မကြာမီ သင်္ကြန်ကျတော့မည်။ မြန်မာတို့၏ နှစ်သစ်ကူးအချိန်အခါပင်။ Myanmar New Year ဆိုပါတော့။ သို့သော် မြန်မာအများစုက မြန်မာနှစ်သစ်တစ်နှစ်ကူးသည်ကို သတိပြုမိတာ၊ အသိအမှတ်ပြုတာ၊ နှစ်သစ်ကူးအတွက် အထိမ်းအမှတ်ပွဲတော် ပြုလုပ်တာကို စိတ်ထဲရှိကြတာမဟုတ်။ အားလုံးနီးပါးလောက်က ရေကစားကြရန်၊ သင်္ကြန်တွင်းတွင် စိတ်လွတ် ကိုယ်လွတ် အနားယူကြရန်၊ ကဲကြရန်အတွက်သာ သတိရကြခြင်းဖြစ်ပါသည်။ မြန်မာတွေအားလုံးနီးပါး နှစ်သစ်ကူးအဖြစ် တကူးတကမျှော်တာက ဒီဇင်ဘာနှင့် ဇန်န၀ါရီကြား ခရစ်နှစ်အကူးအပြောင်းဖြစ်သည်။ တစ်ကမ္ဘာလုံးက ခရစ်သက္ကရာဇ်ကို အသုံးပြုနေသည့်အတွက် အများနှင့်နည်းတူ ခရစ်နှစ်အကူးအပြောင်း နှစ်သစ်ကို ကြိုဆိုတာ၊ ပျော်ကြရွှင်ကြတာကို လက်ခံပါသည်။ သို့သော် မြန်မာတို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်သက္ကရာဇ်ခုနှစ် သတ်မှတ်ချက်၊ ကိုယ်ပိုင်ရက်သတ်မှတ်ချက်၊ ကိုယ်ပိုင် မြန်မာလသတ်မှတ်ချက်များရှိပါသည်။ သို့သော် ဗေဒင်ဆရာ၊ နက္ခတ်ဆရာတွေလောက်ကသာ မြန်မာသက္ကရာဇ်၊ လ၊ ရက် များကို အများစုအသုံးပြုကြပြီး မြန်မာအများစုက နေ့စဉ်ဖြစ်သန်းနေသည့်အချိန်များတွင်ပင် ဒီနေ့ကတော့ မြန်မာလို ဘယ်နှရက်နေ့ဟု မသိကြတော့တာကို ၀မ်းနည်းမိပါသည်။ မြန်မာရက်များကို မသုံးကြသည်ကို နားလည်ပါသည်။ ခွင့်လွှတ်ပါသည်။ သို့သော် ကိုယ်ပိုင်သက္ကရာဇ်၊ လ၊ ရက်များကိုတော့ သိသင့်သည်ဟု ထင်မိပါသည်။ သင်္ကြန်ဘယ်နေ့ ကျသည်ကိုပင် မြန်မာလိုရက်ဖြင့် မပြောကြတော့ပါ။ ဧပြီ ဘယ်နှရက်နေ့မှာ သင်္ကြန်အကြိုနေ့၊ ဘယ်နေ့က နှစ်ဆန်း တစ်ရက်နေ့ စသည်ဖြင့်သာ ပြောကြပါတော့သည်။ မြန်မာသက္ကရာဇ်၊ လ၊ ရက်များကို မြန်မာတွေမပြောလျှင် ဘယ်သူတွေ ပြောမည်နည်း။ မြန်မာတွေမှ နားမလည်တော့လျှင် မည်သူတွေ နားလည်ကြမည်နည်း။ ရင်လေးမိပါသည်။
ကျွန်တော့်ပတ်ဝန်းကျင်တွင် ကြုံရသမျှကတော့ သင်္ကြန်အတွက် ပြင်ဆင်နေမှုအားလုံးသည် ရေကစားရန်၊ လည်ပတ်ရန်၊ အပန်းဖြေခရီးထွက်ရန်သာ အများစုဖြစ်ကြပါသည်။ အသက်နည်းနည်းကြီးသူတို့က သင်္ကြန်တွင်း ဒုလ္လဘ၀တ်ရန်၊ ဥပုသ် သီတင်းဆောက်တည်ရန် ပြင်ဆင်စိတ်ကူးကြပါသည်။ ထိုကိစ္စများသည်လည်း ပြဿနာမရှိပါ။ မည်သူက ကောင်းတာလုပ်တယ်၊ မည်သူက မကောင်းဘူးဟု ပြောရန်မဖြစ်နိုင်ပါ။ လူငယ်တွေက ပျော်ကြပါးကြရန် အားသန်ပေမည်။ လူကြီးတွေက အေးအေးဆေးဆေးနေရန်၊ ဥပုသ်သီတင်းဆောက်တည်ရန် စိတ်ကူးပေလိမ့်မည်။ သဘာဝပင်ဖြစ်သည်။
သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ်တော့ ကျွန်တော်လက်ခံပါသည်။ သို့သော် အချို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်များအတွက်မူ သဘောမတူနိုင်ပါ။ သင်္ကြန်တွင်း ရေပက်ခြင်းသည် နှစ်ဟောင်းမှ အညစ်အကြေးများဆေးကြောခြင်းဟု ဆိုကြပါသည်။ အဓိပ္ပါယ်ရှိ၏မရှိ၏ကို တိတိကျကျပြောရန် ကျွန်တော်မဆုံးဖြတ် လိုပါ။ စာဖတ်သူကိုယ်တိုင်သာ စဉ်းစားကြည့်စေလိုပါသည်။ သင်္ကြန်တွင် ရေပက်လိုက်ခြင်းသည် နှစ်ဟောင်းမှ အညစ်အကြေးများကို တကယ်ပင်ဆေးကြောပေးပါသလား။ ထိုသို့ဆိုလျှင် မနှစ်က ရုံးမှန်မှန်လည်းမတက်၊ အလုပ်ကိုလည်း မကြိုးစား၊ မကြာခဏပြဿနာရှာတတ်သော ၀န်ထမ်းတစ်ဦးသည် သင်္ကြန်ရေလောင်းလိုက်သည်နှင့် စိတ်သစ်လူသစ်ဖြင့် ဘာအပြစ်အနာအဆာအညစ်အကြေးမျှ မရှိတော့သော ၀န်ထမ်းသစ်တစ်ဦးဖြစ်သွားပါသလား။ သူများပစ္စည်းများကို ခိုးယူသော သူခိုးတစ်ယောက်အနေဖြင့် သင်္ကြန်ရေဖြင့် အညစ်အကြေးများကို ဆေးကြောမည်ဟု ဆိုကာ တစ်နိုင်ငံလုံးလှည့်ပတ်၍ ရေပက်ခံထွက်ပါစေဦး။ သူကျူးလွန်ခဲ့သော အပြစ်များသည်၊ မကောင်းမှုများသည် စင်ကြယ်သွားပါသလား။ မည်သို့သောပုဂ္ဂိုလ်ကများ ထိုသူခိုးကို မကောင်းမှုအညစ်အကြေးများစင်ကြယ်သွားအောင် ရေလောင်းနိုင်ပါမည်နည်း။
နောက်တစ်ခုက သင်္ကြန်ကျသောကာလသည် ပူပြင်းသောနွေရာသီဖြစ်သည့်အတွက် အေးချမ်းပါစေခြင်းငှာ ရေပက်ကစားကြသည်ဟု ဆိုပါသည်။ ထိုအယူအဆကတော့ အနည်းငယ်လက်ခံနိုင်ပါသေးသည်။ သို့သော် သေချာစဉ်းစားကြည့်လျှင် နေပူကြီးထဲတွင် ရေလောင်းခြင်းသည် အင်မတန်မှ အန္တရာယ်များလှပါသည်။ တစ်ချို့က ပြောကြပါသည်။ သင်္ကြန်ရေက မဖျားဘူး၊ အဖျားပျောက်တယ်ဟု။ မငြင်းလိုပါ။ တစ်ခုသာ ပြောလိုပါသည်။ ထိုအချက်သည် လူ့စိတ်နှင့်ဆိုင်သည်ဟုပင်။ မြန်မာတို့၏ အစဉ်အလာ ယုံကြည်မှုအရ သင်္ကြန်ရေသည် အန္တရာယ် ကင်းသည်၊ ကျန်းမာစေသည်၊ သင်္ကြန်ရေထိရင်မဖျားမနာပေ။ ထိုစိတ်က လူတွေကို လွှမ်းမိုးအနိုင်ယူထားသည့်အတွက် မဖျားခြင်းဖြစ်ပါသည်။ ဒါတောင် လူတိုင်းမဟုတ်ပါ။ သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်ဟုဆိုလျှင် အဘယ်ကြောင့် ရေပက်ခံကားများ မှောက်ကြပါသနည်း၊ အဘယ်ကြောင့် သင်္ကြန်တွင်းတွင် အခြားကာလများထက် ဆေးရုံများ၌ အရေးပေါ် အဆင်သင့်ပြင်ဆင်ထားကြပါသနည်း။ အဘယ်ကြောင့် ဆေးရုံသို့ နေ့စဉ်လူနာများ ရောက်လာကြပါသနည်း။ မိမိနှင့်နီးစပ်ရာ ဆေးဝန်ထမ်းများ၊ ဆရာဝန်များကိုသာ မေးကြည့်စေလိုပါသည်။ သင်္ကြန်သည် ဆရာဝန်များ၊ သူနာပြုများ အတွက် အင်မတန်အလုပ်ရှုပ်သော ကာလဖြစ်ပါသည်။
နောက်တစ်ခုက အေးချမ်းပါစေဟူသောစိတ်ဖြင့် ရေပက်လောင်းကြသည်ဟု ပြောကြပါသည်။ မှန်ပါ၏လောဟု ကျွန်တော်မေးချင်ပါသည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရေပူဖောင်းများ သုံးကြပါသနည်း။ အဘယ်ကြောင့် ရေပိုက်များ ဖြင့် ထိုးကြပါသနည်း။ အဘယ်ကြောင့် ခွက်စောင်းခုတ်ကြပါသနည်း။ အဘယ်ကြောင့် အိုးမည်းသုတ်ကြပါသနည်း။ အဘယ်ကြောင့် အမျိုးသမီးများကို ဣနြေ္ဒပျက်ပြားအောင် ရေပက်ကြပါသနည်း။ အဘယ်ကြောင့် ရေပက်ခံကားများ ပေါ်မှ လူများ၏မျက်နှာကို ရေပိုက်ဖြင့်ထိုး၍ ဘောင်းဘီအိတ်အတွင်းမှ ပိုက်ဆံအိတ်များနှိုက်ကြပါသနည်း။ နှမချင်း မစာမနာ လက်သရမ်းကြပါသနည်း။ ပါးစပ်သရမ်းကြပါသနည်း။
နောက်တစ်ချက်ပြောလိုပါသေးသည်။ ယခင်ကဆိုလျှင် ပြောရတာနည်းနည်းကြောင်ပါလိမ့်မည်။ ယခုတော့ နာဂစ်ကြောင့် ပြောနိုင်ပါသည်။ ဒီလိုပါ။ နာဂစ်ဒဏ်ကို ခံလိုက်ရသည့်ဒေသများတွင် သောက်သုံးရေချို ရရှိရေးသည် ယနေ့တိုင် ဦးစားပေးဖြေရှင်းနေရသေးသည့် အရေးကိစ္စဖြစ်ပါသည်။ အချို့နေရာများဆိုလျှင် ယနေ့တိုင် ရေချို မရနိုင်သေးဘဲ ရေငန်များသာဖြစ်နေကြောင်း သိရှိရပါသည်။ ထိုသို့သော အချိန်တွင် ကျွန်တော်တို့တစ်တွေက ကိုယ့်ပျော်ဖို့ ရွှင်ဖို့တစ်ခုတည်းအတွက် ရေချိုများကို စိတ်ရှိတိုင်း လောင်းပက်ဖြုန်းတီးနေကြသည်မှာ တရားမျှတပါ၏လောဆိုသည်ကို နည်းနည်းလေး စဉ်းစားကြည့်စေလိုပါသည်။ သင်္ကြန်ရေလောင်းခြင်းထက် မြန်မာတစ်နိုင်ငံလုံးရှိ မြေလွတ်နေရာတိုင်းတွင် သစ်ပင်၊ ပန်းပင်၊ သီးပင်၊ စားပင်စိုက်ပျိုး၍ ရေလောင်းပွဲတော်လုပ်သည်ဆိုလျှင်ပင် မြန်မာလူမျိုးများအားလုံးအတွက် မည်မျှ အကျိုးရှိမည်နည်းဟု စဉ်းစားကြည့်စေလိုပါသည်။
ထို့အပြင် ၂၀၀၉ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ရေကွန်ဖရင့်တွင် ကမ္ဘာ့ရေကောင်စီ(World Water Council) ဥက္ကဋ္ဌ လွစ်ဖော်ရွှန် (Loic Fauchon) ပြောကြားခဲ့သောအချက်များကို ပြန်လည်တင်ပြလိုပါသည်။ “ရေချိုရေသန့် လွယ်လွယ်ကူကူရနိုင်တဲ့ ခေတ်မျိုးကုန်ပြီ။ ရေလိုအပ်မှုကို ပုံမှန်ဖြည့်ဆည်းနိုင်ဖို့ မူဝါဒတွေ စတင်ချမှတ်ဆောင်ရွက်ရတော့မယ်”။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်က ကမ္ဘာတစ်ဝန်းလုံးမှာ ရေရရှိရေးမူဝါဒတွေဟာ ရေတွေပိုပြီး ဖြည့်ဆည်းပေးနိုင်ဖို့ကိုပဲ အလေးထားအာရုံစိုက်ခဲ့ကြတယ်။ နိုင်ငံတစ်ချို့မှာ အရှက်မရှိ အချိုးအဆမျိုးရောက်တဲ့အထိ ရေတွေ မတရားသုံးစွဲခွင့် ရနေတာမျိုးကို လုံးဝထည့်မစဉ်းစားခဲ့ဘူး၊ ကမ္ဘာတစ်ဝန်းလုံးရှိ ကျွန်တော်တို့ ကမ္ဘာသူကမ္ဘာသားအားလုံးဟာ ရေနဲ့ ကျွန်တော်တို့ဆက်နွယ်မှုနဲ့ ရေချွေတာသုံးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့စပ်လျဉ်းလို့ မေးခွန်းတွေထုတ်သင့်တယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ အေဂျင်စီအဖွဲ့အစည်းများမှ တင်သွင်းသည့် ရေဖွံ့ဖြိုးမှုအစီရင်ခံစာအဆိုအရ ရေရှားပါးမှုကြောင့် နိုင်ငံများအချင်းချင်း ပဋိပက္ခများနှင့် နိုင်ငံတွင်းဆူပူမှုများ၊ တင်းမာမှုများ ပေါ်ပေါက်နိုင်သည့် အလားအလာများစွာရှိသည်ဟု သိရပေသည်။
ဤအချက်များသည် အချို့သော ထုတ်နုတ်ချက်များသာဖြစ်သည်။ သမိုင်းတွင် သောက်သုံးရေအတွက် ဆင်နွှဲခဲ့သော စစ်ပွဲများ၊ ပဋိပက္ခများ၊ တင်းမာမှုများက ကျွန်တော်တို့ကို သတိပေးနေသည်။ ယခုတိုင်လည်း ရေအတွက် မပြေမလည်ဖြစ်နေသည့် နိုင်ငံအများအပြားရှိနေသေးသည်။ ရာသီဥတုအခြေအနေများအရ တစ်ကမ္ဘာလုံးတွင် ရေချိုများ ရှားပါးလာခြင်းသည် မည်သို့မျှ ငြင်း၍မရသော အချက်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာသည်။ သစ်တောများ ရှားပါးလာသည်။ စွန့်ပစ်ပစ္စည်းများကို မြစ်ချောင်းများအတွင်းသို့ မဆင်မခြင် စွန့်ပစ်ကြသဖြင့် မြစ်ချောင်းများအတွင်းရှိ ရေချိုများ ရေထုညစ်ညမ်းကာ အဆိပ်အတောက်ဖြစ်ကုန်သည်။ ထိုအချက်များ၏ နောက်ဆက်တွဲအရ နောင်တစ်ချိန်တွင် ဘုံပိုင်ဆိုင်သော မြစ်များအတွက် နိုင်ငံတွေ စစ်မက်ဖြစ်ပွားလာနိုင်သည်။ ထို့အတွက် ယခုကတည်းက နိုင်ငံတကာ ခေါင်းဆောင်များ ခေါင်းချင်ရိုက်ဆွေးနွေးနေကြရသည်။ မျှတညီညွတ်စွာဖြင့် မည်သို့ခွဲဝေသုံးစွဲကြမည်ကို အဖြေရှာနေကြ သည်။
ထိုကဲ့သို့သော အချိန်တွင် ကျွန်တော်တို့မြန်မာများအနေဖြင့် လွန်စွာကံကောင်းပါသည်။ မြန်မာအများစုအတွက် ရေသည် အချိန်မရွေး ထခပ်၍ရသော၊ အချိန်မရွေး ခလုတ်ဖွင့်ကာ ရနိုင်သော အရာအဖြစ် မြင်နေကြဆဲ ဖြစ်ပါသည်။ ငါတို့မှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစတဲ့ မြစ်ကြီးတွေ မရေမတွက်နိုင်အောင် ရှိတာပဲဟု ပြောကြပါလိမ့်မည်။ မှန်ပါသည်။ ထိုမြစ်ကြီးတွေ ရှိပါသည်။ သို့သော် ထိုမြစ်ကြီးတွေလည်း သဘာဝဒဏ်ကို မခံရတာမဟုတ်ပါ။ ယခုလိုအချိန်တွင် ထိုမြစ်ကြီးများကို သွားကြည့်ပါ။ အံ့သြစရာကောင်းလောက်အောင် သောင်ထွန်းနေတာ၊ ရေခန်းခြောက်နေတာများကို မြင်ရပါလိမ့်မည်။ ထိုသို့ဆိုလျှင် ရေပြဿနာသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပြဿနာတစ်ရပ် ဖြစ်နေသည်ကို မြန်မာတွေလည်း ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်ကာ သတိပြုစေချင်လှပါသည်။ ထိုသို့ မဟုတ်ဘဲ မြန်မာကြည့်လေးဖြင့် နီးနီးလေး၊ ကျဉ်းကျဉ်းလေး ကြည့်နေမည်ဆိုလျှင်ဖြင့် အချိန်လွန်မှ နောင်တတွေ ရလာပါလိမ့်မည်။
ကျွန်တော့်အမြင်၊ အတွေးများကို ပြောပါမည်။ လက်ခံရမည်ဟု မဆိုလိုပါ။ စာဖတ်သူ၏ စိတ်၊ အတွေးအကြံများ အတိုင်းသာဖြစ်ပါသည်။ သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မြန်မာတို့တွင် အထိမ်းအမှတ် ယဉ်ကျေးမှုများစွာ ရှိပါသည်။ ကုသိုလ်ကောင်းမှုများပြုသည်၊ ဥပုသ်သီတင်းဆောက်တည်ကြသည်၊ သက်ကြီးပူဇော်ပွဲများလုပ်ကြသည်၊ ဇီဝိတဒါန အသက်လွှတ်ပွဲများ ကျင်းပကြသည်၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း၊ ရေချိုးပေးခြင်း ပြုလုပ်ကြသည်၊ မိဘဆရာသမားများအား ကန်တော့ကြသည်၊ ဘုရားစေတီပုထိုးဆင်းတုတော်များအား ရေသပ္ပါယ်ကြသည်၊ သင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ အလှပြယာဉ်ပြိုင်ပွဲများပြုလုပ်ကြသည်၊ ရေပက်ကစားခြင်းသည် ထိုများစွာထဲက အစိတ်အပိုင်းတစ်ခုသာဖြစ်ပါသည်။ ယခုတော့ အဘယ်ကြောင့် ရေပက်ခြင်းကို အဓိကယဉ်ကျေးမှုကြီး တစ်ရပ်အဖြစ် ပြုလုပ်နေကြသည်ကို နားမလည်နိုင်ပါ။ သင်္ကြန်တွင် ရေပက်ခြင်းကို မလုပ်ရဟု ကျွန်တော် မပြောလိုပါ။ သို့သော် အခြားနည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည်။ ရိုးရာယဉ်ကျေးမှုအမွေဖြစ်သည့်အတွက် ရေသဘင်ပွဲ ဆင်နွှဲလိုသည် ဆိုလျှင် ရှေးယခင်ကအတိုင်း ရေဖလား၊ ရေခွက်များတွင် သပြေခက် သို့မဟုတ် အခြားပန်းခက်များဖြင့် ဆွတ်ဖြန်းကာ ပက်မည်ဆိုလျှင် မလိုလားအပ်သော သရုပ်ပျက်ယဉ်ကျေးမှုများကို ရှောင်ရှားနိုင်ပါလိမ့်မည်။ ထို့အတွက် စည်းလွတ်ဝါးလွတ် ရေပိုက်ကြီးများ၊ ရေစုပ်စက်များဖြင့် အတိုင်းအဆမရှိ ရေပက်ဖြုန်းတီးခြင်းမှလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါလိမ့်မည်။ ထိုအခါ အကျိုးမရှိဘဲ ဆုံးရှုံးနေရသော ရေချိုဂါလံပေါင်းများစွာကို ထိန်းသိမ်းပြီးဖြစ်ပါလိမ့်မည်။ အခြားလူမျိုးများ၊ နိုင်ငံများက လက်ညှိုးထိုးဝေဖန်မည့် အရေးမှလည်း ရှောင်ရှားနိုင်ပါလိမ့်မည်။
မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်မှ နှစ်သစ်ဖြစ်သော ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းတော့မည်ဖြစ်ပါသည်။ တန်ခူးလဆုတ် ၂ ရက် (ဧပြီလ ၁၁ ရက်) နေ့မှ တန်ခူးလဆုတ် ၁၂ ရက်နေ့ (ဧပြီလ ၂၁ ရက်) အထိ တရားဝင် နှစ်သစ်ကူးရုံးပိတ်ရက် အားလပ်ချိန်များအတွင်း မြန်မာမိတ်ဆွေများအားလုံး စိတ်နှလုံးကြည်သာရွှင်လန်းစွာ ကျန်းကျန်း မာမာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မှန်ကန်သော အတွေးအမြင် များဖြင့် ဆင်နွှဲပျော်ရွှင်ရင်း လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြပါစေဟု မြန်မာ့သွေးဘလော့ဂ်မှ ဆန္ဒပြုအပ်ပါသည်။

ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ် ၁၃၇၁ ခုနှစ် ဖြစ်ပါစေ…
Happy Myanmar New Year 1371...
Happy Myanmar New Year 1371...
ကိုးကား - ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် နိုင်ငံတကာသတင်းဂျာနယ်၊ အမှတ်(၆၉၇)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်။ (၁၃၇၀ ပြည့်နှစ် တန်ခူးလပြည့်ကျော် ၁ ရက်)
နံနက် ၂ နာရီ ၅၀ မိနစ်တွင် ရေးပြီးသည်။

No comments:
Post a Comment