ဘာလဲဟ မြန်မာအိုင်တီလောက
ကိုယ့်ဘာသာကိုယ်တောင် တစ်ခါတစ်လေ ကြောင်တောင်တောင်ဖြစ်မိတော့သည်။မြန်မာလူမျိုး ဖြစ်ရတာ ဂုဏ်ယူသလား၊ ဘာလား၊ ညာလားကိုတော့ မပြောချင်တော့ပါ။အခုစဉ်းစားမိနေတာက မြန်မာအိုင်တီလောကအကြောင်းဖြစ်သည်။ ဘယ်သူက ဆရာကြီး၊ဘယ်သူက ဆရာလေးမှန်းကို မသိတော့ပြီ။ သူ့ဟာနှင့်သူတော့ အားလုံးကတစ်ဖက်ကမ်းခတ်တွေချည်းဖြစ်နေသည်။ ဤနေရာတွင် ဘယ်သူက တပည့်ဆိုသောစကားလုံးကို ကျွန်တော်မသုံးခဲ့ပါ။ အခုအချိန်ထိ ကျွန်တော်တို့ကတော့ဘယ်သူ့ဆီက နည်းနာကိုယူသုံးထားတာပါ၊ ဘယ်သူကတော့ ကျွန်တော့်ရဲ့ လမ်းပြဆရာပါဟု မည်သူကမျှ မပြောသောကြောင့်ဖြစ်ပါသည်။ အားလုံးက မြန်မာအိုင်တီလောက၏ ရှေ့ဆောင်တွေချည်း၊ လမ်းပြတွေချည်း၊ ဖခင်တွေချည်း၊ ဦးဆောင်သူဘိုးအေကြီးတွေချည်း ဖြစ်နေကြသည်။ ကိုယ့်ဟာမှ အမှန်၊ ကိုယ်လုပ်တာကမှ အကောင်းဆုံးဆိုတာချည်းဖြစ်နေသည်။ ဘယ်သူတွေမှန်သလဲ၊ မှားသလဲ ကျွန်တော်မသိပါ။ ကျွန်တော်သိတာက ဆယ်စုနှစ်တစ်ခုစာခန့် ကြိုးစားနေကြပါသည်ဟုဆိုနေကြသည့် မြန်မာယူနီကုတ်ဆိုတာကို ကျွန်တော်ဘယ်လို နားလည်ရမှန်း မသိခြင်းဖြစ်ပါသည်။ ဘယ်ဟာက ယူနီကုတ်လည်းဆိုတာကို ကျွန်တော်တကယ်ကို နားမလည်ပါ။ နားလည်ချင်သည့်အတွက် စာအုပ်တွေရှာဖတ်ခါမှ ပိုဆိုးသွားသည်။ အားလုံးက သူ့ဟာနှင့်သူတော့ ဟုတ်နေသည်။ မဟုတ်တာက ကြားထဲကနေသည့် ကျွန်တော်တို့။ ကျန်တာတွေထားပါတော့။ အခုဆို အချို့အင်တာနက်မြန်မာစာမျက်နှာတွေကို ကျွန်တော်ဖတ်လို့မရတော့။ ဘာဖောင့်သုံးထားလို့ သုံးထားမှန်းလည်း ကျွန်တော်မသိ။ ၀င်းသမားကလည်း ၀င်းဖောင့်သည်သာ အကောင်းဆုံး၊ ယူနီကုတ်သမားတွေကလည်း ခေတ်မီသူတိုင်း ယူနီကုတ်သုံးကြသည် စသည်ဖြင့် အားလုံးကတော့ ကိုယ့်ကြွေးကြော်သံနှင့်ကိုယ် ဟုတ်နေကြသည်။ အခုဆိုလျှင် ကျွန်တော်သိသလောက် မြန်မာယူနီကုတ်ဆိုတာကြီးကို တင်ပြစံပြုနိုင်ရန် ပြုလုပ်နေသည့် အဖွဲ့က ၃-၄ ဖွဲ့လောက်ရှိသည်။ ဒါကကျွန်တော်သိသလောက်။ တရားဝင် အဖွဲ့အစည်းသဘောမဟုတ်ဘဲ ၀ါသနာရှင်သူငယ်ချင်းတွေစုပြီး လုပ်နေသည့် အဖွဲ့တွေလည်း ရှိသေးသည်။ အဲဒါမှဒုက္ခများရော။ အဖွဲ့(၃)ခုလုပ်လျှင် မြန်မာယူနီကုတ်က (၃)မျိုး ထွက်လာမှာလားဘာလားဆိုတာကို ကျွန်တော်သေချာနားမလည်။ တကယ်လို့သာ (၃)မျိုးထွက်လာလျှင်ဘယ်လိုလုပ်မလဲဟု ကိုယ့်ဘာသာကိုယ် မဆီမဆိုင်မေးကြည့်မိသည်။ အမှန်အတိုင်းပြောရလျှင် မဖြေတတ်။ သေချာသည်ကတော့ လုပ်နေသည့်သူတွေတော့မသိ။ကျွန်တော်တော့ စဉ်းစားရင်း အတော်ခေါင်းခြောက်သည်။ ကျွန်တော့်အမြင်ကိုပြောရလျှင် အားလုံး၏ ရည်မှန်းချက်သည် မြန်မာစာယူနီကုတ်စနစ်တစ်ခု ပေါ်ပေါက်လာရေးဖြစ်သည်။ သင်္ချာသဘောဖြင့်ပြောရလျှင် တွက်နည်းတွေ အများကြီး ရှိကောင်းရှိနိုင်ပါသည်။ အဖြေက တစ်ခုတည်းဖြစ်ရမည်မဟုတ်လား။ ထိုသို့ဆိုလျှင်စောစောက အဖွဲ့တွေ အားလုံး စုပေါင်းညှိနှိုင်းပြီး ဘယ်ဖြေရှင်းနည်းသည်အကောင်းဆုံးလည်းဆိုတာကို ဆွေးနွေး အဖြေရှာ အကောင်းဆုံးနည်းလမ်းကို စုပေါင်းညီညာစွာဖြင့် အမြန်ဆုံးအကောင်အထည်ဖော်၊ ဒါဆိုလျှင်မြန်မာစာယူနီကုတ်စနစ်တစ်ခု သေချာပေါက် အကောင်းဆုံးပေါ်ပေါက်လာမည်ဖြစ်သည်။ အခုတော့ ဘာတွေဖြစ်နေမှန်းကိုမသိ။ သူလုပ်တာက ဘယ်လိုအားနည်းချက်တွေရှိတယ်။ ငါတို့ဟာက ဘယ်လိုစံတွေနဲ့ ကိုက်ညီတယ်၊ ဘယ်လိုကောင်းတယ် စသည့်ပြိုင်ဆိုင်မှုများဖြင့်သာ ပြီးနေသည်။ အခုထိ ဘယ်ဟာကတော့မြန်မာစာယူနီကုတ်ဖြစ်ပါတယ်။ ကွန်ပျူတာမှာ မြန်မာစာစနစ်သုံးစွဲမယ့်လူတိုင်း အဲဒီယူနီကုတ်ကို စံအဖြစ်သုံးစွဲပါဆိုပြီးမကြေညာနိုင်သေး။ မသတ်မှတ်နိုင်သေး။ အင်တာနက်ပေါ်တွင် ပိုဆိုးသည်။ အရင်ကယူနီကုတ်ဆိုပြီး ကျွန်တော်တို့တွေသုံးနေတာက တစ်ခုတည်းဆိုတော့ဘာပဲပြောပြော ပြဿနာသိပ်မရှိ။ ကိုယ်ကလည်း အဲဒီယူနီကုတ်ဖောင့်ကိုပဲသုံးသည်။ အခြားသူတွေကလည်း အဲဒီဖောင့်ပဲဆိုတော့ သူ့ဆီကိုကိုယ်သွားပြီးဖတ်ဖတ်၊ ကိုယ့်ဆီကို သူလာပြီးဖတ်ဖတ် အဆင်ပြေ၏။ ဂူးဂဲလ်မှာရှာရင်လည်း အဆင်ပြေ၏။ အခုတော့ စလာပြီ။ သူ့စာမျက်မှာကိုသွားတော့ဘာဖောင့်နှင့်ရေးထားမှန်းမသိ။ ဖတ်လို့မရ။ ပဲပင်ပေါက်တွေက ပွထနေသည်။ကိုယ့်ဆီကို သူလာဖို့ဖိတ်တော့လည်း သူကပြောပြီ။ မင်းကလည်းကွာ အခုချိန်ထိယူနီကုတ်အစစ်ကို မသုံးသေးဘူးလားတဲ့။ ဘုရားရေ။ တစ်သက်လုံးက ကျွန်တော်တို့သုံးလာတဲ့ ဖောင့်ကို သူက မြောင်းထဲကို ပစ်ချနေပြီ။ သူသုံးနေတာကမှ တကယ့်ယူနီကုတ်ဆိုတဲ့ အထာပေါ့လေ။ ကျွန်တော်လည်းရေလိုက်ငါးလိုက်သဘောနဲ့ သူပြောတဲ့ယူနီကုတ်ကို တင်လိုက်တော့ မူလ ရှိနေတဲ့ဖောင့်နဲ့ ပြဿနာက တက်ရော။ အပြင်မှာတင် သူတို့တွေအချင်းချင်းဖိုက်ကြတယ်ထင်တာ။ ဘယ်ဟုတ်လို့လဲ။ ကွန်ပျူတာစနစ်ထဲမှာလည်း သူတို့ချင်းတွေ့ရင် ဖိုက်အောင်ကို ကျေးဇူးရှင် ပညာရှင်ကြီးများက လုပ်ထားရေးထားကြတာကိုး။ ကျွန်တော့်မှာတော့ ဟိုဖက်လည်း ဖတ်လို့မရ၊ ဒီဖက်လည်း လုပ်လို့မရနဲ့ အတော်ကို စိတ်ရှုပ်သွားတယ်။ ဒါနဲ့ ရှိသမျှယူနီကုတ်ဆိုတာတွေကို ဖျက်ပစ်လိုက်ရတယ်။ နောက်တစ်ခု ရှိသေးတယ်။ အခကြေးငွေနဲ့ ၀ယ်ယူသုံးစွဲခြင်းနဲ့ အခမဲ့သုံးစွဲခြင်းစနစ်နှစ်ခု။ အခုဖြစ်နေတာတွေထဲမှာ အဲဒီအချက်လည်းပါတယ်။ ဘယ်သူမှန်တယ်မှားတယ် ကျွန်တော် မပြောတတ်ဘူး။ တွေးလည်းမတွေးချင်ဘူး။ နည်းနည်းလေးပြောကြည့်မယ်။ ကျွန်တော်သုံးတာ ဂျီမေးလ်။ အခမဲ့။ကျွန်တော်ရေးတာ ဘလော့ဂ်စပေါ့။ အခမဲ့။ ၀င်းဒိုးခွေတွေဆိုတာက ပေါမှပေါ။ ထွက်သမျှ ၀င်းဒိုးအကုန်လုံးလောက်နီးနီးရဲ့ ကော်ပီတွေကကျွန်တော့်စက်ထဲမှာ၊ စီဒီတွေထဲမှာ အဆင်သင့်ပဲ။ ကြိုက်တဲ့ဝင်းဒိုးကိုတင်။ ပြောရရင် အလကားလောက်နီးနီးဆိုပါတော့။ အခုချိန်ထိတော့ ဘယ်ဌာနမှာမှမူရင်းဝင်းဒိုးစီဒီကို ၀ယ်သုံးတာ မတွေ့ဖူးသေးဘူး။ မတွေ့ဖူးသေးဘူးလို့ပြောတာနော်။ မရှိဘူးလို့ ကျွန်တော်မပြောဘူး။ အခုယူနီကုတ်အသစ်ထွက်လာရင် ၀ယ်သုံးရမယ်လို့ကြားတယ်။ တစ်ခါ မကြာဘူးဂျာနယ်တစ်စောင်ထဲမှာ ဖတ်လိုက်ရတယ်။ သူတို့ရေးထားတဲ့ ယူနီကုတ်ထွက်လာရင်အခမဲ့ အသုံးပြုခွင့်ပေးမယ်တဲ့။ ဘုရားရေ။ ကျွန်တော်က ဘယ်လိုနားလည် ရမှာလဲ။တစ်ယောက်က ပိုက်ဆံနဲ့ရောင်းမယ်။ တစ်ယောက်က အလကားပေးမယ်။ ဘာကွာလို့လဲ။အပြင်မှာသာမန်တွေးတွေးရရင် ပိုက်ဆံနဲ့က အလကားထက်ကောင်းတာပေါ့လို့ပြောလို့ရပေမယ့် အခုဟာက စဉ်းစားစရာပါပဲ။ ကျွန်တော်တွေးမိတာတစ်ခုရှိတယ်။ ပြောကြည့်မယ်။ သိပ်တော့ကြိုက်ကြမယ်မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်ကို ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောခြင်းပါ။ ဘယ်သူ့ကိုမှ သာစေနာစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ကြောင်း ဦးစွာစကားပလ္လင်ခံလိုပါတယ်။ အားလုံးကိုသိမ်းကျုံးပြီး မရိုက်တော့ပါဘူး။ မြန်မာအိုင်တီလောကသားဆိုတဲ့ပညာရှင်ကြီးတွေဟာ သိပ်ပြီးတော့ ပညာပြချင်ကြတယ်။ ဘယ်ဟာကတော့ငါကစပြီးလုပ်တာ၊ ဘယ်ဟာကတော့ ငါကတီထွင်သူပေါ့၊ ဘယ်ကိစ္စက ငါအရင်ချပြတာ၊ဘာကတော့ ငါမိတ်ဆက်ပေးမှ အသိတုံး၊ အလိမ္မာတုံး မြန်မာလေးတွေသိခွင့်ရကြရှာတာ၊ ငါက ဘယ်ကဏ္ဍမှာ ဆရာကြီးပဲ၊ ကျန်တဲ့လူတွေကငါ့လောက်သိတာမဟုတ်ဘူး ဆိုတဲ့ မာနတွေတံခွန်ထူနေကြတာပါပဲ။ ဖိုရမ်တွေခေတ်ကောင်းစဉ်တုန်းက ကျွန်တော်က ဖိုရမ်ဖတ်သူ။ အဲဒီမှာဖိုရမ်ရေးရင်း တိုက်ကြခိုက်ကြတာတွေ၊ စောင်းကြမြောင်းကြတာတွေကိုဖတ်ခဲ့ရတယ်။ ဘယ်သူက ဘာမှန်းကိုမသိလောက်အောင်ပါပဲ။ နောက် ဘလော့ဂ်တွေရွှေခေတ် ရောက်တော့လည်း အဲဒီလိုပဲ။ ကျွန်တော်က ဘလော့ဂ်မဖတ်ရရင်မနေနိုင်အောင် ဖြစ်သွားပြန်ရော။ ဟော အဲဒီအခါကျလည်း ဘလော့ဂ်တိုက်ပွဲတွေကညံနေပြန်ရော။ သူ့အုပ်စုနဲ့သူ အဖွဲ့တွေကွဲပြီး စောင်းကြမြောင်းကြ၊ရေးကြသားကြနဲ့ တကယ်တမ်းကောင်းမွန်တဲ့ဟာတွေ မဖတ်ရတော့ဘူး။ သူတို့တွေငယ်ကျိုးငယ်နာဖော်တာတွေ၊ အပုပ်ချတာတွေ၊ ဖွတာတွေကို လိုက်ဖတ်ပြီးအချိန်ကုန်ရတယ်။ကျွန်တော်တစ်ခုပဲ ကောက်ချက်ချလိုက်တယ်။ ကျွန်တော်တို့မြန်မာတွေဟာပါးစပ်ကသာ ပြောချင်ရာပြောတယ်။ တော်တော်တော့နာမည်ကောင်းလိုချင်တဲ့လူတွေပဲလို့။ နောက်ပြီးတော့ အမြဲတမ်းမောင်ဦးဖြစ်ချင်ကြတယ်။ ပထမဆုံးဆိုတဲ့စကားလုံးကို မြန်မာတွေလောက်မက်မောတဲ့လူ မရှိလောက်ဘူးလို့ ကျွန်တော်တော့ ထင်မိတာပါပဲဗျာ။
ပြောရဦးမယ်။ အိုင်တီအကြောင်းကို ဟုတ်တိပတ်တိ ဘာမှမသိနားမလည်ဘဲ တတ်ယောင်ကားနှင့် တကယ့်ပညာရှင်ကြီးတွေကို ဝေဖန်ပုတ်ခတ်ရေးသားသည့် ပထမဆုံးသော ခပ်စုတ်စုတ် မြန်မာဘလော့ဂ်ဂါဆိုတဲ့ ဂုဏ်ပုဒ်ကိုကျွန်တော်ရမယ်ဆိုရင်လည်း တန်ပါတယ်ဗျ။ နော်။ ကျွန်တော်လည်းမြန်မာတစ်ယောက်ပဲဗျာ။
ကိုဉာဏ်(ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် မတ်လ ၂၃ ရက်
No comments:
Post a Comment