Monday, July 06, 2009

ဓမ္မစကြာအခါတော်နေ့


၂၀၀၉ ခုနှစ် ဇူလိုင်လ ၆ ရက်၊ တနင်္လာနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ၀ါဆိုလပြည့်နေ့ အခါသမယဖြစ်ပါသည်။ ထိုနေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသား ဗုဒ္ဓဘာသာဝင်များသည် ဘုရားကျောင်းကန်များသို့သွားရောက်ခြင်း၊ ဥပုပ်သီတင်းဆောက်တည်ခြင်း၊ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ၀ါဆိုပန်းကပ်ခြင်း စသည့် ကုသိုလ်ကောင်းမှု အမျိုးမျိုးကို ပြုလုပ်ကြပါသည်။ ၀ါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ထူးခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့တွင် ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ၀မ်း၌ ပဋိသန္ဓေနေတော်မူပါသည်။
၂။ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၌ ဘုရားအလောင်းတော်သည် နန်းစည်းစိမ်ကိုစွန့်ကာ တောထွက်တော်မူပါသည်။
၃။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့၌ ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့ပါသည်။

ဘုရားရှင်ပဋိပန္ဓေနေတော်မူသောနေ့
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။

ဘုရားရှင်တောထွက်တော်မူသောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ အရွယ်တော်ဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြုံပင်ရိပ် ခမ်းမှာကို။

ဓမ္မစကြာဟောတော်မူသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဖော်ဟောကြားသည်၊ တရားနတ်စည်၊ ရွမ်းတယ်ကို။

No comments:

Post a Comment

 
Web Statistics