြိုးပမ်းကြံဆောင်နေကြသည်ကို ကျွန်တော်တို့ လက်ခံကြဖို့ လိုပါသည်။ မမေ့မလျော့ ချီးကျူးလိုသည့် အချက်တစ်ခုမှာ တပ်မတော်သည် နှစ်အတန်ကြာ ကင်းကွာနေခဲ့သည့် မူလတာဝန်ဖြစ်သော ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များအတွက် အဆင့်မြှင့်တင်ခြင်း၊ ပြည်ပရန်အတွက် လေ့ကျင်ြ့ခင်း၊ စုဖွဲ့ခြင်းများကို ပြုလုပ်လာသည့်အချက် ဖြစ်ပါသည်။ စွမ်းရည်ထက်မြက်သော၊ တိုက်ပွဲဝင်အသင့်ဖြစ်သော တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ မူလတာဝန်များကို သဘောပေါက်ကြောင်း၊ အလေးထားကြောင်း ပြသခြင်းဖြစ်သည်ဟု ကျွန်တော်က မြင်ပါသည်။

လက်ရှိအချိန်တွင် အတိုက်အခိုက်အခံရဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် မြန်မာ့တပ်မတော်ကို ပြသရပါလိမ့်မည်။ အဆိုပါအချက်ကပင် မြန်မာ့နိုင်ငံရေး၏ ထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ ပါဝင်နေရုံမျှဖြင့် တပ်မတော်အပေါ် ထိုကဲ့သို့ တိုက်ခိုက်နေခြင်း၊ ရန်စောင်နေခြင်းများသည် အခြားသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လူထုထောက်ခံမှု၊ မိမိတို့၏ စွမ်းအားကို မယုံကြည်ခြင်းဟု မြင်မိပါသည်။ လူထုအားလုံးကသာ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည့် ကိစ္စရပ်တစ်ခုကို တပ်မတော်အနေဖြင့် မျက်ကွယ်ပြုရန်၊ လျစ်လျူရှုရန် စိတ်ကူးရှိပါမည်လားဟု တွေးကြစေလိုပါသည်။ တပ်မတော်အား ပုတ်ခတ်ခြင်းကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချခြင်းသည် အန္တရာယ်များလှပါသည်။ ဆိုခဲ့သည့်အတိုင်း လက်ရှိတပ်မတော်သည် မျိုးဆက်သစ် သွေးသစ်လောင်း တပ်မတော်တစ်ရပ် ဖြစ်ပါသည်။ ယခင်တပ်မတော်မှ လူပုဂ္ဂိုလ်အချို့ကို မကျေနပ်ခြင်းများအား ယခုလက်ရှိ တပ်မတော်အပေါ် ပုံချ၍ တိုက်ခိုက်နေခြင်းသည် တပ်မတော်နှင့် နိုင်ငံရေးအင်အားစုများအကြား သံသယ တိုးပွားစေခြင်း၊ အဖုအထစ် ဖြစ်စေခြင်းသာ အဖတ်တင်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ နိုင်ငံရေးသမားများ အမြော်အမြင်ရှိဖို့၊ အရှည်မျှော်ဖို့ လိုပါသည်။

တပ်မတော်သည် သူ့အတွက် အာမခံချက်တစ်ခု လိုအပ်သည်ဟူသော ခံယူချက်တစ်ခု ရှိသည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော့်ယူဆချက်သာ ဖြစ်သည့်အတွက် မှန်ကောင်းမှ မှန်ပါလိမ့်မည်။ ကျွန်တော်ပြောသည့် အာမခံချက်ဆိုသည်က တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် အတိုင်းအတာ တစ်ခုအထိ ပါဝင်ပတ်သက်လိုပါသည်။ ထိုအချက်ကလည်း အာဏာကို ဖက်တွယ်ခြင်း ဆိုသည်ထက် အတိတ်က သင်ခန်းစာများကိုယူ၍ သေလုမြောပါး အခြေအနေရောက်မှ အသက်ကယ်ဆေး မထိုးလိုဘဲ (နာမည်ပျက်မခံဘဲ) ကြိုတင်ကာကွယ်ခြင်း လုပ်ဆောင်လိုသည့် ရည်ရွယ်ချက်ဟု မြင်ပါသည်။ နိုင်ငံရေးတွင် အေးအေးဆေးဆေး ဂုဏ်သိက္ခာရှိရှိဖြင့် ပါဝင်လိုနေသေးကြောင်း အကြီးအကဲ၏ ပြောစကားအချို့က သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ သူတို့၏ ရှုမြင်ချက်သည် စစ်သားပီပီ စစ်သားအမြင်ဖြင့် မြင်ကြသည်ကို နိုင်ငံရေးသမားများ နားလည်ကြဖို့ လိုပါသည်။ စစ်သားတစ်ယောက်အတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်သည်ဟု ကျွန်တော်က ယုံကြည်ပါသည်။ ထို့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လက်ရှိအချိန်တွင် တပ်မတော် မဖြစ်မနေ ပါဝင်ပတ်သက်ရန် လိုအပ်နေသေးသည်ဟု တပ်မတော်ခေါင်းဆောင်များက ယုံကြည်သည်ကို ဥပေက္ခာ မပြုသင့်သေးဟု ကျွန်တော်က ဆိုချင်ပါသည်။ မြန်မာ့နိုင်ငံရေး ရင့်ကျက်လာချိန်၊ အရှိန်ရလာချိန်၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် ပါဝင်ပတ်သက်ရန် မလိုအပ်တော့ဟု သေချာချိန်တွင် တပ်မတော်သည် ဂုဏ်သိက္ခာရှိရှိ သူ့နေရာသူ ပြန်သွားလိမ့်မည်ဟု ကျွန်တော်အခိုင်အမာ ယုံကြည်ပါသည်။ ထိုကဲ့သို့ ဖြစ်လာနိုင်ကြောင်းကိုလည်း ၂၀၁၀ ခုနှစ် မြန်မာ့နွေဦးက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့ အချိန်အခါ သမယ၀ယ် မြန်မာနိုင်ငံအတွက် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာပြည်သူပြည်သားအားလုံး အေးချမ်းသာယာ ရှိကြပါစေကြောင်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကိုလည်း လက်ရှိအစိုးရ၊ ပြည်သူနှင့် တပ်မတော် အတူတကွ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ရင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကြာသပတေးနေ့။ (၆၉) နှစ်မြောက် တပ်မတော်နေ့)
မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။

Monday, March 24, 2014

အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ အလောတကြီးပြင်ဖို့ တကယ်ပဲ လိုအပ်နေပြီလား



ဒေါ်စုရဲ့ မိုးကုတ်ခရီးစဉ်
မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲ ဗီဒီယိုဖိုင်ကို ကြည့်ရှုနားထောင်ခဲ့ရပါတယ်။ အစကတော့ သူ့ပါတီက ဥပဒေပညာရှင်တွေ၊ သူ့လက်ရုံးတွေနဲ့ လွှတ်ထားခဲ့တဲ့ ကိစ္စကို အခုအခါမှာတော့ ဒေါ်စုကိုယ်တိုင် နယ်တွေဆင်းပြီး အားသွန်ခွန်စိုက် လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်ကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား။ ပေးထားတဲ့ ခေါင်းစဉ်နဲ့ ပြောသွားတဲ့ အကြောင်းအရာတွေဟာ ထပ်တူကျခြင်း ရှိ၊ မရှိဆိုတာ အဲဒီ ဗီဒီယိုဖိုင်ကို စာဖတ်သူ ကျွန်တော့်မိတ်ဆွေတွေ ကြည့်ရှုနားထောင်ပြီးရင် ဝေဖန်ပိုင်းခြား နိုင်ကြပါလိမ့်မယ်။ အခြေခံဥပဒေကို အကြောင်းပြပြီး တပ်မတော်နဲ့ ပြည်သူကို ပညာသားပါပါ သွေးခွဲတာပဲလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလိုမျိုး လုပ်ရပ်ဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ ကိုယ့်နိုင်ငံအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ် လိုချင်သလား၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေတဲ့ တပ်မတော်တစ်ရပ်ကို လိုချင်လားဆိုတာ စဉ်းစားကြည့်ကြစေချင်ပါတယ်။ ပြည်ပရန်နဲ့ ကြုံတဲ့အခါဖြစ်စေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အဖွဲ့အစည်းတစ်ခုခုက ထိပါးစော်ကားလာလျှင်ဖြစ်စေ ကာကွယ်တွန်းလှန်ဖို့အတွက် တပ်မတော်တစ်ရပ် လိုအပ်တယ်ဆိုတာကိုတော့ နိဒါန်းစကား ဆိုချင်ပါတယ်။ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ဒေါ်စု ပြောခဲ့တဲ့ စကားဟာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲလွဲကြတယ်လို့ ကျွန်တော်က မြင်ပါတယ်။

အခြေခံဥပဒေကို ဘာလို့ ပြင်ချင်တာလဲ
အားလုံးသိတဲ့အတိုင်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အခုအချိန်မှာ အလှုပ်ခတ်ဆုံး ဂယက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အစွဲကင်းကင်းနဲ့ အမှန်အတိုင်း သုံးသပ်သူတိုင်း လက်ခံနိုင်မယ့် အကြောင်းအရာ တစ်ခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခုလို ကျယ်ကျယ်လောင်လောင် ဖြစ်လာအောင် လှုံ့ဆော်ခဲ့တာဟာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မဟုတ်ပါဘူး။ ပါတီကြီးတစ်ခု၊ သူတို့ခေါင်းဆောင်နဲ့ သူ့ကို ခစားကိုးကွယ်ကြသူတွေရဲ့ ၀ါဒဖြန့်ချိမှုက အခြေခံဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်စုသည် သမ္မတအရည်အချင်း သတ်မှတ်ချက်များနဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါပေမယ့် ဒေါ်စုက သမ္မတ ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့အခါ သူ့ကို ၀န်းရံကြသူတွေက ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ဒါကို မပြင်ရင် ဒီမိုကရေစီခရီးကို မလျှောက်လှမ်းနိုင်ဘူးလို့ စတင်ဝါဒဖြန့် စည်းရုံးရာကနေ ဒီနေ့လို အခြေအနေအထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
လက်ရှိအခြေခံဥပဒေကို ယခင် တပ်မတော်အစိုးရက တာဝန်ယူ ရေးဆွဲခဲ့ပြီး လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရကလည်း သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ အပြည့်အ၀ ကိုက်ညီပါတယ်၊ စင်းလုံးချော ပြောစရာမရှိတဲ့ အခြေခံဥပဒေပါလို့ မပြောခဲ့ပါဘူး။ လိုအပ်ချက်တွေ ရှိနေတယ်၊ ပြင်ဆင်သင့်တာတွေ ရှိနေတယ်လို့ ယခင်အစိုးရလက်ထက်မှာ ရာထူးကြီးကြီးတွေ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရ နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေက ပြောကြားထားပြီး ဖြစ်ပါတယ်။ လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေကလည်း အခြေခံဥပဒေမှာ ပြင်ဆင်စရာတွေ၊ ဖြည့်စွက်စရာတွေ ရှိနေတယ်လို့ ပုံစံအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဖြစ်ပါတယ်။ သဘောကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူ အများစုက လက်ခံကြတယ် ဆိုတာပါပဲ။

တစ်ဦးအတွက် အများလား
အခု ဖြစ်နေတဲ့ ပြဿနာက ပြည်သူတွေကို ဇဝေဇ၀ါ နဝေတိမ်တောင် ဖြစ်စေပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြင်ချင်တဲ့အုပ်စုနဲ့ မပြင်ချင်တဲ့ အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေတယ်လို့ ပြည်သူ အများစုက မှတ်ထင်နေကြပါတယ်။ ပြင်ချင်တဲ့ အုပ်စုကို ဒီမိုကရေစီ ဘက်တော်သားတွေလို့ မီဒီယာတွေက အခမဲ့ အမည်ပေး ကင်ပွန်းတပ်လုပ်ပြီး မပြင်ချင်သူတွေကိုတော့ နောက်ကြောင်းပြန်လှည့်အောင် လုပ်နေသူတွေ၊ ဒီမိုကရေစီ မလိုချင်သူ အာဏာရှင်တွေလို့ စွပ်စွဲကြပါတယ်။ တကယ်တမ်း ဖြစ်နေတယ်လို့ ကျွန်တော်မြင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောအားဖြင့် အလောတကြီး မပြင်သင်သေးဘူးလို့ ခံယူကြသူတွေနဲ့ အခုချက်ချင်း ပြင်ကိုပြင်ရမယ် ဆိုတဲ့ အုပ်စုနှစ်ခု ကွဲနေတယ်လို့သာ မြင်ပါတယ်။ အဲဒီ ကွဲပြားမှုနှစ်ခုကို သေသေချာချာ ဆန်းစစ်ကြည့်သူတိုင်း သိနိုင်တာတစ်ခုကတော့ ချက်ချင်းပြင်ရမယ်ဆိုတဲ့ အုပ်စုဟာ လူတစ်ဦးတစ်ယောက် အကျိုးအတွက် ရည်ရွယ်ပြီး လူထုပါလာအောင် စည်းရုံးလှုံ့ဆော်နေတယ်ဆိုတာ တွေ့ရမှာပါ။ ဒါဟာ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပါ။

မပြင်ရင် ဘာဖြစ်မှာလဲ
အခြေခံဥပဒေကို အခုချက်ချင်း မပြင်ရင် ဘာဖြစ်မှာလဲဆိုတဲ့ အဖြေကို စာဖတ်သူတို့ ကိုယ်တိုင် ဖြေကြည့်စေချင်ပါတယ်။ ကိုယ်ကြိုက်တဲ့ရှုထောင့်၊ ကြိုက်တဲ့အမြင်နဲ့ ဖြေဆိုနိုင်ပါတယ်။ အစွဲမကင်းသူတွေရဲ့ အဖြေထဲမှာ ဒေါ်စု သမ္မတမဖြစ်နိုင်ဘူး၊ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ခြယ်လှယ်နေဦးမယ်၊ စတဲ့အဖြေတွေ ပါနိုင်ပါတယ်။ ဘက်ကင်းသူတွေရဲ့ အဖြေတွေကတော့ အမျိုးမျိုး ဖြစ်မှာပေါ့လေ။ ဒါပေမယ့် အဲဒီအဖြေတွေထဲမှာ ကျွန်တော်အောက်မှာ ဖော်ပြမယ့် အကြောင်းအရာတွေ ပါ၊ မပါ စဉ်းစားကြည့်စေလိုပါတယ်-
တည်ငြိမ်မှု မရနိုင်ဘူး
နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး
တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး
ပြည်သူတွေ လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှာ မဟုတ်ဘူး
လူ့အခွင့်အရေးတွေကို ဆုံးရှုံးရမယ်
လွတ်လပ်စွာ စီးပွားရှာခွင့်ရမှာ မဟုတ်ဘူး
နိုင်ငံရေးလွတ်လပ်ခွင့် မရှိနိုင်ဘူး
အခြားနိုင်ငံတစ်ခုရဲ့ ရုပ်သေးရုပ်ဖြစ်သွားနိုင်တယ်
ကဲ... ဒါက ကျွန်တော် နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ အခြားသော အချက်အလက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ အပေါ်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တကယ်ပဲ ဖြစ်မယ်ဆိုရင်တော့ အဲဒီ အခြေခံဥပဒေကို ချက်ချင်းပြင်ဖို့၊ စက္ကန့်မဆိုင်းပြင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အလေးအနက် ထောက်ခံပါရဲ့ဗျာ။ အဲလိုမှ မဟုတ်ရင်တော့ ကျင့်သုံးတာမှ ၃ နှစ်ကျော်ပဲ ရှိသေးတဲ့ အခြေခံဥပဒေတစ်ခုကို ဈေးထဲက ငါးစိမ်းသည် အကြွေးစာရင်း မှတ်သလို၊ ဖျက်သလို ရော့... အင့်.... ဆိုပြီး လုပ်သလိုမျိုး မလုပ်စေချင်ပါဘူး။ လတ်တလော အရေးတကြီး မပြင်သေးဘဲ နိုင်ငံတော်ကြီးကို ရှေ့ဆက်လို့ ရသေးတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘယ်တော့မှ မပြင်ရဘူးလို့ မဟုတ်ပါဘူးဗျာ၊ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းရင်းနဲ့ ပြင်ဆင်သင့်တာတွေကို ဖြည်းဖြည်းချင်း ပြင်သွားလို့ ရပါတယ်ဗျာ။ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဖို့အတွက် တစ်ဦးတစ်ယောက်တည်းရဲ့ဆန္ဒ (ဘယ်လောက်တော်သည့် ပုဂ္ဂိုလ်ပင် ဖြစ်နေပါစေ)၊ တစ်ပါတီတည်းရဲ့ဆန္ဒ (ဘယ်လောက် လူကြိုက်များသည့် ပါတီပင် ဖြစ်နေပါစေ) နဲ့ မလုပ်သင့်ဘူး၊ မလောသင့်ဘူး၊ မဆုံးဖြတ်သင့်ဘူးလို့ မြင်မိပါတယ်။

ချက်ချင်းပြင်ခိုင်းတာ ဘာလို့လဲ
ဒါကလည်း အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော့်အမြင်တွေကို တင်ပြပါရစေ။ ပထမဆုံးအနေနဲ့ အခြေခံဥပဒေကို ပြင်မယ်၊ ဒါပေမယ့် သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို မပြင်ဘူးဆိုရင် "ချက်ချင်းပြင်အဖွဲ့တွေ" လက်ခံနိုင်မယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးပါရစေ။ ဒေါ်စု သမ္မတဖြစ်ခွင့်မရှိတဲ့ အရည်အချင်း သတ်မှတ်ချက်လေး တစ်ခုကို ပြင်ဖို့အတွက် အခြေခံဥပဒေကို မြောင်းထဲရောက်အောင် လုပ်ဆောင်နေကြသူတွေကို အခြေခံဥပဒေကပဲ ဒဏ်ခတ်ပါလိမ့်မယ်။ မြန်မာပြည်သူ ဘယ်နှရာခိုင်နှုန်းက အခြေခံဥပဒေကို အစအဆုံး တစ်ခေါက်ပြည့်အောင် ဖတ်ဖူးသလဲဆိုတာလည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းတစ်ခုပါပဲ။ အဲဒီလို ဖတ်ရမယ်လို့ ကျွန်တော်က တစ်ထစ်ချ ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိ အခြေခံဥပဒေမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်၊ ဘာတွေ အာမခံချက် ပေးထားတယ် ဆိုတာလောက်ကို သိအောင်ပဲ ပြည်သူတွေကို မျက်စိဖွင့်၊ နားဖွင့်ပေးသူ ဘယ်နှဦးများ ရှိပါသလဲ။ ဒေါ်စု အခု နယ်တကာလှည့်ပြီး ဟောနေတဲ့ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ ဆိုတာကလည်း အခြေခံဥပဒေအကြောင်း ရှင်းပြတာ မဟုတ်ပါဘူး။ ယခင် တပ်မတော်အစိုးရနဲ့ လက်ရှိအစိုးရ၊ တပ်မတော် ဒါတွေကို အပုပ်ချတဲ့ပွဲတွေပါပဲ။ သေသေချာချာ နားထောင်ကြည့်ကြစေချင်ပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတာတွေ ပါနေပါတယ်လို့ ဟောပြောပွဲတိုင်းပြောတယ်၊ အဲဒီလိုပြောတိုင်း တပ်မတော်သား ၂၅ % လွှတ်တော်တွေမှာ ပါဝင်နေတာကို ထောက်ပြပြီး ပြည်သူနဲ့ တပ်မတော်ကို ရန်တိုက်ပေးတယ်။ သမ္မတအရည်အချင်း ကန့်သတ်ချက်ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူးလို့ ပြောမယ်။ ဒါတွေပါပဲ။ ချက်ချင်းပြင်ဖို့ မထောက်ခံသူတွေဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးနေသူတွေပါ ဆိုတဲ့အထိ ပြောဆိုလာတာ တွေ့ရပါတယ်။ မိမိအာဏာရရှိရေးအတွက် အခြားလူတွေကို ထိပါးလာတဲ့အထိ ပြောဆိုလာတာမျိုးကဖြင့် သိပ်ပြီးတော့ လူကြီးလူကောင်း မဆန်လှဘူးလို့ မြင်မိပါတယ်။ နောက်တစ်ချက် တွေးမိတဲ့ အချက်တစ်ခုကတော့ အတိုက်အခံပါတီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အစိုးရကို အလုပ်ရှုပ်အောင် လုပ်နေတယ်ဆိုတာပါပဲ။ တိုင်းပြည်တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ရှေ့ကိုချီတက်ရမယ့်အစား ဦးသိန်းစိန်အစိုးရအဖို့ ပြည်တွင်းက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရှင်းနေရတာနဲ့ပဲ ခရီးမတွင်လှပါဘူး။ ခဏတာ ရေတိုမကြည့်ဘဲ အရှည်ကို မျှော်ကြည့်မယ်ဆိုရင် အခုလို လုပ်ရပ်တွေဟာ အစဉ်အလာဆိုးတစ်ခု ဖြစ်သွားပြီး မြန်မာ့နိုင်ငံရေးမှာ အမြစ်တွယ်သွားမှာကို စိုးရိမ်စရာပါ။

ကျွန်တော့်ခန့်မှန်းချက်များ
အရှည်အလျား၊ အထူးအထွေ မပြောလိုပါဘူး။ သူ့ဟာသူနေရင်တောင် အခြေခံဥပဒေကိစ္စဟာ ယခုထက်ပိုပြီး လွယ်လွယ်ကူကူ ပြင်ဆင်လို့ ရချင်ရပါလိမ့်မယ်။ အခုလို လူထုဆန္ဒခံယူပွဲတွေ၊ ထောက်ခံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေတာကို တွေ့တဲ့အတွက် ပြင်ချိန်မကျ/ချက်ချင်းပြင် အုပ်စုနှစ်ခုအကြား ပိုပြီးတော့ ယုံကြည်မှု ကင်းမဲ့လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်ကပဲ ပြင်ဆင်ရေးမှာ ကြီးစွာသော အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က လုပ်ဆောင်နေတဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြင်ဆင်သင့်တယ်လို့ ယူဆတဲ့ ပုဒ်မအချို့ ပြင်ဆင်နိုင်ခဲ့တယ်ဆိုရင်ပဲ ဒါဟာ လက်ရှိအခြေခံဥပဒေအတွက် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ပြင်ဆင်နိုင်မယ်လို့ သေချာတပ်အပ် ပြောဆိုနိုင်ခြင်း မရှိပါ။ အတိုက်အခံများအနေဖြင့် အထူးသဖြင့် ဒေါ်စုအနေဖြင့် တပ်မတော်နှင့် သင့်မြတ်ရေးလမ်းစဉ်ကို ရွေးချယ်ခြင်းမပြုဘဲ တပ်မတော်ကို ပြိုင်ဘက်သဖွယ် သဘောထားနေခြင်း၊ တပ်မတော်ကို သံသယရှိနေခြင်းတို့က တပ်မတော်အကြီးအကဲအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းက သူ၏ ကိုယ်စားလှယ်များကို မီးစိမ်းပြရန် ခက်ခဲနေလိမ့်မည်ဟု ထင်ပါသည်။ ဒေါ်စုအတွက်ရည်ရွယ်ပြီး သမ္မတအရည်အချင်း သတ်မှတ်ချက်တွေကို ပြင်ဆင်ဖို့ ဆိုတာကတော့ဖြင့် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဘူးဟု ကျွန်တော်ကိုဉာဏ် ထင်မြင်ယူဆမိပါကြောင်း တင်ပြလိုက်ပါရစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စတင်ရေးသား၍ မတ်လ ၂၄ ရက်နေ့တွင် ပြီးသည်။

Friday, March 21, 2014

UEFA Champions League Quarter Finals Draw






ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အသင်း ၈ သင်းသာ ကျန်ရစ်တော့တဲ့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဘယ်အသင်းတွေ ယှဉ်ပြိုင်ကစားရမယ်ဆိုတာ ဒီကနေ့ မဲနှိုက်တဲ့အခါ ခန့်မှန်းထားသူတွေ အံ့သြသွားစေမယ့် အတွဲအဖက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတူအသင်း ၇ သင်း ပါရှိနေတဲ့အနက် ၃ သင်းပါတဲ့ စပိန်ကလပ်အသင်းတွေပဲ အချင်းချင်း ပြန်တွေ့ခဲ့ကြပြီး ကျန်တဲ့အသင်းတွေကတော့ နိုင်ငံတူချင်း ပြန်ကျမယ့် ပွဲစဉ်တွေကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ အင်္ဂလန်ကလပ် အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ ပြန်ဆုံကြမယ့် အဖြစ်က လွဲခဲ့ရသလို ဂျာမန်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လည်း အချင်းချင်း မဆုံခဲ့ကြပါဘူး။ ကံဆိုးသူများအဖြစ် စပိန်ကလပ်အသင်းချင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အတ္တလက်တီကိုမက်ဒရစ်တို့ ဆုံကြတဲ့ပွဲကတော့ စိတ်ဝင်စားစရာပါ။ တစ်သင်းအထာကို တစ်သင်းက နောကျေနေအောင် သိနေကြသူတွေမို့ ပြောရခက်တဲ့ ပွဲစဉ်တစ်ခုပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပြန်ဆုံကြတဲ့ ပွဲစဉ်ကလည်း အများစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူအသင်းက နောက်ဆုံးမိနစ်မှာ ၂ ဂိုးဆက်သွင်းပြီး အသည်းခွဲခဲ့တဲ့ သမိုင်းကြောင်းကို ပြန်သတိရသူတွေရှိသလို၊ ၂၀၀၉-၂၀၁၀ ရာသီမှာ ရော်ဘင်ရဲ့ဂိုးကြောင့် ကွာတားအဆင့်မှာ အသည်းကွဲပြီး ကျန်ခဲ့ရတဲ့ မန်ယူအသင်းကို ပြန်အစဖော်သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကွာတာအဆင့် ပွဲစဉ်တိုင်းကတော့ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ဦးမှာ အသေအချာပါပဲ။

ဧပြီလ ၁ ရက်နေ့ပွဲစဉ်များ
ဘာစီလိုနာ - အတ္တလက်တီကို
ရီးရဲလ်မက်ဒရစ် - ဒေါ့မွန်

ဧပြီလ ၂ ရက်နေ့ပွဲစဉ်များ
ပီအက်စ်ဂျီ - ချဲလ်ဆီး
မန်ယူ - ဘိုင်ယန်မြူးနစ်

ဧပြီလ ၈ ရက်နေ့ပွဲစဉ်များ
ချဲလ်ဆီး - ပီအက်စ်ဂျီ
ဘိုင်ယန်မြူးနစ် - မန်ယူ

ဧပြီလ ၉ ရက်နေ့ပွဲစဉ်များ
အတ္တလက်တီကို - ဘာစီလိုနာ
ဒေါ့မွန် - ရီးရဲလ်မက်ဒရစ်

ဘယ်အသင်းတွေ အနိုင်ကျဲပြီး ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု အနေအထားအရ ဘယ်အသင်းမျှ အပိုင်ပြောလို့ မရတဲ့ အခြေအနေပါ။ ဘက်မျှတဲ့ အတွဲအဖက်တွေ တွေ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေ မဲခွဲဆုံးဖြတ်ဖို့အတွက် ဘယ်အသင်း ၄ သင်း ကျန်ရစ်ခဲ့မလဲဆိုတာ အခုလာမယ့် ကွာတားဖိုင်နယ် ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုရင်း ရင်ခုန်ခံစားကြပါဦးစို့....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
ည ၈ နာရီ ၄၆ မိနစ်တွင်ပြီး၏။

စိတ်ဝင်စားတယ်....



လစ်လပ်လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးက ပြောတာကို ကျွန်တော် စိတ်ဝင်စားတယ်။

မကြာခင် ကောက်ယူတော့မယ့် သန်းခေါင်စာရင်း ကောက်ယူမှုကို သူတို့နယ်မြေထဲမှာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ KIO က ဘာကြောင့် ပြောသလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ကမ္ဘာ အမှန်သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့လို့ ပြောခဲ့တဲ့ ဦးဝီရသူရဲ့ စကားကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ခွင့် မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးလောက်ကလွဲပြီး ကျန်တဲ့လူတွေအားလုံးက မီတာခတွေ တိုးကောက်မှာကို သဘောတူ အတည်ပြုခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ပါတီတစ်ခုက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဦးဆောင်ကန့်ကွက်သွားမယ် ဆိုတဲ့ကိစ္စကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မလေးရှားလေယာဉ် ပျောက်ဆုံးမှုက ကမ္ဘာလုံးဆိုင်ရာ သတင်းတစ်ပုဒ် ဖြစ်နေပြီး အခုအချိန်အထိ ရှာမတွေ့သေးတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ရှေ့မှာရှိနေတဲ့ ခြင်္သေ့ကြီးတွေမှာ အထီး/အမ အင်္ဂါ ပါတယ်၊ မပါဘူးဆိုပြီး သတင်းလုပ်နေ၊ ငြင်းခုန်နေတဲ့ မြန်မာ့နိုင်ငံရေးကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

စာပေဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစိုးရမကောင်းကြောင်း၊ ဒေါ်စုသာ ကယ်တင်ရှင် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ပြည်သူတွေ အကင်းပါးကြဖို့လိုကြောင်း စသည် စသည်ဖြင့် ပြောဆို စည်းရုံး မဲဆွယ်နေကြတဲ့ ဟောပြောပွဲတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောနေကြသူတွေနဲ့ အဲဒီဥပဒေဟာ အပေါက်စောင့်ဥပဒေပဲလို့ ဝေဖန်နေကြသူတွေအကြား အငြင်းပွားကြ၊ စောင်းကြ၊ မြောင်းကြ၊ ပုတ်ခတ်ကြ၊ ဝေဖန်ကြ၊ ရေးသားကြ၊ ဆဲဆိုကြ၊ ကြိမ်းမောင်းကြ၊ လက်ခမောင်းခတ်ကြ၊ ..... ကြတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အခြေခံဥပဒေကို မပြင်ဆင်ပေးရင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ နှပ်ကြောင်းပေးလာကြတာကိုလည်း ကျွန်တော်စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့အတွက် ပြည်ထောင်စု လွှတ်တော်က ကြိုးပမ်းနေကြပြီဆိုတဲ့ သတင်းနဲ့အတူ အဲဒီဥပဒေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြန်လည်ရုပ်သိမ်းဖို့အတွက် တိုင်တန်းနိုင်တယ် ဆိုတဲ့ပြဋ္ဌာန်းချက် ပါတယ်ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အမေရိကန်နဲ့ အပေါင်းအပါတွေက ကန့်ကွက်နေတဲ့ကြားက ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်ထဲ ထည့်သွင်းကြောင်း အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတပူတင်ရဲ့ လုပ်ရပ်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

သူတို့သာလျှင် အယုံကြည်ရဆုံး မီဒီယာပါလို့ ကြွေးကြော်ထားတဲ့ မီဒီယာတစ်ခုနဲ့ အခြားမီဒီယာတွေ တိတ်တိတ်ပုန်း နည်းလမ်းတွေနဲ့ အပြန်အလှန် ဖဲ့ကြ၊ ဆော်ကြ၊ နှက်ကြ၊ ထိုးကြ၊ ကစ်ကြ၊ ညစ်ကြ၊ ခြေထိုးကြ၊ အဆင်းတွန်းကြ၊ နောက်ကြောဓားနဲ့ထိုးကြ၊ ချောင်းရိုက်ကြ၊ စတာတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ကြတဲ့သူတွေရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၅၄ မိနစ်တွင်ပြီး၏။

နိုင်ငံရေးကာတွန်းများ (၂၀၁၄ မတ် ၂၁ စုစည်းတင်ပြမှု)


ပို့စ်တွေ မတင်ဖြစ်တာလည်း အတော်ကြာသွားပြီဆိုတော့ ဘယ်ကနေစပြီး ပြန်ရေးရမလဲ မသိဘူး။ စာမေးပွဲ ကိစ္စတွေကြောင့် မြန်မာ့နိုင်ငံရေးနဲ့လည်း နှစ်ပတ်လောက် အဆက်ပြတ်သလို ဖြစ်သွားခဲ့ရတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကိုလည်း မတို့မထိချင်သေးဘူး။ အခုမှ သတင်းဟောင်းတွေ၊ ဆောင်းပါးဟောင်းတွေ၊ နာမည်ကြီး ဖေ့စ်ဘုတ်တွေရဲ့ အရေးအသားတွေကို ပြန်ဖတ်နေရတယ်။ ဖတ်လို့လည်းကောင်းတယ်၊ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ အခုတော့ ဘော်ချက်တယ်ပဲပြောပြော၊ အလွယ်လိုက်တယ်ပဲ ပြောပြော၊ ပြောချင်သလိုသာ ပြောကြပါတော့။ ပို့စ်တစ်ခု မဖြစ်မနေ တင်ချင်တဲ့အတွက် သဘောကျလို့ စုစည်းထားတဲ့ ကာတွန်းလေးတွေကို တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးသူ အများစု ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ကြပါဦး။ မဖတ်ဖူးသူတွေအတွက် သဘောကျ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

(၁) ပထမဆုံးအနေနဲ့ အဖြေမျိုးစုံ ဆိုတဲ့ ကာတွန်းတစ်ကွက်ကို တင်ပြချင်ပါရဲ့။ ဒီနေ့ခေတ် မြန်မာ့နိုင်ငံရေးမှာ အဖြေတွေနဲ့ ပတ်သက်လို့ ပြောစရာရှိတဲ့ နေရာဆိုလို့ လွှတ်တော်မှာ မေးခွန်း မေးမြန်းခြင်း၊ ဖြေကြားခြင်း ဆိုတဲ့နေရာ တစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကာတွန်းဆရာဟာ လွှတ်တော်မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ လာဖြေကြတဲ့ အဖြေတွေအပေါ်မှာ သဘောမကျတဲ့အတွက် ဝေဖန်တာလို့ မှတ်ယူပါတယ်။ မီဒီယာအများစုကလည်း လွှတ်တော်မှာ ဖြေဆိုကြတဲ့ အဖြေအများစုဟာ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိလှဘဲ ဟိုလိုလို ဒီလိုလိုတွေ များတယ်လို့ ဝေဖန်ကြမြဲ ဖြစ်ပါတယ်။ လွှတ်တော်အလေ့အကျင့် ၄ နှစ်ပင် မပြည့်တတ်သေးတဲ့ ကာလမှာ ယခုလို ဖြစ်နေတာကို ကျွန်တော်တို့တစ်တွေ စိတ်ရှည်သည်းခံ ကြရမယ်လို့ မှတ်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကာတွန်းဆရာရဲ့ သရော်ချက်ကလည်း ထိမိပါရဲ့ဗျာ။ မြန်မာစကားရဲ့ ဝေါဟာရ ကြွယ်ဝမှုကြောင့်လည်း စိတ်ဝင်စားစရာ ကောင်းလို့နေပြန်ပါရော။

 

(၂) ဒီကာတွန်း တစ်ပုဒ်ကလည်း မြန်မာ့နိုင်ငံရေးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို သရော်ထားတာပါ။ သူတို့တွေ ပြောခဲ့တဲ့စကားတွေ၊ အခြားသူတွေ ပြောကြတဲ့ ကောလာဟလတွေ အပေါ်မှာ အခြေတည်ပြီး ကာတွန်းဆရာက ပုံဖော်ထားပါတယ်။ သူ့စကားနဲ့ သူ့ရာဇ၀င်ကို သိသူများအဖို့ ဘာကို ဆိုလိုတယ်ဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် မြန်မာ့နိုင်ငံရေးနဲ့ အတန်အသင့် စိမ်းသူများအဖို့ ကာတွန်းဆရာက ဘယ်သူတွေကို သရော်ထားတယ်ဆိုတာ သိနိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နေသူတွေပင်လျှင် သတင်းဂျာနယ် စုံလင်အောင် မဖတ်ဖူးသူ၊ အင်တာနက် ဖေ့စ်ဘုတ်ကို အမြဲတစေ သုံးစွဲသူမဟုတ်သူ ဖြစ်ပါလျှင် အားလုံးကို နားလည်နိုင်မည် မဟုတ်ပါ။


(၃) ဒါကလည်း အပေါ်က ကာတွန်းနဲ့ သဘောတရား အတူတူပါပဲ။ အစိုးရ တာဝန်ရှိသူအချို့ရဲ့ ပြောစကားတွေကို အခြေတည်ပြီး ကာတွန်းဆရာက သရော်ထားတာပါ။ တာဝန်ရှိသူတွေရဲ့ ပြောစကားတွေဟာ ဟာသတွေပါပဲလို့ အတိအလင်းကို ဝေဖန်ထားလေရဲ့။


(၄) နာမည်ကြီး အစိုးရတာဝန်ရှိသူ ၄ ဦးရဲ့ စကားတွေကို ပေါင်းစပ်ပြီး ကာတွန်းဆွဲထားတာ သဘောကျစရာ ကောင်းပါတယ်။ ကြံကြံဖန်ဖန် စဉ်းစားတတ်ပါပေ့လို့ပဲ ရေရွတ်ရမယ် ထင်ပါရဲ့။ ထမင်းတစ်နပ် လျှော့စားခိုင်းတာရယ်၊ မြေမပိုင်ပါဘူးဆိုတာရယ်၊ ပါးရိုက်မယ်ဆိုတာရယ်၊ နွားနို့သောက်ပါ ဆိုတာရယ်ကို ရောသမမွှေ လုပ်လိုက်တဲ့အခါ အောက်မှာမြင်ရတဲ့ ကာတွန်းလေး ဖြစ်လာတာပါပဲ။


(၅) အပေါ်ကကာတွန်းမှာ ပါတဲ့စကား ၄ ခွန်းကို နောက်ထပ် ကာတွန်းဆရာတစ်ယောက်က နောက်ထပ် အိုင်ဒီယာတစ်မျိုးနဲ့ တင်ပြသရော်လိုက်ပုံကလည်း စိတ်ဝင်စားစရာပါ။ နောင်တစ်ချိန်မှာ ကိုယ့်သားသမီး၊ မြေးမြစ်တွေက ဒီကာတွန်းတွေကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အနေနဲ့ ပြန်လှန်ကြပြီး ကိုယ့်ကိုယ်များ လာမေးကြရင် ဘယ်လိုများ ပြန်ဖြေရပါလိမ့်။ ထမင်းတစ်နပ် ကိစ္စရဲ့ အပြည့်အစုံကို ပြောပြရမှာလား၊ မြေတစ်ကွက်မပိုင်ဘူးဆိုတဲ့ ၀န်ကြီးအကြောင်း ရှင်းပြရမှာလား၊ နယ်လှည့်ပြီး ပါးရိုက်ရဲတယ်လို့ ပြောတဲ့စကားတစ်ခွန်းကိုပဲ ကွက်ပြီးတော့ မီးမောင်းထိုးပြရမှာလား၊ နွားနို့သောက်ခိုင်းတာကို ဟာသတစ်ခုလုပ်ပြီး ပြန်ပြောရမှာလား၊ သို့လော သို့သော မေးခွန်းတွေနဲ့ ကျွန်တော်ကိုဉာဏ် ခေါင်းခြောက်မိကြောင်းပါ။ ဟာသအနေနဲ့ ဒီကာတွန်းတွေကို လက်ခံနိုင်ပေမယ့် သမိုင်းတစ်ခု ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်။ အဲဒီပြောစကားတွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံ မတင်ပြဘဲ လိုတဲ့အပိုင်းလေးကို ကွက်ပြီးတော့ ပြောတဲ့အခါ အဓိပ္ပါယ် တစ်မျိုးပေါက်ပါတယ်။

 

(၆) သမ္မတကြီးရဲ့ အရက်မသောက်နဲ့၊ နွားနို့သောက်လို့ ပြောတဲ့စကားကို မီဒီယာမျိုးစုံမှာ ဟာသအဖြစ် ပြောကြ၊ သရော်ကြတာ အတော်ကြီးကို အံ့သြစရာ ကောင်းမိပါတယ်။ အင်တာနက်ပေါ်က မြန်မာစာနဲ့ ရေးသားဖြန့်ဝေကြတဲ့ မီဒီယာတွေမှာလည်း နွားနို့တွေ အလျှံအပယ်၊ နွားနို့တွေ တရွှဲရွှဲနဲ့ပေါ့ဗျာ။ အပြင်က လဘက်ရည်ဆိုင်တွေမှာ တကယ်ပဲ သမ္မတကြီး ၀မ်း ဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်နေပြီလားဆိုတာ ကျွန်တော် အတည်မပြုနိုင်သေးပါ။ အခုထိတော့ ကျွန်တော်သိသမျှ လဘက်ရည်ဆိုင်များတွင် ထိုကဲ့သို့ မမှာ၊ မပြောကြပါခင်ဗျား။

 

(၇) ဒါကတော့ နောက်ဆုံးထွက် ဟာသဗားရှင်း အသစ်ပေါ့လေ။ မနေ့တစ်နေ့ကမှ ထွက်လာတဲ့ ညွှန်ကြားချက်တစ်ခုကို အကြောင်းပြုပြီး ကာတွန်းဆရာက သရော်ထားတာပါ။ ဆွဲထားတဲ့ ပုံလေးတွေက ဘာမျှ အထူးအထွေ မပါပေမယ့် ရေးထားတဲ့ စာလေးက ထိရောက်ပါတယ်။ အိမ်သာဘေးမှာ ရေပုံးလေး ချထားတာကို ပြတယ်။ နောက်က သတိပေးစာက ကိစ္စပြီးလျှင် ၃ ပုံး လောင်းပါတဲ့။ ရိုးရိုးလေးတွေးရင် ရိုးရိုးလေးပေါ့လေ။ နိုင်ငံရေးလေး ထည့်တွေးတော့လည်း သဘောကျစရာ၊ ပြုံးချင်စရာလေးဗျ။ ၀န်ထမ်းတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ခံတဲ့အခါ ငွေကျပ် ၃ သိန်းအောက်ပဲ ယူရမယ်လို့ ညွှန်ကြားချက် ထွက်တယ်ဆိုတဲ့ သတင်းလေးကို ကာတွန်းဆရာ သရော်လိုက်၊ ကလိလိုက်ပုံက အောက်မှာမြင်ရတဲ့ အတိုင်းပါပဲခင်ဗျာ။


အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၃၀ မိနစ်။

Saturday, March 08, 2014

How to become the President of the United States


ကိုယ့်စာနဲ့ကိုယ် ခေါင်းလှည့်မရ၊ ကိုယ်လှည့်မရမို့ စာမရေးဖြစ်တာ အတော်ကြာပါပြီ။ မြန်မာသတင်း စာမျက်နှာတွေ၊ လူမှုကွန်ရက်သတင်းတွေ ဖတ်ဖြစ်ရင်လည်း ပြောစရာ၊ ရေးစရာ၊ စိတ်တိုစရာ၊ စိတ်ညစ်စရာတွေ မြင်ရကြားရမှာ သိနေတာမို့ မဖတ်ဖြစ်အောင် ဂရုစိုက်ပါတယ်။ ဒီနေ့တော့ ကျောင်းပိတ်ရက်လည်းဖြစ်၊ မလုပ်မဖြစ်လုပ်ရမယ့် ကျောင်းစာအချို့လည်း အတန်အသင့် ပြီးစီးသွားတာမို့ သတင်းလေးတွေ ဖတ်ဦးမှပါလေလို့ စိတ်ကူးဝင်ပြီး နာမည်ကြီး လူမှုကွန်ရက် စာမျက်နှာအချို့ကို ဖတ်မိပါတယ်။ စိတ်ပိုင်းဖြတ်ပြီး အမွေဖြတ်ထားခဲ့တာ ရက်သတ္တပတ် နှစ်ပတ်လောက် ကြာခဲ့ပြီးကာမှ သံယောဇဉ်မပြတ်နိုင်ဘဲ ၀င်ဖတ်ဝင်ကြည့်မိတဲ့ ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်မိတယ်။ မြန်မာ့နိုင်ငံရေး ထုံးစံအတိုင်း တစ်ဖက်နဲ့တစ်ဖက် ငါ့စကားနွားရ၊ ခါးအောက်ပိုင်းထိုးကွက်တွေနဲ့ အပြစ်တင်ရ၊ ဝေဖန်ရ၊ ကန့်ကွက်ရရင်ပြီးရော ရေးထား၊ ဝေဖန်ထားတာ တွေကို အားပါးတရ ဖတ်ခွင့်ရခဲ့ပါတယ်။ စိတ်ချမ်းသာကျေနပ်မှု ရသလားတော့ မေးမနေပါနဲ့ဗျာ။ ကိုယ့်ကွန်ပျူတာကို ကိုယ့်ဘာသာကိုယ် ကိုင်ပေါက်ချင်စိတ် ပေါက်သွားမိတယ်။ အစိုးရကို ထောက်ခံတဲ့သူတွေရော၊ အတိုက်အခံတွေရော နှစ်ဖက်စလုံးမှာ အသုံးမကျတဲ့ မျက်ကန်းထောက်ခံသူတွေ၊ မျက်စိမှိတ်အားပေးသူတွေ ရှိနေတာဟာ ကျွန်တော်တို့တွေရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ပြသနေတာလို့ပဲ မြင်ပါတယ်။

အစိုးရ သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူ၊ လော်ဘီလုပ်သူက သူ့ခံယူချက်အရ၊ သူ့ယုံကြည်ချက်အရ၊ သူ့တာဝန်အရ အခြားအတိုက်အခံတွေအကြောင်း မကောင်းပြောတာ၊ အတိုက်အခံ ဘာလုပ်လုပ် အပုပ်ချတာ၊ ဝေဖန်တာကို မကြိုက်ပေမယ့် နားလည်နိုင်တယ်။ ထို့အတူပဲ အတိုက်အခံ သို့မဟုတ် ဒေါ်စုပါတီကို လော်ဘီလုပ်သူတွေကလည်း အစိုးရရဲ့ ပျော့ကွက်၊ အားနည်းချက်ကို အသုံးချပြီး အရှိုက်ထိုးတာ၊ ပြည်ခိုင်ဖြိုးပါတီအပေါ် အပုပ်ချမှု၊ ဝေဖန်မှု၊ ကဲ့ရဲ့မှုလုပ်တာတွေကိုလည်း မကြိုက်ပေမယ့် နားလည်နိုင်တယ်။ ဒါပေမယ့် ၀င်ဖတ်ကြသူတွေ၊ ၀င်မန့်ကြသူတွေဟာ ကိုယ့်ပညာ၊ ကိုယ့်စဉ်းစားဉာဏ်၊ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အသိဉာဏ်တွေကို အနည်းငယ်လေးပဲဖြစ်ဖြစ် အသုံးမချဘဲ စောစောကပြောတဲ့ ဘက်နှစ်ဘက်လုံးက လော်ဘီတွေ ရေးသမျှ၊ တင်သမျှ၊ ပြောသမျှကို လက်ခံယုံကြည်ပြီး စိတ်ခံစားမှုတွေဖြစ်၊ ပေါက်ကွဲသံစဉ်တွေထွက်ပြီး ကွန်းမန့်တွေမှာ ပျော်ပျော်ပါးပါးကြီး ၀င်ရေး၊ ၀င်ဆဲ၊ ၀င်နွှာ၊ ၀င်နှက် လုပ်နေကြတာကို မြင်ရတော့ စိတ်မချမ်းသာပါဘူး။ ဒါကလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေတစ်ရပ်လို့ မြင်မိပါတယ်။

စကားတွေပလ္လင်ခံနေတဲ့အတွက် လိုရင်းကို မရောက်တော့ပါ။ ဒီနေ့ ဖတ်ဖြစ်ခဲ့တဲ့အထဲက ကျွန်တော့်အတွက် စိတ်ဝင်စားစရာ၊ စိတ်ညစ်စရာအကောင်းဆုံး သတင်းတစ်ခုကတော့ အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် အပြိုင်အဆိုင် ဝေဖန်ကြ၊ ထောက်ပြကြ၊ ဆော်ကြ၊ နှက်ကြ ဖြစ်နေတဲ့ အကြောင်းအရာပါပဲ။ မသိတဲ့ လူတွေအတွက် ဟိုလိုလို ဒီလိုလို ဖြစ်သွားစေနိုင်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။ ထူးဆန်းအံ့သြမိတာ တစ်ခုကတော့ အမေရိကန်နိုင်ငံမှာ ကာလကြာရှည် နေထိုင်ခဲ့ပြီး သူတို့ကိုယ်တိုင် မဲပေးခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားအချို့ကပါ အမေရိကန် သမ္မတရွေးကောက်ပွဲစနစ်ကို ဇဝေဇ၀ါ နဝေတိမ်တောင်ဖြစ်ပြီး မပြောသင့်၊ မရေးသင့်တာတွေ ၀င်ရေး၊ ၀င်ပြောကြတာကို မြင်ရတာပဲ ဖြစ်ပါတယ်။ အကုန်လုံးကို သိမ်းကြုံးပြီး ကျွန်တော်မရမ်းလိုပါဘူး။ အချို့ကလို့ သေသေချာချာ ပြောခဲ့ပါတယ်နော်။ ကျွန်တော့်အတွက် နောက်ထပ် သင်ခန်းစာ တစ်ခုပါပဲ။ အမေရိကန်မှာနေတယ်၊ အမေရိကန်နိုင်ငံသား ခံယူထားတယ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ၀င်ပြီးတော့ မဲပေးဖူးတယ်၊ ဆိုရုံမျှနဲ့ အဲဒီစနစ်အကြောင်းကို သိတာမဟုတ်ဘူး၊ သူလိုကိုယ်လို မဲထည့်ဆိုလို့သာ ထည့်လိုက်ရတာ၊ မဲပေးတဲ့စနစ်က ဘာလဲ၊ ကိုယ်ပေးတဲ့ မဲဟာ ဘယ်အတွက်လဲ ဆိုတာကို ရေရေရာရာ မသိနိုင်ဘူး၊ လေ့လာပါမှ၊ စိတ်ဝင်စားပါမှ သိနိုင်တယ် ဆိုတာမျိုးပါ။ အမေရိကန်မှာ ရောက်နေတဲ့လူတွေ၊ နိုင်ငံခြားကို ရောက်နေတဲ့လူတွေ၊ နိုင်ငံခြားပြန် ဆိုတဲ့လူတွေကို အထင်ကြီးတတ်တဲ့၊ အားလုံးသိတယ်လို့ ထင်တတ်ကြတဲ့ ကျွန်တော့်မိတ်ဆွေ အချို့ကို ကျွန်တော်နမူနာ ပြစရာ နောက်တစ်ခုရတယ်လို့ မှတ်ယူပါတယ်။

ကျွန်တော်လေ့လာမိသမျှလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်တော်ကပြောရင် ကျွန်တော့်အာဘော်ပဲ ဖြစ်နေမှာစိုးလို့ မူရင်းအတိုင်းပဲ ဖတ်ရှု သုံးသပ်ဆင်ခြင်နိုင်အောင် ဖတ်ဖြစ်ခဲ့တဲ့ လင့်ခ်တွေ၊ ဓာတ်ပုံတွေကိုပဲ ပြန်လည်ဝေမျှလိုက်ပါတယ်။ ယောင်ယောင်ဝါးဝါး ဖြစ်နေတဲ့ နီးစပ်ရာ မိတ်ဆွေများ ရှိခဲ့လျှင် သူတို့ကို အမှန်အတိုင်းသိအောင် လက်ဆင့်ကမ်းလိုက်ကြပါဦးခင်ဗျာ။


သေသေချာချာ သွားဖတ်နိုင်တဲ့ လင့်ခ်တွေကိုလည်း ဝေမျှလိုက်ပါတယ်။

၁။ http://kids.usa.gov/president/index.shtml

၂။ http://2012election.procon.org/view.resource.php?resourceID=004333

၃။ http://en.wikipedia.org/wiki/United_States_presidential_election

၎။ http://www.enchantedlearning.com/vote/presidential_elections.shtml

အခုလောလောဆယ် စာအုပ်တွေကြားမှာ ခေါင်းနစ်နေရတဲ့အတွက် ဘလော့ဂ်မှာ ပို့စ်တွေ မတင်နိုင်တာကို နားလည်ပေးကြပါ။ မကြာမတင် ကျောင်းပိတ်ရက်ကာလ ရောက်တော့မှာဖြစ်တဲ့အတွက် အဲဒီအချိန်ကျမှ အတိုးချပြီး တ၀ကြီး ဖတ်ကြအားပေးကြပါလို့ တောင်းပန်လိုက်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်၊ စနေနေ့။
မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်တွင်ပြီး၏။

Thursday, February 13, 2014

General Aung San's Birthday 2014



လွန်ခဲ့တဲ့ ၉၉ နှစ်၊ ဒီနေ့လို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ အညာဒေသ နတ်မောက်ဆိုတဲ့ မြို့ကလေးမှာ ကလေးငယ်တစ်ဦးကို ဖွားမြင်ခဲ့တယ်။ အဲဒီကလေးဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကြီးကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် ကြံဆောင်ကြိုးပမ်း ဦးဆောင်သွားမယ့် အနာဂတ်ခေါင်းဆောင် တစ်ဦးရယ်လို့ ဘယ်သူက သိခဲ့မှာလဲ။ သာမန်သူလိုကိုယ်လို လူသားတစ်ဦးအဖြစ် မွေးဖွားခဲ့တာပါပဲ။ သူ့လိုပဲ အခြားဒေသ၊ အခြားမြို့တွေမှာလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဖွားတွေ ရှိကြမှာပါ။ ဒါပေမယ့် အောင်ဆန်းဆိုတဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွေးဖွားခဲ့တဲ့ သားရတနာကတော့ မိသားစုဂုဏ်ကိုတင်မဟုတ်၊ မြန်မာ့ဂုဏ်၊ အာရှဂုဏ်ကိုပါ တင်နိုင်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ကိုယ့်ဘ၀ရပ်တည်ရေး၊ ကိုယ့်မိသားစု အဆင်ပြေရေးအတွက်တောင် ကျွန်တော်တို့တွေ ဘယ်လောက် ကြိုးပမ်းရုန်းကန်ရသလဲဆိုတာ အားလုံးအသိပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး သူ့ကျွန်ဘ၀က လွတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင် ကြံစည်ကြိုးပမ်းဖို့ဆိုတာ စဉ်းစားသာကြည့်ပါလေ။ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လို ကြိုးပမ်းခဲ့တယ်၊ ဘယ်လိုစွန့်လွှတ်ခဲ့တယ်၊ ဘယ်လိုအနစ်နာခံခဲ့တယ်၊ ဘယ်လိုပင်ပန်းဆင်းရဲခဲ့တယ်၊ ဘယ်လို.....၊ ဘယ်လို.....၊ စတာတွေကို ပြောမနေတော့ပါဘူး။ လုပ်ကြံခံရလို့ ကွယ်လွန်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသက် ၃၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်တစ်ဦးဆိုတာကို နှလုံးသွင်း ဆင်ခြင်မိရုံနဲ့တင် သူဘယ်လောက် ပေးဆပ်ခဲ့ရတယ်ဆိုတာကို သိနိုင်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး လူ့လောကကြီးထဲမှာ ၃၂ နှစ်သာ နေခွင့်ရခဲ့တဲ့ လူငယ်တစ်ဦးက ကျွန်တော်တို့တွေရဲ့ နှလုံးသားတွေကို ဒီနေ့အထိ ကိုင်လှုပ်နေဆဲ၊ ဒီနေ့အထိ တမ်းတနေဆဲဖြစ်အောင် လုပ်ပြသွားခဲ့တယ်။

ပြက္ခဒိန်တွေ၊ အချိန်နာရီတွေဆိုတာ မရပ်မနား သွားနေ၊ ပြောင်းနေဦးမှာပါပဲ။ ဒါပေမယ့် ဖေဖော်ဝါရီလ ၁၃ ရက် ဆိုတဲ့ ရက်စွဲတစ်ခုကဖြင့် မြန်မာနိုင်ငံအတွက်၊ မြန်မာတစ်မျိုးသားလုံးအတွက် ဘယ်တော့မျှ မမေ့သင့်တဲ့ အမှတ်တရ ရက်စွဲတစ်ခုပါ။ တစ်ခုသော ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျွန်တော်တို့တွေ လောကကြီးရဲ့ လက်ဆောင်၊ ဘုရားသခင်ရဲ့ လက်ဆောင်အဖြစ် အောင်ဆန်းဆိုတဲ့ လူတစ်ဦးကို ရရှိခဲ့ဖူးတယ်။ ဟုတ်တယ်... အဲဒီရက်ကို ကျွန်တော်တို့တွေ မေ့လို့ မဖြစ်ဘူး။

"" ဖေဖော်ဝါရီ ၁၃ ""

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ဖေဖော်ဝါရီလ ၁၃ ရက်၊ ကြာသပတေးနေ့။
(၉၉) နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ရေးသားခဲ့သည်။

 
Web Statistics