Wednesday, April 30, 2008

ပဋိပက္ခစနစ်



ဆရာကျော်ဝင်း ရေးတဲ့ အတောင်ပါသော စကားလုံးများ စာအုပ်ကို ဖတ်ရင်းနဲ့ သဘောကျလို့ မှတ်ထားတဲ့ စာလေးတစ်ပုဒ်ပါ။ မူရင်းစာအုပ် Word Power, by Edward Debono ကို မှီငြမ်းပြီး ဆီလျော်အောင် ဘာသာပြန် ရေးသားထားတဲ့ အဲဒီစာအုပ်ထဲမှာ သဘောကျစရာလေးတွေ အများကြီးပါပဲ။ အဲဒီအထဲကမှ “ပဋိပက္ခစနစ်” ဆိုတဲ့ အပုဒ်ကို ဖော်ပြပေးလိုက် ပါတယ်။
-------------------
ပဋိပက္ခစနစ်
(Adversary System)
ငါမှန်တယ်၊ သူမှားတယ်ဆိုတဲ့ စဉ်းစားပုံကလာတဲ့ စနစ်ပါ။ ခေါမဆရာတွေက လမ်းဖောက်ခဲ့တာလို့ ဆိုနိုင်ပါလိမ့် မယ်။ “ဆိုကရေးတီး” က အဆိုပြုချက်တစ်ခုကို ဆန့်ကျင်ဘက်က ငြင်းခုံပါ။ ဒီနည်းနဲ့ အမှန်တရားကို ဦးတည် သွားလိမ့်မယ်လို့ ဟောပါတယ်။ အလယ်ခေတ်က ကျောင်းတော်ဟာလဲ သူနဲ့ အယူအဆ မတူသူ အားလုံးကို ဒီနည်းနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့တာပါပဲ။
ဂျာမန်ဒဿနဆရာ ဟီးဂဲ(လ်) လက်ထက်ရောက်တော့မှ စနစ်တစ်ခုအနေနဲ့ ဖြစ်တည်လာခဲ့ပါတယ်။ ဟီးဂဲ(လ်)က ဖြစ်ပေါ်တိုးတက်မှုတွေရဲ့ အရင်းခံဟာ ပဋိပက္ခလို့ ဆိုပါတယ်။ သူ့ရဲ့ နာမည်ကျော် “ဒိုင်ယာလက်တစ်နည်း”ကို “မူလ၊ ပဋိ၊ သမူဟ” (Thesis, Antithesis, Synthesis) ဆိုတဲ့ အဆင့်ဆင့် ဖြစ်စဉ်နဲ့ သရုပ်ဖော်ပါတယ်။ တည်ဆဲ အခြေအနေတစ်ခု (မူလ)နဲ့ ဆန့်ကျင်ဘက် အခြေအနေတစ်ခု (ပဋိ) ဖြစ်ထွန်း ကြီးထွားလာပြီး၊ ပဋိပက္ခဖြစ်ရာကနေ “ပြေငြိမ်းမှုအသစ်တစ်ခု” (New Order) ဆိုတဲ့ (သမူဟ) ဖြစ်လာတယ်လို့ ရှင်းပါတယ်။ ဒီနေရာမှာတော့ “ကား(လ်)မာက်စ်” ဟာ ဟီးဂဲ(လ်)ကို ဆက်ခံသူ ဖြစ်ပါတယ်။ “မာက်စ်” ရဲ့ လူမှုတော်လှန်ရေးဟာ ဒီအခြေခံပေါ်က လာတာပါ။
ပြောရမယ်ဆိုရင်တော့ ဒီလို သူနိုင်ငါနိုင် ယှဉ်ပြိုင်မှုမျိုးဟာ ယဉ်ကျေးမှုတိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ လို့တောင် ဆိုနိုင်ပါလိမ့်မယ်။ ရောမတွေက လူနှစ်ယောက်သတ်တာကို အရသာခံကြည့်ကြတယ်။ စပိန်တွေက လူနဲ့ နွားရိုင်းသတ်ပွဲကို မျက်စိစားပွဲထိုင်ကြတယ်။ ဒီနေ့အထိလည်း အလဲအကွဲထိုးကြတဲ့ လက်ဝှေ့ပွဲတွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြတုန်းပဲ။ ကျောင်းသားလေးတစ်ယောက်က သူ့ပြိုင်ဘက်ကို တစ်ကွက်ကျော်နိုင်ဖို့ အမြဲစဉ်းစား တယ်။ စီးပွားရေးသမားက သူ့ပြိုင်ဘက်ကို ဈေးကွက်ထဲက နှင်ထုတ်ဖို့ အမြဲကြံဆတယ်။ နိုင်ငံရေးသမားကလည်း သူ့ပြိုင်ဘက်ကို အပြတ်ဆော်ဖို့ အမြဲ နှလုံးသွင်းနေတယ်။
တကယ်တော့ ဒီစနစ်ဟာ တစ်မဟုတ်ရင် နှစ်၊ မဖြူရင် မည်း၊ မမှန်ရင် မှား ဆိုတဲ့ လောဂျစ်ပါ။ တစ်ဖက်လူ မှားကြောင်း သက်သေပြနိုင်မှ ကိုယ့်ဘက်က မှန်ရာရောက်မယ်လို့ ယူဆကြတာ ဖြစ်လေတော့ ဆန့်ကျင်ဘက်တွေကြားမှာ မေတ္တာထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ရန်-ငါ ဆက်ဆံရေး ဖြစ်လာတော့တယ်။
တကယ့်လက်တွေ့မှာတော့ အမှားထဲမှာ အမှန်ရှိနိုင်သလို၊ အမှန်ထဲမှာလည်း အမှားရှိနိုင်ပါတယ်။ နှစ်ဖက်စလုံး မှားနိုင်သလို တစ်စိတ်တစ်ပိုင်းအရဆိုရင် နှစ်ဖက်စလုံးလဲ မှန်နိုင်စရာရှိပါတယ်။ ပညာသဘောဘက်ကကြည့်ရင် ကိုယ့်အထိုင်ပေါ်ကနေ ကိုယ် ဇွတ်မှန်နေကြတာဟာ ကလေးဆန်လွန်းရာ ရောက်ပါတယ်။ အမှန်တရားကို လက်တွဲ ရှာဖွေဖို့ထက် ငြင်းခုံဖို့ပဲ အားသန်နေကြတယ်။ ဒီလိုနဲ့ ပြဿနာကို ဦးမတည်နိုင်ဘဲ ပုဂ္ဂိုလ်ရေးရန်စောင်မှုတွေ ဖြစ်လာတယ်။
ခေတ်သစ် “ဂိမ်းသီအိုရီ” (Game Theory) ကတော့ ပဋိပက္ခစနစ်ကို “သုညဆက်ဆံရေး” (Zero-Sum-Game) လို့ ခေါ်ပါတယ်။ နိုင်သူရော ရှုံးသူအတွက်ပါ အကျိုးမများပါဘူး။ ချုပ်လိုက်ရင် အဖြေဟာ “သုည” ပဲ။ နှစ်ဖက်လုံးအတွက် “နာ-နာ ဆက်ဆံရေး” (Lost-lost Relation) ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အကြီးမားဆုံး အကန့်အသတ်တွေကတော့ ငြင်းပယ်တဲ့သဘော၊ အပျက်သဘောကဲနေတာ ဖြစ်ပါတယ်။ အပြုသဘော၊ တည်ဆောက်ရေးသဘော လုံးဝမရှိပါဘူး။

Sunday, April 27, 2008

ဆန္ဒခံယူပွဲ (၁)


မင်္ဂလာပါ မြန်မာ့သွေး မိတ်ဆွေများ……

မြန်မာ့သွေး စာမျက်နှာတွေ၊ အီးမေးလ်ပေးပို့မှုတွေကို ရပ်ဆိုင်းထားခဲ့ရတာ အတော်တောင် ကြားခဲ့ပါပြီ။ အဓိက ကတော့ အချိန်ပြဿနာနဲ့ ကွန်နက်ရှင်း ပြဿနာကြောင့်ပါ။ ကွန်နက်ရှင်း ကောင်းရင် ကျွန်တော်က မအားလိုက်၊ ကျွန်တော်အားရင် ကွန်နက်ရှင်းက လိပ်လိုဖြစ်လိုက်နဲ့ လုံးလည်လိုက်သွား လိုက်တာ အတော်တောင် ကြာသွားခဲ့ပါပြီ။

ပထမဆုံး မြန်မာနှစ်သစ် ၁၃၇၀ ပြည့်နှစ်နှင့်အတူ မြန်မာပြည်သူပြည်သားအားလုံး၊ ကမ္ဘာသူကမ္ဘာသား အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း တောင်းဆုမေတ္တာပို့သအပ်ပါတယ်။

အခုလတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းအစားဆုံး လူပြောအများဆုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈)ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မယ့်အကြောင်းအရာ ဖြစ်နေတာကို တွေ့ရပါတယ်။ အများအားဖြင့်တော့ “ဗုတ်နိုး” ဆိုပြီး လှုံ့ဆော်နေကြတာ၊ ရေးသားနေကြတာတွေပဲ ဖြစ်ကြပါတယ်။ တစ်ခု စိတ်မကောင်းမိတာက မြန်မာလူမျိုး အင်တာနက်သုံးစွဲသူတွေကြားမှာ အတော်အတန် လွှမ်းမိုးမှုရှိတဲ့၊ လူသိများတဲ့ ပုဂ္ဂိုလ်တွေ (ဘလော့ဂ်ဂါတွေများပါတယ်) က “ဗုတ်နိုး” ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လှုံ့ဆော်နေတာကို တွေ့ရတာပါပဲ။ သူတို့စကားနဲ့ပြောရရင် “ဗုတ်ရက်စ်”ပေါ့ဗျာ။ “ဗုတ်ရက်စ်” လုပ်ဖို့အတွက် ရေးသားရှင်းပြထားတဲ့ အင်တာနက် စာမျက်နှာက လက်ဆယ်ချောင်း မပြည့်ပါဘူး။ သင်္ချာနည်းအရ တွက်ကြည့်ရင် အရှင်းကြီးပါပဲ။ အင်တာနက်သုံးစွဲသူ အများစုဟာ မြန်မာစာမျက်နှာ ၅၀ ကို ၀င်ကြည့်မှ ၅ ခုလောက်က “ဗုတ်ရက်စ်” ဖြစ်နေတဲ့အတွက် သာမန် အားဖြင့် အများစုဟာ အမှန်လို့ ထင်သွားကြမှာပါပဲ။

ဒီနေရာမှာ တစ်ခု စဉ်းစားမိပါတယ်။ လူညီရင် ဤ ကို ကျွဲ လို့ ဖတ်လို့ရတယ်ဆိုတာ တကယ်မှန်ရဲ့လားလို့ ပါ။ ကျွဲ လို့ ဖတ်ချင်ရင်တော့ ဖတ်လို့ရပါတယ်။ ဒါပေမယ့် ဤ ကတော့ ဤ ပဲ ဖြစ်ပါတယ်။ ကျွဲလို့ ဖတ်လိုက်တဲ့အတွက် ဤ ကနေပြီး ကျွဲဖြစ်မသွားပါဘူး။ ဒါကို သိကြဖို့လိုပါတယ်။ ဒီလိုဆိုတဲ့အတွက် “ဗုတ်နိုး” လို့ ပြောနေတဲ့ လူတွေကို ကျွန်တော်က မကောင်းပြောနေတယ်။ နှိပ်ကွပ်နေတယ်။ ပြန်ပြီး ဝေဖန်နေတယ်လို့ မထင်ပါနဲ့ဦး။ ဘာမှနားမလည်တဲ့ လူတွေအနေနဲ့ သူတို့ရေးထားတာတွေကို ဖတ်မိပြီး အဟုတ်ကြီးထင်၊ အတွေးမှားတွေ၊ အယူမှားတွေ ၀င်သွားမှာဆိုးလို့ပါ။ လူမှာ အယူအဆမှား စွဲကပ်သွားရင် အင်မတန် ကြောက်စရာ ကောင်းပါတယ်။ ကောင်းတဲ့အယူအဆ အတွေးအခေါ်ဆိုရင် တော်ပါသေးရဲ့။ တိုင်းပြည်နဲ့ လူမျိုးအတွက် အဖျက်အန္တရာယ်ဖြစ်မယ့် အတွေးအခေါ်မျိုးများ ၀င်သွားမိလို့ကတော့ အဲဒီ ပုဂ္ဂိုလ်အတွက် အင်မတန် နှမြောစရာကောင်းသလို၊ တိုင်းပြည်အတွက် လူမျိုးအတွက်လည်း အင်မတန်မှ နစ်နာလှပါတယ်။ တကယ်တော့ တိုင်းပြည်နဲ့လူမျိုးဆိုတာ လူတစ်ဦးချင်းပေါ်မှာ အခြေခံထားတာ မဟုတ်လား။

ထားပါတော့လေ။ စကားတွေက ဘေးကို ရောက်သွားပါပြီ။ ဒီပို့စ်ကို ရေးဖြစ်တဲ့ အကြောင်းရင်းခံကို အရင်ပြောပြလိုပါတယ်။ မနက်က သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့ မှာ စကားပြောရင်းနဲ့ အခု ဆန္ဒခံယူပွဲအကြောင်းကို ရောက်သွားတာပါပဲ။ သူငယ်ချင်းက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်လုပ် နေသူဖြစ်ပါတယ်။ သူ့ရဲ့ account emotionပုံလေးနေရာမှာ Vote No ဆိုတဲ့ စာသားလေးကို ပုံဖော်ပြီး တင်ထားတာကို တွေ့လို့ မေးမြန်းကြည့်မိပါတယ်။ ဘာလို့ တင်ထားတာလဲလို့ မေးကြည့်တော့ သူက သူငယ်ချင်းတစ်ယောက် အီးမေးလ်ကနေ ပို့ပေးတာဖြစ်ကြောင်း သိရပါတယ်။ လူတော်တော်များများမှာ အဲဒီလိုပုံလေးတွေ ဆင်တူ ဂျီတော့ မှာ တင်ပြီး အသုံးပြုနေကြကြောင်း သိရပါတယ်။ ဘယ်သူက တီထွင် ပေးပြီး စေတနာ ဗရပွဲနဲ့ အခမဲ့ ဝေငှလိုက်တယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် သူငယ်ချင်းအပေါ်မှာ တော့ နည်းနည်းလေး တစ်မျိုးဖြစ်သွားပါတယ်။ တစ်မျိုးဖြစ်တယ်ဆိုတာက ဒီလိုပါ။

ကျွန်တော်က သူ့ကို ပြောပါတယ်။ မင်းက တကယ်ပဲ ဗုတ်နိုး ကို ယုံကြည်လို့လားဆိုတော့။ ဒါပေါ့တဲ့။ အကုန်လုံး ကန့်ကွက်နေတဲ့ဟာကို ငါက ဘာလို့ ကျန်ခဲ့လို့ ရမလဲတဲ့။ သူများမိုးခါးရေသောက်ရင် ငါလည်း သောက်ရမှာပေါ့လို့ ပြောပါတယ်။ ဒါဆိုရင် မင်းဟာက မင်းကိုယ်တိုင် သေသေချာချာ ဂဃဏန မသိပါလားကွလို့ ဆိုတော့ သူက စိတ်တိုသွားပုံရပါတယ်။ သိပါတယ်ကွလို့ ပြန်ပြောပါတယ်။ ငါလည်း အဲဒီလောက် ငတုံးမဟုတ်ပါဘူးတဲ့။ ဟုတ်ပြီး ငါသာဆိုရင်တော့ ကိုယ်တိုင်က တကယ်ပဲ ယုံကြည်တယ် လက်ခံတယ်ဆိုရင် အဲဒီလို သူများပေးတဲ့ပုံကိုတော့ မတင်ဘူး။ ငါ့ဘာသာ ဒီဇိုင်းဆွဲပြီး ပိုပြီးလှအောင် လုပ်ပြီးမှ ဗုတ်နိုး ဆိုပြီး တင်မယ်ကွ။ အခုတော့ မင်းဟာက ဗုတ်နိုး လို့ ပြောချင်တာတောင် သူများ လုပ်ပြီး အလကားလိုက်ဝေနေတဲ့ အီးမေးလ်ထဲက ခပ်ညံ့ညံ့ ဒီဇိုင်းနဲ့ ဗုတ်နိုးဖြစ်ရင်ပြီးရော လုပ်ထားတဲ့ ဓာတ်ပုံကို တမြတ်တနိုး ကိုယ့်နာမည်ဘေးမှာ ပေါ်နေအောင် တင်ထားသေးတာတော့ အံ့သြတယ်ကွာလို့ ပြောမိပါတယ်။ သူ့အနေနဲ့ ပြန်ပြောဖို့ နည်းနည်းခက်သွားပုံ ရပါတယ်။ စကားပြန်မပြောတာ အတော်လေး ကြာသွားလို့ စိတ်ဆိုးသွားပြီ ထင်လိုက်ပါတယ်။ ခဏနေတော့ သူ့ရဲ့ ဗုတ်နိုး ဓာတ်ပုံလေးနေရာမှာ သူတင်နေကျ ကလေးငယ်လေး အာဝါးပေးနေပုံ ဓာတ်ပုံလေး ပြန်တက်လာတာကို တွေ့ရပါတယ်။

ကျွန်တော်လည်း ပြောခဲ့တာတွေ လွန်သွားသလားဆိုပြီး အတော်လေး အားနာသွားမိပါတယ်။ ဒါနဲ့ သူ့ကို ပြောရပါတယ်။ သူလုပ်နေတာတွေ၊ ယုံကြည်တာတွေကို မမှန်ဘူးလို့ ပြောနေတာမဟုတ်ကြောင်း၊ ငြင်းခုန် နေတာမဟုတ်ကြောင်း ရှင်းပြရပါတယ်။ လူတိုင်းမှာ ကိုယ့်စိတ်နဲ့ကိုယ် ကိုယ်ယုံကြည်တာကို ယုံကြည်ပိုင်ခွင့် ရှိပါတယ်။ ကိုယ်ကြိုက်တဲ့အယူအဆကို ကိုယ့်ဘာသာ လက်ခံခွင့်ရှိပါတယ်။ ဒါဟာ သူ့ရဲ့ သဘာဝ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်ကြိုက်သလို လွတ်လပ်စွာ နေချင်သလို အခြားလူတွေလည်း သူတို့စိတ်ကြိုက် လွတ်လပ်စွာ နေချင်ကြမှာ သဘာဝပါပဲ။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် အခုလို ကိစ္စမျိုးကတော့ ကိုယ်ကြိုက်သလို ပြောလို့၊ ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး လို့ ထင်ပါတယ်။ အသေအချာ ဝေဖန်ဆန်းစစ်ပြီးမှ တကယ်မှန်သလား၊ မှားသလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့အတွက် မှားနေပါတယ်လို့ မျက်စိမှိတ်ပြီးအော်နေလို့ မဖြစ်နိုင်ပါဘူး။ အဲဒါဟာ သိပ်ကို အရေးကြီးပါတယ်။

ဒါဆိုရင် အခုဖြစ်နေတဲ့ ဆန္ဒခံယူပွဲကိစ္စကိုပဲ ချဉ်းကပ်ကြည့်ရအောင်ပါ။ ကျွန်တော် အင်တာနက် စာမျက်နှာ အတော်များများ၊ သတင်းစာမျက်နှာအတော်များများကို လိုက်ဖတ်ကြည့်ပါတယ်။ အတော်လေးကို ကြောက်စရာကောင်းအောင်ကို “ငါ့စကားနွားရ” ရေးသားထားတာတွေကို ဖတ်ရတော့ တော်တော်ကို ရင်လေးမိပါတယ်။ ကျွန်တော်ပြောခဲ့သလို အင်တာနက်သုံးစွဲသူတွေအတွက် စာမျက်နှာတွေရဲ့ ၉၀ % လောက်က ဒါတွေကိုပဲ ရေးထားတော့ အမှန်လို့ ထင်သွားရင် ခက်ရချေရဲ့ ဆိုပြီးပါ။ အဲဒါတွေကို လိုက်ဖတ်ကြည့်ပြီး သေချာတာတစ်ခုကို ကျွန်တော် သွားတွေ့ပါတယ်။ သူတို့တွေဟာ အခုအတည်ပြုဖို့ လုပ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း (၂၀၀၈)ကို သေသေချာချာ မဖတ်ဖူးကြသေးဘူး ဆိုတာ ပါပဲ။ ဖတ်ဖူးတယ်ဆိုရင်တောင် သေချာနားမလည်ကြဘူး ဆိုတာပါပဲ။ အဲဒါကိုတော့ သေချာပေါက် ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော့်ရဲ့ ဒီပို့စ်ကို ဖတ်ပြီးတဲ့အခါ ကျွန်တော့်အထင်တွေ မှားနေတယ် ထင်ရင် လွတ်လပ်စွာ ဆွေးနွေးလို့ ရပါတယ်။ အခုတော့ ဆက်ဖတ်ကြည့်ပါဦး။ ကျွန်တော် ဘာကြောင့် ထင်ရသလဲ ဆိုတာတွေကို။

ဘလော့ဂ်အများစု၊ သတင်းစာမျက်နှာအများစုမှာ ရေးသားထားတဲ့ ဗုတ်နိုး လုပ်ရခြင်း အကြောင်းရင်းကို ကျွန်တော် ရှာလို့ မတွေ့ပါဘူး။ အားလုံး နီးပါးလောက်ရေးထားတာက “စစ်တပ်က လုပ်တဲ့ ထောက်ခံပွဲကို ငါတို့ ဆန့်ကျင်ရမယ်။ စစ်တပ်က ဦးစီးပြီးလုပ်တဲ့ ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးကြရမယ်” ဆိုတဲ့ အတွေး အခေါ်တွေ များနေကြတယ်ဆိုတာပါပဲ။ ဒီမှာတင် သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကန့်ကွက်တာထက် စစ်တပ်က ဘာလုပ်လုပ် ငါတို့ ကန့်ကွက်မယ်ဆိုတဲ့ အယူအဆ၊ ခံယူချက်နဲ့ လုပ်နေကြတယ်ဆိုတာက ထင်းထင်းကြီး ဖြစ်လာပါတယ်။ အမှန်ဆိုရင် ဖြစ်သင့်တာက သူတို့ ဗုတ်နိုး လုပ်ကြမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းမှာ ဒီအချက်တွေက ဘာဖြစ်လို့ ၊ ဒါတွေကတော့ မညီမျှလို့၊ ဒီအချက်တွေကတော့ တစ်ဖက်သတ်ဆန်လွန်းလို့ စသည်ဖြင့် ဖြစ်ရမှာပါ။ ကျွန်တော်ပြောတာ ယထာဘူတ ကျမယ်လို့ ထင်ပါတယ်။ ထိုးမုန့် စားမယ်ဆိုရင် ထိုးမုန့်ကောင်းမကောင်းကသာ အရေးကြီးပါတယ်။ မန္တလေးက လုပ်တာမဟုတ်လို့၊ မြင့်မြင့်ခင်ဆိုင်က မဟုတ်လို့ ဆိုတာက အဓိက မဟုတ်ပါဘူး။ ဘယ်သူပဲ လုပ်လုပ် ထိုးမုန့်ကောင်းရင် ကောင်းတာပဲ ဖြစ်ပါတယ်။ ထိုးမုန့်ကောင်းဖို့ပဲ အရေးကြီးပါတယ်။ အခုတော့ အဲဒီထိုးမုန့်ကြီးကကွာ ရန်ကုန်မှာတင် လုပ်ထားတာဆိုတော့ ကောင်းမှာမဟုတ်ပါဘူးလို့ ပြောနေကြသလို ဖြစ်နေပါတယ်။ ပထမဆုံး အဲဒီ ထိုးမုန့်ကို စားကြည့်လိုက်ပါဦး။ ပြီးမှ ကောင်းရင် ကောင်းတယ်ကွ။ မကောင်းရင် မကောင်းဘူးကွ၊ မန္တလေးက မြင့်မြင့်ခင် ထိုးမုန့်ကို မမီဘူးကွ စသည်ဖြင့် ပြောသင့်ပါတယ်။

ဆန္ဒခံယူပွဲ (၂)


ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း (၂၀၀၈)အကြောင်းကို ပြောလိုပါတယ်။ အချို့ဆိုရင် အဲဒီ စာအုပ်ကို မြင်တောင်မှ မြင်ဖူးကြမယ်မထင်ပါဘူး။ အင်တာနက်ပေါ်မှာ သူများတွေက ဒီလိုရေးထားလို့ အဲဒီစာအုပ်ထဲမှာ ဒါတွေပါတယ်ဆိုပြီး သိထားတဲ့လူတွေ အများကြီးနေမှာပါ။ ဒါကို အပြစ်မပြောလိုပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့် အဲဒီစာအုပ်ကို မဖတ်ဖြစ်တဲ့လူတွေအတွက် ကျွန်တော်ရေးပြီး တင်ပေးပါဦးမယ်။

ယခင်ထုတ်ထားတဲ့စာအုပ်က “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများ” ဆိုပြီး ဖြစ်ပါတယ်။

ယခု နောက်ဆုံး ထုတ်ဝေလိုက်တဲ့ အစိမ်းရောင် စာအုပ်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်)” ဆိုပြီး အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်ဆိုင်တွေမှာ တစ်အုပ်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ပါတယ်။ ထောက်ခံမယ့်လူပဲဖြစ်ဖြစ်၊ ကန့်ကွက်မယ့်လူပဲ ဖြစ်ဖြစ် အဲဒီစာအုပ်လေးရှိထားသင့်တယ်ထင်မိပါတယ်။ ဒါမှသာ ဒီစာအုပ်ထဲက ဒီအချက်တွေက ဒီလိုကြောင့် ထောက်ခံတာ၊ ကန့်ကွက်တာ စသည်ဖြင့် လုပ်သင့်ပါတယ်။ အခုတော့ မသိတဲ့လူက မတတ်တဲ့လူကို ဆရာကြီးလုပ်နေတာကို အားလုံးက ဖတ်ပြီး အမှားကိုအမှန်ထင်ပြီး ရေလိုက်တွေ လွဲကုန်ကြဖြစ်ကြတော့မလို့ပေါ့။ တစ်ထောင်ပဲပေးရတဲ့ စာအုပ်ကိုတောင် ၀ယ်မဖတ်ဘဲနဲ့ သူများပြောတာကို ယုံလွယ်ကြတဲ့ လူတွေနဲ့ ဒီမိုကရေစီခရီးကို အတူ လျှောက်လှမ်းရမှာတော့ ရင်လေးမိပါတယ်။ မြတ်စွာဘုရားရှင်က ဟောကြားဖူးပါတယ်။ “ချစ်သားတို့၊ ငါဘုရားဟောကြားထားလို့ဆိုပြီးလည်း မယုံကြလင့်၊ ရှေးရိုးစဉ်ဆက် မိဘဘိုးဘွား ဆရာသမားများက ဆိုခဲ့ကြတယ်ဆိုပြီးလည်း မယုံကြည်ကြလင့်။ အရာရာကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့်သာ စဉ်းခြင်စဉ်းစားပြီးမှ သင့်၏ မသင့်၏ ယုံကြည်ကြပါ” လို့ မိန့်ဆိုခဲ့ဖူးကြောင်း မှတ်သားဖူးပါတယ်။ အတော်ကို တန်ဖိုးရှိတဲ့ စကားဖြစ်ပါတယ်။ မြတ်စွာဘုရားဟောမြွက်ခဲ့လို့ တန်ဖိုးရှိတယ်လို့ ဆိုတာမဟုတ်ပါ။ တန်ဖိုးရှိတဲ့စကားကို ဆိုခဲ့တဲ့အတွက် အဲဒီစကားကပဲ တန်ဖိုးရှိတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်) စာအုပ်မှာ အခန်း (၁၅)ခန်း ပါဝင်ပါတယ်။

အခန်း(၁) - နိုင်ငံတော် အခြေခံမူများ

အခန်း(၂) - နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

အခန်း(၃) - နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ

အခန်း(၄) - ဥပဒေပြုရေး

အခန်း(၅) - အုပ်ချုပ်ရေး

အခန်း(၆) - တရားစီရင်ရေး

အခန်း(၇) - တပ်မတော်

အခန်း(၈) - နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ

အခန်း(၉) - ရွေးကောက်တင်မြှောက်ခြင်း

အခန်း(၁၀) - နိုင်ငံရေးပါတီများ

အခန်း(၁၁) - အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ

အခန်း(၁၂) - ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

အခန်း(၁၃) – နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်

အခန်း(၁၄) - ကူးပြောင်းရေးကာလ ပြဌာန်းချက်များ

အခန်း(၁၅) - အထွေထွေပြဌာန်းချက်များ

ဆန္ဒခံယူပွဲ (၃)


ကဲ ထားပါလေ။ အင်တာနက်ထဲမှာ ရှားရှားပါးပါးတွေ့ရတဲ့ ကန့်ကွက်ရခြင်း အကြောင်းရင်းလေးတွေကို ကြည့်ရအောင်ပါ။ အတော်လေးလည်း ရယ်စရာကောင်းတော့ နားလည်တဲ့လူတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သေချာကျေကျေညက်ညက် ဖတ်ထားတဲ့လူတွေအတွက်ကတော့ တကယ့်ကို မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ရစေမယ့် အချက်တွေမို့ပါ။ ကျွန်တော်ဖတ်မိသလောက်ထဲက မှတ်ထားတဲ့ အချက်လေးတွေ ကို ပြောပြပါ့မယ်။

(၁) လွှတ်တော်တွင် တပ်မတော်က ကိုယ်စားလှယ်ဦးရေ ၂၅ % ပါဝင်ဖွဲ့စည်းမည်။

(၂) နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတ တို့သည် စစ်ရေးအတွေ့အကြုံ ရှိသူများ ဖြစ်ရမည်။

(၃) တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်သည်။

(၄) ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြားတွင် အာဏာခွဲဝေမှု မညီမျှ။

အဲဒါတွေကတော့ အင်တာနက်စာမျက်နှာတွေမှာ အများဆုံးတွေ့ရတဲ့ ဗုတ်နိုး လုပ်ဖို့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ အခြားအကြောင်းအရာတွေလည်း ရှိပေမယ့် ဖြေရှင်းစရာ မလိုအောင်ကို ရှင်းပြီးသားတွေမို့ ထည့်မပြောတော့တာပါ။ ဒါတွေကတော့ အမှားကြာလျှင် အမှန်ထင် ဆိုသလို သူတို့ပြောတာတွေ၊ ရေးတာတွေကို ဖတ်ရကြားရပါ များလာရင် ဟုတ်သယောင်ယောင် ထင်သွားမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။ တစ်ခုထူးခြားတာကတော့ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားပုံ တင်ပြပုံ အများစုဟာ တစ်နေရာတည်းက ကူးယူပြီး တင်ထားသလား အောက်မေ့ရအောင်ကို တူညီနေတာပါပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ တစ်သွေးတစ်သံတည်း တူညီအောင် တွေးခေါ်နိုင်ကြတဲ့ ခံစားနိုင်ကြတဲ့ သူတို့တွေကို လေးစားရမှာပါပဲ။ ကဲ နည်းနည်းလေး ရှင်းပြပါ့မယ်။

---------------------------------------------------------------------------

ပထမဆုံးအချက်ဖြစ်တဲ့ လွှတ်တော်မှာ တပ်မတော်က ကိုယ်စားလှယ် ၂၅ % ပါဝင်နေတဲ့ ကိစ္စပါ။ သူတို့တွေ ပြောသလို တစ်မတ်သားက တပ်မတော်က လူတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအချက်ကို ကြည့်ရအောင်ပါ။ ကဲပါဗျာ။ လျှောက်ပြောနေရင် လေရှည်ပါတယ်။ သာမန် လူပိန်းတွေးပဲ တွေးကြည့်ရ အောင်ပါ။ ကျွန်တော်ကလည်း လူပိန်းသာသာတစ်ယောက်ဆိုတော့ စာကြီးပေကြီးတွေနဲ့ ရှင်းပြနေရင် နားမလည်ဘဲ ပိုပြီးရှုပ်သွားမှာစိုးလို့ပါ။ ကျွန်တော်နားလည်တာကတော့ ရှင်းရှင်းလေးပါပဲ။ ခင်ဗျားတို့ ပြောနေကြတဲ့ တစ်မတ်သား တပ်မတော်ကိုယ်စားလှယ်တွေကို ဘာဖြစ်လို့ ကန့်ကွက်နေကြတာလဲ။ ဘာလို့ ဒီ ၂၅ % ကို ကြောက်နေရတာလဲ။ အချိုးချကြည့်စမ်းပါဦးဗျာ။ အရပ်သားဘက်က ကိုယ်စားလှယ်က ၃ ဆ၊ တပ်မတော်ကိုယ်စားလှယ်က ၁ ဆ နဲ့ “တစ်အချိုးသုံး” ဆိုတဲ့ ပမာဏကို ဘာဖြစ်လို့ ပြာပြာသလဲ ဖြစ်နေရသလဲဗျ။ စဉ်းစားလို့ကို မရဘူး။ ကဲပါဗျာ။ လွှတ်တော်မှာ ပြဿနာတစ်ရပ်ကို ဆွေးနွေးကြပြီဆိုပါတော့။ အဲဒီမှာ မဲဆန္ဒခံယူကြတဲ့အခါ ခင်ဗျားတို့ ထင်နေကြသလို တပ်မတော်က ကိုယ်စားလှယ်တွေက ကန့်ကွက်မဲအကုန်ပေးကြတယ်ပဲထား။ ၂၅ % ပဲ ရှိတယ်။ ကျန်တဲ့ အရပ်ဘက်က ၇၅ % က ထောက်ခံကြရင် တစ်မတ်သားလေးက ဘာလုပ်လို့ ရမှာလဲဗျ။ ခင်ဗျားတို့ မှာလည်းဗျာ။ အော်လိုက်ရတဲ့ ဒီမိုကရေစီ။ အခြေခံသင်္ချာအချိုးတောင် မကျေညက်သလို ဖြစ်မနေဘူးလား။ ရှင်းရှင်းပြောရရင် အရပ်သားဘက်ကလူတွေက သူတို့ ၇၅ % နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေကို ဘာမှကို ဂရုမစိုက်ဘဲ သူတို့လုပ်ချင်ရာကို လုပ်နိုင်တဲ့ အင်အားကြီး ရှိနေတာကို ခင်ဗျားတို့ မတွေးမိတာ အံ့သြပါ့ဗျာ။

တပ်မတော်သားကိုယ်စားလှယ် ၂၅%ကို ထည့်ထားတဲ့ ရည်ရွယ်ချက်က ခင်ဗျားတို့ပြောသလို အာဏာကို မစွန့်ချင်လို့ ဆုပ်ကိုင်ထားချင်လို့ မဟုတ်ပါဘူးဗျာ။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ ကျင့်သုံးတဲ့နေရာမှာ တိမ်းစောင်းချွတ်ချော်မှုတွေ ရှိလာခဲ့ရင် ပြည်သူလူထု ကိုယ်စား ပါဝင်ထိန်းညှိပေးဖို့သာ ဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ခုက အခု ကျွန်တော်တို့ ကျင့်သုံးမှာက ပါတီစုံဒီမိုကရေစီ ဖြစ်တဲ့အတွက် အခုနိုင်ငံကြီးတွေမှာ ဖြစ်နေသလို ပါတီငယ်လေးတွေအပေါ် အင်အားကြီး ပါတီတွေက အမြဲတမ်း တစ်ဖက်သတ်အနိုင်ယူနေတာမျိုးတွေ မဖြစ်အောင် ထိန်းပေးဖို့လည်း ပါပါတယ်။

ဥပမာဗျာ - လွှတ်တော်မှာ အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်လို့ ပါတီငယ်လေးတစ်ခုက အဆို တစ်ခု တင်သွင်းတယ်ဆိုပါတော့။ သူတို့ပြောတဲ့ အဆိုက တကယ်လည်း အကျိုးရှိမှာ မှန်တယ်။ လုပ်လည်း လုပ်သင့်တယ်ပေါ့ဗျာ။ ဒါပေမယ့် ပါတီကြီးတွေအနေနဲ့က အဲဒါကို လက်ခံလိုက်ရင် ပါတီငယ်လေးက ဒီလို ကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ မူဝါဒတွေရှိတာပဲဆိုပြီး ပြည်သူတွေက နောက်တစ်ခါ မဲပေးကြတဲ့အခါ သူတို့ကို မဲများပိုပေးကြမလား၊ ငါတို့မဲတွေများ လျော့သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လက်မခံချင်ကြဘူး။ အဲဒါကို အတည်ပြုဖို့ မဲဆန္ဒကောက်တဲ့အခါ ပါတီကြီးတွေ စုပေါင်းပြီး အဲဒီ ပါတီငယ်လေးကို အနိုင်ကျင့် ဗိုလ်ကျတာမျိုး မဖြစ်စေဖို့အတွက် မှန်မှန်ကန်ကန် ရပ်တည်ပေးနိုင်မယ့် (ဆိုလိုတာက ကောင်းတာကို ကောင်းတယ် ထောက်ခံပေးရပါမယ်) အင်အားလိုတဲ့အတွက် ချိန်ခွင်လျှာ ညှိပေးလို့ရအောင် တပ်မတော်သား ကိုယ်စားလှယ် ၂၅% ထည့်ပေးထားတယ်လို့ ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် ဉာဏ်လေးနဲ့ တွေးမိတာပဲဗျာ။

ဒါကြောင့် ကျွန်တော်ပြောချင်တာက တပ်မတော်သားကိုယ်စားလှယ် ၂၅% ဆိုတာကို ဘာမှကို သံသယ ဖြစ်မနေပါနဲ့။ ကြောက်မနေပါနဲ့။ ခင်ဗျားတို့ကသာ မှန်မှန်ကန်ကန်လုပ်တယ်ဆိုရင် အားလုံးညီညွတ်ကြရင် ၃ ဆ နဲ့ ၁ ဆ ဘာမှ လုပ်လို့ မရပါဘူးဗျာလို့ပဲ အော်လိုက်ချင်ပါတယ်။

နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေ ပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေကို တပ်မတော်က ထိန်းချုပ်ထားတာ လုံးဝ မပါရှိပါဘူးဗျာ။

ဆန္ဒခံယူပွဲ (၄)


ဒုတိယတစ်ချက်ဖြစ်တဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့သည် စစ်ရေးအတွေ့အကြုံ ရှိသူများ ဖြစ်ရမည် ဆိုတဲ့အချက်ကတော့ စာအုပ်ထဲမှာ ပါတဲ့ အချက်ကို ရေးပြလိုက်ရင် ရှင်းပြစရာ မလိုအောင်ကို ရှင်းသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ပြောဖူးသလို ဂျပန်ရေချိုးတယ်ဆိုတာထက် ရှင်းသွားမယ် ဆိုတာမျိုးပေါ့ဗျာ။

စာပိုဒ် (၅၉) မှာ ဒီလိုရေးထားပါတယ်ဗျာ……….. ဖတ်ကြည့်ပါဦး။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးစလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြောက်ခြင်း ခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်။

(င) သမ္မတအဖြစ် ရွေးချယ်တင်မြောက် ခံရသည့်အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။

( ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချ နေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်း ရေတွက်ရမည်။ )

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

…….

ကဲ ဖတ်ခဲ့ရတဲ့အတိုင်းပါပဲ။ ဘယ်နားမှာများ စစ်ရေးအတွေ့အကြုံရှိရမည်လို့ ရေးထားတာကို တွေ့ရပါသလဲဗျာ။ အခုရေးထားတဲ့အချက်ကို ကန့်ကွက်တယ်ဆိုရင်တော့ ခင်ဗျားတို့ ထောက်ခံချင်တာက ဒီလိုဖြစ်မယ်ဗျ။

“နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရန် မလိုအပ်ချေ”

အဲဒီလို ရေးစေချင်တာဆိုရင်တော့ ခင်ဗျားတို့ နိုင်ငံတစ်ခုကို ထူထောင်ပြီးတော့မှသာ ကိုယ့်ဘာသာ ရေးကြတော့ဗျာ။ သမ္မတတို့ ဒုတိယသမ္မတတို့ဟာ ဘာမှမသိမတတ်လည်း ရတယ်လို့ ခင်ဗျားတို့က ပြောချင်နေတာပဲလို့ ကျွန်တော်ကဆိုရင် ကျွန်တော့်ကို ကျီးကန်းတွေလို ၀ိုင်းအာကြဦးမယ်။ အခု ပြောနေတာကတော့ အဲဒီသဘော သက်ရောက်နေတာပါပဲ။

အခု အမြဲတမ်းငြင်းနေတဲ့ NLD တို့၊ ပြည်ပရောက် နိုင်ငံရေးက၀ိယောင်ယောင်၊ နိုင်ငံရေး ခေါင်းဆောင် ယောင်ယောင်တွေက အပိုဒ်ခွဲ (စ) ကြောင့် အနာပေါ် တုတ်ကျဖြစ်ပြီး မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကို ထိုးခွဲနေကြတာပါဗျာ။ သေချာစဉ်းစားကြည့်ကြစမ်းပါ။ နိုင်ငံမှာ ခေါင်းဆောင်လုပ်ချင်တဲ့ လူတစ်ယောက်က အခြားတိုင်းတစ်ပါးနိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ်လည်းခံယူထားတယ်၊ အဲဒီ နိုင်ငံတွေရဲ့ အထောက်အပံ့ကိုလည်း ယူထားတယ်ဆိုရင် သူ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေပါ ဆိုတာကို ဘယ်လိုယုံရပါတော့မလဲ။ တိုင်းပြည်က ဆင်းရဲနေပါတယ်၊ တိုင်းပြည်မှာ လွတ်လပ်မှုတွေ မရှိပါဘူးဆိုပြီး အော်နေပြီး သူတို့ကတော့ နိုင်ငံရပ်ခြားတွေမှာ ဒေါ်လာတွေ အခန့်သားစား၊ စည်းစိမ်အပြည့်နဲ့ ခံစား၊ သားသမီးတွေကို မြန်မာစကားတောင် တတ်အောင် မသင်ပေးဘဲနဲ့ အချိန်တန်လို့ ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျမှ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်တာ မလုပ်ရဘူးဆိုပြီး ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မမျှတဘူး၊ မထောက်ခံဘူးလုပ်နေတာဟာ တရားသလား မတရားဘူးလားလို့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါတော့ဗျာ။

ဆန္ဒခံယူပွဲ (၅)


တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်တယ်လို့ ဘယ်နားမှာ ရေးထားသလဲဆိုတာကို ကျွန်တော် ဘယ်လိုမှ လိုက်ရှာလို့ မရပါဘူး။ စာအုပ်ကို မဖတ်ဖူးတဲ့ လူတွေအတွက် အင်တာနက်ပေါ်မှာ ရေးထားတဲ့ ကောလဟာလတွေဟာ မှန်သယောင်ယောင် ထင်ပြီး လက်ဆင့်ကမ်း ပြောနေကြတာဟာ အင်မတန်မှ အသိဉာဏ် နည်းလွန်းတယ်လို့ ဆိုချင်ပါတယ်။ နည်းနည်းလေး ပြောတာ ရိုင်းချင်ရင် ရိုင်းနေပါလိမ့်မယ်။ အစ်ကိုကြီးတစ်ယောက် ပြောဖူးသလိုပါပဲ။ ပြောတော့ ဘွဲ့ရ၊ လက်မှတ်ထိုးတော့ သူများအကွက်မှာ ဆိုသလိုပါပဲ။ ပြောတော့ဖြင့် ကမ္ဘာလုံးချီပြီ ဂလိုဘယ်တွေဘာတွေနဲ့ပြောနေပြီး စာအုပ်ထဲမှာ တကယ် ပါမပါ ကိုယ်တိုင်မလေ့လာတော့ဘဲ သူများယောင်လို့ အမောင်ယောင်ပြီး တောင်မှန်းမြောက်မှန်း မသိ ဖြစ်နေတာတွေဟာ ကောင်းတဲ့ အလေ့အကျင့်တွေ မဟုတ်ပါဘူး။ အင်တာနက်ထဲက သတင်းဌာနတွေက ရေးထားတာမှန်သမျှဟာ အမှန်တွေချည်းလို့ မျက်လုံးမှိတ်ပြီးယုံနေတဲ့လူတွေအတွက်တော့ ရင်လေးမိပါတယ်။ ဒီမိုကရေစီခေတ်ရောက်တဲ့အခါ အပြောကြွယ်တဲ့ နိုင်ငံရေးသမားတွေရဲ့ လှိမ့်လုံးတွေ၊ လိမ်လုံးတွေ၊ မက်လုံးပေးတာတွေကို ခံရမှာ အဲဒီလူတွေ ထိပ်ဆုံးကပါပဲ။ နိုင်ငံရေးသမားဆိုတာကလည်း အင်မတန် ပြောတတ်တာကလား။ ငါ့စကားနွားရပြောတဲ့ အတတ်ပညာကို နိုင်ငံရေးသမားတွေသာ အကျွမ်းကျင်ဆုံး၊ အသုံးအချဆုံးဆိုတာကို ဒီနေ့ ဒီမိုကရေစီလို့ တွင်တွင်ကြီးအော်နေတဲ့ နိုင်ငံကြီးတွေကို လေ့လာကြည့်ရင်သိပါတယ်။ မဲဆွယ်ပွဲမှာ ပြောတုန်းကတော့ ရွှန်းရွှန်းဝေပြီး နိုင်ငံကြီးကပဲ အခုချက်ချင်း သူသမ္မတဖြစ်တာနဲ့ နတ်ပြည်အလား ဖြစ်တော့မလိုလိုနဲ့။ တကယ်လည်းဖြစ်ရော သူလုပ်ချင်ရာလုပ်တဲ့ ဖြစ်ရပ်တွေ အများကြီးပါပဲ။ စကားတွေက ဘေးရောက်သွားပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ထဲမှာ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အချက် လုံးဝ (လုံးဝ) မပါရှိပါကြောင်း ပြောပါရစေ။ တပ်မတော်ဟာ တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး ပြည်တွင်းရန်၊ ပြည်ပရန်တွေကို ကာကွယ်တွန်းလှန်သွားမယ်ဆိုတဲ့ အချက်တွေသာ ပါရှိပါကြောင်း မောင်းခတ်လိုက် ပါရစေဗျာ။

ဆန္ဒခံယူပွဲ (၆)


တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်တယ်လို့ ဘယ်နားမှာ ရေးထားသလဲဆိုတာကို ကျွန်တော် ဘယ်လိုမှ လိုက်ရှာလို့ မရပါဘူး။ စာအုပ်ကို မဖတ်ဖူးတဲ့ လူတွေအတွက် အင်တာနက်ပေါ်မှာ ရေးထားတဲ့ ကောလဟာလတွေဟာ မှန်သယောင်ယောင် ထင်ပြီး လက်ဆင့်ကမ်း ပြောနေကြတာဟာ အင်မတန်မှ အသိဉာဏ် နည်းလွန်းတယ်လို့ ဆိုချင်ပါတယ်။ နည်းနည်းလေး ပြောတာ ရိုင်းချင်ရင် ရိုင်းနေပါလိမ့်မယ်။ အစ်ကိုကြီးတစ်ယောက် ပြောဖူးသလိုပါပဲ။ ပြောတော့ ဘွဲ့ရ၊ လက်မှတ်ထိုးတော့ သူများအကွက်မှာ ဆိုသလိုပါပဲ။ ပြောတော့ဖြင့် ကမ္ဘာလုံးချီပြီ ဂလိုဘယ်တွေဘာတွေနဲ့ပြောနေပြီး စာအုပ်ထဲမှာ တကယ် ပါမပါ ကိုယ်တိုင်မလေ့လာတော့ဘဲ သူများယောင်လို့ အမောင်ယောင်ပြီး တောင်မှန်းမြောက်မှန်း မသိ ဖြစ်နေတာတွေဟာ ကောင်းတဲ့ အလေ့အကျင့်တွေ မဟုတ်ပါဘူး။ အင်တာနက်ထဲက သတင်းဌာနတွေက ရေးထားတာမှန်သမျှဟာ အမှန်တွေချည်းလို့ မျက်လုံးမှိတ်ပြီးယုံနေတဲ့လူတွေအတွက်တော့ ရင်လေးမိပါတယ်။ ဒီမိုကရေစီခေတ်ရောက်တဲ့အခါ အပြောကြွယ်တဲ့ နိုင်ငံရေးသမားတွေရဲ့ လှိမ့်လုံးတွေ၊ လိမ်လုံးတွေ၊ မက်လုံးပေးတာတွေကို ခံရမှာ အဲဒီလူတွေ ထိပ်ဆုံးကပါပဲ။ နိုင်ငံရေးသမားဆိုတာကလည်း အင်မတန် ပြောတတ်တာကလား။ ငါ့စကားနွားရပြောတဲ့ အတတ်ပညာကို နိုင်ငံရေးသမားတွေသာ အကျွမ်းကျင်ဆုံး၊ အသုံးအချဆုံးဆိုတာကို ဒီနေ့ ဒီမိုကရေစီလို့ တွင်တွင်ကြီးအော်နေတဲ့ နိုင်ငံကြီးတွေကို လေ့လာကြည့်ရင်သိပါတယ်။ မဲဆွယ်ပွဲမှာ ပြောတုန်းကတော့ ရွှန်းရွှန်းဝေပြီး နိုင်ငံကြီးကပဲ အခုချက်ချင်း သူသမ္မတဖြစ်တာနဲ့ နတ်ပြည်အလား ဖြစ်တော့မလိုလိုနဲ့။ တကယ်လည်းဖြစ်ရော သူလုပ်ချင်ရာလုပ်တဲ့ ဖြစ်ရပ်တွေ အများကြီးပါပဲ။ စကားတွေက ဘေးရောက်သွားပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ထဲမှာ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အချက် လုံးဝ (လုံးဝ) မပါရှိပါကြောင်း ပြောပါရစေ။ တပ်မတော်ဟာ တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး ပြည်တွင်းရန်၊ ပြည်ပရန်တွေကို ကာကွယ်တွန်းလှန်သွားမယ်ဆိုတဲ့ အချက်တွေသာ ပါရှိပါကြောင်း မောင်းခတ်လိုက် ပါရစေဗျာ။

ဆန္ဒခံယူပွဲ (၇)


နိဂုံးချုပ်ပြောလိုတာကတော့ ရာနှုန်းပြည့်စံချိန်မီတဲ့ အခြေခံဥပဒေဆိုတာ ကမ္ဘာမှာ မရှိသေးဘူး ဆိုတာရယ်၊ ဒီမိုကရေစီနဲ့ ပက်သတ်လို့ အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရှိပါတယ်လို့ လက်မ ထောင်နိုင်တဲ့နိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး ဆိုတာပါ။

ပြောချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေးသိပ္ပံပညာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း သဘောတရားတွေနဲ့ ရာနှုန်းပြည့် ကိုက်ညီ/မညီ ဆိုတဲ့အချက်ထက် ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေ အနေအထား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ နိုင်ငံရေးအခြေအနေသမိုင်းကြောင်း အတွေ့အကြုံအရ သင့်တော်၏/မတော်၏ ဆိုတာက ပိုပြီး အရေးကြီးတယ်ဆိုတာပါပဲ။ ဆေးပညာသိပ္ပံလောကမှာ အင်မတန် ထူးကဲတဲ့ တွေ့ရှိမှုကြီးဖြစ်တဲ့ ပင်နီဆလင်ဆေးဟာ လူတိုင်းနဲ့ မတည့်ဘူး၊ လူတိုင်းအတွက် သုံးလို့မရဘူး ဆိုတာကို နည်းနည်းလေး စဉ်းစားကြည့်စမ်းပါဦးဗျာ။

ကဲ ပြောတာတွေလည်း အတော်များသွားပါပြီ။ ဒီလိုတွေပြောနေတဲ့အတွက် ကျွန်တော်က သိပ်ပြီးသိနေတတ်နေလို့ ဆရာကြီးလုပ်နေတာ မဟုတ်ပါဘူး ဒါပေမယ့် အင်တာနက်ထဲမှာ ရေးထားတဲ့သတင်းအမှားတွေဟာ မှားနေတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ ဘာတွေဘယ်လို မှားနေတယ်ဆိုတာကို ကျွန်တော်သိသလောက် ပြန်ပြီး ရှင်းပြခြင်းဖြစ်ပါတယ်။ သိတာကို ပြန်ပြီးဝေငှပေးဖို့ တာဝန်ရှိတယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ ဒီပို့စ်အတွက် ရလာမယ့် တုံ့ပြန်မှု အမျိုးမျိုးကိုလည်း မျှော်လင့်ပြီး ဖြစ်ပါကြောင်း ကြိုပြီး ပြောလိုက်ပါရစေဦး။ သေချာတာကတော့ ကျွန်တော်ဟာ ခွေးဟောင်တိုင်း အိပ်ရေးပျက်ခံပြီး ထကြည့်မယ့် လူမဟုတ်ဘူးဆိုတာကို နိုင်ငံရေးသမား ယောင်ယောင် ဘာယောင်ယောင်လုပ်ပြီး အင်တာနက်ထဲမှာ သတင်းမှားတွေ လွှင့်နေတဲ့ ပုဂ္ဂိုလ်တွေကို သိစေချင်တာပါပဲ။ လူအများကို အတွေးအမြင်တွေမှားအောင် လုပ်နေတဲ့ သူတို့ရဲ့အကုသိုလ်ဟာ ဘယ်လောက်ကြီးတယ် ဆိုတာ သူတို့ နည်းနည်းလေး တွေးမိရင် အတော်ကောင်းမှာပါပဲ။ သူတို့ကတော့ လက်ညှိုးတွေ ထိုးဖို့ပဲ ကြိုးစားကြဦးမှာပါပဲ။ စကားတစ်ခွန်းရှိပါတယ်။ ဘယ်သူ တရားပျက်ပျက် ကိုယ်တရား မပျက်ပါနဲ့တဲ့။ ငါ့အမြီးကို ကိုက်လို့ သူ့နားရွက်ကို ပြန်ကိုက်တယ် ဆိုတဲ့ တိရစ္ဆာန် သာသာ အတွေးအခေါ်တွေနဲ့ အလုပ်တွေ လုပ်နေကြရင်ဖြင့် အနာဂတ် နိုင်ငံတော်ကြီးအတွက် ရင်လေးနေမိပါကြောင်း။

 
Web Statistics