Wednesday, July 11, 2007

ဓာတ်ပုံများရဲ့ ရာဇ၀င်


ဓာတ်ပုံများရဲ့ ရာဇ၀င်

မင်နီရှဲလ်

ကျွန်တော့်မှာ ဓာတ်ပုံပေါင်းမြောက်မြားစွာ ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က နမော်နမဲ့ နေတတ်သူမို့ သူတို့ခမျာ အယ်လ်ဘမ်ထဲမှာနေရာတာက ရှားပြီး စက္ကူအိတ် တွေထဲမှာသာ နေကြရရှာတယ်။

ကျွန်တော့် အလုပ်သဘောအရ မကြာခဏ ခရီးထွက်ရပါတယ်။ ထွက်တိုင်းလည်း ကျွန်တော်နဲ့အတူ မကွဲမကွာပါလေ့ရှိတဲ့ ဓာတ်ပုံအယ်လ်ဘမ်လေး တစ်ခုတော့ ရှိတယ်။

အမှန်အတိုင်းဝန်ခံရရင် ဓာတ်ပုံတွေကို ကျွန်တော်အမြဲ မကြည့်ဖြစ်ပါဘူး။ ခြောက်လမှ တစ်ခါလောက် ကြည့်ရင် ကြည့်ဖြစ်မယ်။ ဒါပေမယ့်လည်း သူတို့ကို ကျွန်တော့်အနီးအနားမှာ ရှိနေစေချင်ပါတယ်။

ကျွန်တော့်ဓာတ်ပုံအယ်လ်ဘမ်လေးကို ဘယ်တုန်းက စ ဖြစ်ခဲ့သလဲဆိုတာ တောင် သေချာမမှတ်မိဘူး။ ကျွန်တော် ဆယ်ကျော်သက်အရွယ်လောက်က ဖြစ်ဖို့ များတယ်။

အယ်လ်ဘမ်ထဲမှာ ကျွန်တော် မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ ဆုယူခဲ့တုန်းကပုံတွေ၊ တန်းခွဲအလိုက် ရိုက်ထားတဲ့ပုံတွေ ရှိတယ်။ ပိန်းပါးသွယ်လျ ကြုံလှီနေတဲ့ ချာတိတ်လေးက ကျွန်တော်ကိုယ်တိုင်ဆိုတာ ယုံရခက်ပါတယ်။ ဒီကနေ့ ကျွန်တော်က ကြမ်းတမ်းတဲ့ လက်၊ ကြွက်သား ဗလတွေရဲ့ပိုင်ရှင် ဖြစ်နေခဲ့ပြီ။

ကျွန်တော့်သူငယ်ချင်းတစ်ချို့ရဲ့ ဓာတ်ပုံတွေ ရှိနေသေးတယ်။ အလယ်တန်း၊ အထက်တန်းတုန်းက ကျွန်တော့်ကို ခင်လှပါတယ်လို့ ပြောတဲ့ သူငယ်ချင်းတွေဟာ အခု ဘယ်ရောက်ကုန်ကြပြီမသိ။

အထက်တန်းတုန်းက ကျွန်တော် တိတ်တခိုး ရင်ခုန်ခဲ့ရဖူးတဲ့ ကောင်မလေး လည်း အဖွဲ့လိုက် ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ပါနေပြန်တယ်။ သူ့ကိုကြည့်ပြီး ကျွန်တော် အခု ဘယ်လိုမှ မခံစားရတော့ပါဘူး။ သူ သွေးကင်ဆာကြောင့် သေဆုံးသွားခဲ့တာ အတော်ကြာပါပြီ။

မော်ဒယ်လ်ဘွိုင်းလုပ်တဲ့ သူငယ်ချင်းတစ်ယောက်က ပို့ပေးထားတဲ့ ဓာတ်ပုံ တစ်ချို့လည်း ရှိသေးတယ်။ သူငယ်ချင်းက အကောင်းစားအ၀တ်အစား ၀တ်ထားပြီး ပို့စ်တွေ အမျိုးမျိုး ပေးနေပေမယ့်လည်း မိန်းကလေးတစ်ယောက်လို နူးညံ့စွာ ချောမော နေတယ်။ ``အမေရိကားမှာတော့ မော်ဒယ်လ်တွေကို Talent မရှိလှဘူး သတ်မှတ်ကြ တယ်ကွ´´ လို့ ကျွန်တော်အာချောင်မိလို့ ဒီကောင်စိတ်ဆိုးတာ ခံရဖူးတယ်။ ကျွန်တော် က စကားအပြောအဆို ကျွမ်းကျင်တဲ့သူ မဟုတ်ဘူး။

ကျွန်တော် သုံးနှစ်သားအရွယ်လောက်က ဓာတ်ပုံသေးသေးလေးလည်း အယ်လ်ဘမ်ထဲမှာ ရှိသေးတယ်။ ဓာတ်ပုံထဲက ချာတိတ်လေးဟာ ခွေးရုပ်ကလေးနဲ့ ရွှင်ရွှင်မြူးမြူးပြုံးနေတယ်။ ဘာမှမသိသေးလို့ ဘာမှပူပင်စရာ မရှိသေးဘူးပေါ့။ တချို့က အပူအပင်ကင်းမဲ့တဲ့ ကလေးဘ၀ကို ပြန်သွားချင်တယ်လို့ ပြောကြတယ်။ ကျွန်တော်က တော့ လုံးဝ မသွားချင်ဘူး။ မသိဘဲ နေရတာထက် သိရတာ ကောင်းပါတယ်။ ကလေး ဘ၀မှာလည်း ပူပန်ရတာတွေ ရှိချင်ရှိမှာပဲ။ အသေးအဖွဲတွေ ဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော်တို့က အသက်ကြီးလာလို့ မေ့ဖျောက်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။

ကျွန်တော် တက္ကသိုလ်ရောက်တော့ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေက အယ်လ်ဘမ် ထဲမှာ အများစုနေရာယူထားကြတယ်။ တချို့ကောင်နဲ့ ကျွန်တော် အဆက်အသွယ် ရှိသေးတယ်။ ကျွန်တော်စာကျက်ရင်း အိပ်ငိုက်နေတဲ့ပုံကို ဓာတ်ပုံခိုးရိုက်ထားတာ ရှိတယ်။ ကျွန်တော်တို့ လျှောက်လည်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိတယ်။ ကွန်ပျူတာ ရှေ့မှာ အခန့်သားထိုင်ရင်း စတိုင်လ်ထုတ်ပြီး ရိုက်ထားတဲ့ ကျွန်တော့်ဓာတ်ပုံလည်း ရှိသေးတယ်။

အသက် ၂၀ ကျော်အရွယ်လောက် ရောက်တော့ ကျွန်တော်တို့ရဲ့ Personality တွေ၊ ခံယူချက်တွေ အတော်များများကို တည်ဆောက်ပြီးပြီလို့ ထင်ရတယ်။ ကိုယ်နဲ့ Key ကိုက်တဲ့သူ၊ ဉာဏ်ရည်ချင်းတူတဲ့သူတွေနဲ့ ခင်ရတာ ပျော်စရာကောင်းလှတယ်။ အဲဒီ အရွယ်က ကျွန်တော်ဘယ်လို ဘေးအန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ ထင်ခဲ့ဖူးတယ်။ လုပ်သမျှ ဘာမဆို ဖြစ်မယ်။ မလုပ်နိုင်တာ၊ မရနိုင်တာ ဘာမှ မရှိဘူးဆိုပြီး ထင်ခဲ့တယ်။ ဒီနေ့ ပြန်တွေးမိတဲ့အခါ ကျွန်တော် ပြုံးမိတယ်။ အရင်တုန်းက ကျွန်တော့်ကိုလည်း ကျွန်တော် ပြန်ခွင့်လွှတ်လိုက်ပါတယ်။

တချို့သူငယ်ချင်းတွေက ဘယ်ရောက်ကုန်လဲ မသိဘူး။ တခြားကို ပြောင်းသွား သူ၊ အလုပ်ထဲဝင်ပြီး အဆက်အသွယ် ပြတ်သွားသူ၊ ဘွဲ့မရဘဲ အိမ်ပြန်သွားရသူ ကျန်းမာရေးကြောင့် အနားယူလိုက်ရတဲ့သူတွေ ရှိတယ်။ တချို့က ကျွန်တော်နဲ့ အဆက် အသွယ်ပြတ်သွားပြီးမှ ပြန်ရတယ်။

သူငယ်ချင်းတစ်ယောက်ကတော့ ပိန်ပိန်ပါးပါး မော်ဒယ်လ်ဂဲလ်လို ကောင်မလေး ကို ရထားတော့ သူ့ဓာတ်ပုံတွေ မကြာခဏပို့တယ်။ သူတို့ဓာတ်ပုံနဲ့ ခရစ်စမတ်ကတ်ပြား ကို ပို့ပေးတယ်။ တခြားသူငယ်ချင်းတစ်ယောက်ကတော့ အခုမှ မရောက်ဖူးတဲ့ နေရာတွေ ရောက်ဖူးတော့ အီးမေးလ်ကနေတစ်ဆင့် ဓာတ်ပုံ ပို့ပေးတယ်။ ကျွန်တော်လည်း သူတို့ကို ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီးနဲ့ ပြန်ကြားလိုက်ပါတယ်။

ကျွန်တော့်သဘောကို ပြောရရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘ၀ကို ခရစ်စမတ်မှာပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် (ဓာတ်ပုံတွေကတစ်ဆင့်) သူများတွေကို ဇွတ်အတင်း မျိုချမခိုင်းသင့်ပါဘူး။ လူတွေဟာ ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ ဖြစ်မယ်။ ကိုယ့်ဘ၀ကို လူတွေက စိတ်ဝင်တစားရှိကြမယ် လို့ ထင်နေကြတယ်။ ကိုယ်က ရုပ်ရှင် သရုပ်ဆောင်၊ ရော့ခ်အဆိုတော်၊ မော်ဒယ်လ်၊ နိုင်ငံရေးလုပ်သူ၊ စာရေးဆရာ၊ ပြည်သူရဲ့ ဟီးရိုး၊ အောင်မြင်ကျော်ကြားသူ တစ်ယောက်ယောက် ဆိုရင်တော့ တစ်မျိုးပေါ့။ ဓာတ်ပုံတွေ ဝေချင်သလောက် ဝေပေါ့လေ။ ဒါတောင် အဆင်မပြေတဲ့ ရုပ်ရည်နဲ့ဆိုရင် လူတွေ အနှောင့်အယှက်ဖြစ်နိုင်တယ်။ လူတွေဟာ သေသေချာချာ စဉ်းစားတတ်ဖို့ လိုတယ်။ သူများကို ANNOY မလုပ်သင့်ဘူး။

ကျွန်တော့်အယ်လ်ဘမ်ထဲမှာ သူငယ်ချင်းတွေရဲ့ မွေးနေ့ပါတီ၊ မင်္ဂလာဆောင် တွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိတယ်။ စတိုင်လ်ကျကျ ၀တ်စားထားပြီး ပျော်ပျော်ရွှင်ရွှင် ပြုံးရယ်နေကြတယ်။ ပါတီအခမ်းအနားတွေကို ကျွန်တော်ကြိုက်ပါ တယ်။ လှလှပပ ၀တ်စားခွင့် ရတယ်။ လက်ရှိဘ၀ကို ခဏဖြစ်ဖြစ် မေ့ထားလိုက်လို့ ရတယ်။ မွေးနေ့ရှင်ကို အားနာလို့ဖြစ်ဖြစ်၊ ၀တ်စားထားတာတွေကို ငဲ့လို့ပဲဖြစ်ဖြစ်၊ အဲဒီ နေ့မျိုးမှာတော့ ကိုယ်အမြင်ကတ်တဲ့သူတွေကိုတောင် သည်းခံပြီး အတူရယ်မောပျော်ရွှင် နိုင်ကြတယ်။

အဲဒီဓာတ်ပုံတွေထဲက တချို့ဟာ အိမ်ထောင်ပျက်ခဲ့ပြီး တချို့ကျတော့ စီးပွားရေး ကျဆင်းသွားတယ်။ မထင်မှတ်ဘဲ အလုပ်ကောင်း၊ နေရာကောင်းရပြီး ကြီးပွားသွားတဲ့သူ လည်းရှိတယ်။ ကျွန်တော်ကိုယ်တိုင် လောကဓံရဲ့ အထုအထောင်း၊ အနိမ့်အမြင့်၊ အတက်အကျ မျိုးစုံကို ခံခဲ့ဖူးပြီ။

အယ်လ်ဘမ်လေး ကုန်သွားလို့ ကျွန်တော် အလုပ်ဝင်ပြီးနောက် ဓာတ်ပုံတွေ မပါဝင်နိုင်တော့ပါဘူး။ ကျွန်တော်နောက်ထပ် ရောက်ဖူး၊ လည်ပတ်ဖူးတဲ့ နေရာပေါင်း မြောက်မြားစွာက ဓာတ်ပုံတွေကို အယ်လ်ဘမ်လေးထဲမှာ မထည့်ဖြစ်တော့ပါဘူး။ အကောင်းဆုံးဓာတ်ပုံကို အယ်လ်ဘမ်ကြီး တစ်ခု-နှစ်ခု လောက်ထဲမှာ ထည့်ပြီး ဧည့်ခန်းမှာ ထားလိုက်တယ်။ အဲဒီအယ်လ်ဘမ်ကို ကျွန်တော်သွားဖြစ်သမျှ နေရာတွေ သယ်သွားဖို့ အဆင်မပြေဘူး။ ကျန်တဲ့ဓာတ်ပုံတွေကတော့ ကြွပ်ကြွပ်အိတ်ထဲမှာ တချို့၊ စက္ကူစာအိတ်ကြီးတွေထဲမှာ တချို့ ရှိတယ်။

ကျွန်တော် နောင် ငါးနှစ်အကြာ၊ ဆယ်နှစ်အကြာမှာ ဘာဖြစ်နေမလဲ၊ ဘယ်မှာတောင် ရောက်နေမလဲ မသိဘူး။ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာကို ကျွန်တော် မသိဘူး။ ကျွန်တော့် အယ်လ်ဘမ်လေးရော၊ ဓာတ်ပုံတွေရောဟာ တစ်နေ့နေ့မှာ ပျောက်ကွယ်သွားကြမှာပါ။ ဓာတ်ပုံဟာ လူတွေရဲ့ ဘ၀မှတ်တိုင်တွေ ဖြစ်တယ်။

ဒါပေမယ့် ဓာတ်ပုံတွေဟာ နှလုံးသားထဲမှာ၊ စိတ်ထဲမှာ ရှိနေတဲ့ ဒဏ်ရာဒဏ်ချက် ကို မှတ်တမ်းမတင်နိုင်ကြရှာပါဘူး။

(မှတ်ချက်။ ၂၀၀၇ ခုနှစ်၊ မေလထုတ် LifeStyle မဂ္ဂဇင်း၊ အတွဲ ၁၀၊ အမှတ် ၆ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics