Wednesday, April 30, 2008

ပဋိပက္ခစနစ်



ဆရာကျော်ဝင်း ရေးတဲ့ အတောင်ပါသော စကားလုံးများ စာအုပ်ကို ဖတ်ရင်းနဲ့ သဘောကျလို့ မှတ်ထားတဲ့ စာလေးတစ်ပုဒ်ပါ။ မူရင်းစာအုပ် Word Power, by Edward Debono ကို မှီငြမ်းပြီး ဆီလျော်အောင် ဘာသာပြန် ရေးသားထားတဲ့ အဲဒီစာအုပ်ထဲမှာ သဘောကျစရာလေးတွေ အများကြီးပါပဲ။ အဲဒီအထဲကမှ “ပဋိပက္ခစနစ်” ဆိုတဲ့ အပုဒ်ကို ဖော်ပြပေးလိုက် ပါတယ်။
-------------------
ပဋိပက္ခစနစ်
(Adversary System)
ငါမှန်တယ်၊ သူမှားတယ်ဆိုတဲ့ စဉ်းစားပုံကလာတဲ့ စနစ်ပါ။ ခေါမဆရာတွေက လမ်းဖောက်ခဲ့တာလို့ ဆိုနိုင်ပါလိမ့် မယ်။ “ဆိုကရေးတီး” က အဆိုပြုချက်တစ်ခုကို ဆန့်ကျင်ဘက်က ငြင်းခုံပါ။ ဒီနည်းနဲ့ အမှန်တရားကို ဦးတည် သွားလိမ့်မယ်လို့ ဟောပါတယ်။ အလယ်ခေတ်က ကျောင်းတော်ဟာလဲ သူနဲ့ အယူအဆ မတူသူ အားလုံးကို ဒီနည်းနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့တာပါပဲ။
ဂျာမန်ဒဿနဆရာ ဟီးဂဲ(လ်) လက်ထက်ရောက်တော့မှ စနစ်တစ်ခုအနေနဲ့ ဖြစ်တည်လာခဲ့ပါတယ်။ ဟီးဂဲ(လ်)က ဖြစ်ပေါ်တိုးတက်မှုတွေရဲ့ အရင်းခံဟာ ပဋိပက္ခလို့ ဆိုပါတယ်။ သူ့ရဲ့ နာမည်ကျော် “ဒိုင်ယာလက်တစ်နည်း”ကို “မူလ၊ ပဋိ၊ သမူဟ” (Thesis, Antithesis, Synthesis) ဆိုတဲ့ အဆင့်ဆင့် ဖြစ်စဉ်နဲ့ သရုပ်ဖော်ပါတယ်။ တည်ဆဲ အခြေအနေတစ်ခု (မူလ)နဲ့ ဆန့်ကျင်ဘက် အခြေအနေတစ်ခု (ပဋိ) ဖြစ်ထွန်း ကြီးထွားလာပြီး၊ ပဋိပက္ခဖြစ်ရာကနေ “ပြေငြိမ်းမှုအသစ်တစ်ခု” (New Order) ဆိုတဲ့ (သမူဟ) ဖြစ်လာတယ်လို့ ရှင်းပါတယ်။ ဒီနေရာမှာတော့ “ကား(လ်)မာက်စ်” ဟာ ဟီးဂဲ(လ်)ကို ဆက်ခံသူ ဖြစ်ပါတယ်။ “မာက်စ်” ရဲ့ လူမှုတော်လှန်ရေးဟာ ဒီအခြေခံပေါ်က လာတာပါ။
ပြောရမယ်ဆိုရင်တော့ ဒီလို သူနိုင်ငါနိုင် ယှဉ်ပြိုင်မှုမျိုးဟာ ယဉ်ကျေးမှုတိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ လို့တောင် ဆိုနိုင်ပါလိမ့်မယ်။ ရောမတွေက လူနှစ်ယောက်သတ်တာကို အရသာခံကြည့်ကြတယ်။ စပိန်တွေက လူနဲ့ နွားရိုင်းသတ်ပွဲကို မျက်စိစားပွဲထိုင်ကြတယ်။ ဒီနေ့အထိလည်း အလဲအကွဲထိုးကြတဲ့ လက်ဝှေ့ပွဲတွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေကြတုန်းပဲ။ ကျောင်းသားလေးတစ်ယောက်က သူ့ပြိုင်ဘက်ကို တစ်ကွက်ကျော်နိုင်ဖို့ အမြဲစဉ်းစား တယ်။ စီးပွားရေးသမားက သူ့ပြိုင်ဘက်ကို ဈေးကွက်ထဲက နှင်ထုတ်ဖို့ အမြဲကြံဆတယ်။ နိုင်ငံရေးသမားကလည်း သူ့ပြိုင်ဘက်ကို အပြတ်ဆော်ဖို့ အမြဲ နှလုံးသွင်းနေတယ်။
တကယ်တော့ ဒီစနစ်ဟာ တစ်မဟုတ်ရင် နှစ်၊ မဖြူရင် မည်း၊ မမှန်ရင် မှား ဆိုတဲ့ လောဂျစ်ပါ။ တစ်ဖက်လူ မှားကြောင်း သက်သေပြနိုင်မှ ကိုယ့်ဘက်က မှန်ရာရောက်မယ်လို့ ယူဆကြတာ ဖြစ်လေတော့ ဆန့်ကျင်ဘက်တွေကြားမှာ မေတ္တာထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ ရန်-ငါ ဆက်ဆံရေး ဖြစ်လာတော့တယ်။
တကယ့်လက်တွေ့မှာတော့ အမှားထဲမှာ အမှန်ရှိနိုင်သလို၊ အမှန်ထဲမှာလည်း အမှားရှိနိုင်ပါတယ်။ နှစ်ဖက်စလုံး မှားနိုင်သလို တစ်စိတ်တစ်ပိုင်းအရဆိုရင် နှစ်ဖက်စလုံးလဲ မှန်နိုင်စရာရှိပါတယ်။ ပညာသဘောဘက်ကကြည့်ရင် ကိုယ့်အထိုင်ပေါ်ကနေ ကိုယ် ဇွတ်မှန်နေကြတာဟာ ကလေးဆန်လွန်းရာ ရောက်ပါတယ်။ အမှန်တရားကို လက်တွဲ ရှာဖွေဖို့ထက် ငြင်းခုံဖို့ပဲ အားသန်နေကြတယ်။ ဒီလိုနဲ့ ပြဿနာကို ဦးမတည်နိုင်ဘဲ ပုဂ္ဂိုလ်ရေးရန်စောင်မှုတွေ ဖြစ်လာတယ်။
ခေတ်သစ် “ဂိမ်းသီအိုရီ” (Game Theory) ကတော့ ပဋိပက္ခစနစ်ကို “သုညဆက်ဆံရေး” (Zero-Sum-Game) လို့ ခေါ်ပါတယ်။ နိုင်သူရော ရှုံးသူအတွက်ပါ အကျိုးမများပါဘူး။ ချုပ်လိုက်ရင် အဖြေဟာ “သုည” ပဲ။ နှစ်ဖက်လုံးအတွက် “နာ-နာ ဆက်ဆံရေး” (Lost-lost Relation) ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အကြီးမားဆုံး အကန့်အသတ်တွေကတော့ ငြင်းပယ်တဲ့သဘော၊ အပျက်သဘောကဲနေတာ ဖြစ်ပါတယ်။ အပြုသဘော၊ တည်ဆောက်ရေးသဘော လုံးဝမရှိပါဘူး။

No comments:

Post a Comment

 
Web Statistics