ဒေါက်တာ ကျော်စိန်
သင်ဖတ်ရှုနေသော စာအုပ်များက စကားလုံးအတော်များများ၏ အဓိပ္ပါယ်ကို ပြည့်စုံအောင် ဖွင့်ပြနိုင်သည် မဟုတ်ပါ။ သင်၏ ဘ၀အတွေ့အကြုံကသာ ထိုထိုသော စကားလုံးတို့၏ အဓိပ္ပါယ်ကိုလည်းကောင်း၊ ပရိယာယ်အမျိုးမျိုးကိုလည်းကောင်း၊ အခြေအနေလိုက်၍ အရေးပါမှုကိုလည်းကောင်း၊ ခံစား၊ နားလည် သိရှိလုပ်ဆောင်ပေးနိုင်ပါသည်။ ယင်းစကားလုံးတို့အနက် အချို့မှာ ခိုးယူခြင်း၊ စိုက်ပျိုးခြင်း၊ ၀ယ်ယူခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တာဝန်ကျေပွန်ခြင်းတို့ ဖြစ်ပါသည်။ ယေဘုယျအားဖြင့်မူ သူတစ်ပါးပစ္စည်းကို ထိုသူမသိအောင် ယူငင်သုံးဆောင်ခြင်းသည်ပင် ခိုးယူခြင်း မည်ပါ၏။ သို့သော် အချိန်ကို မတရား ယူနေခြင်းကိုလည်းကောင်း၊ မသိနားမလည်သူတို့အပေါ် အမြတ်ထုတ်နေခြင်းသည်လည်းကောင်း ခိုးယူခြင်းဖြစ်သည်ဟု မထင်မှတ်တတ်ကြပါ။ လောကတွင် တာဝန်မကျေပွန်သူကို အပြစ်ပေးရကောင်းမှန်း သိသော်လည်း တာဝန်ကျေပွန်သူကိုမူ ဆုပေးရမှန်း မသိမမူတတ်သူ အများရှိပါသည်။ သူတို့ကို ပေးထားသည့် ပုံမှန်လစာရိက္ခာသည်ပင် ယင်းတာဝန်ကျေပွန်မှုအတွက် ဖြစ်သည်ဟုသာ ဆိုစမှတ် ပြုပါသည်။
လယ်သမားသည် စပါးပျိုးသူ ဖြစ်သည်။ မိဘတို့သည် သားသမီးပျိုးသူ ဖြစ်သည်။ ဆရာသမားတို့သည် တပည့်များကို ပျိုးသူဖြစ်သည်။ စိုက်ပျိုးခြင်းဟူသော စကားလုံးကို လယ်ယာကွင်းပြင်၊ သစ်ပင်ပန်းမန် တို့နှင့်သာ တွဲ၍ သိတတ်ကြသည်။ သားသမီးနှင့်မိဘ၊ ဆရာနှင့် တပည့်တို့အကြား ပျိုးထောင်မှုကို လည်းကောင်း၊ တတ်သိပညာရှင်နှင့် နိုင်ငံခေါင်းဆောင်တို့၏ ယဉ်ကျေးမှုပျိုးထောင်မှုကိုလည်းကောင်း၊ လူတော်တော်များများက သတိမမူမိတတ်ကြပေ။ ယင်းတို့ကို သိနားလည်ဖို့အတွက် သာမန်မျက်စိထက် သာသော အမြင်သစ်မျက်စိ လိုအပ်ပေသည်။
ကိုယ်ခန္ဓာနှလုံးသားဝိညာဉ်နှင့် စိတ်ဓာတ်တို့၏ အရေးပါပုံကို သတိပြုပါ။ ကိုယ်ခန္ဓာသည် အာရုံအသီးသီး ၌ မွေ့လျော်ကျက်စားတတ်၏။ အာရုံခံခြင်း၊ အာရုံသိခြင်းတို့ကို ဖြစ်ပေါ်စေ၏။ နှလုံးသားဝိညာဉ်ကမူ အပြုအမူတို့ကို နှိုးဆွဖြစ်ပေါ်စေသည်။ စိတ်ဓာတ်က မူဝါဒချမှတ်၍ လမ်းညွှန်မှုပေးသည်။ မည်သို့ပင် ဖြစ်စေ၊ အာရုံခံစားမှုများသည် လယ်ကွင်းတွင် မြက်စားနေသော နွားသိုးကြီး၌လည်း ရှိသည်။ တောထဲက ကျားသတ္တ၀ါ၌လည်း ရှိသည်။ လူသားတွင် အညံ့ဆုံးဖြစ်သည့် နပုန်းပဏ္ဍုက်တို့၌လည်း ရှိသည်။ ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးမပျက်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော နီရိုဘုရင်တွင်လည်း ရှိပေသည်။ အာရုံခံစားမှုတို့က နှလုံးသားဝိညာဉ်ကို နိုးကြွစေကာ အပြုအမူတို့ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု ပေးသည့်သဘော ရှိပေသည်။
ကိုးကွယ်အားထားစရာ ဘုရားမရှိဟု ဆိုသူတို့သည်လည်းကောင်း၊ မိမိတို့မှီတင်းနေထိုင်ရာ တိုင်းပြည်နှင့် မဟာပထ၀ီမြေကြီးအပေါ်ကိုပင် သစ္စာစောင့်သိမှု မရှိသူတို့သည်လည်းကောင်း၊ မကောင်းမှု အ၀၀ကို ကျူးလွန်သောကြောင့် သံတိုင်နောက်ကွယ်တွင် ပြစ်ဒဏ်ကျခံနေရသူတို့သည်လည်းကောင်း၊ သူတို့၏ အပြုအမူကို လမ်းညွှန်ပေးသည့် စိတ်ဆိုသောအရာ ရှိပေသည်။ ယင်းစိတ်က သူတို့နှင့် လိုက်ဖက်သည့် အပြုအမူတို့ ဖြစ်ပေါ်စေရန် လမ်းညွှန်မှုပေးခြင်း ဖြစ်ပေသည်။ အချုပ်ဆိုရသော် လူဆိုးတစ်ယောက်၏ စိတ်က အကျဉ်းထောင်သို့ ဦးတည်သော အပြုအမူဖြစ်ပေါ်စေရန်လည်းကောင်း၊ လူကောင်းတစ်ယောက်၏ စိတ်က ကျောင်းသင်ခန်းသို့ ရှေးရှုသော အပြုအမူဖြစ်ပေါ်စေရန် လည်းကောင်း၊ တာဝန်ယူလုပ်ဆောင်ပေးတတ်ပေသည်။
သတ္တ၀ါအားလုံးသည် ပုံသဏ္ဍန်အားဖြင့် ခြားနားသော်လည်း သဘာဝအားဖြင့် ဆင်တူသော ကာယ ရှိကြ၏။ ယင်းကာယတွင် သဘာဝအားဖြင့် တူညီသည့် အာရုံခံအင်္ဂါတို့ ရှိကြသည်။ ထို့ကြောင့် သတ္တ၀ါတို့သည် မြင်ကြသည်။ မံသစက္ခုဖြင့် မြင်သည့်အတွက် လက်တွေ့ရင်ဆိုင်နေရသော ဘေးအန္တရာယ်တို့မှ ရှောင်ရှားနိုင်ကြသည်။ မိမိတို့ အလိုရှိရာကို ရှာဖွေဖမ်းယူနိုင်ကြ၏။ လူသားတို့တွင်ကား အခြားသတ္တ၀ါတို့နှင့် ဇီဝကမ္မ တည်ဆောက်ပုံချင်း ဆင်တူသော်ငြားလည်း ပို၍ အဆင့်မြင့်မားသည့် အာရုံခံမှု၊ အာရုံသိမှုတို့ ရှိပေသည်။
သတ္တ၀ါအားလုံးတွင် သာမန်အမြင်ဖြစ်သော မံသစက္ခု ရှိကြ၏။ လူသားတို့တွင်သာ ထူးခြားအဆင့်မြင့်သည့် ပညာစက္ခု၊ ပညာအမြင် ရှိပေသည်။ လူသားတွင်လည်း လူကောင်းတို့၌သာ ထက်မြက်သော ပညာမျက်စိရှိပေသည်။ ထိုမျက်စိက ကောင်းမှု၊ မကောင်းမှုတို့ကို ခွဲခြားသိစေသည်။ ထိုပညာမျက်စိကြောင့်ပင် လူကောင်းသည် ကောင်းသောအကြံအစည်ရှိသည်။ ကောင်းသောအပြုအမူ ရှိသည်။ ကောင်းသောစကားကိုသာ ပြောဆိုတတ်သည်။ ခြုံ၍ဆိုရသော် လူကောင်းဟူသည် အပြု၊ အကြံ၊ အပြောတို့တွင် ကောင်းသောအဆင့်၌ တည်နေသူများ ဖြစ်ကြပေသတည်း။