ဒီနေ့ မြန်မာ့သွေးဂူးဂဲလ်ဂရု(ပ်)တစ်ခု အသစ်လုပ်လိုက်တယ်။ အဲဒီအတွက် အဖွဲ့လိပ်စာတစ်ခုရတယ်။ http://groups.google.com/group/myanmarthwayy ဆိုပြီးတော့ ယူလိုက်ပါတယ်။ "thwayy" မှာ "y" က နှစ်လုံးဖြစ်ပါတယ်။ "y" တစ်လုံးတည်းရိုက်ရင် အဲဒီလိပ်စာမရှိဘူးဆိုပြီး ပြောပါလိမ့်မယ်။ အဓိက,ကတော့ အရင်တုန်းက ရာဟုအီးမေးလ်တွေ ပို့ခဲ့တယ်။ မြန်မာပြည်မှာ ရာဟုသုံးရတာက ဘယ်လိုမှအဆင်မပြေတဲ့အတွက် ရာဟုအဖွဲ့လည်း ပျက်သလောက်ဖြစ်သွားတယ်။ အဖွဲ့ဝင်တွေကတော့ ရှိနေသေးတယ်။ ဒါပေမယ့် အဖွဲ့က အသက်မ၀င်တော့သလိုဖြစ်သွားတယ်။ ဘာအီးမေးလ်မှလည်း မပို့ကြဘူး။ ဘာဖိုင်မှလည်း အသစ်မတင်နိုင်ကြဘူး။ ကျွန်တော်လည်း အချိန်မပေးနိုင်တာရယ်၊ အခြားအကြောင်းတွေရယ်ကြောင့် ဘလော့ဂ်ကိုတောင် မရေးဘဲပစ်ထားရတာ အတော်ကြာသွားတယ်။ တစ်နေ့က အစ်မကြီးတစ်ယောက်နဲ့ Gtalk မှာ စကားစမြည်ပြောရင်း အီးမေးလ်တွေဘာလို့ မပို့တော့တာလဲလို့ မေးပါတယ်။ မအားလို့ပါလို့ပဲ ခပ်တိုတိုဖြေလိုက်ပါတယ်။ သူကဆက်ပြောပါတယ်။ အီးမေးလ်တွေ ပို့စရာမရှိတော့ဘူးလားတဲ့။ ရှိရင်ပို့ပေးစမ်းပါတဲ့။ ပျင်းနေလို့ အပျင်းပြေဖတ်ချင်လို့ပါတဲ့။ အဲဒီတော့ ကျွန်တော်က အပျင်းပြေဖတ်ချင်ရင်၊ လေ့လာချင်ရင် ဖတ်လို့ကောင်းတဲ့၊ အဆင့်အတန်းရှိတဲ့ ဘလော့ဂ်တွေအများကြီးရှိတယ်။ ကျွန်တော်ပြောမယ်ဆိုတော့ သူက အဲဒီလိုဖတ်တာလည်း ၀ါသနာ မပါပြန်ဘူးတဲ့။ မြန်မာ့သွေးရာဟုအဖွဲ့ကပို့တဲ့ ထူးထူးဆန်းဆန်း ဓာတ်ပုံတွေ၊ ဟာသတွေ၊ ပုံပြင်တွေကို ဖတ်ချင်တာတဲ့။ ဘာပဲပြောပြော ကိုယ်ပို့ခဲ့ဖူးတဲ့ အီးမေးလ်တွေကို သေသေချာချာ ဖတ်တဲ့လူတွေ ရှိပါလားဆိုပြီး ပျော်မိတာတော့အမှန်ပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တစ်ခုဟာ အလဟသ မဖြစ်ဘူးဆိုတော့ လုပ်ခဲ့ရ၊ ပင်ပန်းခဲ့ရတာ မဆိုးပါဘူးလို့ တွေးမိပါတယ်။
အဲဒီအစ်မကြီးပြောသလိုပါပဲ။ ကျွန်တော့်မှာ သူငယ်ချင်းမိတ်ဆွေတွေကို ဝေမျှစရာတွေ အများကြီး ရှိပါတယ်။ ပို့ပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တကယ်အချိန်ပေးနိုင်ပါ့မလားဆိုပြီး ချိန်နေတာပါ။ တော်ကြာ အဖွဲ့ကြီး လုပ်ထားတယ်။ ဘာမှလည်းမပို့ဖြစ်၊ ဘာမှလည်း မရေးဖြစ်ရင် မကောင်းဘူးဆိုတဲ့ အတွေးပူကြောင့်ပါ။ နောက်ဆုံးတော့လည်း မြင်တဲ့အတိုင်းပဲ ကျွန်တော်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီဗျာ။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်တော့ လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ မိတ်ဆွေတို့ကိုလည်း တစ်ခါတည်း ဖိတ်ခေါ်ပါတယ်။ အဖွဲ့ဝင်အဖြစ်ဝင်ကြဖို့၊ အီးမေးလ်တွေ လက်ခံရရှိတဲ့အခါ လိုအပ်ချက်တွေကို ဝေဖန်အကြံပေးကြဖို့ပါ။
မည်သူမဆို မြန်မာ့သွေးအဖွဲ့ထဲသို့ ၀င်ရောက်နိုင်ပါတယ်။
ထို့အတူ ဆန္ဒမရှိတော့ဘူးဆိုတဲ့အချိန်မှာလည်း အချိန်မရွေး မိမိဘာသာ နုတ်ထွက်နိုင်ပါတယ်။
အဖွဲ့ဝင်တွေသာ Group သို့ အီးမေးလ်ပို့နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပို့တဲ့အီးမေးလ်ဟာ အဖွဲ့ဝင်တွေဆီကိုချက်ချင်းရောက်မှာ မဟုတ်ပါဘူး။
မြန်မာ့သွေးရဲ့ အယ်ဒီတာတွေက စိစစ်ပါလိမ့်ဦးမယ်။ မလိုလားအပ်တဲ့ အီးမေးလ်တွေ အဖွဲ့ဝင်တွေဆီကို မရောက်ရှိစေဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေ၊ အပုပ်ချတိုက်ခိုက်တာတွေ၊ ညစ်ညမ်းအကြောင်းအရာတွေကို မြန်မာ့သွေးအဖွဲ့မှာ ပေးပို့ခွင့်၊ ဆွေးနွေးခွင့်ပြုမှာ မဟုတ်ပါဘူး။
ကဲ... ရှင်းပြရတာလည်း လက်တောင်ညောင်းတယ်။ ထပ်ပြောပါဦးမယ်။ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်က မိတ်ဆွေတို့ဆီကို စိတ်ဝင်စားစရာ၊ ပျော်ရွှင်ကြည်နူးစရာ အီးမေးလ်တွေ ဝေမျှပို့ပေးချင်တာ ဖြစ်ပါတယ်။ ကျွန်တော်ပို့ပေးတဲ့အီးမေးလ်တွေအတွက် ကျွန်တော်တာဝန်ယူပါတယ်။ အနည်းဆုံးတော့ အပျင်းပြေမှာပါဗျာ။ မိတ်ဆွေရဲ့ Inbox ကို ဖွင့်ပြီးဖတ်ဖို့ပဲ မိတ်ဆွေက တာဝန်ယူပါ။ Inbox ထဲကို ရှယ်အီးမေးလ်တွေ ရောက်အောင်ပို့ဖို့က ကျွန်တော်လုပ်ပါ့မယ်။

ကျေးဇူးတင်စွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက် (သောကြာနေ့)
နံနက် ၀၃း၅၈ နာရီတွင် ပြီး၏
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက် (သောကြာနေ့)
နံနက် ၀၃း၅၈ နာရီတွင် ပြီး၏
No comments:
Post a Comment