ပြောရဦးမယ်။ ၁၆-၁၀-၂၀၀၈ ရက်နေ့က ရတနာပုံမြို့သစ်မှာ ကျင်းပပြုလုပ်တဲ့ အိုင်စီတီ ပြပွဲကို သွားခဲ့တဲ့အကြောင်းပါ။ သူငယ်ချင်းတွေက အတန်တန်တားတဲ့ကြားက ကျွန်တော်ကိုက တစ်ခါမှ မရောက်ဖူး၊ မကြုံဖူးတဲ့အတွက် သွားချင်လွန်းလို့ သွားခဲ့တဲ့ခရီးပါ။ သူတို့တွေက ယခင်နှစ် အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘာမှဟုတ်တိပတ်တိမရှိဘူးတဲ့။ အဖြစ်ပဲများတယ်တဲ့။ ကျွန်တော်က လက်မခံပါဘူး။ ဒီလောက် အကုန်အကျခံပြီး တကူးတကလုပ်တဲ့ပွဲကတော့ အဲဒီလိုမဟုတ်လောက်ပါဘူးပေါ့။ အရင်နှစ်တွေကနဲ့ မတူဘဲ ဒီနှစ်မှာ ကောင်းရင် ကောင်းနေမှာပေါ့ဆိုပြီး သူတို့တွေကိုပါ ရအောင်မဲဆွယ်ပြီး ချီတက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ကနေ မိနစ်၂၀ လောက် ဆိုင်ကယ်နဲ့ ဆင်းရပါတယ်။ လမ်းကောင်းတော့ လူလည်းသက်သာပါတယ်။ ဟိုရောက်တော့ မနက် ၉ နာရီခွဲလောက်ရှိပါပြီ။ လူကျိုးတိုးကျဲတဲသာ တွေ့ရပါတယ်။ ဆိုင်ကယ်အပ်ရပါတယ်။ တစ်စီးကို ၅၀၀ိ/ ပေးရပါတယ်။ ပထမဆုံး ပြခန်းတွေပြတဲ့ အဆောက်အဦးကို ၀င်ကြည့်ကြပါတယ်။ အပြင်မှာတော့ LCD Screen အကြီးကြီးနဲ့ ဘာတွေပြနေမှန်းသေချာမသိပါ။ ဗီစီဒီထိုးပေးထားတာလား၊ တိုက်ရိုက်ပြနေတာလား ဘာမှ မကွဲပြားပါ။
ဝင်ပေါက်ရောက်တော့ လုံခြုံရေးက နည်းနည်းပါးပါးစစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နည်းနည်းများ ပြီးစလွယ်ဆန်နေသလားလို့ပါ။ စစ်ချင်သလိုမစစ်ချင်သလိုနဲ့ ၀တ်ကျေတန်းကျေလုပ်နေရတဲ့ပုံပါ။ ဒီအဆောက်အအုံအတွင်းမှာ ဘာပြဿနာမှမဖြစ်ဖို့ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ စိတ်နဲ့ စစ်ဆေးတာမဟုတ်တာတော့သေချာပါတယ်။ စစ်ဆေးရေးကိရိယာလေးနဲ့ ဟိုရမ်းဒီရမ်းလုပ်ပြီး ဘာမှလည်း မမေးသလို ဘာမှလည်းမပြောပါဘူး။ တွေးလိုက်ပါတယ်။ စစ်ဆေးရေးကိရိယာက အင်မတန်ကောင်းတဲ့အတွက် တကယ်လို့ တစ်ခုခု အန္တရာယ်ရှိတာပါလာရင် သေချာပေါက်အချက်ပြမှာပဲလို့ ယုံကြည်လို့ဖြစ်မယ်လို့ပေါ့။ ဒါပေမယ့် နောက်ဘက်လှေခါးကနေ ပြန်ထွက်တဲ့အချိန်ကျမှ ရှေ့ပေါက်မှာသာစစ်ဆေးနေတာ နောက်က ထွက်ပေါက်မှာကျတော့ ဘယ်သူမှလည်းမရှိ၊ မစစ်ဆေးဘဲနဲ့ကိုး။ ဘာနဲ့တူသလဲဆိုတော့ မျက်နှာမှာသနပ်ခါး အဖွေးသားလိမ်းထားပြီး နောက်ကျောမှာ ရွှံ့တွေဖုန်တွေ ဗရပွနဲ့ ပေကျံနေတဲ့လူတစ်ယောက်လို ပါပဲ။ ထားပါတော့။ အထဲက ပြခန်းတွေကို လိုက်ကြည့်ကြတယ်။ ဘာတွေပြထားမှန်းတော့ သေချာမသိပါဘူး။ ဘယ်သူကမှလည်း ဒါကဘာပါတို့ ဒါကိုဘယ်လိုသုံးရတယ်တို့ ရှင်းမပြကြပါဘူး။ လက်ကမ်းစာရွက်တွေတော့ အများကြီးရခဲ့တယ်။ ဘယ်လောက်များဆိုးသလဲဆိုရင် အခုပဲ သူ့ဆီက လက်ကမ်းကိုယူခဲ့တယ်။ အဲဒီရှေ့က နောက်တစ်ခေါက်ထပ်ဖြတ်တော့ ထပ်ပေးတယ်။ ဒါနဲ့ မသင်္ကာလို့ တမင်ရွဲ့ပြီးကို နောက်ထပ်ဖြတ်လျှောက်တယ်။ အောင်မယ်လေးဗျာ။ အဲဒီ ကိုကိုမမတို့က ထပ်ပေးတာပဲဗျ။ ပေးပြီးပြီလေလို့ ဆိုတော့ ရယ်ရယ်မောမောပဲ။ ရပါတယ်။ ယူသွားပါတဲ့။ တော်သေးတာပေါ့။ အခြားလူတွေကို ပေးလိုက်ပါဆိုပြီး ကိုယ့်ကို ပြန်ပြီး လက်ကမ်းမဝေခိုင်းလို့။ လက်ကမ်းတွေကို ဖတ်လိုက်တော့လည်း အမှားတွေက ဗရပွနဲ့။ ပြီးတော့ အဖြစ်ပဲ လုပ်ထားလိုက်တာများ။ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေများမြင်ရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဗျာ။ ရှက်စရာကောင်းပါတယ်။ Beginner Course ကို Begineer Course ဆိုပြီး ရေးလို့ရေး။ British English နဲ့ American English ကို တွဲပြီးရေးလို့ရေးနဲ့။ ဘာတွေမှန်းကို မသိတော့ပါဘူး။ သူငယ်ချင်းပြောသလိုပါပဲ။ ကွန်ပျူတာကျွမ်းကျင်တဲ့လူတွေက အင်္ဂလိပ်စာကို သိပ်ပြီးအလေးမထားတော့ဘူး။ သိပ်ပြီး ဂရုမစိုက်တော့ဘူးတဲ့။ သူကဟာသပြောတာပါ။ ဒါပေမယ့် ကျွန်တော်တွေးစရာရလိုက်တယ်။ ထားပါတော့။ ဒါက ဘာမှမဟုတ်တဲ့အကြောင်းလေးတွေကို ကြုံလို့ပြောတာပါ။ အရေးမကြီးပါဘူး။ အရေးကြီးတာက အဲဒီပြခန်းတွေကို ၀င်ကြည့်ပြီး မေးလိုက်ရင် ဘာမှသေသေချာချာ ဂဃနဏရှင်းမပြနိုင်တာပါ။ ကိုယ်တင်ထားတဲ့ပစ္စည်းအကြောင်းကိုတောင် ကိုယ်သေချာမသိပါဘူး။ ဟိုလူ့ကို လှမ်းခေါ်လိုက်၊ ဒီလူ့ကိုလှမ်းခေါ်လိုက်နဲ့။ လိုချင်တဲ့ပစ္စည်းကိုမေးရင်လည်း ပါမှန်းမပါမှန်း မသိပြန်ဘူး။ လှမ်းမေးရပြန်ရော။ အဲဒီပစ္စည်းပါသလားပေါ့။ ဟိုကလည်း ပါတယ်မပါဘူး သေချာစဉ်းစားပြီး မပါဘူးချည်းပဲ လုပ်နေတော့တာပါပဲ။ ကျွန်တော် အတော်လေးကို လန့်သွားပါတယ်။ ဒီလူတွေ ဒီပြခန်းတွေလာလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ အဲဒီရည်ရွယ်ချက်တွေ အောင်မြင်ရဲ့လားဆိုတာကို တွေးမိလို့ပါ။
ဒါနဲ့ပဲ ဘာကိုမှ မမေးတော့ဘဲ ဆိုင်ခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပဲ လုပ်ရတော့တယ်။ လက်ကမ်းစာရွက်တွေကတော့ ဘာရသလဲမမေးနဲ့။ အရေးထဲမှာ ဒုတိယထပ်ရောက်တော့ ကွန်ပျူတာသင်တန်းတက်ဖို့ လာဆွယ်နေသေးတယ်။ ဘယ်နှရာခိုင်နှုန်းလျှော့ဈေးနဲ့ အခုစာရင်းသွင်းလို့ရပါတယ်ဘာညာ လာလုပ်နေသေးတယ်။ လူက အတော်ကို စိတ်အချဉ်ပေါက်နေတာမို့ သင်တန်းမတက်ချင်ဘူး။ သင်တန်းနည်းပြဆရာလိုရင်တော့ အလုပ်လျှောက်ချင်ပါတယ်ဆိုပြီး ဘုတောလိုက်တော့မှ မရွှေချောက ပါးစပ်ဗျစ်တောက်ဗျစ်တောက်လုပ်ပြီး ကျန်ခဲ့လေရဲ့။
အပေါ်ဆုံးထပ်မှာတော့ ဖျော်ဖြေရေးခန်းမဆိုပြီး လူတွေပြည့်နေတာတွေ့ရတယ်။ သြော် လူတွေက ပြခန်းတွေကို လာကြည့်ကြတာမှ မဟုတ်ဘဲကိုး။ ဖျော်ဖြေရေးလာကြတာကိုး။ များလိုက်တဲ့လူတွေမှ တိုးမပေါက်အောင်ပါပဲ။ စင်ပေါ်မှာလည်း ဘာတွေကနေမှန်း မသိပါဘူး။ ညီလည်းမညီညာဘဲနဲ့ ကနေလိုက်ကြတာကို အားပေးနေတဲ့ပရိသတ်ကိုလေးစားလောက်ပါတယ်။ လူလည်း အတော်လေး စိတ်အိုက်လာတာမိုး အောက်ဆုံးထပ်ကို ပြန်ဆင်းလာခဲ့တယ်။ မြေညီထပ်နောက်ဖက်ကို ရောက်တော့မှ အဲဒီမှာ အင်တာနက်ကဖေး ဖွင့်ထားတာကို တွေ့ရတယ်။ စက်သုံးနေတဲ့လူတွေကတော့ သူတို့ဘေးကလူ ဘာလုပ်နေတယ်ဘာတွေရေးနေတယ်ဆိုတာကို မသိသလို သူတို့ရေးနေတာ၊ လုပ်နေတာတွေကိုလည်း မမြင်ရပါဘူး။ ဒါပေမယ့် နောက်ကျောဘက်ကနေ လာကြည့်တဲ့လူတွေက ဘယ်သူမဆို သူတို့ စာရေးနေတာတွေ၊ အင်တာနက်စာမျက်နှာတွေ ဖတ်နေတာတွေကို အတားအဆီးမရှိ မြင်နေရ၊ တွေ့နေရတော့ ရယ်ချင်သွားမိတယ်။ နည်းနည်းလေးနောက်ချင်တာနဲ့ Chatting လုပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို ဟိတ်..ဘာတွေညာနေတာလဲဆိုပြီး လှမ်းနောက်လိုက်တော့ မရွှေချောက အဲဒီတော့မှ minimize တွေဘာတွေလုပ်လို့။ ဟားဟား။ ပါးစပ်ကဘာတွေရွတ်နေမှန်းမသိခင် အမြန် ထွက်လာခဲ့ရတယ်။
Stage Show လုပ်တဲ့စင်ကိုကြည့်ပြီး အဆိုတော်တွေကို အတော်လေးသနားသွားမိတယ်။ သူတို့တွေ ဒီလောက်နေပူကြီးထဲမှာ နေကိုမျက်နှာမူပြီး ဘယ်လိုများ ခံစားပြီးသီဆိုဖျော်ဖြေကြသလဲမသိဘူး။ စင်ကြီးက နေပူကြီးထဲမှာ ဟီးနေတာပဲ။ ပူလိုက်အိုက်လိုက်မယ့် ဖြစ်ခြင်းဗျာ။ ထားပါတော့။ နေ့လည် ၁ နာရီမှာ ပွဲစမယ်လို့ကြေညာနေတာ ကြားနေရတယ်။ စောင့်မကြည့်တော့ပါဘူး။ ပြင်ဦးလွင်ဂီတပွဲတော် ကိုယ်တွေ့လေးတွေက ရှိထားတော့ တော်ကြာ ကိုယ်ပါကြားထဲကနေ ဟိုရှောင်ရ၊ ဒီပြေးရ လုပ်နေရဦးမယ်။ ဂီတပွဲကို ကြည့်ရတာကနည်းနည်း စိတ်မချမ်းသာတာ၊ စိတ်တိုရတာက များများဆို မတန်ပါဘူးဆိုပြီး ပြန်လာခဲ့ကြကြောင်းပါ။
အမှတ်တရ
ကိုဉာဏ်(ပန်းလောင်မြေ)
(P.S. ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ စတေ့ခ်ျရှိုးမှာ ရန်ဖြစ်ကြတာမှ အကြီးအကျယ်ပဲလို့ ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြန်ပြောပြတော့ စိတ်မတိုနိုင်ဘဲ ရယ်မိပါတယ်)
Monday, December 22, 2008
ရတနာပုံအိုင်စီတီပွဲတော်သို့တစ်ခေါက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment