ဒီနေ့အလုပ်ခွင်မှာ စကားစပ်မိရင်း သူငယ်ချင်း ကျော်ကျော် ပြောပြတဲ့ ဟာသလေးပါ။ မိတ်ဆွေတို့ ကြားဖူးပြီးသား ဖြစ်နေရင် ဆောရီးပါ။ မကြားဖူးသေးတဲ့ သူငယ်ချင်းတွေအတွက်ရယ်၊ ကျွန်တော်ကိုယ်တိုင် သဘောကျတဲ့အတွက် ပို့စ်တင်လိုက်ခြင်းပါ။ သေချာပေါက် လုပ်ကြံဇာတ်လမ်းဟာသဖြစ်ပေမယ့် တွေးစရာလေးတွေပါတာမို့ သဘောကျမိခြင်းပါ။
အမေရိကန်က သုတေသနအဖွဲ့တစ်ခုဟာ အိုင်တီနဲ့ပတ်သက်လို့ သုတေသနလုပ်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံအသီးသီးကို သုတေသနအဖွဲ့တွေ စေလွှတ်လိုက်ပါသတဲ့။ အဖွဲ့အသီးသီးက ရလာတဲ့အချက်အလက်တွေကို ဌာနချုပ်ဆီကို ပြန်ပြီး သတင်းပို့စေပါတယ်တဲ့။
တရုတ်ပြည်ကိုရောက်သွားတဲ့ သုတေသနအဖွဲ့ဟာ တရုတ်ပြည်မြို့ငယ်လေးတစ်ခုမှာ မြေကျင်းတွေတူးကြပါတယ်တဲ့။ ပေ ၁၀၀၀ လောက်ရောက်တဲ့အခါမှာ အင်တာနက်ကြိုးအဟောင်းတွေ တွေ့ပါသတဲ့။ အမေရိကန်ပညာရှင်တွေ ကောက်ချက်ချလိုက်ပါတယ်။
တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်ကတည်းက အင်တာနက်သုံးနေပြီတဲ့။
အဲဒီနောက် အမေရိကန်မှာ သုတေသနလုပ်တဲ့အဖွဲ့ဆီကနေ တွေ့ရှိချက်တွေ တက်လာပါတယ်။ မြေအောက်အနက် ပေ ၂၀၀၀ ခန့်မှာ အင်တာနက်ကြိုးဟောင်းတွေ တွေ့ပါတယ်တဲ့။ အမေရိကန်ပညာရှင်တွေ ကောက်ချက်ချလိုက်ပါတယ်။
အမေရိကားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက အင်တာနက်သုံးနေပြီလို့ပေါ့။
မြန်မာပြည်မှာ ရောက်နေတဲ့အဖွဲ့ကတော့ တော်တော်နဲ့ကို သတင်းပို့ချက်တက်မလာဘူးတဲ့။ ပထမတစ်ပတ် မြေအောက်အနက် ပေ ၁၀၀၀ ထိ တူးပြီးတဲ့အကြောင်း၊ ဘာမှမတွေ့ရကြောင်း သတင်းပို့ပါတယ်။ ဒုတိယတစ်ပတ်မှာ မြေအောက်အနက် ပေ ၂၀၀၀ ကို ရောက်နေပြီဖြစ်ကြောင်း ဘာမှ မထူးခြားသေးကြောင်းပေါ့။ တတိယအပတ်ကျတော့ အနက်ပေ ၃၀၀၀ ကို ရောက်နေပြီဖြစ်တဲ့အကြောင်း သတင်းပို့ပါတယ်။ အမေရိကန် သုတေသနဌာနချုပ်က ဆက်မတူးဖို့ အမိန့်ပေးလိုက်ပါတယ်။ အမေရိကန်ပညာရှင်တွေ ဘယ်လိုများ ကောက်ချက်ချလိုက်တယ် ထင်ပါသလဲ။
မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြိုးမဲ့အင်တာနက်စနစ်ကို အသုံးပြုနေခဲ့ပြီတဲ့။
No comments:
Post a Comment