မြန်မာဇာတ်ကားများကြည့်ရှုပြီး ရရှိလာသော ဗဟုသုတ (၁၂၅) ချက်
(နည်းနည်း လျှာရှည်ချင်ပါသေးသည်။ ဒီအကြောင်းအရာလေးကို ပလန်းနက် ဖိုရမ်ထဲမှာ ဖတ်ရတာပါ။ အစက ဘာများပါလိမ့်ဆိုပြီး ဖတ်မိတာပါ။ နောက်မှ အတော်ကို သဘောကျသွားပါတယ်။ ပလန်းနက်မှာ ပို့စ်ကို တင်ထားတာက ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ကတည်းကပါ။ ဒါပေမယ့် ကျွန်တော်က ဟိုတစ်နေ့ကမှ ဖတ်ဖြစ်ပါ တယ်။ တော်တော်ကို သဘောကျလို့ သူငယ်ချင်းတွေဆီကိုလည်း အီးမေးလ်နဲ့ ပို့လိုက်ပါသေးတယ်။ အဲဒီမှာ ဖတ်ရသမျှဆိုရင် မဂ္ဂဇင်းတွေထဲမှာပါ အတော်လေး ဂယက်ရိုက်ခဲ့တဲ့ ပို့စ်လေးဖြစ်ပုံရပါတယ်။ အတော်လည်း ထိသွားကြပုံရပါတယ်။ ပို့စ်ကို တင်ထားတဲ့သူက ကိုမွန်းစတားအော့ဖ်ရော့ခ် ပါ။ ဒါပေမယ့် မူလရေးတဲ့သူက သူမဟုတ်ပါ ဘူးတဲ့။ မူလရေးတာက ကိုကယ်လ်ဗင် ပါတဲ့ဗျာ။ သူတို့ရေးထားတုန်းက အချက် (၁၀၀) တင်ပါ။ အဲဒီမှာ အငွေ့ ကပါ (၂၅) ချက် ထပ်ပြီး ထည့်ပေးထားလို့ ကျွန်တော်က မြန်မာဇာတ်ကားများ ကြည့်ရှု၍ ရရှိလာသော ဗဟုသုတ (၁၂၅) ချက် ဆိုပြီး နာမည်ပေးလိုက်ပါတယ်ဗျာ။ မိတ်ဆွေလည်း သဘောကျမှာပါ)
၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။
၂။ သီချင်းနားထောင်လေ့ရှိသူများ ဖြစ်ကြပြီး သီချင်းနားထောင်နေရင်း အတိတ် အကြောင်းများ ပြန်တွေးလေ့ရှိသူများ ဖြစ်ကြသည်။
၃။ စားသောက်ဆိုင်တွင် စကားစမြည် ပြောမည်ဆိုပါက.. အစာ လုံးဝမစားရ။ (သိပ်စားချင်လျှင် အရည် တစ်ခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။)
၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေး များ အများအပြားရှိသည်။
၅။ ထိုယောက်ျားလေးများသည် အားလုံးသည် ကားပြင်တတ်သူများသာ ဖြစ်ကြသည်။
၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာ များကိုသာ အကူအညီတောင်းလေ့ရှိသည်။
၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch Pad ကိုသုံးပြီး အံ့သြဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft Paint ဖြင့် ဖန်တီးလေ့ ရှိသည်။
၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / Microsoft Word ကို ဆိုလိုခြင်းဖြစ်သည်။
၉။ Computer ပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး ကွန်ပျူတာ သုံးလေ့မရှိကြ။
၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျှောက်လေ့ ရှိကြသည်။
၁၁။ ဆင်းရဲသားများသည် ရန်အလွန်ဖြစ်ကြသည်။
၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊ လူမိုက်များ ဖြစ်ကြသည်။
၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့ဝတ်ထ မရှိကြချေ။
၁၄။ လူဆိုးခေါင်းဆာင် အများစုသည် ကုတ်အင်္ကျီ (သို့) Leather Jacket ၀တ်လေ့ရှိပြီး တစ်ခါတစ်ရံ ဦးထုပ် ဆောင်းထားတတ်ကြသည်။
၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။
၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာ လုပ်ကိုင်စားလေ့မရှိဘဲ လူဆိုးများဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။
၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာ ဖြစ်လေ့ရှိသည်။
၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့ တွန်းချလေ့ရှိသည်။
၁၉။ စီးပွားရေးသမား အများစုသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်သွားလာလေ့ရှိသည်။
၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများ ကိုင်ဆောင်လေ့ ရှိကြသည်။
၂၁။ တစ်ဦးဦးက ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့် ပတ်သက်သူ တစ်စုံတစ်ယောက်မှာ သေဘေး (သို့) အန္တရာယ် နှင့် ကြုံနေရသည်မှာ အသေအချာပင်ဖြစ်သည်။
၂၂။ သေခါနီး လူမမာများသည် စကားအလွန်များသောသူများ ဖြစ်ကြသည်။
၂၃။ သူတို့ စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။
၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့် မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင် ရှိသည်။
၂၅။ တက္ကသိုလ် ကျောင်းသားဘ၀သည် ကင်တင်းတွင် တစ်နေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။
၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ
၂၇။ စာသင်ခန်းများထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။
၂၈။ ကျောင်းသူမိန်းကလေး အများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊ ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။
၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင် ၀ိုင်းစတတ်ကြသည်။
၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်းများ လုပ်လေ့ရှိကြသည်။
၃၁။ အသက်မည်မျှပင် ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။
၃၂။ လူငယ်ယောက်ျားလေး မိန်းကလေးများသည် ၃ ယောက် ၄ ယောက် အဖွဲ့လိုက်သာ ပေါင်းသင်းလေ့ ရှိကြသည်၊ တစ်ယောက်တည်း နေလေ့သိပ်မရှိ။
၃၃။ ယောက်ျားလေးအဖွဲ့မှ တစ်ယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တစ်ယောက် ယောက် ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသော မိန်းကလေးများနှင့် သမီးရည်းစားများ ဖြစ်သွားလေ့ရှိသည်။
၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားကာ ပျော်နေကြလေ့ရှိသည်။
၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
၃၆။ ကိုယ်ဝန်ရှိသော မိန်းကလေးများ ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀ ရာခိုင်နှုန်း သေချာသည်။
၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။
၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ ရှိကြသည်။
၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ ရှိကြသည်။
၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါ မိန်းကလေးနှင့် သမီးရည်းစား ဖြစ်သွားတတ်သည်။
၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင် သမီးရည်းစားအဖြစ် တွဲလေ့ရှိသည်။
၄၂။ အရက်မူးလာလျှင် အာလေးလျှာလေးဖြင့် စကားပြောတတ်ပြီး.. ပြောသမျှ စကားအများစုမှာ ရန်စကားများသာ ဖြစ်ကြသည်။
၄၃။ အရက်ဆိုင်အတွင်း မည်မျှပင် ရန်ဖြစ်စေကာမူ များသောအားဖြင့် ရဲလာပြီး ဖမ်းလေ့မရှိ။
၄၄။ မူးရူးပြီး အိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရား ပြုကျင့်တတ်ကြသည်။ ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုးလဲသွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။
၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိမ်းကောင်ဖြစ်သည်။ (မူးနေသူဖြစ်ပြီး မျက်နှာပေါ်တွင် အဆီပြန်နေပါက ၁၀၀ ရာခိုင်နှုန်း သေချာသည်။)
၄၆။ မတရားပြုကျင့် ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။
၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့ မရှိကြ။
၄၈။ ကိုယ်ဝန်ဖျက်ချလေ့ မရှိသည့်အပြင် ကလေးကို တောရွာတစ်ခုခုသို့ သွားပြီး ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။
၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ် ကောင်မလေးများ ရှိတတ်သည်။
၅၀။ ထိုအိမ်ဖော်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်း သွားတတ်ကြသည်။
၅၁။ ရုပ်ဆိုးသော အိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။
၅၂။ ခေတ်လူငယ် အများစုသည် Shopping Mall များ Snack Bar များတွင် တစ်ချိန်လုံး အချိန်ဖြုံးနေတတ်ကြသည်။
၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှကောင်မလေးများအား မျက်စပစ်ပြခြင်း စသည် စသည်များအား စိတ်ကြိုက်လုပ်ခွင့်ရှိသည်။
၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေး အဖွဲ့တစ်ဖွဲ့နှင့် လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစား ဖြစ်သွားလေ့ရှိသည်။
၅၅။ ယောက်ျားလေး (သို့) မိန်းကလေးအဖွဲ့များတွင် အချောဆုံးတစ်ယောက်မှ လွဲပြီး ကျန်သော သူငယ်ချင်းများမှာ တစ်ချိန်လုံး ဟာသလုပ်ပြီး ရီစရာများ ပြောနေတတ်ကြသည်။
၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး (သို့) နှစ်ဦးလုံးမရှိတတ်ကြ။ ဦးလေး၊ အဒေါ် များ သူငယ်ချင်းများဖြင့်သာ နေလေ့ ရှိကြသည်။
၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား စကားပြောခွင့်ရှိသည်။
၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊ အနှောင့် အယှက် ပေးလေ့မရှိကြ။
၅၉။ မည်သူမဆို တက္ကစီငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။
၆၀။ အသက် ၄၀ ကျော် မိန်းမကြီး ၉၀ ရာခိုင်နှုန်းခန့်မှာ အတင်းပြောတတ်သူများသာ ဖြစ်ကြသည်။
၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။
၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊ အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။ သူတို့ကို အားလုံးက ကြောက်ရလေသည်။
၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို တရပ်ကွက်လုံးက သည်းညည်းခံကြသည်။
၆၄။ ဂစ်တာတစ်လုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။
၆၅။ ကောင်မလေးများသည် အဖော်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင် သွားလာလေ့ရှိသည်။
၆၆။ ထိုလမ်းများတွင် အဖော်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့ အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတက်သည်။
၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။
၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ ယောက် ၃ ယောက်မကသော လူဆိုး/လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။
၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။
၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါ ခပ်ချာချာ အစ်ကိုတစ်ယောက် ရှိနေတတ်သည်။
၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။
၇၂။ နယ်မှ တစ်ယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလေ့ရှိသည်။
၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တစ်ခါတစ်ရံ) စုတ်ပြဲနေသော အ၀တ်အစားများသာ အမြဲလို ၀တ်ဆင်ကြသည်။
၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ်လုပ်လေ့မရှိကြ။
၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျှောက်နေလေ့ရှိသည်။
၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီး ချောမောလှပသော ကောင်မလေးများအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။
၇၇။ အဖြူရောင်ကုတ်အကျီရှည် ၀တ်ထားပြီး နားကျပ်ကို လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်း ဆွဲထားတတ်ကြသည်။
၇၈။ ခွဲစိတ်ကုသမှု မအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။
၇၉။ မင်းသား (သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများ ရှိတတ်သည်။
၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့ လဲသွားတတ်သည်။
၈၁။ အလွန်တော်သော မိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။
၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။
၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော သောက်ညင်ကတ်ဖွယ် နာမည်များ ဖြစ်လေ့ရှိသည်။
၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။
၈၅။ ထိုသောက်ညင်ကတ်ဖွယ် နာမည်ဆိုးကို မည်သူကမျှ စခြင်း၊ နောက်ခြင်း ပြောင်လှောင်ခြင်းမပြုကြချေ။
၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီဖြစ်ကြောင်း.. လိုက်မရှာရန်နှင့် ခွင့်လွှတ်စေချင်ကြောင်း အစရှိသဖြင့် စာရေးထားတတ်ကြပြီး အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးကစားပွဲပေါ် တင်ထားလေ့ရှိကြသည်။
၈၇။ ထိုစာအများစုတွင် သမီးမိုက်ဆိုသော စာသား ပါလေ့ရှိသည်။
၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပတ်သက်ပြီး လုံးဝ အသိပေးလေ့မရှိ။
၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။
၉၀။ ယောက်ျားလေးများ၏ အခန်းသည် လူမနေသည့်အခန်းကဲ့သို့ အစဉ်အမြဲ ရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။
၉၁။ အိမ်ဖော်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ ခေါ်လေ့ရှိသည်။
၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစားဖျစ်ညှစ်ပြောတက်သော အကျင့်များ ရှိလာကြသည်။
၉၃။ လူကြားထဲတွင် အိနြေ္ဒ ပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီး စကားပြောတက် သူများကို မထူးခြားသယောင် ဆက်ဆံပြောဆိုတက်ကြသည်။
၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များ ၀တ်ဆင်ကြလေ့ ရှိသည်။
၉၅။ ကျောင်းသား ကျောင်းသူအများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။
၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင် ရိုမန်တစ် ဖြစ်သည်။
၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။
၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။
၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိလျှင် အတုတပ်ထားတတ်ကြသည်။
၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။
၁၀၁။ သူကြီးသားများသည် မကောင်းသောသူများ ဖြစ်တတ်သည်။
၁၀၂။ ဘယ်သူမှမခေါ်သော်လည်း ရဲများသည် အမှုအခင်းဖြစ်ပြီးပြီးချင်း ရောက်လာ တတ်ကြသည်။
၁၀၃။ ဖခင်နှင့်သားများမှာ အများအားဖြင့်မတည့်ကြချေ။
၁၀၄။ ပိုက်ဆံအိတ်များ၊ အဖိုးတန်ပစ္စည်းများ ကောက်ရ၍ ပြန်ပေးလျှင်ပိုင်ရှင်က ကျေးဇူး ဆပ်သည့်အနေဖြင့် ပိုက်ဆံပေးတတ်ကြသော်လည်း ဘယ်တော့မှ မယူတတ်ကြ။ (ပိုက်ဆံပေးပြီး ကျေးဇူးဆပ်ရကောင်းလာဟုပင် ဒေါသထွက်တတ် ကြသေးသည်။)
၁၀၅။ ဆင်းရဲသားနှင့် သူဌေးသမီး အများအားဖြင့် ညားတက်ကြသည်။
၁၀၆။ ရတနာများ၊ အဖိုးတန်ရှေးဟောင်းပစ္စည်းများ ကိုယ့်ဖာသာ အိမ်အောက်ကဖြစ်ဖြစ်၊ တစ်နေရာကဖြစ်ဖြစ် တူးလို့ရလျှင် နိုင်ငံတော်ကိုသာ ပြန်အပ်လေ့ရှိသည်။
၁၀၇။ ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ပြီး ပိုက်ဆံရှင်းလျှင် ဘယ်တော့မှ ပိုငွေအကြွေ ပြန်မအမ်းကြချေ။ (တချို့ကပြန်မအမ်းရအောင်ပင် ပိုတာ ပြန်မပေးနဲ့ဟုလုပ်တတ်သည်)
၁၀၈။ အရက်သောက်လျှင် မည်သူမှ (အများအားဖြင့်၊ မည်သည့်အရက်ဖြစ်ဖြစ်) ရေ၊ ဆော်ဒါရောပြီး မသောက်ကြချေ။ အချို့ဆိုလျှင်အမြည်းပင်မစားကြ။
၁၀၉။ လူငယ်များအများစုသည် စိတ်ကူးယဉ်တတ်သူများ ဖြစ်ကြသည်။ ယဉ်သည့် စိတ်ကူးတိုင်းလည်း အပြင်ကအတိုင်းလိုပင် ဖြစ်နေတတ်သည်။
၁၁၀။ ဓားနှင့် အထိုးခံရပြီးပြီးချင်း လူနာကိုဆေရုံပို့ဖို့ထက် လူနာလဲကျနေသည့် နေရာတွင်သာ အကြာကြီး စကားပြောနေတတ်သည်။
၁၁၁။ ကောင်လေးနှစ်ယောက် ကောင်မလေးတစ်ယောက်ရှိလျှင် ကောင်လေး တစ်ယောက်က သေပေးရသည့်ထုံးစံရှိသည်။
၁၁၂။ ကျမ်းမာရေးအတွက် အပြေးလေ့ကျင့်လျှင် မနက် ၉း၀၀ရီလောက် ထပြီး အပြေးလေ့ကျင့်လေ့ရှိသည်။
၁၁၃။ ယောက်ျားလေးများ အသည်းကွဲလျှင် အရက်သောက်လေ့ရှိသည်။
၁၁၄။ အရက်တစ်ခွက်သောက်ပြီးလျှင် တစ်ပုလင်းလုံး သောက်ပြီးသကဲ့သို့ ရုပ်၊ အသံနှင့် အတော်လေး မူးတက်ကြသည်။
၁၁၅။ အပျိုကြီးမမများသည် ကောင်လေးချောချောလေးများကို အရမ်းအရမ်းကို ခိုက်တတ်ကြသည်။
၁၁၆။ ကားတိုက်လျှင် သစ်ပင်ကြီး လည်သွားတတ်သည်။
၁၁၇။ ကိုယ်ကမသတ်ဘဲ သူများသတ်ပြီသား လူသေ၏ ရင်ဘတ်တွင် စိုက်နေသော ဓားကို သွားပြီးနုတ်ပေးမိလျှင်လည်းကောင်း၊ ကိုင်မိလျှင်သော်လည်းကောင်း လူသတ် တရားခံ ဖြစ်တတ်သည်။
၁၁၈။ လူ ၄-၅ ယောက် နှင့်လည်း တိုက်ပွဲကြီးတစ်ပွဲဖြစ်တတ်သည်။ အဆိုပါ တိုက်ပွဲ အတွင်းမှ လူဆိုးများသည် သေပြီးလျှင်လည်း ပြန်ရှင်တတ်သည်။
၁၁၉။ မြန်မာနိုင်ငံတွင် မိန်မကြောက်သော ခပ်ပေါပေါ ယောက်ျားကြီးများ များစွာရှိတတ်သည်။
၁၂၀။ အသက်ကြီးသော သူဌေးကြီးများ၏ အသက်ကို မကြာခဏ ကယ်တင်မယ့်သူ ပေါများသည်။ အဆိုပါသူဌေးများကလည်း ကယ်တင်သူကို မွေးစား၍သော် လည်းကောင်း၊ အမွေပေး၍သော်လည်းကောင်း ကျေးဇူးပြုတတ် ကြသည်။
၁၂၁။ ပထွေးများသည် မယားပါသမီးများကို အဓ္ဓမ ပြုကျင့်တတ်သည်။ (မကျင့်သူမရှိသလောက်ပင်)
၁၂၂။ အမျိုးသားများ ရေချိုးခန်းကထွက်လာလျှင် အမျိုးသမီးများက မျက်နှာသုတ်ပုဝါ ပေးဖို့အတွက် စောင့်နေတတ်ကြသည်။
၁၂၃။ လဲကျနေရာမှ ဓားကိုင်ပြီးထလာသော လူဆိုးက ဖက်၍အောင်ပွဲခံ ကြည်နူးနေသော လူကောင်းနှစ်ယောက်ကို ဓားနှင့်ပြေးထိုးလျှင်၊ ထိုသို့ ဓားနှင့် ထိုးမည်ကို မြင်သောသူက ရှောင်ပြေးခြင်း၊ လှဲချခြင်း၊ ပြန်လည်ခုခံခြင်းတို့ထက် ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်၍ ကိုယ့်ကိုကိုယ် ၀င်ရောက်အစတေးခံပြီး အသက် အသေခံကြတတ်သည်။
၁၂၄။ မြန်မာပြည်တွင် တူ၊ တူမများက မိမိထက် အသက်များစွာကြီးသော အဒေါ်၊ ဦးလေးများကို မလေးစားတတ်ကြ။ အဆိုပါ ဦးလေး၊ အဒေါ်များကလည်း လူငယ်များ ထက် အဆပေါင်းများစွာ အရှက်သိက္ခာမဲ့တတ်ကြသည်။
၁၂၅။ စိတ်ဆိုးပြီး ကားမြန်မြန်မောင်းလျှင် ကားတိုက်ပြီးသေလေ့ရှိကြသည်။
No comments:
Post a Comment