ဒီနေ့ Weekly Eleven News Journal အတွဲ(၄)၊ အမှတ်(၃၉) ရဲ့ အချပ်ပိုမှာ စိတ်ညစ်စရာသတင်းတစ်ပုဒ် တွေ့ပါတယ်။ မန္တလေးမြို့ ဒေးဝန်းအနောက်ရပ်ကွက်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တဲ့ သတင်းပါ။ ဘုန်းကြီးကျောင်းမှာ လူသတ်မှုဖြစ်တဲ့အတွက် စိတ်ညစ်စရာသတင်းလို့ ကျွန်တော်သုံးနှုံးလိုက်တာမဟုတ်ပါဘူး။ အဲဒီလူသတ်မှု ဖြစ်စေတဲ့အဓိကအကြောင်းရင်းခံက ဒီလိုပါ။ လူသတ်တရားခံဟာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအထိ ပြဿနာမရှိပါ။ ပြဿနာက လက်ထပ်ပြီး ရက် ၂၀ ခန့်ကြာတဲ့အခါကျမှ သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း သိလိုက်ရခြင်းဖြစ်ပါတယ်။ ဘယ်သူနဲ့ဖြစ်တာလဲလို့ မေးမြန်းတဲ့အခါ မန္တလေးက ဦးဇင်းတစ်ပါးနဲ့ ဖြစ်ခဲ့တဲ့အကြောင်း သိရပါတယ်တဲ့။ နောက်ဆက်တွဲသိရတာက သူ့မိန်းမ တစ်ယောက်တည်းနဲ့တင်မဟုတ်ဘဲ သူ့မိန်းမရဲ့ သူငယ်ချင်းနဲ့ပါ အဲဒီဦးဇင်းနဲ့ ဖြစ်ခဲ့တဲ့အကြောင်းပါတဲ့။ ဘုရား၊ ဘုရား ကျွန်တော်အတော်လေးကို တုန်လှုပ်သွားပါတယ်။ လူသတ်ခဲ့တဲ့ တရားခံတော့ မပြောတတ်ဘူး။ ကျွန်တော်တော့ အဲဒီဦးဇင်းကို အတော်လေးကို ရွံသွားမိတာ အမှန်ပါပဲ။ သင်္ကန်းဝတ်ထားပါလျက်နဲ့ လုပ်ရက်လေခြင်းဆိုပြီးလည်း ၀မ်းနည်းမိပါတယ်။ အခြားသော ဘာသာတွေအတွက် လက်ညှိုးထိုးစရာ ဖြစ်ဦးမှာပါပဲ။ ထေရ၀ါဒစစ်စစ်မှန်မှန်တွေ ရှားပါးနေတဲ့ကာလဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေ၊ သံဃာတော်တွေ၊ တာဝန်ရှိသူတွေ၊ ထေရ၀ါဒစစ်စစ် ဗုဒ္ဓဘာသာဝင်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ သာသနာတော်အရေးကို ဆောင်ရွက်နေတဲ့အချိန်မျိုးမှာ အင်မတန်မှကို စိတ်ညစ်စရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ စဉ်းစားမိတာက အခုလိုမျိုး ကိုယ်ဝန်ရှိတဲ့အထိ ဖြစ်သွားရတယ်ဆိုတာက၊ ပိုဆိုးတာက သူငယ်ချင်း မိန်းကလေး နှစ်ယောက်လုံး အခုလိုဖြစ်ရတယ်ဆိုတာက အဲဒီကျူးလွန်သူဦးဇင်းရဲ့ အပြစ်သက်သက်တင်မကဘဲ အဲဒီ အမျိုးသမီးနှစ်ယောက်ကလည်း အလိုတူလို့ဖြစ်ရတယ်လို့ ထင်မိပါတယ်။ အဲဒီနှစ်ယောက်ကလည်း မနေတတ် မထိုင်တတ်၊ မနေနိုင်၊ မထိုင်နိုင် ဘာတွေသွားလုပ်နေလဲမှ မသိတာ။ တကယ်ဖြစ်လာပြီဆိုတဲ့အချိန်ကျမှ ယောက်ျားလုပ်တဲ့လူကလည်း ဘာကိစ္စ အဲဒီဘုန်းကြီးကျောင်းကို သွားပြီးပြဿနာရှာနေသေးလဲ။ အနီးနားမှာ ရှိနေတဲ့ အသုံးမကျတဲ့ မိန်းမကို အရင်သတ်လိုက်ပါလားလို့ အကုသိုလ်စိတ်တွေလည်း ၀င်နေမိပါသေးတယ်ဗျာ။ အခုတော့ ကြားထဲကနေ မဆီမဆိုင် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အခြားဦးဇင်းတစ်ပါးရယ်၊ လူနှစ်ယောက်ရယ်က အသတ်ခံလိုက်ရတယ်။ တကယ်လုပ်တဲ့ဦးဇင်းက အသတ်ခံရမှာက လွတ်သွားတယ်။ အခုတော့ သက်ဆိုင်ရာက ဖမ်းထားတယ်လို့ ဆိုပါတယ်။
ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ အဲဒီလိုသတင်းတွေ မကြားချင်ပါဘူး။ ဖတ်လည်းမဖတ်ချင်ပါဘူး။ ဖြစ်လည်း ဖြစ်မလာသင့်တဲ့ သတင်းတွေလို့လည်း ထင်ပါတယ်။ လမ်းမှာ ဘုန်းကြီးတစ်ပါးတွေ့ရင်တောင် အစစ်အမှန် သံဃာလား၊ အတုအယောင် သင်္ကန်းဝတ်လားလို့ အတွေးပွားစဉ်းစားရင်း လက်အုပ်ချီဖို့ ၀န်လေးနေရမယ့်အဖြစ်မျိုးတော့ မဖြစ်ချင်တာ အမှန်ပါပဲဗျာ။
Eleven Journal က မူရင်း သတင်းကို ဖတ်ချင်ရင် ဒီနေရာမှာ ဖတ်ပါ။
နောက်ဆက်တွဲ
အဲဒီသတင်းကို ကျွန်တော်ပြန်ဖတ်ရင်းနဲ့ အစာမကြေတာတစ်ခု သွားတွေ့ပါတယ်။ သတင်းမှာ ရေးထားတဲ့လူက ရောချပြီးရေးထားတာလား။ ဒါမှမဟုတ် အယ်ဒီတာတွေကပဲ သေချာမစိစစ်ဘဲ သတင်းထူးပဲဆိုပြီး ပေါ့ပေါ့လေး ထည့်လိုက်သလား မသိပါ။ လူသတ်တရားခံရဲ့ ဇနီးဖြစ်သူနဲ့ ငြိစွန်းခဲ့တဲ့ ဦးဇင်းဆိုတာက အသက် (၂၆)နှစ်လို့ အစပိုင်းမှာ ရေးထားပါတယ်။ အဲဒီအမျိုးသမီးရဲ့ သူငယ်ချင်းမနဲ့ ဖြစ်တဲ့ ဦးဇင်းက အသက် (၂၃)နှစ်လို့ ရေးထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ရေးထားတာက အသက် (၂၆)နှစ်ရှိ အဲဒီဦးဇင်းကပဲ အမျိုးသမီး နှစ်ဦးလုံးကို သားမယားအဖြစ်နေထိုင်ခဲ့ခြင်းလို့ ရေးထားပြန်ပါတယ်။ ပြီးတော့ သေသွားတဲ့ ဦးဇင်းကလည်း အသက် (၂၃)နှစ်ဆိုတော့ သူငယ်ချင်းမနဲ့ ဖြစ်ခဲ့တဲ့ ဦးဇင်းလားဆိုပြီး အတွေးတွေ ဗလပွဲနဲ့ စဉ်းစားနေမိလို့ပါ။
Tuesday, July 14, 2009
ဘုန်းကြီးကျောင်းက လူသတ်မှုသတင်း
Posted by Ko Nyan Posted Time 8:13 PM
Labels Mandalay, Myanmar, news, သတင်း-News
Subscribe to:
Post Comments (Atom)
ဘုန်းကြီးတွေကို နံမည်ပျက်အောင် တမင်တကာ အချပ်ပိုထည့်ပြီး ဖော်ပြထားတဲ့ သတင်းပါ။ ဖော်ပြခဲ့တဲ့ ဂျာနယ်ရဲ့ နောက်ခံသမိုင်းကလည်း သိတ်မကောင်း လှပါဘူး။ ဘာ ရည်ရွယ်ချက်နဲ့  အကျယ်တ၀င့် ဖော်ပြခဲ့တာလဲဆိုတာ အရင်စဉ်းစား စေချင်တယ်။ KM
ReplyDeleteဒီလောက်ကျက်သရေယုတ်တဲ.သတင်းကိုလူထုထဲချပြသင်.ပါရဲ.လား
ReplyDelete