Wednesday, July 11, 2007

သမီးရည်းစားဟာသများ


ခင်မောင်တိုး (မိုးမိတ်)

မမြင်ချင်ဘူးဟေ့

ညဥ့်အတော်နက်နေပြီ။ သမီး၏ ချစ်သူက မပြန်သေး။ ချစ်တေးတွေ ကျူနေဆဲ။

``အချစ်ရယ်…. မင်းဟာ မောင့်ဘ၀ရဲ့ အလင်းရောင်ပါကွာ၊ မောင့်နှလုံးသားရဲ့ အလင်းရောင်ဟာလည်း မင်းပါပဲ။ နောက်ပြီး….မောင့်မျက်လုံးအစုံရဲ့ အလင်းရောင်´´

သူ့စကားမဆုံးခင်မှာ အခန်းအပြင်ဘက်က ဖခင် အတော်စိတ်တိုလာပြီး…

``ဟေ့…သမီးမေရီ၊ အဲဒီ အလင်းရောင်တွေကို ပိတ်ပြီး အိပ်တော့´´ ဟု အော်ပြောလိုက်၏။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

လှောင်တာလေးလားနော်ကွယ်

`ဆိုင်မွန်´ နှင့် `ဆာရာ´ ချစ်သူနှစ်ဦး အချစ်ထူး ချစ်နေကြ၏။ တစ်ဦးကိုတစ်ဦး ဖက်လျက် ချစ်စကားတွေ ပြောနေကြ၏။

``မောင်ဟာ ဟိုတုန်းကတော့ တစ်ယောက်တည်း နေရတဲ့ဘ၀ကို သိပ်မြတ်နိုးခဲ့ပါတယ် အချစ်ရယ်…၊ အင်း အခုတော့ အဲဒီဘ၀ကို သိပ်မမြတ်နိုးချင်တော့ဘူးလေ။ သစ္စာရှိတဲ့ အဖော်တစ်ဦးကို လိုချင်လာတယ်။ အိမ်ပြန်ရောက်ရင် ကြိုနေမယ့် တစ်ဦးဦး ရှိစေချင် တယ်။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့ မောင့်ကို ကြည့်လိုက်တဲ့ တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်။ နောက်…´´

သူ့စကားမဆုံးခင် ဆာရာ က ဖြတ်လျက်…

``ကဲ ဒီလိုဆို ကျွန်မတို့ အိမ်မွေးတိရိစ္ဆာန်ဆိုင် သွားပြီး ခွေးကလေးတစ်ကောင် သွားဝယ်ကြမယ်နော်´´ ဟု ပြုံးပြုံးလေးပြောလိုက်၏။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ရေလာမြောင်းပေး

မိန်းမပျို။ ။``ရှင် ကျွန်မကို နမ်းနေတာ ဖေဖေ မမြင်စေနဲ့နော်´´

ယောက်ျားပျို။ ။``ကိုယ် မင်းကို မနမ်းရပါလား´´

မိန်းမပျို။ ။``ဟုတ်ပါတယ်…တကတည်း၊ နမ်းမယ်ဆိုရင် ပြောတာပါ´´

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

မစစ်ရဘဲ ပေါ်

လူငယ်။ ။``ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်´´

ဖခင်။ ။``မင်း အရက်သောက်တတ်သလား´´

လူငယ်။ ။``ဟာ…ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး။ ပြီးမှ သောက်ကြ တာပေါ့´´

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

တိတ်ဆိတ်ခြင်း နောက်ကွယ်မှာ

``သမီးရဲ့ ချစ်သူ မနေ့ညက ညဥ့်နက်အောင် နေသွားတယ် မဟုတ်လား´´

``ဟုတ်တယ် မေမေ၊ သမီးတို့ စကားပြောသံတွေကြောင့် မေမေ အိပ်မရဘူးလား´´

``မဟုတ်ဘူးသမီး၊ သမီးတို့ စကားပြောသံ မကြားလို့ အိပ်မရတာပါ´´

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

သနားချစ်လေလား

လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါ အလွန်တုန်လှုပ်သွား၏။ စိတ်ရှုပ်သွား၏။ ထို့ကြောင့် သူ့သားကို အခန်းထဲခေါ်သွားပြီး တီးတိုးပြော၏။

``ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေ တစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွေး တွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားက ခေါခေါ၊ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့´´

သည်တော့ သားက…

``ဖေဖေ တိုးတိုးပြောစရာမလိုပါဘူး။ သူက နားလည်း ကန်းနေသေးတယ် ဖေဖေရဲ့၊ သနားစရာလေးပါဗျာ´´

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အနမ်းသူခိုး

ယောက်ျားလေး။ ။``ဟာကွာ…မီးရထား လှိုဏ်ခေါင်းကြီးက ခုလောက်ထိ ရှည်မှန်း သိထားရင် အချစ်ကို မောင် တစ်ခါမကဘူး၊ အခါခါ နမ်းမိမှာ သိလား´´

မိန်းကလေး။ ။``ဟင်… မောင် အခါခါ မနမ်းဘူးလား´´

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

သူ့အမေ ရင်ကျိုးအောင်

မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…

``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´ ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။

သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ ဖုန်းပြောဖြစ် ကြ၏။

``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား သမီးလေး´´

``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊ သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´

No comments:

Post a Comment

 
Web Statistics